Ashin Awwthada - Articles

မောတော့ မောတာပေါ့၊ ဒါပေမမယ့် ... မမောဘူး
အရှင်သြသဓ (ဟပ်မွန်းဗေး)
သြဂုတ် ၁၃၊ ၂၀၁၃



ဓမ္မာနန္ဒကျောင်းတိုက် စတင်တည်ထောင်သူ ဆရာတော်ဦးသီလာနန္ဒသည် ၁၉၇၉-ခုနှစ်တွင် မဟာစည် ဆရာတော်ဘုရားကြီး နှင့်အတူ အမေရိကားသို့ ကြွလာပြီး ဆန်ဖရန်ဆစ္စကိုနှင့် ဗေးဧရိယာတစ်ဝိုက်တွင် သာသနာပြုရန် ကျန်ရစ်ခဲ့၏။ ၁၉၈၀-ခုနှစ်မှစ၍ အသင်းဖွဲ့ပြီး ကျောင်းတည်ထောင်ကာ ထိုအချိန်မှစ၍ ဓမ္မသင်တန်းမျိုးစုံ ဖွင့်လှစ်ကာ သင်ကြားပို့ချ ပေးခဲ့၏။ သို့သော် ထိုသင်တန်း များကား လူကြီးများအတွက်သာဖြစ်ပြီး ကလေးများအတွက် မပါသေးချေ။


ထို့ကြောင့် ဗုဒ္ဓဘာသာအကြောင်း ဘာဆိုဘာမျှ မသိကြသေးသော ဒီမှာမွေးသည့် ကလေးများနှင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် မြန်မာပြည်က ရောက်လာကြသည့် ကလေးများအတွက် လုပ်စရာကျန်နေ၏။ အင်အားက နည်းပြီး လုပ်စရာတွေက များနေသော ကြောင့် ကလေးသင်တန်းများ မလုပ်နိုင်ခဲ့သေးပေ။ သည့်အတွက် ဆရာတော်သည် ဘာသာရေးနှင့်ပတ်သက်ပြီး ကလေးများ ရှေ့ရေး အစဉ်တွေးလျက် ရင်လေးနေမိ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်တွင် စိတ်ထားတူသူ ဇနီးမောင်နှံ ပေါ်လာ၏။ ထိုသူတို့ကား ဒေါက်တာလင်းဆွေအေးနှင့် ဒေါက်တာခင်ညိုသက်တို့ပင် ဖြစ်၏။ သူတို့လည်း ဒီမှာရှိကြသည့်ကလေးများ ဘာသာတရား ပျောက်ကွယ်သွားမည့်အရေး အလွန်စိတ် လေး၏။ ထို့ကြောင့် ကလေးများအတွက် ဘာသာရေးသင်တန်းကလေး တစ်ခုခုရှိနေလျှင် ကောင်းမည်ဟု စဉ်းစားမိပြီး ဆရာတော် ဦးသီလာနန္ဒကို ဤအကြောင်းလေး လျှောက်ထားလာကြ၏။ ဆရာနှင့်ဒကာ အမြင်ချင်း တူကြပြီမို့ ကလေးများအတွက် ဗုဒ္ဓဘာသာ သင်တန်းဖွင့်ပြီး စာမေးပွဲလေးတစ်ခုလုပ်ရန် သဘောတူလိုက်ကြ၏။ သင်တန်းကိုလည်း နှစ်စဉ်ပုံမှန် ဖွင့်နိုင်ရန် သူတို့ ဇနီးမောင်နှံကပင် မ,တည်လှူဒါန်းကြ၏။ ကွယ်လွန်သူ မခင်အေးသက်ကို ရည်စူးပြီး လှူဒါန်းသည့်အတွက် “အေးသက် စကောလားရှစ်” ဟု စာမေးပွဲ နာမည်ကို ပေးခဲ့ကြ၏။ တနည်းအားဖြင့်လည်း ဒေါက်တာလင်းဆွေအေးနှင့် ဒေါက်တာခင်ညိုသက်တို့၏ နာမည်အဆုံး တစ်လုံးစီကို ယူ၍ “အေး+သက် စကောလားရှစ်”စာမေးပွဲဟုလည်း ခေါ်ကြပြန်သတဲ့။ 

ဤသို့ဖြင့် စာသင်မည့် ဆရာတော်နှင့် လှူဒါန်းသည့် ဒကာ, နှစ်ဦးသား လက်တွဲမိကြသဖြင့် ၁၉၉၂-ခုနှစ်တွင် နွေရာသီ ဗုဒ္ဓဘာသာသင်တန်း အေးသက်စာမေးပွဲကို စတင်ခဲ့ကြ၏။ သင်တန်းပထမဆုံးနှစ်တွင် ကျောင်းသား ၅-ယောက်သာ ရှိ၏။ စာမေးပွဲ သက်တမ်းတစ်လျှောက်၌ ကြားတွင် တစ်နှစ်ပျက်သွားသဖြင့် ဒီနှစ်(၂၀၁၃)ဆိုလျှင် ၂၁-ကြိမ်မြောက် ရှိခဲ့ပေပြီ။ နှစ်ပေါင်း ၂၀-ကျော် ဖြတ်သန်းလာခဲ့ပြီး ယခုနှစ်တွင်ကား ကျောင်းသား ၁၄၆-ယောက်၊ သင်ကြားရေးနှင့် ရုံးဘက်ဆိုင်ရာ လုပ်အားပေး ၂၈-ယောက်ရှိပြီး၊ ချက်ပြုတ်ရေးနှင့်သန့်ရှင်းရေး လုပ်အားပေး ၂၀-ကျော်ခန့်အထိ ရှိလာပေသည်။ 





ဤပရိသတ်အရေအတွက်သည် မြန်မာပြည်အနေနှင့်ကြည့်လျှင် ဘာမျှ မပြောစလောက်သော်လည်း နေရာထိုင်ခင်း ကြပ်တည်းပြီး ခွင့်ယူဖို့ခက်ခဲသည့် အမေရိကန်လို နိုင်ငံမျိုးတွင်ကား အလွန်ကြီးမားသော တာဝန်ကြီး တစ်ရပ်ပင်ဖြစ်သည်။ များပြားလာသော ကျောင်းသား အရေအတွက်အလိုက် နေရာထိုင်ခင်းများ ပြည့်စုံအောင် ၂-လကျော်ကပင် ကြိုတင်စီစဉ်ရသည်။ လုပ်အားပေးလုပ်မည့် သူများကလည်း တစ်နှစ်ကြို၍ ခွင့်တင်ထားကြရသည်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်သူများရှိလျှင် အစားထိုးဖို့ ချက်ချင်း ရှာရ၏။ 

ဒီနှစ် နွေရာသီအခြေခံ ဗုဒ္ဓဘာသာသင်တန်းကို ဇူလိုင်လ ၂၇-ရက်နေ့မှ သြဂုတ်လ ၃-ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ ၏။ ဒီနှစ် ကျောင်းသားအရေအတွက် အရင်နှစ်ကထက် ၄၃-ယောက် တိုးလာ၏။  ဤမျှ များပြားသော်လည်း ဆရာဒကာ လက်တွဲကာ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုကြောင့် အားလုံး အစအဆုံး အောင်အောင်မြင်မြင် ပြီးသွားခဲ့ပေသည်။

ယခုနှစ် သင်တန်းကာလတစ်လျောက် စာရေးသူ ထူးထူးခြားခြား ရိပ်စားမိလိုက်တာလေး တစ်ခုရှိ၏။ အဲဒါကတော့ ကျောင်းသားမိဘများ မဖိတ်ခေါ်ရဘဲ သူတို့ဖာသာ အသိစိတ်ဓာတ်ဖြင့် လာရောက်လုပ်အားပေးခြင်းပင် ဖြစ်သည်။ သင်တန်းတွင် ညအိပ်နေရာ မရသဖြင့် နေ့စဉ်လာရသော ကျောင်းသားများလည်း ရှိ၏။ ထိုကျောင်းသားများကို မိဘများ၊ အဖိုးအဖွားများက လိုက်ပို့ ကြရ၏။ လိုက်ပို့သော မိဘများကိုလည်း ကျောင်းက လောက်ငဖူလုံစွာ ကျွေးမွေးဧည့်ခံ၏။ သည့်အတွက် ချက်ပြုတ်ရေး လုပ်အားပေး များမှာ မနားမနေ အချိန်မီအောင် လောက်ငအောင် ချက်ပြုတ်ကြရ၏။ ရပ်နေသူ မရှိ။ နားနေသူ မရှိ။ အော်ဟစ် အမိန့်ပေးနေသူ ဆရာလည်း မရှိ။ ဘေးကကြည့်လျှင် သူတို့အားလုံး သူ့တာဝန်နှင့်သူ အလုပ် လုပ်နေသည်ကိုသာ တွေ့နေရ၏။ 

ဤမျှ တာဝန်ကျေသော အဖွဲ့ကို ရောက်လာသော ကျောင်းသားမိဘများကလည်း ကလေးများ အတန်းထဲထားခဲ့ပြီး သူတို့ လည်း လုပ်အားပေးလိုကြသည်။ ဘာကူညီရမှန်းမသိ ဖြစ်နေ၍ ဦးဆောင်သူကို လိုက်ရှာရာ မတွေ့သဖြင့် စာရေးသူကို လာမေး၏။ လက်ညှိုးထိုးပြလိုက်သောအခါ ဦးဆောင်သူသည်ပင် အိုးခွက်ပန်းကန်များကြားတွင် ပေပေတေတေဖြင့် ခုတ်ထစ် ချက်ပြုတ် ဆေးကြော နေသည်ကို တွေ့သွားတော့ ပို၍ပင် သူတို့ အံ့အားသင့်သွား၏။ သူတို့က အဝတ်အစား သားသားနားနားနှင့် တွေ့ရလိမ့်မည်ဟု ထင်ထားပုံပေါက်သည်။ သည်တော့ သူတို့မှာ ပို၍ပင် လုပ်ချင်လာကြ၏။ တချို့က ချက်ပြုတ်ကြသည်။ တချို့က ဆေးကြောသည်။ တချို့က လှီးဖြတ်သည်။ တချို့က အပြင်သန့်ရှင်းရေးလုပ်သည်။ တချို့က အိမ်သာရေချိုးခန်းများ ရှင်းကြသည်။ တချို့ အမျိုးသားများ က ကျောင်း၌ ချို့ယွင်းပျက်စီးနေသည်များတွေ့လျှင် ပြုပြင်တပ်ဆင်ပေးကြသည်။ တချို့က ကလေးကစားကွင်း စောင့်ပေးကြသည်။ သင်တန်းကော်မတီကလည်း လုပ်အားပေးများ အဆင်ပြေပြေ သွားလာလုပ်ကိုင်နိုင်စေရန် volunteer တံဆိပ်လေးများ ဆွဲပေးထား လိုက်၏။ 

နောက်ပြီး ဝေယျာဝစ္စလုပ်သူများမှာ ကျောင်းသားများအတွက် မနက်စာ၊ နေ့လည်စာ၊ အဆာပြေ သရေစာ၊ ညနေစာ ဆိုပြီး တစ်နေ့လေးခါ ကျွေးရ၏။ ဒီလောက် အလုပ်ရှုပ်နေသော်လည်း သူတို့ မျက်နှာတွင် ပင်ပန်းပုံ မတွေ့ရ။ တစ်ယောက်နဲ့ တစ်ယောက် စ,လိုက်၊ နောက်လိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ တဝါးဝါး ရီမောကာ လုပ်နေကြသည်ကိုသာ တွေ့ရ၏။ ဒီတော့ မြင်တဲ့သူတိုင်း သူတို့အဖွဲ့ ထဲ မခေါ်ဘဲ ဝင်ချင်လာသည်။ လူသစ်များ ရောက်လာလျှင်လည်း မေးမြန်းပြီး လိုအပ်ရာရာ ဝိုင်းဝန်းကူညီ ပေးကြ၏။ ညွှန်ပြပေးကြ၏။ ကြောင်တောင်တောင်ကြီး ကြည့်မနေ။ လိုရာကို ချိုချိုသာသာ ခင်ခင်မင်မင်ဖြင့် ကူညီကြသောကြောင့်ပင် တစ်နေ့တည်းနှင့် မိတ်ဟောင်း ဆွေဟောင်းများလို ခင်မင်ရင်းနှီး သွားကြသည်။ 

စာရေးသူလည်း တာဝန်ရှိသည့်အလျောက် သင်ကြားရေး, စည်းကမ်းထိန်းသိမ်းရေး, ချက်ပြုတ်ကျွေးမွေးရေး, သန့်ရှင်းရေး …စသဖြင့် အဖက်ဖက်က မလစ်ရအောင် မကြာမကြာ လိုက်ကြည့်ရ၏။ တခါတွင် တဟားဟားဖြင့် ခုတ်ထစ် ချက်ပြုတ်နေကြသည့် မီးဖိုဘက်ကို ရောက်သွား၍ “နင်တို့မှာ မိုးလင်းမိုးချုပ် တစ်နေကုန် လုပ်နေရတာတောင် ရယ်နိုင်သေးတယ်။ မမောကြသေးဘူးလား” ဟု မေးကြည့်လိုက်မိ၏။ ရီမောရင်း လုပ်အားပေးတစ်ယောက် ဖြေပုံက..“မောပါဘူး ဘုရား။ အရှင်ဘုရားတို့က အစစ အရာရာ အဆင်ပြေ အောင် စီမံထားတော့ တပည့်တော်တို့လည်း ဝိုင်းဝန်း ကူညီရမှာပေါ့ဘုရား။ ဒီမှာလုပ်ရတာ လူညီတော့ ပျော်တောင်ပျော်သေးတယ်။ ကလေးတွေလဲ ပျော်လို့။ အမေဆီတောင် မလာတော့ဘူး” တဲ့။


နောက်တစ်ခုလည်း တွေ့မိသေး၏။ ဒီနှစ်မှ ရောက်လာသော ကျောင်းသားသစ်လေးများကိုလည်း ဆရာမများက ခင်မင်ရင်းနှီး စွာဖြင့် ကူညီရှင်းပြပေးကြ၏။ ကျောင်းသားဟောင်းများကတော့ အားလုံးကို သိပြီးသားဖြစ်၍ အဆင်ပြေသော်လည်း ကျောင်းသားသစ် များတွင် မိတ်ဆွေအပေါင်းအသင်း မရှိသေးခြင်း၊ နေရာစိမ်းခြင်းတို့ကြောင့် အနည်းငယ် အခက်ကြုံ တတ်ကြသည်။ ဤမှာတော့ အားမငယ်အောင် အားလုံး ကူညီပေးသဖြင့် တစ်ရက်အတွင်း ကလေးများ ခင်မင်ရင်းနှီးသွားကြ၏။ 

ဥပမာ…မနှစ်က ကလေးတစ်ယောက်ဆိုရင် ကျောင်းမလာချင်ဘဲ အမေက အတင်းခေါ်လာ၍ ပထမရက် တစ်နေ့လုံး မျက်နှာ မှုန်သိုးပြီး ရှုံ့မဲ့နေ၏။ ထိုညနေ စာသင်ချိန်ပြီး ချက်ချင်းပြန်သွား၏။ နောက်နေ့တွင် ဆရာမက သူ့ကို အရေးတယူ အသေချာရှင်းပြ၊ အတန်းထဲမှာ မိတ်ဆွေဖွဲ့ပေး၊ နားချိန်မှာ အခြားကလေးများနှင့်ဆော့၊ ညနေရောက်တော့ အိမ်မပြန်ချင်ဘူး၊ ကျောင်းမှာအိပ်ချင်တယ် ဆိုပြီး ချက်ချင်းပြောင်းသွား၏။ အိပ်စရာနေရာ မရှိတော့သဖြင့် အမေက မနည်းချော့ကာ အိမ်ပြန်ခေါ်သွားရ၏။

ဒီနှစ်လည်း အဖိုးဖြစ်သူတစ်ဦးက သူ့မြေးနှစ်ယောက်ကို ကျောင်းသွားဖို့ စည်းရုံးကြည့်သည်။ မရပေ။ နောက်ဆုံး ချော့မော့ပြီး လည်ပတ်ရုံ အစမ်းသဘောမျိုး ခေါ်လာ၍ မလိုက်ချင် လိုက်ချင်နဲ့ ပါလာ၏။ နေ့လည်စာ စားချိန်ရောက်လာသဖြင့် ကျောင်းသားများနှင့် အတူ ဝင်စားခိုင်း၏။ စားပြီး နေ့လည်ပိုင်းမှာ အတူဆော့ကြ၏။ ပြီးတော့ သူတို့အရွယ်တူချင်း အတန်းထဲသို့ လေ့လာရေးအနေ ပို့ပေး လိုက်၏။ ညနေအိမ်အပြန် ကားပေါ်မှာ အဖိုးက “သူတို့ ဘာများ ပြောမလဲ…ဘာများပြောမလဲ” ဟု ရင်တမမဖြင့် သူတို့တုန့်ပြန်သံ စောင့်နေ၏။ ထိုစဉ် မြေးတစ်ယောက်က “အဖိုး…မနက်ဖြန် ကျောင်းပြန်လာချင်တယ်။ လိုက်ပို့ပေးမလား”ဟု တောင်းဆိုလာတော့၏။ သည်စကားကြားလိုက်ရတော့ အဖိုးမှာ ရင်ထဲ အလုံးကြီးကျပြီး အမောပြေသွားတော့၏။

ဟုတ်ပေသည်။ ကလေးများ လိမ္မာယဉ်ကျေးပြီး မိဘများ နောင်အစဉ် စိတ်အေးရအောင် သူတို့ငယ်စဉ်အခါမှာ သင်ကြား ဆုံးမပေးရသည်။ သင့်တော်ရာ ကျောင်းများကို အပ်ပို့ပေးရသည်။ ဘာသာတရားကိုင်းရှိုင်းပြီး လူကြီးမိဘ ရိုသေတတ်လာအောင် တဖြေးဖြေး သင်ကြား ပေးရသည်။ ဖယောင်းရုပ်လို နုနယ်ပျော့ပျောင်းစဉ်အခါမှာ ကိုယ်လိုချင်သည့် ပုံရောက်အောင် သွင်းပေးထား ရသည်။ ပင်ပန်းလို့ ပျင်းလို့ ဆိုပြီး အမောခံကာ မလုပ်ခဲ့လျှင် အရွယ်ကြီးလာသောအခါ သင်ပေး၍ မရတော့ပေ။ မာကျောလာ၍ ခက်ခဲသွား၏။ ကိုယ့်စကားလည်း နားမထောင်တော့ပေ။ အဲဒိ အချိန်ကျမှ မိဘများ တစ်သက်လုံး ရင်မောရတတ်သည်။ တသက်လုံး စိတ်အေးချင်လျှင် အခုချိန်မှာ အမောခံထားရမည်။

မှန်၏။ လူတွေမှာ အမြဲတမ်း မောနေကြရသည်။ တချို့က မိမိသွားသည့်နေရာ အချိန်မီအောင် ပြေးရလို့ မောသည်။ တချို့က စီးပွားရေး ကျလို့ မောသည်။ တချို့က စာမေးပွဲကျလို့ မောသည်။ တချို့က အလုပ်အဆင်မပြေလို့ မောသည်။ တချို့က အိမ်ထောင် ရေး အဆင်မပြေလို့ မောသည်။ တချို့က ရည်မှန်းချက် ပန်းတိုင်မရောက်နိုင်လို့ မောသည်။ တချို့က တရားမရလို့ မောသည်။ . . . အို မောစရာတွေ စုံလို့။ လူတွေမှာ တစ်ခုမဟုတ် တစ်ခုဖြင့်တော့ မောနေကြရ၏။ ထိုအမောမျိုးစုံထဲတွင် သားသမီးတွေ မလိမ္မာလို့ သူတို့ ရှေ့ရေး အစဉ်တွေးပြီး ရင်လေးကာ မောရသည်လည်း ရှိသေး၏။ ဤအမောမျိုးသည် လူအရိယာပုဂ္ဂိုလ်ကြီးများမှာတောင်မှ ရှိတတ်ကြသေး၏။ အကြောင်းကတော့ သူတို့မှာလည်း သားသမီးများ ရှိကြသေးသည် မဟုတ်ပါလော။
ဘုရားလက်ထက် သာဝတ္ထိမြို့က အနာထပိဏ်သူဌေးကြီးဆို လူတိုင်းသိကြပေမည်။ သူကိုယ်တိုင် ဘုရားဒကာ ကျောင်းဒကာ၊ ပြီးတော့ သောတာပန် အရိယာပုဂ္ဂိုလ်ကြီး။ သူ့မှာ သမီးသုံးယောက်၊ သားတစ်ယောက်ရှိ၏။ သားနာမည်က “မောင်ကာလ” ဟု ခေါ်၏။ သမီးသုံးယောက် လိမ္မာသလောက် သားက အဖေ့အရှိန်အဝါနဲ့ ဆိုး၏။ ဘုရားကျောင်းကန် ဘယ်တော့မှ မသွား။ သံဃဝေယျာဝစ္စလဲ မလုပ်။ တရားနာဖို့ဆို ပိုဝေး၏။ အပျော်အပါး လိုက်စား၏။ ဖခင်က မလုပ်ပါနဲ့ ဆိုတာမျိုးကိုမှ သူက လုပ်တတ်၏။ “ဒီတိုင်းဆို ဒီကောင် သေရင် ငရဲရောက်တော့မှာဘဲ” ဆိုပြီး သူဌေးကြီး ရင်မောရချေပြီ။ 

ဒီတော့ သားကို လိမ္မာဖို့အရေး ငွေတစ်ရာပေး၍ ဖျားယောင်းကာ ဘုရားကျောင်းသို့လွှတ်ရ၏။ သားက ငွေရ၍ ကျောင်းသို့သွား၏။ နောက်နည်းနည်း ကြာလာတော့ တရားတစ်ပုဒ် မှတ်မိအောင်နာခဲ့၊ ငွေတစ်ထောင်ပေးမည်ဟု ပြောကာ တဆင့်တက်ရ၏။ ဒီတခါတော့ ငွေတစ်ထောင် လိုချင်၍ ဘုရားထံမှ တရားကို မှတ်မိအောင် ကြိုးစားနာ၏။ အာရုံစိုက်ကာ နာရင်းနာရင်းဖြင့် တရားဆုံးတော့ သောတာပန်ဖြစ်သွား၏။ နောက်နေ့မနက် ကျောင်းက ပြန်လာသောအခါ အဖေက ငွေပေးသည်ကို မယူတော့။ တရားထူး ရသွားမှန်း သူဌေးကြီး သဘောပေါက်သွား၏။ သူဌေးကြီး မောခဲ့ရသမျှတွေ အားလုံးပျောက်သွားပေတော့သည်။

နောက်ပြီး ရာဇဂြိုလ်မြို့က သောတာပန် ပုဏ္ဏားသူဌေးလင်မယား နှစ်ယောက်လည်း ရှိသေး၏။ သူတို့မှာလည်း “သိင်္ဂါလ” ဟူသော သားတစ်ယောက်ရှိ၏။ သားက မိဘစကားနားမထောင်။ ပြောဆိုဆုံးမ၍ မရ။ ဘုရားတရား ယုံကြည်ဆည်းကပ်မှု မရှိ။ ထို့ကြောင့် သားနောင်ရေးအတွက် ဖခင်ကြီး ရင်မောလာရ၏။ ဤသို့ဖြင့် သေခါနီး နောက်ဆုံးအချိန်လေးတွင် သားကိုခေါ်၍ (အရှေ့,အနောက်,တောင်,မြောက်,အထက်,အောက်) အရပ်ခြောက်မျက်နှာကို နေ့စဉ်ရှိခိုးပါဟု မှာထားခဲ့၏။ ရည်ရွယ်ချက်မှာ နောင်သောအခါ သူ့သား ဘုရားရှင်နှင့်တွေ့ပြီး သူ့စကား၏အဓိပ္ပါယ်ကို သဘောပေါက်ကာ ဘာသာတရား ကိုင်းရှိုင်းလာသည့် လူကောင်းလူမွန် ဖြစ်လာရေးပင် ဖြစ်သည်။ တနည်းပြောရလျှင် သားနောင်ရေး စိတ်အေးအောင် ဘုရားထံ အပ်နှံထားခဲ့ရသည့် သဘောပင် ဖြစ်သည်။

သိင်္ဂါလသူဌေးသားလည်း ဖခင်မှာခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာ နေ့တိုင်း ရှိခိုး၏။ ရှိခိုးနေတုန်း တစ်နေ့မှာ ဘုရားရှင်နှင့် တွေ့၏။ ဘုရားရှင်က အရပ်ခြောက်မျက်နှာ၏ အဓိပ္ပါယ်ကို မေးသောအခါ မသိသဖြင့် ရှင်းပြလိုက်၏။ ထိုအခါ သူ့ဖခင်၏ ဆိုလိုရင်း အဓိပ္ပါယ်ကို နားလည်သွားပြီး ရတနာသုံးပါးကို လေးလေးနက်နက် ကိုးကွယ်ဆည်းကပ်သွား၏။ သူတရားသိ၍ သားလိမ္မာဖြစ်သွားချိန်မှာကား ဖခင်ကြီးမရှိရှာတော့။ သို့သော် သူ့ဖခင်ကြီး နတ်ဘုံကနေ အမောပြေကာ သာဓုခေါ်နေပေလိမ့်မည်။

စာရေးသူကိုလည်း သင်တန်းနောက်ဆုံးနေ့တွင် ကလေးများစာမေးပွဲစစ်ရ, အချိန်မီ ပိတ်ပွဲအခမ်းအနားလုပ်ရနဲ့ အလွန် အလုပ်ရှုပ်နေသည်ကို မိဘတစ်ယောက်က တွေ့သွားလို့ “ဒီနှစ်က ကလေးတွေ ပိုများလာလို့ အရှင်ဘုရားတော့ လုပ်ရကိုင်ရ ထိန်းသိမ်းရတာ တော်တော် မောမှာဘဲနော်”ဟု ပြောလာ၏။ “အေးဗျာ၊ ကလေးတွေများလာလို့ လုပ်ရကိုင်ရ မောတာတော့ ရှိတာပေါ့။ ဒါပေမဲ့ သူတို့လေးတွေ အခုလို လိမ်လိမ်မာမာနဲ့ စာသင်ကြ၊ ဘုရားရှိခိုးကြ၊ တရားထိုင်ကြတာလေးတွေ တွေ့ရမြင်ရတော့လဲ ကျုပ်မှာ မမောနိုင်ဘဲ ပျော်တောင် ပျော်မိပါသေးတယ်”ဟု ပြန်ဖြေလိုက်၏။

မှန်ပေသည်။ ကလေးတွေ စာသင်နေတာ၊ ဘုရားဝတ်တက်နေတာ၊ တရားထိုင်နေတာ၊ စည်းကမ်းတကျ မေတ္တာပို့ပြီး စားနေတာလေးတွေ တွေ့ရရင် ဘယ်သူမပျော်ဘဲ ရှိပါ့မလဲ။ လုပ်ကိုင်ရလို့ မောသမျှ ပန်းသမျှတွေလဲ ဝမ်းသာကြည်နူးမှု ပီတိတွေထဲမှာ အရေပျော်ကာ ပျောက်ကင်းကုန်တော့၏။ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးနဲ့ ပြောရရင်တော့ “မောတော့ မောတာပေါ့….ဒါပေမဲ့ မမောဘူး”။

အားလုံး အမောပြေနိုင်ကြပါစေ။

Comments