Aung Way - Poem

ဝ င်းေ မာ် ဦး သို့  ေ ရႊ ၀ါ ေ ရ ာ င် တ မ်း ချ င်း
အောင်ဝေး
သြဂုတ် ၂၅၊ ၂၀၁၃



(၁)
ဘာ့ကြောင့် ၀င်းမော်ဦးလဲ။
ဝင်းမော်ဦးရေ...
ရွှေဝါရောင်ရေ...။

တံတားအောက်မှာ
မြစ်သေတွေပျောက်ဆုံးခဲ့ကြပြီ။

မိုးကုပ်စက်ဝိုင်းမှာ
မုန်တိုင်းမိုးတိမ်တွေ
ဆင်နေဆဲလေ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကစ
ဆရာဒဂုန်တာရာအဆုံး
ဘယ်သူမှ
ငြိမ်းချမ်းရေးကိုမြင်မသွားရရှာဘူး။

ပထမ
မ ဆ လ တစ်ပါတီစစ်အာဏာရှင်ခေတ်
၂၆ နှစ်။

ဒုတိယ
ပါတီစုံဒီမိုကရေစီစစ်အာဏာရှင်စနစ်
၂၅ နှစ်။

သမီးရေ...
ဝင်းမော်ဦးရေ...။

တတိယ
ဘယ်စနစ်၊ ဘယ်ခေတ်မှာ
ဘယ်လိုအဖြစ်ဆိုးနဲ့ ရင်ဆိုင်ရဦးမှာလဲ။

၁၉၈၈
၂၀၁၃
၂၅ နှစ်ပြည့်တဲ့တိုင်
အမျှ မဝေနိုင်သေးတဲ့ တိုင်းပြည်။

ဒီတိုင်းပြည်မှာ
သူရဲကောင်းတွေလည်းများသလို
သစ္စာဖောက်တွေလည်းများပါရဲ့ ။

၂၀၀၇
၂၀၀၇
ရွှေဝါရောင်ရေ...
တောင်ကုန်းကို
တို့ မသိမ်းပိုက်နိုင်ခဲ့ဘူး။

ထောင်တံခါးတွေ
တို့ မဖွင့်နိုင်ခဲ့ဘူး။

ဝန်ခံရမယ်
ရွှေဝါရောင်
ငါတို့ ဟာ ရန်/ငါ မပြတ်ခဲ့ကြဘူး။

ရန်/ငါ မပြတ်လို့ 
သံဃာအသတ်ခံရ
နောင်တက ငါတို့ ကိုရခဲ့။

၈၈ ဖြစ်ဖြစ်
၂၀၀၇ ဖြစ်ဖြစ်
ခေတ်ကိုတော့ ပြောင်းပစ်သင့်တယ်။

ရင်နင့်အောင်မွှေး
ပန်းကလေးရေ...
သမီးရဲ့ အရိပ်ကလေး
ရွှေတိဂုံမှာတွေ့ တယ်။

ဝင်းမော်ဦးကို
ရွှေဝါရောင်မှာတွေ့ တယ်။

တစ်ညနေချမ်း
ဆူးလေနဲ့ ကုန်သည်လမ်း
ရွှေဝါရောင်မှာ
ခွပ်ဒေါင်းအော်သံလွှမ်း
လူတွေ၊ သံဃာတွေကြား
န ၀ တ၊ န အ ဖ
ခေတ်ကြီးနှစ်ခုကိုထမ်း
သမီးကလေးလမ်းလျှောက်လာတယ်။

သနားစရာ
ခမျာ ပင်ပန်းရှာမယ်
ဝန်လေးလှပါရဲ့ ။

အရှင်လတ်လတ်
စစ်အာဏာရှင်စနစ်ဟာ
ရှစ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ 

စိတ်ဓာတ်ကို
နောက်ထပ်နှစ်ပေါင်းဘယ်လောက်
ဖိနှိပ်ဖျောက်ဖျက်ဦးမှာလဲ။

မရဘူး
မရဘူး
မရဘူး။
ငါ့ ကို ၀င်းမော်ဥိး ပြန်ပေး
ငါ့ ကို ၀င်းမော်ဦး ပြန်ပေး
ငါ့ ကို ၀င်းမော်ဦး ပြန်ပေး။

ရွှေဝါရောင်ရေ...
လွန်ခဲ့သော(၂၅)နှစ်
တို့ တွေ
ပင်လယ်ကိုလက်ပစ်ကူးခဲ့ကြ။

အပြစ်မဲ့
ကမ်းကြည့်ငှက်ကလေး
ရန်ကုန်ဆေးရုံကြီးပေါ်မှာကျဆုံးခဲ့ရရှာ။

မဖြေနိုင်ဘူး
နွေဦးက
အဲဒီကတည်းက
အဆိပ်လူးမြားဒဏ်သင့်ခဲ့တာ။

တို့ 
လွမ်းကျန်ရစ်ခဲ့သင့်ပါရဲ့ ။

ခုတော့
ဘယ်သူတွေဟာ
ဘာဖြစ်လို့ 
မနာကျင်နိုင်ကြတော့တာလဲ။

ဘယ်သူတွေ
ဘယ်နှယောက်
သစ္စာဖောက်သွားကြပြီလဲ။

၂၅ နှစ်ကြာတဲ့အခါ
သွေးစွန်းတဲ့လူသတ်သမားဟာ
ပြဇာတ်ကိုလာကြည့်တယ်။

အဖြူထည်ပန်းကလေးတွေက
ဇာတ်ဆရာအလိုကျ
လည်စင်းခံပေးရတယ်လေ။


 (ဆက်ပါဦးမည်)

Comments