Kyaw Thu - FFSS Yangon Activity,

မင်္ဂလာ ဒါန
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
သြဂုတ် ၁၃၊ ၂၀၁၃


 

အများပြည်သူတို့အတွက် ရပ်တည်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)ကြီး တည်တံ့ခိုင်မြဲ နေခြင်းသည် အလှူရှင်တို့၏ ကောင်းမှုများကြောင့်ဖြစ်ပြီး ထိုမှတဆင့် လိုအပ်နေသောပြည်သူများသို့ပြန် လည် ၍ အကျိုးဖြစ်ထွန်းစေရန် နာရေးကူညီမှုအသင်းကြီးမှ စိတ်အား၊ လူအား၊ ခွန်အားတို့ပေါင်းစပ်ကာ အများပြည်သူအရေး အတွက် နေ့စဉ်နှင့်အမျှ နားရက်မရှိ ပေးဆပ်လုပ်ကိုင်နေလျှက်ရှိပါသည်။ ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် နယ်မြို့များသို့သွားရောက်၍ အယူသည်းမှု တိုက်ဖျက်ရေး ဟောပြောလျှက်ရှိပါသည်။ ထိုကဲ့သို့ အယူသီးမှုများတိုက်ဖျက်ရန်အတွက် ခရီးထွက်နေစဉ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အယူသီးမှုကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ တိုက်ဖျက်ပေး လိုက်သော အလှူရှင်နှစ်ဦးလာရောက်ခဲ့သည်။ အလှူရှင်နှစ်ဦးစလုံးသည် ပြည်သူချစ်သော အနုပညာရှင် နှစ်ဦးဖြစ်ပြီး လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များလည်းတူညီကြသည်။ ၄င်းတို့နှစ်ဦးလုံးသည် မိမိတို့၏ တန်ဖိုးထားသော မင်္ဂလာ မွေးနေ့ရက်တွင် နာရေးကိစ္စများနှင့် မကျန်းမမာသူတို့၏ ကျန်းမားရေး၊ ဘေးဒုက္ခ ခံစားနေရသော ဒုက္ခသယ်တို့အား ဖေးမကူညီရန် ရောက်ရှိလာကြပြီး မင်္ဂလာတစ်ပါးဖြစ်သော နာရေးအလှူများကို လှူဒါန်းသွားသော လေးစားထိုက် သူတို့ဖြစ်သည်။

 

၁.၈.၂ဝ၁၃ရက်နေ့ နေ့လည် (ဝ၁းဝဝ)နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အမှတ်(၂၄၉)၊ ၄လွှာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နေ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဝင့်ယမုံလှိုင်သည် သူမ၏မွေးနေ့အတွက် မိသားစုနှင့်အတူ အလှူငွေ လာရောက်လှူဒါန်းခဲ့ပြီး ထို့နည်းတူ စွာ ၆.၈.၂ဝ၁၃ ရက်နေ့ နေ့လည်(ဝ၂းဝဝ)နာရီအချိန်တွင်လည်း 7(A) ကန်တော်မွန်အိမ်ရာ၊ သင်္ဃန်း ကျွန်း မြို့နေ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အိခိုင်ဇင် (ခ) ဂန္တဝင်မှ ရေတွင်း၊ ရေကန်၊ နာရေး အတွက် မိသားစုနှင့် အတူ လာရောက်ငွေ လှူဒါန်းသွားခဲ့သည်။





မင်္ဂလာရှိသော မွေးနေ့မွေးရက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ လာရောက် လှူဒါန်းခြင်းသည် သူမတို့နှစ်ဦးလုံး၏ မြင့်မြတ်သောအလှူဟုဆိုရပေမည်။ ထိုအလှူဒါနအကျိုးသည် ပေးပါဟု တောင်းစရာမလိုဘဲ သူ့အလိုအလျှောက်ပေးနိုင်တဲ့ စွမ်းအားတန်းခိုး ကောင်းကျိုးကို ရရှိနိုင်မှာဖြစ်သလို အလှူအကျိုး(၅)မျိုးထဲမှ အနုပညာရှင်တို့နှင့်ကိုက်ညီသော ပရိသတ်အလယ် ခန့်ညားထည်ဝါ ရဲရင့်ခြင်း ဆိုသည့်အကျိုးကို ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မဝင့်ယမုံလှိုင်နှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဂန္တဝင်တို့ ရရှိပိုင်ဆိုင်နိုင်ပါစေဟု နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်တကွ အများပြည်သူအပေါင်းတို့မှ မွေးနေ့ဆုမွန် ကောင်းတောင်းလိုက်ပါသည်။ 

အလှူအကျိုး (၅) မျိုး ...
၁။ အလှူပေးငြား၊ မေတ္တာထား၊ အများချစ်ကြသည်။
၂။ ငြိမ်သက်ကြည်လင်၊ သူတော်စင်၊ ထွက်ဝင်ချည်းကပ်ကြုံရသည်။
၃။ ကောင်းသတင်းများ၊ လွန်ကျော်ကြား ပြန့်သွားရလေသည်။
၎။ ကိုယ်ကျင့်တရား၊ ပြည့်စုံငြား၊ ခန့်ညားထည်ဝါ ရဲရင့်သည်။
၅။ ဘဝတစ်လျှောက်၊ ကောင်းရာရောက်၊ စားသောက်သုံးဆောင် ပြည့်စုံသည်။


(တိပိဋကယောဆရာတော်)

Comments