Linn Htin - Essay
ဂိုဂင်နီ
လင်းထင်
သြဂုတ် ၁၉၊ ၂၀၁၃
ကျနော် ဂိုဂင်နီရဲ့ ပြိုးပြက်မှုကို နားမလည်ခဲ့။
တကယ်ဆို ပန်းချီဆရာဂိုဂင်ဟာ သူ့ရဲ့ ပါရီကိုစွန့်အပြီး တဟီတီကျွန်းသားဘ၀ကို ချယ်မှုန်းခြင်းမှာ မေးခွန်း၃-ရပ် ထည့်သွင်းခဲ့လေရဲ့။
‘ဒီမှာ.... ငါ ဘယ့်အတွက် ရောက်နေရလဲ’၊
‘ငါ..ဘာ အလုပ်ကို လုပ်ရမလဲ’၊
‘ငါ... ဘာမျှော်လင့်နိုင်လဲ’။
လိုရင်းကတော့ ‘ငါ့ ဘ၀အဓိပ္ပာယ် ဘာလဲ’ ရယ်လို့ မေးခွန်းထုတ်ခဲ့တာ။
ဒီမေးခွန်းဟာ ‘လူ’ နဲ့ ‘အဟိတ်’ ကွဲပြားစေခြင်း မေးခွန်းပဲ။ ဖြစ်တည်မှု ပြဿနာကို ထင်ဟပ်တဲ့ လက်တဆုံးနှိုက်တဲ့ မေးခွန်းပေပဲ။
အသက်ရှင်သန် ကျန်ရစ်နိုင်မှု၊ လုံခြုံရာ ရနိုင်မှု၊ မျိုးပွားနိုင်မှုနဲ့ စိုးမိုးလိုမှု စတဲ့ ပြဿနာများဟာ တိရိစ္ဆာန်တွေမှာလည်း ရှိနိုင်ပေသိ၊ ဖြစ်တည်မှု ပြဿနာဆိုတာ လူမှာသာ ရှိတယ်။
လူဆိုရင် ဒီ ဖြစ်တည်မှု ပြဿနာကို ဖြေရှင်းရမှာပဲ…။  ဖြစ်တည်နေမှုအပေါ် မေးခွန်းထုတ်ရမှာပဲ…။
လူတစ်ယောက်ထက်ပို ဖွဲ့စည်းတည်ရှိတဲ့ လူ့အစုအဝေးတိုင်းမှာလည်း အလားတူ ဖြစ်တည်မှု ပြဿနာဆိုတာ ရှိစမြဲပဲ။ ကုလသမဂ္ဂကစလို့ စနေတံမြက်လှဲ အသင်းထိ၊ အမေရိကန်အစိုးရကစလို့ မြန်မာပြည်က ရ၀တ အထိ... ဖြစ်တည်မှု ပြဿနာရှိတယ်။
ကိုယ်ရှိနေရခြင်းဟာ ဘာ အဓိပ္ပာယ်လဲဆိုတာ ဖြေရမယ်၊ ဖြေရတယ်။ မူဝါဒနဲ့ ရပ်တည်မှု ခိုင်မာခြင်းသာ ဖြစ်တည်မှု ပြဿနာကို ပြေလည်စေတယ်။
ဗမာ့ခေတ်သစ်သမိုင်းမှာ ဖဆပလပျက်သုဉ်းမှုဆိုတာနဲ့ အနှစ် (၅၀) အသွင် အမျိုးမျိုး ပြောင်း ရှင်သန်ရတဲ့ စစ်အုပ်စုရဲ့ ဖြစ်တည်မှု အကျဉ်းအကြပ်ကို တွေ့ခဲ့ရပြီးပြီ။ Legalism ရောဂါပိုး ကပ်ငြိခံရသမို့ နိုင်ငံရေး အသရေ သိက္ခာကို တရားဝင်ရပ်တည်လိုမှုနဲ့ လဲလှယ်ခဲ့ရတဲ့ ဒီချူပ်ရဲ့ ဖြစ်တည်မှု အကျဉ်းအကြပ်ကို တွေ့ခဲ့ရပြီးပြီ။
သမိုင်းတစ်ပွက်စာ စစ်ရေး၊ နိုင်ငံရေး အားသာမှုဟာ သူတို့ရဲ့ ဖြစ်တည်မှု ပြဿနာများ မပြေလည်စေခဲ့။ မူရှိ၊ ကျောရိုးရှိသူသာ လူ့သမိုင်းမှာ တင်ကျန်မယ်။
Comments