Maung Yin Nga Tay - Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
သြဂုတ် ၁၉၊ ၂၀၁၃



● Čechy သို့မဟုတ် ဘိုဟေးမီးယား (တတိယပိုင်း)

ဥရောပရဲ့ ခရီးသွားလာသူတွေ လာရောက်မှု အများဆုံးသော မြို့ကြီးဆယ်မြို့ စာရင်းဝင် ပရာဟာ မြို့တော်နဲ့ ဘိုဟေးမီးယားနယ် အကြောင်းတွေကို အတိုချုပ်ပြီး ရေးတာတောင်မှ အခု တတိယပိုင်း အထိ ရောက်ရှိသွားခဲ့ရပါတယ်၊ ဒါတောင်မှ ယူနက်စကို World Heritage Sites စာရင်းမှာပါဝင်တဲ့ ဒေသကြီး ၁၂ ခုအနက် တခုဖြစ်တဲ့ ပရာဟာဒေသကိုသာ ရောက်ရှိခဲ့ရပါသေးတယ်၊ တခြားသော နယ်တွေကို သွားချင်ပေမယ့်လည်း ငွေကြေးအချိန် အခက်အခဲများကြောင့် မရောက်ခဲ့ရသေးပါဘူး၊ နောင်များမှာ ရောက်ဖြစ်ခဲ့ရင်တော့ ဆက်ရေးစရာအကြောင်းတွေ ရှိလာအုံးမှာပါ၊ မိုရာဗီးယားဒေသ ဆီလီစီးယားဒေသတွေအပြင် စလိုဗားကီးယား နယ်တကြောကိုလည်း သွားချင်ပါသေးတယ်၊ အခု ဒါကတော့ ဘိုဟေးမီးယားနယ်ဒေသရဲ့ တတိယပိုင်းပါ၊


ဘိုဟေးမီးယားနယ်စွန် ရထားလမ်းနဘေးက စက်ရုံတရုံ
ချက်နိုင်ငံဟာ အလယ်ဥရောပနိုင်ငံများကြားမှာတော့ စီးပွားရေးဖွင့်ဖြိုးတိုးတက်မှုက ထိပ်ဆုံးတန်း ရောက်နေပြီဆိုပေမဲ့ သူ့အိမ်နီးချင်း နိုင်ငံကြီးဖြစ်တဲ့ နယ်နမိတ်အရလည်း အများကြီးဆက်စပ်နေတဲ့ ဂျာမဏီနဲ့ ယှဉ်လိုက်ရင်တော့ အများကြီးလိုနေပါသေးတယ်၊ အလုပ်အကိုင်တွေမှာ တဦးချင်းဝင်ငွေ နည်းနေသေးတယ်ဆိုပေမဲ့ အထွေထွေကုန်ဈေးနှုန်းကတော့ သက်သာနေလို့ အောက်ဆုံးအဆင့် သာမန်လူတန်းစားတွေတောင်မှ ပြောင်ပြောင်ရောင်ရောင်နဲ့တော့ နေနိုင်ပါတယ်၊ နိုင်ငံရပ်ခြားက ရွှေ့ပြောင်းအခြေစိုက်သူဦးရေက တနိုင်ငံလုံးမှာတော့ သိပ်မများလှပေမဲ့ လူဦးရေ တသန်းနှစ်သိန်း ခန့်ရှိတဲ့ ပရာဟာမြို့တော်မှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်တဲ့၊ အများစုကတော့ ဆိုဗီယက် ခွဲထွက်နိုင်ငံတွေဖြစ်တဲ့ ရုရှားလူမျိုးတွေ ယူကရိန်းလူမျိုးတွေနဲ့ ဆလိုဗက်လူမျိုးတွေ ဖြစ်ကြပါတယ်၊ အာရှတိုက်သားတွေထဲကတော့ ဗီယက်နမ်လူမျိုးတသောင်းခွဲခန့် ပရာဟာမြို့ပေါ်မှာ နေထိုင်ကြပြီး ပရာဟာမြို့စွန်က ဗီယက်နမ်ဈေးကြီး ဆိုတာကတော့ ကြီးမားကျယ်ပြန့်လှပြီး မိတ်အင်ဗီယက်နမ် ပေါချောင်ကောင်းပစ္စည်းတွေနဲ့ ပြည့်လျှံနေပါတယ်၊ မောင်ရင်ငတေလည်း ခရီးဆောင်အိတ်တလုံး လိုအပ်နေတာနဲ့ ဝယ်လာခဲ့တာ ပေါချောင်မကောင်းဘဲ ပေါချောင်ညံ့နဲ့ တိုးမိရလို့ ခရီးမဆုံးခင်မှာဘဲ ခရီးဆောင်အိတ်က ဘီးပြုတ်ဇစ်ပြုတ်နဲ့ ဒုက္ခရောက်ရပါတော့တယ်၊


ချက်စတာဖီးလ် စီးကရက်တဗူး နှစ်ယူရိုခွဲခန့်နဲ့ ညီမျှတဲ့ ၆၈ Koruna česká

ဒီကနေ့ဆိုရင် ချက်နိုင်ငံဟာ ယူရိုပီယံသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်သလို ယူရိုပီယံ ရှန်ဂန်ဗီဇာ ဧရိယာမှာ အကျူံးဝင်တဲ့ နိုင်ငံတနိုင်ငံပါ၊ ဒါပေမဲ့ ယူရိုငွေကြေးဇုံထဲမှာတော့ ခုထိမပါဝင်သေးပါဘူး၊ ဒါကြောင့်လည်း ချက်နိုင်ငံထဲရောက်တာနဲ့ ချက်ငွေကို လဲလှယ်အသုံးပြုရပါတော့မယ်၊ ဒီနှစ်ကာလ ချက်ငွေရဲ့ ဈေးနှုန်းကတော့ တည်ငြိမ်မှု ရှိနေတယ်လို့ ပြောရမယ်ထင်ပါတယ်၊ တယူရိုကို Koruna ချက်ကိုရူနာ ၂၄ ကျော်ကျော် ၂၅ မှာရှိနေပါတယ်၊ ပရာဟာမြို့အကြောင်းကို အပြောများကြတာက မြို့လယ်ခေါင်က လှပတယ် ဘီယာကလည်း ဈေးပေါတယ် ဆိုတာပါဘဲ၊ မောင်ရင်ငတေ ထပ်ဖြည့် ပြောချင်တာကတော့ စီးကရက်ဈေးကလည်း ချိုသာလှကြောင်းပါ၊ ပြင်သစ်ဈေးနှုန်းနဲ့ နှစ်ဆကျော် ကွာခြားပါတယ်၊ ပြင်သစ်မှာ ဒီနေ့ပေါက်ဈေး အလိပ်နှစ်ဆယ်ဝင် တဘူးကို ခြောက်ယူရိုနဲ့ ဆယ်ပြား ပေးရတဲ့ Chesterfield  စီးကရက်ကို ချက်နိုင်ငံမှာ ၆၈ ကိုရူနာ ယူရိုငွေနှစ်ယူရိုခွဲသာ ပေးရပါတယ်၊ သောက်ကြည့်တဲ့ အခါမှာလည်း ရုရှားတို့ စပိန်တို့ထက်တော့ သောက်လို့ ပိုမိုကောင်းမွန်ကြောင်းပါ၊ ဘီယာဈေးပေါသလို စားသောက်ဆိုင်တွေမှာ စားသောက်ရင်လည်း ပြင်သစ်ထက် ထက်ဝက်နီးပါး သက်သာပါတယ်၊ ဒါကြောင့်လည်း ခရီးသွားတွေ များသထက်များလာတယ် ထင်ပါတယ်၊

အသုံးဝင်နေဆဲ အလုပ်ဖြစ်ဆဲ ၁၉၆၀ ဝန်းကျင်က စကိုဒါကားဟောင်းတစီး


ချက်နိုင်ငံရဲ့အကြောင်း ပြောကြရင် သို့မဟုတ် ချက်နိုင်ငံရဲ့ စီးပွားရေးနဲ့ စက်မှုလက်မှု လုပ်ငန်းများ အကြောင်း ပြောကြရင်တော့ စကိုဒါ ကားလုပ်ငန်းကြီးကို တည်ထောင်သွားသူ ကားလုပ်ငန်းရှင်ကြီး မစ္စတာစကိုဒါကိုတော့ မေ့ထားလို့ မရပါဘူး၊ တကယ်ကတော့ ဒီကနေ့ခေတ်မှာ စကိုဒါတံဆိပ်က ကားထုတ်လုပ်ရေးသာမက ချက်နိုင်ငံတဝှမ်းလုံးရဲ့ လမ်းမတွေပေါ်မှာ တွေ့ရှိနေကြရတဲ့ ဓါတ်ရထား တော်တော်များများလည်း စကိုဒါ အမှတ်တံဆိပ်တွေ ဖြစ်နေပါပြီ၊ Emil Ritter von Škoda စကိုဒါ (၁၈၃၉-၁၉၀၀) ကို အနောက်ဘိုဟေးမီးယားဒေသ Plzeň ပိုဇန်န်ပြည်နယ်မြို့တော် ပိုဇန်န်မြို့မှာ မွေးဖွားခဲ့ပါတယ်၊ (ဂျာမန်ဘာသာနဲ့ Pilsen) ပိုဇန်န်မြို့ဟာ Pilsner Urquell ပီလ်ဇန်နာဘီယာနဲ့ နာမည်ကြီးသလို စကိုဒါကြောင့်လည်း နာမည်ပိုပြီးကျော်ကြားခဲ့တာပါ၊ ၁၈၅၉ Austro-Hungarian အင်ပါယာခေတ်မှာ စတင်တည်ထောင်ခဲ့တဲ့ Škodovy závody (Škoda Works) ရဲ့ မူလပထမက စက်ပစ္စည်းကရိယာတွေ ထုတ်လုပ်ခဲ့တာပါ၊ Emil von Škoda က အဲဒီစက်ရုံမှာ အင်ဂျင်နီယာချုပ် တဦးပါ၊ ၁၈၆၉ ခုနှစ်မှာ မစ္စတာစကိုဒါက ဝယ်ယူခဲ့ပြီးနောက် လုပ်ငန်းပေါင်းစုံ တိုးချဲ့လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့အမည်နဲ့ ဒီကနေ့ထိတိုင် ကမ္ဘာကျော်ခဲ့တာ ဖြစ်ပါတယ်၊ ပထမနဲ့ဒုတိယကမ္ဘာစစ်အတွက် စစ် လက်နက် ပစ္စည်းတွေ ထုတ်လုပ်ခဲ့တာ လက်နက်ငယ်ကနေ အမြောက်တွေ တင့်ကားတွေ အထိပါ၊

Austro-Hungarian ရေတပ်အတွက် စစ်သင်္ဘောတွေ ထုတ်လုပ်ခဲ့တာကလည်း စကိုဒါစက်ရုံက အဓိကနေရာက ပါဝင်ခဲ့တာပါ၊ နိုင်ယာဂရာရေအားလျှပ်စစ်ရုံနဲ့ ဆူးအက်တူးမြောင်း ဖောက်လုပ်ရေးအတွက် အဓိကစက်ပစ္စည်း ပေးသွင်းခဲ့တာကလည်း စကိုဒါစက်မှုလုပ်ငန်းကပါ၊ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကာလများမှာတော့ စကိုဒါလည်း ပြည်သူပိုင်အသိမ်းခံရတော့တာပေါ့၊ နာမည်ကိုလည်း ဆိုဗီယက်ရဲ့ခေါင်းဆောင်ကြီး Vladimir Ilyich Lenin Plants ဆိုတဲ့အမည်သို့ ပြောင်းလဲပစ်ခံရပြီးနောက်မှတဖန် မူရင်း စကိုဒါ အမည်ကို ပြန်လည်ခေါ်ဝေါ်သုံးစွဲခဲ့တာပါ၊


နောက်ဆုံးပေါ် ဓါတ်ရထား Škoda 15T (Škoda ForCity)
၁၉၈၉ ခုနှစ် ကွန်မြူနစ်ခေတ်ကုန်ဆုံးပြီး နောက်ပိုင်းမှာ စကိုဒါစက်မှုလုပ်ငန်းကိုလည်း ပုဂ္ဂလိကပိုင် အဖြစ် ပြန်လည်အသွင်ပြောင်းခဲ့ပြီး စကိုဒါ ကားလုပ်ငန်းနဲ့ စကိုဒါ ဓါတ်ရထားလုပ်ငန်းများကတော့ ဆက်လက်တည်ရှိပြီး ချက်နိုင်ငံတဝှမ်းရှိ လမ်းမများပေါ်မှာ ကားများရထားများကို ယနေ့ထိတွေ့မြင် နေရသလို အမေရိကနဲ့ ဥရောပနိုင်ငံ တော်တော်များများမှာလည်း တွေ့ရှိနေရပါတယ်၊ ဒါပေမဲ့လို့ ဒီနေ့တွေ့ရှိနေရတဲ့ စကိုဒါ ကားလုပ်ငန်း ပိုင်ရှင်ကတော့ ဂျာမန် Volkswagen Group ဖြစ်သွားပါပြီ၊ ၂၀၀၀ ခုနှစ်ကစပြီးတော့ ၁၀၀ ရာခိုင်နှုန်းလုံးကို ဝယ်ယူပိုင်ဆိုင်ခဲ့တာပါ၊ ကွန်မြူနစ်စီးပွားရေးစနစ်နဲ့ အရင်းရှင်းစီးပွားရေးစနစ်တွေရဲ့ လက်ပြောင်းလက်လွှဲ ပိုင်ဆိုင်မှုများ ကွာခြားတာဖြစ်မှာပေါ့ဗျာ၊ ယနေ့ Škoda Auto ရဲ့ အဓိကပုဂ္ဂိုလ်ကြီးဆိုတာကလည်း သမိုင်းမှတ်တမ်းထဲမှာသာ အမည်ကျန်ရှိ ခဲ့တော့တဲ့ မစ္စတာစကိုဒါဆိုသူရဲ့ မျိုးဆက်များအထဲက မဟုတ်တော့ဘဲ ဂျာမန်လူမျိုးဖြစ်သူ Martin Winterkorn ဖြစ်ပြီး Volkswagen Audi Porsche ကားလုပ်ငန်းများကို စီမံခန့်ခွဲ အုပ်ချုပ်နေရသူပါ၊ ယခုအခါမှာတော့ စကိုဒါကားနဲ့ စကိုဒါရထားတွေကို လမ်းမတွေပေါ်မှာ မြင်တွေ့နေရသေးတာကို မစ္စတာစကိုဒါကြီး သိများသိခဲ့ရင်တော့ ဝမ်းသာလေမလား ဝမ်းနည်းလေမလား ဆိုတာကိုတော့ မောင်ရင်ငတေ သိချင်မိစမ်းပါတယ်၊ ဘိုဟေးမီးယားဒေသရဲ့ နောက်ထပ်နာမည်ကြီး တခုကတော့ ဘီယာချက်လုပ်ခြင်း လုပ်ငန်းပါဘဲ၊ ဒီဒေသမှာ ဘီယာချက်လုပ်ငန်းပေါင်း မြောက်များစွာရှိပါတယ်၊

နာမည်ကြီးတာတခုကတော့ ဘတ်ဒ်ဝိုက်ဇာဘီယာပါ၊ အမေရိကန်လုပ်တဲ့ ဘတ်ဒ်ဝိုက်ဇာဘီယာ မဟုတ်ပါဘူး၊ အမည်ကသာ သွားတူနေတာပါ၊ ဘိုဟေးမီးယားဒေသထွက် ဘတ်ဒ်ဝိုက်ဇာဘီယာကို သံဗူးတွေ ပုလင်းတွေ ဖန်ခွက်တွေမှာ Budweiser Budvar ဘီယာလို့ရေးသားထားတာကို တွေ့မြင် ကြရမှာပါ၊ အဓိက ဘီယာချက်လုပ်ကြတဲ့ မြို့ကြီးနှစ်မြို့ကတော့ Plzeň မြို့နဲ့ České Budějovice မြို့နှစ်မြို့ဖြစ်ပါတယ်၊ ဒီမြို့နှစ်မြို့ကို ဂျာမန်ဘာသာနဲ့ Pilsen မြို့ Budweis မြို့လို့ ခေါ်ကြပါတယ်၊ အဲဒီ Pilsen မြို့မှာချက်လုပ်တဲ့ Pilsner Urquell ဘီယာနဲ့ Budweis မြို့ကထွက်ရှိတဲ့ Budweiser Budvar ဘီယာနှစ်မျိုးကတော့ လူသိများတဲ့ ဘီယာအမျိုးအစားများ ဖြစ်ကြပါတယ်၊ ချက်နိုင်ငံသား တယောက်ချင်းစီရဲ့ ဘီယာသောက်သုံးနိုင်မှုဟာ ဂျာမဏီနိုင်ငံသားတွေထက် ပိုမိုပြီး ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်ပါတယ်၊ ဘီယာဈေးနှုန်းတွေကလည်း ရေဝယ်သောက်ရတာထက် ဈေးပိုချိုပါတယ်၊ ချက်နိုင်ငံတဝှန်းမှာ တနှစ်ကို ဘီယာလီတာ ၁၈ သန်းကျော်ထုတ်လုပ်ပြီး လီတာ ၁၅ သန်းကျော်ကို သူတို့ဘာသာသူတို့ ပြန်လည်ပြီးသောက်သုံးပစ်ကြပါတယ်လို့ စာရင်းဇယားများမှာ ဆိုထားပါတယ်၊ ကမ္ဘာပေါ်မှာ ဂျာမဏီနိုင်ငံကတော့ ဘီယာအများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပြီး တနှစ်ကို လီတာ သန်းပေါင်းတရာကျော်ခန့် ထုတ်လုပ်ပြီး သန်း ၉၀ လောက်က သူတို့နိုင်ငံအတွင်းမှာ ပြန်လည်ပြီး သောက်သုံးသွားကြတာ ဖြစ်ပါတယ်တဲ့ခင်ဗျာ၊



ပြင်သစ်ပြည်မှာ ရောင်းတဲ့ Budweiser Budvar ၅၀ စီအယ်လ် တဗူး တယူရို ဆယ့်လေးပြား
မူလလက်ဟောင်း ဘိုဟေးမီယားနဲ့ အမေရိကန် ဘဒ်ဝိုက်ဇာဘီယာရဲ့  အမည်တူ ပြဿနာကြောင့်ဒီကနေ့မှာတော့ ဥရောပတလွှားက နိုင်ငံတော်တော်များများမှာ အင်္ဂလန်နဲ့ အိုင်ယာလန်ကလွဲလို့ ထင်ပါတယ်၊ အမေရိကန်လုပ်တဲ့ Budweiser ကို Budweiser အမည်နဲ့ ရောင်းချကြခြင်း မပြုရဘဲ Bud အမည်နဲ့သာ ရောင်းချကြတာပါ၊ Budweiser Budvar ဘုဒ်ဗိုက်ဇာ ဘုဒ်ဗာရ်ဘီယာကို ယနေ့ ချက်ရီပတ်ဗလစ်ခေတ်မှာ České Budějovice ချက်စကဲလ်ဘူးဒီးယိုဗက်စဲမြို့လို့ ခေါ်နေကြတဲ့ Böhmisch Budweis ဘိုဟမီးဘုဒ်ဗိုက်စ် မြို့ဒေသမှာ ၁၃ ရာစုခေတ်ကစပြီး ချက်လုပ်ခဲ့ကြတာပါ၊ ဘိုဟမီးဘုဒ်ဗိုက်စမြို့ဆိုတာက ဘိုဟေးမီးယားနယ်မြေထဲမှာ ရှိနေပေမဲ့ သြစတြီးယားမြေနဲ့ ဆက် စပ်နေတာဖြစ်ပြီး ဂျာမန်ဘာသာစကားကိုသာ အဓိကထားပြောတာပါ၊ ထိုဒေသကို အုပ်ချုပ် ဘုရင် လုပ်ခဲ့တဲ့ Přemysl Otakar II (Ottokar II of Bohemia) အိုတာကာ ၂ (၁၂၃၃-၁၂၇၈) ဘုရင် လက်ထက် ၁၂၆၅ ခုနှစ်ကနေ စတင်၍ ဘုရင်ကိုယ်တိုင် ဦးစီးပြီးတော့ ဘီယာချက်လုပ်ငန်းကို လုပ် ကိုင်ခဲ့တာပါ၊ အဲဒီလို အချိန်ကာလက အဲဒီလို လုပ်ငန်းမျိုးတွေကို ဦးစီးဦးဆောင် ပြုကြသူတွေဟာ သာသနာပိုင်တွေနဲ့ အာဏာပိုင်စိုးသူ နယ်စားပယ်စားတွေသာပါ၊ ချက်လုပ်ထွက်ရှိလာတဲ့ ဘီယာ တွေကို အမည်ပေးရာမှာတော့ လွယ်လွယ်ကူကူ ချက်လုပ်ရာ ဒေသအမည် မြို့အမည်ရွာအမည်ကိုပေးလိုက်ကြတာဘဲဖြစ်မှာပါ၊ ဒါကြောင့်လည်း Budweis မြို့ကထွက်တော့ Budweiser အမည်တွင် ခဲ့တာပါဘဲ၊ လုပ်ငန်းတည်ရာ အဲဒီနေရာမှာဘဲ  လုပ်ငန်းရုံးချုပ်က ယခုတိုင်အောင် ရှိနေဆဲပါ၊


အမေရိကန်ဘတ်ဒ်နဲ့ ဘိုဟေးမီးယားဘတ်ဒ်ဝိုက်ဇာ Budějovický Budvar (Budweiser Budvar)

ချက်နိုင်ငံနဲ့ ဂျာမဏီမှာ အခုနှစ်များအတွင်း သတိထားမိရတာကတော့ သံဗူးများ ဖန်ပုလင်းများမှာ သွပ်သွင်းထားတဲ့ ဘီယာများ သိပ်မတွေ့ရတော့ပါဘဲနဲ့ ပလပ်စတစ်ပုလင်းနဲ့ ဘီယာများ ပိုမိုများပြား လာတာကို တွေ့ရှိရတာပါ၊ ဂျာမဏီမှာ နေထိုင်နေသူ ရွှေတိုင်းရင်းသားတဦးရဲ့ ပြောကြားချက်အရ ရီဆိုက်ကယ်စနစ်အရ နောက်ဆုံးပေါ်ပလတ်စတစ်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ဒီပုလင်းခွံတွေဟာ ကုန်ကျစရိတ်များနည်းပါးသလို အန္တရာယ်လည်းကင်းလို့ပါတဲ့၊ မောင်ရင်ငတေကတော့ တိတိကျကျ သေသေချာချာ နားမလည်ပါဘူး၊ သူများတွေရှင်းပြတာ နားထောင်လာတာပါ၊ ပုလင်းနဲ့ဘဲဖြစ်ဖြစ် ဗူးနဲ့ဘဲဖြစ်ဖြစ် ခွက်နဲ့ဘဲဖြစ်ဖြစ် သောက်ရဖို့က အဓိကအရေးအကြီးဆုံး မဟုတ်ပါလား၊


ပီလ်ဇန်မြို့ထွက် ပီလ်ဇန်နာဘီယာ Pilsner Urquell


ချက်နိုင်ငံတဝှန်း ဘီယာထုတ်လုပ်တဲ့ လုပ်ငန်းပေါင်းများစွာထဲက နောက်တခုကတော့ Plzeň မြို့ရှိPilsner Urquell ဘီယာပါ၊ ဒီဘီယာတံဆိပ်က Pilsner ခေါ် pilsener ခေါ် pils ခေါ် pale lager အမျိုးအစားထဲမှာ ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ဘီယာပါ၊ ဒီဘီယာအမျိုးအစားကို ဒီအမည်ခေါ်ဝေါ်ခဲ့ သတ်မှတ်ခဲ့တာကလည်း Plzeň ခေါ် ဂျာမန်ဘာသာနဲ့ Pilsen မြို့ကို အစွဲပြုပြီး တွင်လာခဲ့တာပါတဲ့၊
ယခုအခါမှာ ဘီယာချက်လုပ်တဲ့ လုပ်ငန်းပေါင်း ၉၀ ကျော်ခန့် ချက်နိုင်ငံ တဝှန်းမှာရှိပြီး အများစုက ဒေသတွင်း ထုတ်ကုန်လုပ်ငန်းတွေပါ၊ အမြှပ်များများ ခပ်ပျော့ပျော့ ရွှေဝါရောင်အဆင်းနဲ့ ဒီ Pilsner Urquell ဘီယာလုပ်ငန်းရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၁၇၀ ကျော်ခဲ့ပြီဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ခန့် သို့တင်ပို့ရောင်းချနေတာပါ၊ ချက်ဘီယာကောင်းရခြင်း အကြောင်းအရင်းတခုကတော့ ချက်နိုင်ငံမှာ အများအပြားရှိတဲ့ သဘာဝ ရေပူစမ်းတွေကနေ ထွက်ရှိတဲ့ ရေကနေမှတဆင့် ဘီယာကို ချက်လုပ် ထားတာကြောင့် ဆိုတာကိုလည်း လူပြောများလှတာပါ၊ မောင်ရင်ငတေတို့ရဲ့ အညာဒေသတချို့မှာ ချောင်းသေးသေးနဘေးအနားက သဲသောင်ပြင်သန့်သန့်လေးတွေမှာ လက်ယက်တွင်းကလေးတွေ ပြုလုပ်ထားပြီး အဲဒီလို လက်ယက်တွင်းလေးတွေက ထွက်ရှိလာတဲ့ သဘာဝရေသန့်တွေကို အရင်း တည်ပြီး ချက်လုပ်တဲ့ ပြည်တွင်းဖြစ် ဘာအမိန့်မှမရတဲ့ တောအရက် သန့်သန့်လေးတွေကို မဝတဝ သောက်ခဲ့ရတာကိုလည်း အခုအချိန်မှာ ပြန်လည်လို့ အမှတ်ရမိပါသေးတယ်၊ နောက်ထပ်တဖန်များ ရွှေပြည်တော်ကြီးရှိရာကို ခြေပြန်လည်ချခွင့် ကြုံခဲ့ရင်တော့ ရွှေမန္တလေးမြို့တော်ကြီးဆီသို့သွားပြီး ကနောင်မင်းသားကြီးခေတ်က အမြောက်စက်ရုံ ဆိုတာကို အမှတ်တရ သွားကြည့်ရှုချင်မိပါတယ်၊ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးမှာ ၁၈၅၉ ခုနှစ်က ကနောင်မင်းသားကြီး တည်ဆောက်ခဲ့တဲ့ အမြောက်စက်ရုံကြီးကို သီပေါမင်းပါတော်မှုအပြီး ၁၈၈၆ ခုနှစ်မှာတော့ အင်္ဂလိပ်မင်းတို့က ဘီယာနဲ့ အရက်ချက်ရုံအဖြစ် အသွင်ပြောင်းခဲ့တာပါ၊ အဲဒီနောက်မှာတော့  မန္တလေးဘီယာဆိုပြီး မြန်မာပြည်တလွှားမှာ ကျော်ကြားထင်ရှားခဲ့တာပါ၊ ဒါပေမဲ့ဒီကနေ့ အင်တာနက်ခေတ်ကြီးမှာ မန္တလေးဘီယာရဲ့ သမိုင်းနောက်ခံ အချက်အလက်များကိုတော့ အလွယ်တကူ ရှာဖွေလို့ မရနိုင်သေးပါဘူး၊


ရေပူစမ်းကရေသန့်လုပ်ငန်း Mattoni natural water (Karlovarské Minerální Vody)

 
Mattoni ဆိုတာကတော့ ဘီယာမဟုတ်ပါဘူး၊ ဘိုဟေးမီးယားဒေသ Karlovy Vary အရပ်ဒေသမှာထွက်ရှိတဲ့ သဘာဝရေပူစမ်းတွေကနေ ချက်လုပ်ထားတဲ့ နာမည်ကျော်ချက်ရေသန့်ပါ၊ ဥရောပနိုင်ငံ တော်တော်များများကို တင်ပို့ရောင်းချနေပါတယ်၊ မောင်ရင်ငတေတို့ကတော့ ဟိုးအရင်ကတည်းက ဘုံဘိုင်ခေါင်းက ကျလာတဲ့ရေကိုသာသောက်သုံးခဲ့ပြီး အခုထက်ထိလည်း ဘုံဘိုင်ရေကိုသာ စွဲမြဲစွာသောက်နေရဆဲပါ၊ ကိုယ်ထက်နားလည်တဲ့ ပြင်သစ်လူမျိုးစစ်စစ်ဆိုသူတွေကို မေးမြန်းကြည့်တော့ တချို့ကလည်း ရေသန့်ဗူးဘက်က ရပ်တည်ပြောဆိုကြပြီး တချို့ကလည်း အဲဒီရေသန့်ဗူးအထဲက ရေတွေဆိုတာကလည်း ဘုံဘိုင်ခေါင်းကို ဖွင့်ပြီးထည့်ထားတာမို့ အတူတူနဲ့ အနူနူပါဘဲတဲ့၊ အဲဒါနဲ့ဘဲ မောင်ရင်ငတေတို့ကတော့ ပျင်းကလည်းပျင်းသမို့ တလီတာခွဲဆန့် ရေတပုလင်းကိုမှ ပြားနှစ်ဆယ်ပေးဝယ်သောက်ရမှာကို သွားဝယ်မသောက်ဖြစ်တော့တာ အခုထိတိုင်အောင်ပါဘဲ၊ ဘိုဟေးမီးယား အနောက်ပိုင်းဒေသက Karlovy Vary ဒေသမှာ အဓိကရေပူစမ်း ၁၅ ခု လောက်ရှိပြီး သေးသေးဖွဲဖွဲ လေးတွေကတော့ အခု ၃၀၀ လောက်ရှိပါတယ်တဲ့၊ အဲဒီလို သဘာဝ ရေပူတွေကနေ ချက်ထားတဲ့ မက်တိုနီ သဘာဝ သောက်ရေသန့်ဗူးတွေကို အများအပြားဝယ်ယူ အားပေးကြတာကတော့ ကိုရွှေ အမေရိကန်တွေပါဘဲတဲ့၊ Heinrich V Mattoni (၁၈၃၀-၁၉၁၀) တည်ထောင်ခဲ့တဲ့ ရေသန့်စက်ရုံက ထွက်ရှိတဲ့ရေသန့်ဗူးတွေကို မက်တိုနီကွယ်လွန်ခဲ့ချိန် လွန်ခဲ့တဲ့နှစ်တရာကျော်ကပင် နိုင်ငံရပ်ခြားသို့ နှစ်စဉ်နှစ်တိုင်း ဗူးပေါင်း ၁၀ သန်းကျော်ကို တင်ပို့ရောင်းချခဲ့ရပါသတဲ့၊ အဲဒီရေသန့်ဗူးတွေထွက်ရှိတဲ့ Kyselka ရွာကလေးရဲ့ ဧရိယာ အကျယ်အဝန်းက နှစ်ဒဿမငါး စတုရန်းမိုင်ခန့်သာ ကျယ်ဝန်းပြီး လူဦးရေကလည်း ရှစ်ရာကျော်သာ နေထိုင်ပါတယ်တဲ့၊



(စတုတ္ထပိုင်းဆက်ပါမည်)

Comments