Obama war on Syria after congress arrival

အမေရိကန်သမ္မတ အိုဘားမား ဆီးရီးယားကို စစ်တိုက်ဖို့ လွှတ်တော်ကို စောင့်မည်
နိုင်ငံတကာသာဂိ၊ စက်တင်ဘာ ၁၊ ၂၀၁၃
ပြည်တွင်းစစ်ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းနိုင်ငံတခုဖြစ်သည့် ဆီးရီးယားတွင် အာဏာရှင်သမ္မတ အဆဒ်က ၎င်းပြည်သူများကို ဓာတုလက်နက်ဖြင့် သြဂုတ် ၂၁ က တိုက်ခိုက်သတ်ဖြတ်ခဲ့ရာ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ရာဇ၀တ်မှုကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ အနောက်အုပ်စုနိုင်ငံများက အဆဒ်စစ်အုပ်စုကို စစ်ရေးအရ အရေးယူရန် ဆွေးနွေးလျက်ရှိရာ၊ ယမန်နေ့က အမေရိကန်သမ္မတ အိုဘားမားက လွှတ်တော်နှင့် တိုင်ပင်ဆွေးနွေးပြီး သဘောထားရယူပြီးမှ စစ်ရေးအရ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ လွှတ်တော်က နွေရာသီအားလပ်ရက်ပြီးဆုံးရန် စက်တင်ဘာ ၉  အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
အမေရိကန်ခေါင်းဆောင်၏ မတင်မကျသဘောထားထုတ်ပြန်မှုမတိုင်ခင်တွင်ပင် ဗြိတိန်ပါလီမန်က ဆီရီးယားကို စစ်တိုက်ရန် သဘောမတူကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကို တုန့်ပြန်ခဲ့ကြသည်ကို တွေ့ရသည်။ ပြင်သစ်အစိုးရကမူ ကိုယ့်ပြည်သူများကို မျိုးတုန်းသတ်ဖြတ်သည့် အစိုးရမျိုးကို စစ်ရေးအရ အရေးယူပြီး တားဆီးရမည်ဖြစ်ကြောင်း သဘောထားပေးထားသည်။ နိုင်ငံတကာ စစ်ရေးဆိုင်ရ စည်းမျဉ်းများအရ စစ်ပွဲများတွင် ဖြစ်စေ၊ ပြည်တွင်းပဋိပက္ခ ဖြေရှင်းရာတွင်ဖြစ်စေ ဓာတုလက်နက်များ၊ ညူလက်နက်များဖြင့် တိုက်ခိုက်ခြင်းကို တရားမ၀င်ကြောင်း ထုတ်ပြန်ထားခဲ့သည်။ ထိုသို့ တိုက်ခိုက်ကျုးလွန်ပါက ကုလသမဂ္ဂအဖွဲ့ကြီးမှတဆင့် နိုင်ငံတကာတခုလုံးအနေဖြင့် တုန့်ပြန်အရေးယူရန်၊ ပြည်သူများကို ကာကွယ်ပေးရန် သဘောတူထားကြသောလည်း လက်တွေ့တွင်မူ နီးစပ်ရာ နိုင်ငံများ၊ စစ်အုပ်စုများကသာ ၀င်ရောက် စွက်ဖက်လေ့ရှိသည်ကို တွေ့ရသည်။
၂၀၁၁ ခုနှစ် မတ်လကတည်းက အာဖရိကမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသများတွင် အာရပ်နွေဦး အုံကြွမှုများဖြင့် အာဏာရှင်စစ်အုပ်စုများကို တော်လှန်မှုများ ဖြစ်ပွားခဲ့ရာတွင် ဆီရီးယားလည်း တနိုင်ငံ အပါအ၀င်ဖြစ်သည်။ ထိုစဉ်ကတည်းက အာဏာရှင်အဆဒ်က အကြမ်းဖက်နှိမ်နင်းခဲ့သဖြင့် အတိုက်အခံတို့က လက်နက်ကိုင် ပြန်လည် တိုက်ခိုက်ကြရာမှ ယခုအချိန်ထိ ကာလကြာရှည်ပြီး လူပေါင်း ၃ သောင်းခန့် သေဆုံးပြီးဖြစ်သော ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည်။ လူပေါင်း သိန်းချီပြီး အိမ်နီးချင်းနိုင်ငံများသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။ ဥရောပနိုင်ငံများ၊ အာရပ်နိုင်ငံပေါင်းချုပ်၊ အမေရိကန်တို့က သမ္မတအဆဒ် အတိုက်အခံတို့နှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်၊ ရာထူးမှ ဆင်းပေးရန် ဖိအားပေး ညှီနှိုင်းနေသော်လည်း မအောင်မြင်ပေ။ ဆီးရီးယား အဆဒ်ဘက်က အကာအကွယ်ပေးနေသူများမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့ ဖြစ်ပြီး၊ အဆဒ်ဘက်မှနေ၍ အတိုက်အခံများကို အပြတ်ချေမှုန်းအနိုင်ယူရန် အားပေးကူညီနေသူများမှာ အိမ်နီးချင်း အီရန်နှင့် လက်ဘနွန်မှ ဟဇ်ဘိုလာစစ်သွေးကြွ စစ်အုပ်စုများ ဖြစ်သည်။ လက်ရှိတွင် အတိုက်အခံများဖက်က စစ်ကူပေးနေသူများတွင် အနောက်အုပ်စုနှင့် ဆန့်ကျင်ဘက်ရှိနေသည့် အယ်ကိုင်ဒါ ဘာသာရေးအစွန်းရောက် အကြမ်းဖက်စစ်အုပ်စုအချို့လည်း ပါဝင်နေသည်ကို တွေ့ရသည်။ နှစ်ဖက်သော လက်နက်ကိုင် စစ်ပွဲများကြောင့် လက်ရှိတွင် မြေစာပင်ဖြစ်နေသော ပြည်သူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များမှာ တပြည်လုံးတွင် အတုန်းအရုန်း သေဆုံးပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။
ယမန်နေ့က သတင်းထောက်များနှင့် မီဒီယာမှတဆင့် သဘောထားထုတ်ပြန်သော သမ္မတအိုဘားမားက အာဏာရှင်များက ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ခြင်းကို လက်မခံနိုင်ကြောင်း၊ တားမြစ်ထားသော ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုမျိုးကို စစ်ရေးအရ တုန့်ပြန်အရေးယူရမည် ဖြစ်ကြောင်း၊ စစ်ရာဇ၀တ်မှုကျုးလွန်သော အစိုးရမျိုးကို ဥပက္ခာပြုထားပါက အခြားသော အာဏာရှင်များ၊ အကြမ်းဖက်သမားအုပ်စုများ၏ မတရားမှုများကို ပိုမိုပြီး ကျုးလွန်လာစေအောင် အားပေးသလို ခွင့်ပေးသလို ဖြစ်သွားနိုင်ကြောင်း၊ မိမိတို့၏ စစ်ရေးအရတုန့်ပြန်မှုကို မိတ်ဆွေနိုင်ငံများနှင့်အတူ ဆောင်ရွက်နိုင်သလို မိမိတို့တနိုင်ငံတည်း အမေရိကန်တို့၏ သမိုင်းတာဝန်တခုအဖြစ် ဆောင်ရွက်နိုင်ကြောင်း၊ သို့သော်လည်း အမေရိကန်ပြည်သူအားလုံး၏ သဘောထားကို ရယူမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ရွေးကောက်ခံ အမတ်များ၏ လွှတ်တော်၏ သဘောထားကို ရယူပြီးမှ မိမိတို့ အရေးယူမည် ဖြစ်ကြောင်း အကျယ်တ၀င့် ပြောကြားသွားသည်။
အမေရိကန်၏ စစ်ဆင်ရေးကို အမေရိကန်ပြည်သူအများစုက သဘောမတူချေ။ လွှတ်တော်အမတ်များထဲတွင် အတိုက်အခံ ရစ်ပတ်ဘလစ်ကန်အမတ်များက စစ်ဆင်ရေးကို အများအားဖြင့် ထောက်ခံကြသည်။ အချို့က ချက်ခြင်းလက်ငင်း စစ်ဆင်ပြီး အဆဒ်ကို နှိမ်နင်းရန် တောင်းဆိုနေကြသည်။ အိုဘားမား၏ ဒီမိုကရက်ပါတီအများစုကမူ ဆီးရီးယားကို တားဆီးလိုသော်လည်း စစ်ဆင်နွဲခြင်းကို ၀န်လေးလျက်ရှိသည်။
စာနယ်ဇင်းသမားအချို့ကမူ အမေရိကန်၏ သမိုင်းတလျောက် စစ်ဆင်ရေးပေါ်လစီသည် ဘယ်တုန်းကမျှ အောင်မြင်ခဲ့ခြင်း မရှိ (ဒုတိယကမ္ဘာစစ်နောက်ပိုင်း - ဗီယက်နမ်၊ အီရတ်၊ အာဖဂန်နစ္စတန် စသည် …) ထို့အပြင် ဆီးရီးယားပြည်တွင်းစစ်သည် အလွန်ရှုပ်ထွေးသိမ်မွေ့သော ဘာသာရေး၊ လူမျိုးရေး၊ ဒေသန္တရဆိုင်ရာ အရေးအခင်းများဖြစ်၍ အပြင်က ၀င်ရောက်စွက်ဖက်မှုဖြင့် အဖြေမရှာပေးနိုင်ကြောင်း၊ ဒေသခံများကိုယ်တိုင်က အဖြေရှာရမည် ဖြစ်ကြောင်း ထောက်ပြဝေဖန်လျက်ရှိသည်။
ထို့အပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ အစိုးရကော အတိုက်အခံဖက်က ၂ဖက်စစ်အုပ်စုများတွင် အမေရိကန်အားဆန့်ကျင်သူ အစွန်းရောက်အကြမ်းဖက်အုပ်စုများ၊ စစ်အာဏာရှင်အစိုးရများကိုယ်တိုင်က ၂ ဖက်စလုံးတွင် ပါဝင်ပတ်သက်နေကြသည် ဖြစ်ရာ အမေရိကန်က ဘယ်ဘက်ကိုပဲ လိုက်လိုက် အကျိုးမရှိကြောင်း တင်ပြထားကြသည်။ ဓားစာခံပြည်သူများ မြေစာပင်ဖြစ်နေသည်ကို အာဏာရှင်နှင့် သူပုန်အုပ်စု ၂ ဖက်စလုံးက နိုင်ငံရေးအမြတ်ထုတ်စရာအဖြစ်သာ သဘောထားပြီး ထောက်ထားညှာတာမှု လုံးဝမပြကြောင်း ထောက်ပြဝေဖန်မှုများလည်း စာနယ်ဇင်းများတွင် ဖော်ပြထားကြသည်။
သမ္မတအိုဘားမားသည် ယခင်သမ္မတဘွတ်ခ်ျ၏ အီရတိစစ်ပွဲနှင့် အာဖဂန်စစ်ပွဲကို ရပ်ဆိုင်းရန် ရုတ်သိမ်းရန် နိုင်ငံတကာတွင် စစ်ရေးသိက္ခာကျဆင်းနေသူ အမေရိကန်၏ ဂုဏ်ကို ပြန်ဆယ်ရန် နိုင်ငံရေးအာဏာကို ရခဲ့သည်ဖြစ်ရာ ယခုအချိန်ထိ အခြားဘယ်နိုင်ငံနှင့်မှ စစ်မက်ဖြစ်ပွားခြင်း မပြုရန် ရှောင်ရှားနိုင်ခဲ့သည်။ စစ်ရေးအရ မစွက်ဖက်ဘဲ ဥရောပမိတ်ဆွေနိုင်ငံများနှင့် လက်တွဲပြီး အာရပ်နွေဦးတော်လှန်ရေးဖြစ်ပွားသော မူဆလင်နိုင်ငံများအရေးကို နောက်ကွယ်မှ စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းတို့ ပြုခဲ့သူ ဖြစ်သည်။ ယခုအခါတွင် ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက် တိုက်ခိုက်မှုကြောင့် တိုက်ရိုက်စစ်ရေးဖြင့် အရေးယူရန် အကြပ်အတည်းကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။


Comments