Zeyar Hlaing - Media Law, Information Ministry and Burma


မီဒီယာဥပဒေအတွက် ပြန်ကြားရေးဝန်ကြီးဌာန တစ်ကယ်လိုအပ်ပါသလား
ဇေယျာလှိုင်၊ မော်ကွန်းစာစောင်မှ ကူးယူဖော်ပြသည်၊ သြဂုတ် ၁၃၊ ၂၀၁၃
ပြန်ကြားရေးနဲ့ အပြန်အလှန်များ
အခုတစ်လော ကျွန်တော်တို့မီဒီယာလောကမှာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥဒေမူကြမ်း၊ သတင်းမီဒီယာဥပဒေကြမ်းတွေနဲ့ပတ်သတ်ပြီး အသံကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။ သည်နှစ် ဖေဖေါ်ဝါရီလအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ကြေငြာခဲ့ပါတယ်။ မတ် ၁၈မှာ ပြည်သူ့လွှတ်တော်မှာဆွေးနွေးမယ်ဆိုတဲ့ အဲသည့်မူကြမ်းကို သတင်းလွတ်လပ်ခွင့်ကော်မတီကဦးစီးပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့ပြင် ဒီမူကြမ်းကို စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံသတင်းဆရာအသင်း၊ မြန်မာသတင်းစာဆရာများသမဂ္ဂ နဲ့ မြန်မာဂျာနယ်လစ် ကွန်ရက်တွေက သဘောမတူကြောင်း ထုတ်ပြန်ချက်တွေ ချက်ချင်းဆိုသလို ပြန်လည် ကြေငြာခဲ့ပါတယ်။ ဒါနဲ့ပဲ ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းကောင်စီနဲ့တွေ့ဆုံပြီး ၎င်းတို့ဝန်ကြီးဌာနနဲ့ တိုင်ပင်ဆွေးနွေးဖို့ကမ်းလှမ်းလာပါတယ်။  သဘောမတူတဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ညှိနှိုင်းရေးဆွဲဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ယခုတစ်ကြိမ်လွှတ်တော်ကိုတင်တဲ့မူကြမ်းမှာတော့ စာနယ်ဇင်းကောင်စီက ပြုပြင်ပေးစေလိုတဲ့အချက်တွေကို ပြင်ဆင်ထည့်သွင်းခြင်းမပြုဘဲ မှတ်ချက်အနေနဲ့သာ ဖော်ပြပြီး တင်သွင်းခဲ့ပါတယ်။  လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ ဇူလိုင် ၄ ရက်က အတည်ပြုခဲ့ပါတယ်။
သည်မူကြမ်းနဲ့ပတ်သက်လို့ လွှတ်တော်ကနေ အသံနှစ်သံထွက်လာပါတယ်။ တစ်ခုက ဒီဥပဒေကြမ်းဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ ညှိနှိုင်းသဘောတူပြီးဖြစ်တယ်ထင်လို့ အတည်ပြုလိုက်တယ် ဆိုတာရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း မီဒီယာနဲ့ပတ်သတ်ပြီး သိပ်မကျွမ်းကျင်လို့ တတ်သလောက်နဲ့ လုပ်ရတာပါဆိုတာပါပဲ။ ပထမအသံကတော့ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောတဲ့စကားပဲဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ပြန်ကြားရေးနဲ့ စာနယ်ဇင်းကောင်စီက သဘောတူရုံနဲ့ လွှတ်တော်က ကန့်ကွက်စရာမရှိတော့ဘူးလားဆိုတဲ့မေးခွန်းပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာပါ။ ပြည်သူ့အကျိုးအလို့ငှာ ဥပဒေကြမ်းထဲမှာ ဘာတွေတော့ဖြင့် ပါသင့်တယ်၊ ဘာကတော့ဖြင့် မပါသင့်ဘူးဆိုတာကို ဖတ်မကြည့်ဘူးဆိုတဲ့ အဖြေကိုရပါတယ်။ ပထမအကြိမ် ဒီမူကြမ်းကိုတင်သွင်းမယ်လုပ်ခဲ့ကတည်းက သတင်းသများအများစု ၀ိုင်းကန့်ကွက်ခဲ့တဲ့ဥပဒေပါ။ မီဒီယာတွေ၊ ပုဂ္ဂလိကသတင်းစာတွေထဲမှာ ကန့်ကွက်ရေးသားခဲ့တဲ့ဥပဒေ လွှတ်တော်ထဲကို ရောက်လာခဲ့ပေမယ့် လွှတ်တော်က ဂရုတစိုက်မရှိခဲ့ပါဘူး။
သည်လိုဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန သဘောတူညှိနှိုင်းပြီးတင်တဲ့ ဥပဒေကြမ်းတွေကိုရော နှစ်ဦးနှစ်ဖက်သဘောတူပြီး ဖြစ်တယ်လို့ယူဆပြီး ပြည်သူအကျိုးကိုထည့်မစဉ်းစားဘဲ လွှတ်တော်က အတည်ပြုပေးမှာပါလား။ နှစ်ရှည်လများ ဗဟိုချုပ်ကိုင်စနစ်နဲ့လည်ပတ်ခဲ့တဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးအော်ပရေတာ တင်ဒါကြေငြာဖို့ကိုလည်း  တိုင်းရင်းသားလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လွှတ်တော်က ဆိုင်းငံ့ဖို့ကြိုးစားခဲ့ကြတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပေါင်းမြောက်မြားစွာကြားထဲမှာ အလုပ်ရှုပ်နေရတယ်ဆိုတာကို နားလည်သဘောပေါက်မိပါတယ်။ ဥပဒေတိုင်းကို နားမလည်နိုင်ဘူးဆိုတာလည်း လက်ခံပါတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ဘာဖြစ်လို့များ မတိုင်ပင်ခဲ့ကြပါလိမ့်။
                                                                        xxx
ဇူလိုင် ၁၈ ရက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အန်အယ်လ်ဒီဥက္ကဌ၊ ပြည်သူ့လွှတ်တော် ပို့ဆောင်၊ဆက်သွယ်၊ ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဌတို့က လွှတ်တော်မှာ မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ သတင်းသမားတွေကို တွေ့ဆုံရာမှာတော့ ပြန်လည်ပြင်ဆင်လို့ရနိုင်ကြောင်း ပြောဆိုကြပါတယ်။
လွှတ်တော်ကို ထိခိုက်ရေးသားပါတယ်လို့ စွပ်စွဲခဲ့တဲ့ ဒေါက်တာဆိတ်ဖွားကိစ္စမှာတော့ လွှတ်တော်က ချက်ချင်းပဲ ဖော်ထုတ် အရေးယူဖို့ကော်မတီဖွဲ့ပြီး အချိန်ကုန်ခံ အသည်းအသန်ဆောင်ရွက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ ဒီဥပေဒကြမ်း ကိစ္စမှာတော့ တက်ကြွစွာဆောင်ရွက်တာ မတွေ့ရပါဘူး။ ဒေါက်တာဆိတ်ဖွားဆိုသူကို  တွေ့ပြီဆိုတဲ့အခါကျတော့ ထုတ်ဖော်ပြောဆိုရန်မသင့်ဆိုတဲ့အချက်နဲ့ အဖျားရှုးခဲ့ကြပါတယ်။ အချိန်ကုန်၊ လူပန်း၊ ပြည်သူတွေလည်း စိတ်အနှောက်အယှက်ဖြစ်ပါတယ်။ ဆိတ်ဖွားဘယ်သူဖြစ်ဖြစ် ပြည်သူတွေအတွက် အရေးမကြီးပါဘူး။ အခုပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်း ကိစ္စမှာလည်း အချိန်မကုန်သင့်ဘဲ ကုန်ရမယ့်အနေအထားပါပဲ။ ဒီမိုကရေစီအရေးလို့ ကြွေးကြော်ပြီး လွှတ်တော်တွင်းဝင်သွားတဲ့ ကိုယ်စားလှယ်တွေလည်း ဒီမိုကရေစီအတွက်အရေးပါတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အချက်နဲ့သက်ဆိုင်တဲ့ ဥပဒေကိစ္စမှာ အသံမထွက်ခဲ့တာလည်း စိတ်ဝင်စားစရာပါပဲ။ မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်စရာ ဥပဒေတွေ အများအပြားကျန်ရှိနေပါသေးတယ်ဆိုတာ သတိချပ်သင့်ပါတယ်။
အုပ်ချုပ်ရေးဘက်က မီဒီယာလွတ်လပ်ခွင့်ကို အကန့်အသတ်နဲ့သာပေးလိုတဲ့ဆန္ဒပေါ်လွင်နေပြီး  ဥပဒေပြုရေးဘက်ကလည်း သည်နေရာမှာ အုပ်ချုပ်ရေးဘက်က တင်လာတဲ့ဥပဒေကြမ်းဘက်ကို ယိမ်းနေတယ်ဆိုတာပေါ်လွင်ပါတယ်။ ဘာကြောင့်ပါလဲ။
မမြင်ရတော့တဲ့ နောက်ကွယ်က ဆင်ဆာများ
ယနေ့မြန်မာမီဒီယာလောကမှာ စိစစ်ဖြတ်တောက်တဲ့ ဆင်ဆာအဖွဲ့မရှိတော့လို့ လွတ်လပ်တယ်လို့ ပြောလို့ရနေသေးပေမယ့် ကိုယ့်ဖာသာပြန်လည်စိစစ်ဖော်ပြနေကြတယ်ဆိုတာတွေ့ရမှာပါ။ လက်ရှိအစိုးရ အဖွဲ့ဝင်တွေရဲ့  မိသားစုတွေ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊  လွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ် အချို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေ  စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်က စီးပွားရေး လုပ်ဆောင်မှုတွေ ဥပဒေနဲ့ညီမညီ စသဖြင့် ပြည်သူများသိချင်နေတဲ့ အကြောင်းအရာတွေ အများအပြားကျန်နေပါသေးတယ်။ ဒီအကြောင်းအရာတွေကို ဖော်ထုတ်ရေးသားလာခဲ့ရင်ဆိုတဲ့ စိုးရိမ်မှုမျိုးနဲ့ အစိုးရဘက်ကလည်း နိုင်သလောက် လုပ်ဆောင်နေတယ်လို့ထင်မှတ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတင်ပြဖို့တောင်းဆိုခဲ့တာလည်း ပယ်ချခဲ့တာမှတ်မိကြမှာပါ။ ပြည်တွင်းမီဒီယာသမားတွေက ထိန်းထိန်းသိမ်းသိမ်းရေးနေလို့ (လုပ်ဖို့အချိန်မရသေးတာ၊ ဒါမှမဟုတ် ထုတ်ဝေသူတွေကခွင့်မပြုသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်) တစ်ခါတစ်ရံ ပြည်ပမီဒီယာသမားတွေ၊ နိုင်ငံရေးအကဲခတ်သူတွေနဲ့တွေ့တဲ့အခါ ဘာလို့မရေးလဲဆိုတဲ့ မေးခွန်းကို မကြာခဏအမေးခံရပါတယ်။ ကျွန်တော်တို့ဆီမှာ မမြင်ရတဲ့ လက်မည်းကြီးတွေရှိနေပါသေးတယ်။
                                                            xxx
ဇူလိုင်  ၂၄  ရက်မှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီတို့ သုံးပွင့်ဆိုင် တွေ့ဆုံရာမှာလည်း စာနယ်ဇင်းသမားတွေရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ပြင်ဆင်စေလို့တဲ့ အချက် ၁၇ ချက်မပြင်ပေးရင် လွှတ်တော်မှာတင်ပေးမှာမဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာနက ခပ်တင်းတင်းပဲ ပြောဆိုခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကတင်တဲ့ ဥပဒေမူကြမ်း အခန်း(၄) ပုဒ်မ (၈) မှာ “မှတ်ပုံတင်အရာရှိသည် ပုဒ်မ(၇) ပါပြဌာန်းချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သော ထုတ်ဝေစာကို စိစစ်တွေ့ရှိပါက တရားမ၀င်ထုတ်ဝေစာအဖြစ် ကြေညာနိုင်သည်” လို့တွေ့ရပါတယ်။ ပုဒ်မ(၇) နှင့် ငြိစွန်းသည် ဟုတ်/မဟုတ်ကို တရားစီရင်ရေးအာဏာရှိတဲ့ တရားရုံးကိုဦးတိုက်လျှောက်ထားဖို့ စာနယ်ဇင်းကောင်စီက အကြံပြုထားပြီး “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” အစား “မူပိုင်ခွင့်နှင့် မော်ကွန်းဌာန” လို့ ပြင်ဆင်ဖို့လည်း အကြံပြုထားပါတယ်။ မှတ်ပုံတင်အရာရှိက တရားမ၀င်ထုတ်ဝေစာအဖြစ် သတ်မှတ်နိုင်တဲ့ အာဏာရှိနေခြင်းဟာ လွတ်လပ်စွာရေးသားနိုင်ခွင့်ကို တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်နေတဲ့သဘောရှိတာကြောင့် သတင်းသမားတွေက ကန့်ကွက်နေရခြင်းဖြစ်ပါတယ်။ ၎င်းဥပဒေကို မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းကတော့ ထောက်ခံထားပါတယ်။
အရင်ခေတ်တွေတုန်းကလည်း တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်ကာတစ်ဖုံနဲ့ အစိုးရကမကြည်တဲ့ သတင်းသမားတွေကို အရေးယူတာတွေ၊ အလုပ်ဖြုတ်ပစ်ဖို့ ဖိအားပေးတာမျိုးတွေ၊ တစ်ပတ်တန်သည်၊ တစ်လတန်သည် ထုတ်ဝေခွင့်ပိတ်ပင်တာမျိုးတွေ သတင်းသမားအများစုကြုံခဲ့ပြီးဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အရင်က ပြန်ကြားရေးဝန်ကြီးဟောင်းကို ဖြေရခက်စေမယ့် မေးခွန်းမျိုးမေးခဲ့မိလို့ အလုပ်ကထွက်သွားရတဲ့ အယ်ဒီတာလည်းရှိခဲ့တာပါပဲ။ အခုလို မှတ်ပုံတင်အရာရှိက ထုတ်ဝေခွင့်နဲ့ပတ်သတ်ပြီး မှန်သည်၊ မှားသည် ဆုံးဖြတ်ခွင့်ရှိနေခြင်းဟာလည်း အရင်ခေတ်ကို ပြန်သွားနေတာပဲလို့ ယူဆရပါတယ်။
အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့ စစ်တပ်ကို ထိန်းချုပ်နိုင်ဖို့ အရင်ဆုံးကြိုးစားတယ်။ နောက်တော့မီဒီယာကိုထိန်းချုပ်ဖို့ကြိုးစားတယ်။ ပြီးတဲ့အခါမှာတော့ ပညာရေးစနစ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ပြီးခဲ့တဲ့အစိုးရအဆက်ဆက်က သည်လုပ်ငန်းတွေအောင်မြင်ခဲ့တယ်လို့ပြောရမှာပါ။ အခုအစိုးရသစ်လက်ထပ်မှာလည်း မီဒီယာလွတ်လပ်ခွင့်ကိုထိန်းချုပ်ဖို့ကြိုးစားတယ်ဆိုတာဟာ အာဏာရှင်အငွေ့အသက်မကင်းဘူးလို့ပဲ ဆိုရမှာပါ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရဖြစ်ပေါ်လာတဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ အရင်စစ်အစိုးရခေတ်ကအုပ်ချုပ်ခဲ့တဲ့သူတွေပဲ အများစုပါဝင်နေတာကြောင့် ချက်ချင်းကြီးအပြောင်းအလဲလုပ်ဖို့ အခက်အခဲရှိနိုင်တယ်ဆိုတာသဘောပိုက်မိပါတယ်။ သမ္မတက ဘယ်လိုပင်ပြောနေသောငြား လွတ်လပ်ပွင့်လင်းပြီး ပြည်သူလူထုအတွက် ဦးစားပေးစဉ်းစားတဲ့ စနစ်ကို မနှစ်ခြိုက်နိုင်တဲ့ သူတွေပါနေဦးမယ်ဆိုတာလည်း မီဒီယာဥပဒေကြမ်းတင်သွင်းရေးမှာ ထင်ဟပ်လာပါတယ်။
                                                            xxx
တမိုးလုံး ဖြောက်ဆိပ် ပြန်ကြားရေး ခေတ်နောက်ပြန်
မီဒီယာဥပဒေကြမ်းနဲ့ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကောင်စီရဲ့ တင်ပြမှုတွေဟာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ညီညွတ်ခြင်းမရှိလို့ လက်မခံနိုင်ဘူးလို့ဆိုပါတယ်။ ဒီလိုဆိုရင် လွတ်လပ်ပြီး ခေတ်မီနေတဲ့ နိုင်ငံတွေနဲ့ယှဉ်ထိုးကြည့်ရအောင်ပါ။ အဲဒီနိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာရှိပါရဲ့လား။ လူသားတိုင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေခံလူ့အခွင့်တစ်ခုအဖြစ်နဲ့လက်ခံထားပြီး အမုန်းတရားတွေနဲ့ပြောတဲ့၊ တစ်ဖက်သားကိုထိခိုက်နစ်နာစေတဲ့ ရေးသားဖော်ထုတ်မှုမျိုးဖြစ်ရင် အရေးယူဆောင်ရွက်နိုင်ဖို့ အခြေဥပဒေထဲမှာ ရေးဆွဲထည့်သွင်းထားပြီးဖြစ်ကြပါတယ်။ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ ဥပဒေလို့ဆိုနိုင်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ အရင်စစ်အစိုးရခေတ်တွေတုန်းက အစိုးရအဖွဲ့နဲ့ပတ်သတ်သမျှ ထုတ်ပြန်ချက်တွေ၊ သတင်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုတည်းကပဲဒိုင်ခံပြီး ရှင်းလင်းပြောဆိုခဲ့တာပါ။ ပြန်ကြားရေး ၀န်ကြီးဌာနဟာ အခြားဌာနတွေရဲ့လုပ်ငန်းစဉ်တွေကို ကျွမ်းကျင်မယ်လို့ယူဆလို့ မရနိုင်တဲ့အတွက် အချက်အလက်အမှားအယွင်းတွေပါရှိနိုင်ပါတယ်။ နောက်တစ်ချက်က အစိုးရကပြည်သူကို ၀ါဒဖြန့်ချိလိုတဲ့ အစိတ်အပိုင်းတွေပဲပြောဆိုပြီး ပြည်သူတွေတစ်ကယ်သိလိုတဲ့မေးခွန်းတွေ၊ သတင်းစာဆရာတွေမေးတဲ့မေးခွန်းတွေကို ရှောင်ပြီးဖြေဆိုခဲ့တာတွေကိုလည်း မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ထင်ရှားတဲ့ဥပမာအနေနဲ့ အရင်စစ်အစိုးရခေတ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြန်ကြားရေးဝန်ကြီးက နေပြည်တော်ကို အစိုးရရုံးတွေရွှေ့ပြောင်းမှာမဟုတ်ပါဘူးလို့ ပြောပြီး သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံရဲ့အစိုးရရုံးစိုက်ရာကို နေပြည်တော်ကိုရွှေ့ပြောင်းခဲ့ကြတာပါပဲ။
ယနေ့လို ပွင့်လင်းမြင်သာတဲ့ဒီမိုကရေစီခေတ်ကို သွားနေတယ်ဆိုရင် အရင်ကခေတ်ဟောင်းကအယူအဆနဲ့ အကျင့်တွေကိုဖျောက်ဖျက်ဖို့လိုပါတယ်။ သက်ဆိုင်ရာဌာနအသီးသီးက သတင်းထုတ်ပြန်ရေးအဖွဲ့တွေကပဲ သတင်းထုတ်ပြန်ပါစေ။ သတင်းသမားတွေကလည်း လိုအပ်ရင် လိုအပ်သလို သိုင်းဝိုင်းတူးဆွပြီး သတင်းကိုရေးကြပါလိမ့်မယ်။ အမှားတွေပါခဲ့ရင်၊ တစ်ဖက်သားကိုထိခိုက်တယ်ဆိုရင် နိုင်ငံအတွင်းနေထိုင်သူ မည်သူ့ကိုမဆို အခြေခံဥပဒေအရပြဌာန်းထားတဲ့ ဥပဒေအတိုင်းသာ အရေးယူပါစေ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကြားဝင်စွက်ဖက်ဖို့မလိုအပ်တော့ဘူးလို့ယူဆပါတယ်။
ဝန်ကြီးဌာနတစ်ခုရဲ့အသုံးစရိတ်ဟာ မသေးလှပါဘူး။ ခေတ်နောက်ကျကျန်နေခဲ့တဲ့ ကျွန်တော်တို့နိုင်ငံကို အမြန်ဆုံးခေတ်မီလာစေဖို့ အစိုးရအဖွဲ့အနေနဲ့ မသုံးသင့်တဲ့နေရာတွေမှာ နိုင်ငံတော်ဘဏ္ဍာငွေ၊ တစ်နည်းအားဖြင့် ပြည်သူပြည်သားတွေရဲ့ငွေတွေကို မလိုအပ်ဘဲ မဖြုန်းတီးစေချင်တော့ပါဘူး။ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုထားတဲ့ ဘတ်ဂျတ်ငွေတွေထဲက သုံးမကုန်လို့ပိုနေတဲ့ ဘဏ္ဍာငွေအသုံးစရိတ် ငွေကျပ်သန်းပေါင်း ခုနစ်သောင်းကျော်ကို အချိန်မီပြန်လည်မပေးသွင်းခဲ့တဲ့ ဌာနတွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနလည်းတစ်ခုအပါအ၀င်ပါ။
နိုင်ငံတော်သမ္မတက နောက်ကြောင်းပြန်လှည့်မှာမဟုတ်ဘဲ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေပါတယ်လို့ပြောနေပါတယ်။ ဒီမိုကရေစီကိုသွားမယ်ဆိုရင် ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေရရှိဖို့အရေးကြီးပါတယ်။ သတင်းတွေကို ကြိုတင်ဖြတ်တောက်တဲ့ ဆင်ဆာအဖွဲ့ဖျက်သိမ်းလိုက်တာကို အများကြီးကြိုဆိုသလို အရင်တုန်းကအသံတိုးတိမ်ခဲ့တဲ့ ပြဿနာတွေ၊ ဥပမာ လယ်ယာမြေပြဿနာလိုကိစ္စတွေ လွှတ်တော်မှာဆွေးနွေးကြတာကိုလည်း ၀မ်းသာပါတယ်။ ဒါပေမယ့် လွတ်လပ်စွာပြောဆိုခွင့်ကို တစ်ဖက်လှည့်နဲ့ထိန်းချုပ်မယ့် ဥပဒေမျိုးကိုတော့ အလိုမရှိပါဘူး။ ဒီကိစ္စဟာ သတင်းသမားတွေနဲ့ပဲဆိုင်တဲ့ ဥပဒေမဟုတ်ဘဲ အခြေခံလူ့အခွင့်အရေးအရ လူသားတိုင်းဟာ သတင်းအချက်အလက်ကို လွတ်လပ်စွာသိပိုင်ခွင့်ဆိုတဲ့ အချက်နဲ့လည်း သက်ဆိုင်နေပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာမရှိဘဲနဲ့ ဒီမိုကရေစီစနစ်ကိုသွားဖို့ မဖြစ်နိုင်ဘူးဆိုတာတော့ ကျွန်တော်တို့သတင်းသမားတွေက ယုံကြည်ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ဒီမိုကရေစီစနစ်ရဲ့ စံနှုန်းတစ်ခုဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့သက်ဆိုင်တဲ့ ဥပဒေပြုရေးမှာ အပြုသဘောဆောင်သလား၊ နှောင့်နှေးကြန့်ကြာနေစေသလားဆိုတာကို ယခု ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းနဲ့ မီဒီယာဥပဒေကြမ်းတင်သွင်းရေးတွေမှာ သက်သေပြလိုက်ပြီးဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ တစ်ခုတည်းရပ်တည်ပြီး မရှိသင့်တော့ဘူးလို့ယူဆပါတယ်။
                                                                        xxx
အရွယ်က စကားပြောနေတယ်
ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်သံလိုင်းတစ်ခုမှာလာတဲ့ ဉာဏ်ရည်ခြင်းပြိုင်ဘယ်သူနိုင်အစီအစဉ်မှာ ၀က်နို့ဒိန်ခဲနဲ့ ပတ်သက်ပြီး ဉာဏ်စမ်းမေးခွန်းလေးလာပါတယ်။  ၀က်မကြီးတစ်ကောင်နားမှာ ၀က်ပေါက်စလေးငါးခြောက်ကောင် နို့ဝိုင်းစို့နေတဲ့ မြင်ကွင်းတွေ့ရတယ်။ အဲဒီအချိန်မှာလည်း ကျွန်တော့ဘေးကကုတင်ပေါ်မှာ ကိုးလအရွယ် သားငယ်လေးက သူ့အမေနို့ကို အငမ်းမရစို့နေတယ်။ အဲဒါနဲ့ အနားမှာ အစီအစဉ်ကိုစိတ်ဝင်တစားကြည့်နေတဲ့ ကျွန်တော့်သမီးငယ်ကို မိဘကျေးဇူးနဲ့ပတ်သက်ပြီး အသိဉာဏ်ပွင့်လာအောင် မေးခွန်းလေးတွေမေးမယ်လို့ အကြံရလာတယ်။
ဝက်ကလေးတွေဘာလုပ်နေလဲဆိုတော့ သမီးငယ်က နို့စို့နေတယ်လေဖေဖေတဲ့။ မောင်လေးရောဘာလုပ်နေလဲ ကြည့်လိုက်ပါဦးကွယ် ဆိုတော့ သူလည်း နို့စို့နေတယ်ဖေဖေတဲ့။ ၀က်ကလေးတွေနို့မစို့ရရင်ဘာဖြစ်သွားမလဲသမီးလို့ ထပ်မေးမိတယ်။ နို့မစို့ရရင် အစာငတ်ပြီး သေသွားမှာပေါ့ဖေဖေ ဆိုတဲ့ အဖြေကို ကျွန်တော်က မျှော်လင့်ထားတာပါ။ ဒါပေမယ့် ကျွန်တော့်သမီးဖြေလိုက်တဲ့အဖြေကြောင့် ကျွန်တော်လည်း ငိုအားထက် ရယ်အားသန်သွားတယ်။ “နို့မစို့ရရင်ငိုမှာပေါ့ဖေဖေရယ်။ ဒါလေးတောင်မသိဘူးလား” တဲ့။
ဟုတ်သားပဲ။ သူ့အသက်အရွယ်နဲ့ သူတွေ့ဖူးကြုံဖူးတာကိုပဲ ဖြေမှာပေါ့။ သူငယ်တန်းကလေးအရွယ်ဆီကနေ ကျွန်တော်ဘာတွေများကြီးကြီးကျယ်ကျယ်မျှော်လင့်နေမိပါလိမ့်။ ကျွန်တော်ဆက်တွေးမိတယ်။ နှစ်နှစ်သားအရွယ် အရပ်သားအစိုးရဆီကရော ကျွန်တော်တို့ ဘာတွေများ ကြီးကြီးမားမားမျှော်လင့်မိနေပါလိမ့်လို့ပါ။      ။

Comments