Aung Din - Future of The Irrawaddy (Part Three)

ဧရာဝတီရဲ့ အနာဂတ် (၃) - Future of The Irrawaddy (Part Three)
အောင်ဒင်
စက်တင်ဘာ ၂၀၊ ၂၀၁၃


(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၄၊ စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၃)

● မြန်မာပညာရှင်များ၏ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း
မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံကိန်းကို မထောက်ခံတဲ့၊ မြန်မာပညာရှင်များတင်ပြ တဲ့၊ ပါတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာကို လုံးဝလှစ်လျူရှူထားတာ တွေ့ရပါတယ်၊သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာ ပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံနေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လကျော်ဆောင်ရွက်ခဲ့ပါတယ် တဲ့၊ မြန်မာပညာရှင်တွေက BANCA လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research ကဖြစ်ပါတယ်၊ အဲဒီပညာရှင်တွေဟာ ကွင်းဆင်းစစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန်ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင်ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန် နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ် တဲ့၊ အဲဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDR က ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA) ကို CPI ထံ တင်ပြပါတယ် တဲ့၊ အဲဒီ CISPDR ကတင်သွင်းတဲ့ EIA က ဆည်တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိခိုက်မှု အနည်းအကျဉ်းသာရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊ ဒါပေမည့် မစ္စတာ လီ က မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်းမရှိခဲ့ပါ၊

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCA ရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာထင်လှ ကလဲ စာတမ်းတစောင် တင်သွင်းပါတယ်၊ သူ့စာတမ်းကနေ မစ္စတာ လီ နဲ့မတူတဲ့၊ ပိုပြီးမှန်တဲ့အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်၊ ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက်ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အရေအတွက်က ၃၀ ကျော် လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ်ထားပေမည့် တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေကြောင့် ၂၀၀၉ ခု ဇန္နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါသတဲ့၊ ပြီးတော့ BANCA က မြန်မာပညာရှင်များဟာ မြန်မာနဲ့ တရုတ်အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့၊ ပူးတွဲကွင်းဆင်းစစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင်များက EIA အစီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်၊

BANCA ရဲ့အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို “မြစ်ဆုံဟာ ကချင်တိုင်းရင်းသားများအတွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့” အကြံပြုထားပါတယ်၊ ပြီးတော့လဲ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် ကချင်ပြည်နယ်အတွင်းမှာ အဆင့်ဆင့်ထပ်ပြီးတည်ဆောက်မည့် အကြီးစား နဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီ မြစ်ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒ နဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားများအားလုံးရဲ့ ဘဝတွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်” လို့ ရှင်းပြထားပါတယ်၊ ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို “မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအစား မြစ်ဆုံရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ခုမှာ အသေးစား ဆည် နှစ်ခုအစားထိုးဆောက်လုပ်ဖို့” အကြံပြုထားပါတယ်၊

မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှားပါတယ်၊ BANCA က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများကို အတည်ပြုကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်တွေကို အရည်အချင်းပြည့်ဝတဲ့ လူမှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များဆောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာတွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အလေးအနက်တိုက်တွန်း ထားပါသေးတယ်၊ ဒါပေမည့်လဲ မြန်မာပညာရှင်များရဲ့ တာဝန်သိသိတင်ပြမှုတွေကို တရုတ်အာဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များက တင်သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံတဲ့ EIA အစီရင်ခံစာကိုသာ မြန်မာ စစ်အာဏာပိုင်များထံ တရုတ်ပညာရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲရေးသားတဲ့ အစီရင်ခံစာအဖြစ်တင်ပြပြီး ဆောက်လုပ်ခွင့်ရယူခဲ့တယ်လို့ ယူဆရပါတယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည် နဲ့ တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ခုနှစ်က စပြီး ဆောက်လုပ်ပါတော့တယ်၊

အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရ BANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်ဆိုတာ တကြိမ်တခါထဲ လုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ပဲ အကြိမ်များစွာ လုပ်ဖို့၊ ပြည်သူလူထု သိနားလည်မှုနဲ့ ပါဝင်မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊ သူ့ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာပိုင်တွေအနေနဲ့ နောက်ထပ်ကျန်ရှိနေသေးတဲ့ လေ့လာသုံးသပ်မှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ပါ၊

● မသေချာတဲ့ အကျိုးအမြတ်များ နဲ့ သေချာတဲ့ ဆုံးရှုံးမှုများ
တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေတည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရရှိလာလိမ့်မယ် ဆိုပြီး ချဲ့ကားပြောနေကြပါတယ်၊ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင်ဆောင်နေကြပါတယ်၊ မစ္စတာ လီ က ဒီရေအားလျှပ်စစ်စီမံကိန်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော်ကုန်ကျမှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု (Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း နှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီစီမံကိန်းကြီးများပြီးရင် မြန်မာနိုင်ငံက နှစ်စဉ်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မီဂါဝတ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝတ် ၂၀၀၀ ကို အလကားရမယ်၊ လုပ်ငန်းလည်ပါတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေအကျိုးအမြတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးသောင်းလေးထောင် ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင်တိုင်းတာရေးစခန်းတွေအများကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေအများကြီးလဲ ဖန်တီးပေးမယ်၊ ပြီးတော့ ကန်ထရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက်လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်၊ သူပြောသမျှ တွေက မြန်မာနိုင်ငံအတွက် အကောင်းတွေချည်းပါပဲ၊

ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်းနည်းပါတယ်၊ လက်တွေ့ဘဝမှာ ဒီလောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက်ပိုများတတ်၊ ဆောက်လုပ်ရေးကာလက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကလဲ မျှော်လင့်တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်၊ လက်တင်အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက်ထားတဲ့ ရေခရီတာဆည် ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်၊ အဲဒီဆည်ကြီးကို အာဂျင်တီးနားသမ္မတဟောင်း ကာလို့စ်မီနန် (Carlos Menem) က “အလွဲသုံးစားလုပ်မှုများ၏ အထိန်းအမှတ် မှတ်တိုင်ံကြီး” (Monument to Corruption) လို့ အမည်ပေးခဲ့ပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့်မှန်းထားတဲ့ ဒေါ်လာ သန်းပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင့်ငါးရာ ကုန်ကျခဲ့ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ ကစတာ ၁၉၉၄ ကျမှပြီးပါတယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက်ပဲ ရှိပါတယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုံးပဲ နှစ်စဉ်ထုတ်လုပ်နိုင်ပါတယ်၊ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းခြေနဲ့ မကိုက်တတ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ၊

ဒီဥပမာ နဲ့အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်မှာ ဆောက်နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်၊ဆောက်လုပ်ချိန်ကာလလဲ ပိုကြာနိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာ လီ ပြောနေတဲ့ အကျိုးအမြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ၊ ဆည်တွေအားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်း) သက်တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပိုနိုင်ပါ ၊မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီး နဲ့ ပိတ်ဆို့ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်းသိမ်းလိုက်တဲ့အချိန်မှာ ရေတွေ တင်မက ရေနဲ့အတူမျောပါလာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ၊ အဲဒီ နုံးတွေ၊ ရွှံ့တွေ က ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်၊ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ်တံခါးကြီးများရှိတဲ့ အမြင့်ထက်ထက် အများကြီး ပိုနက်တာမို့ ဒီနုံးတွေဟာ ရေတွေလို ရေထုတ်ပေါက်ကနေ မြစ်အောက်ပိုင်းကို စီးမျောနိုင်စွမ်းမရှိပါ၊ 

ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့ အမျှ ရေလှောင်ကန်ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာစုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပို နည်းလာပါတယ်၊ ရေလှောင်ကန်ထဲ မှာ ရေနည်းတဲ့ အတွက် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုးအမြတ်ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီ ဆည်ရဲ့ သက်တမ်းကုန်ပါတယ်၊ ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီးလို့ တရုတ်အစိုးရက အဲဒီ ဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေပြည့်နေတဲ့ လူလုပ်အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်၊

မစ္စတာ လီ ကပြောပါသေးတယ်၊ အဲဒီအချိန်မှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလုပ်သမားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမည့် ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုးလုပ်ကိုင်နေရတယ် ဆိုတာတော့ သူကမပြောပါ၊ သူမပြောပေမည့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံအလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက်အဆမတန်နည်းပါလိမ့်မယ်၊ သူပြောမှပဲ သိရတာက အဲဒီအချိန်မှာ တရုတ်အလုပ်သမားပေါင်း သုံးထောင်ကျော်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအတွက်ဟာ လေးသောင်းအထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှုကို နားမလည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုးများရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင်ကျယ်ကြီးတွေ ၊ ရှားပါးတဲ့ တိရိစ္ဆာန်တွေကို ဖျက်ဆီးကြ ကြမည့်အရေးဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု၊ အစော်ကားခံရမှုကြီးတွေ ဖြစ်ပါလိမ့်မယ်၊

● မတူညီသော စံနှုံးများ
မစ္စတာ လီ ကပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဌန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းများဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့်အတန်းအမြင့်ဆုံး စံချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာက စလို့ တည်ဆောက်ရေးလုပ်ငန်းများအထိ တရုတ်နိုင်ငံရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျကျင့်သုံးနေပါတယ် လို့ပြောပါတယ်၊ ဒီတော့ သူပြောသလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်ကြရအောင်ပါ၊

၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌန်းခဲ့ပါတယ်၊အဲဒီ ဥပဒေအရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင်အထည်မဖော်မီ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assessment) ကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်၊ ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်၊

တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environmental Impact Assessment) ကိုထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊ အဲဒီညွှန်ကြားချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူတွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထုထံရောက်အောင်ဆောင်ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံပြုချက်တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာတမ်းဖတ်ပွဲများ)၊ နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါတယ်၊

ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန်စံညွှန်းတွေကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့အထောက်အထား တခုမှမတွေ့ရပါဘူး၊ မြန်မာပညာရှင်တွေ ရဲ့ EIA ကို တရုတ်အစိုးရက ချောင်ထိုးထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက်တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊ BANCA ရဲ့ EIA အစီရင်ခံစာတင်မက မြန်မာအစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွါးခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူမသိရှိအောင် လုပ်ငန်းလျှို့ဝှက်ချက် (Trade Secrets) များအဖြစ်ဖုံးကွယ်ထားကြပါတယ်၊ ဆည်ဆောက်လုပ်ရေး စီမံကိန်းကြီးများအကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်တာတွေအားလုံး လုပ်ငန်းမစခင်မှာ ဆောင်ရွက်ခြင်းမရှိခဲ့ပါ၊ မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာတရုတ်၊မြန်မာ ကိုယ်စားလှယ်များ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှပဲ ဝိုးတိုးဝါးတား သိကြရတာပါ၊

မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က သတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environmental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် (၁၀) ခုရှိရပါမယ်၊ အဲဒါတွေက (၁) မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် (Basin and Catchment Ecosystems and Habitats); (၂) မြစ်ရေစီးဆင်းမှုနှင့် ရေအနက်တိုင်းတာသုံးသပ်ချက် (River Flows and Water Levels); (၃) ရေလွှမ်းမိုးမှုသဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;(၄) အနိမ့်ပိုင်း ရေမြုတ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Wetlands Ecosystems and Habitats); (၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture); (၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use); (၇) ရေ၏အရည်အသွေးဆိုင်ရာ လေ့လာသုံးသပ်ချက် (နုံးမြေလျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments); (၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Saline Intrusion in River Delta); (၉) မြစ်ကမ်းပါးများပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Riverbank Erosion and Sedimentation/Channel Erosion); နဲ့ (၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်၊ BANCA နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲက ပထအဆင့် မြစ်ကြီးနားမြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် သာဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီးကျန်နေပါသေးတယ်၊

မစ္စတာ လီ ကပြောပါတယ်၊ အခုဆိုရင် CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင်ဆောင်ရွက်နေပါပြီ တဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှုအပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည်ရှိမှုအပေါ်သက်ရောက်မှု၊ နဲ့ မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်၊ နောက်ကျနေပါပြီ၊ ဒီလေ့လာမှုတွေကို ဆည်ကြီးမဆောက်ခင်ကထဲက လုပ်ရမှာပါ၊ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတစဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ၊

● စာချုပ်ဖျက်သိမ်းရန် လုံလောက်သောအကြောင်းပြချက်များ
အထက်ဖော်ပြပါ အချက်များကို ကြည့်ရင် မြန်မာနိုင်ငံဘက်က မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းစာချုပ်ကို တစ်ဘက်သတ်ဖျက်သိမ်းဖို့ လုံလောက်တဲ့ အချက်အလက်တွေရှိနေတယ်လို့ ကျနော်ယုံကြည်ပါတယ်၊ မြန်မာစစ်အစိုးရက စာချုပ်မချုပ်ဆိုမီမှာ ဒေသခံလူထုရဲ့ ကန့်ကွက်ချက်များကို လှစ်လျူရှူခဲ့တာ၊ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ကချင်ပြည်သူတွေကို လှည့်ဖျားခဲ့တာ၊ စာချုပ်မချုပ်ခင်မှာ လိုအပ်တဲ့ လူမှုဘဝဆိုင်ရာ (Social) ၊ ပါတ်ဝန်းကျင်ဆိုင်ရာ (Environmental) ၊ ဂေဟဆိုင်ရာ (Ecological) သက်ရောက်မှုလေ့လာသုံးသတ်ချက်တွေ (Impact Assessments) ကို လုံလုံလောက်လောက်မလုပ်ခဲ့တာ၊ မြန်မာပညာရှင်များရဲ့ မြစ်ဆုံမှာဆည်မတည်ဆောက်သင့်ကြောင်း အကြံပြုချက်ကို မြန်မာစစ်အစိုးရထံ တင်သွင်းတဲ့ Ennironmental Impact Assessment (EIA) မှာ ထည့်မသွင်းပဲ ချန်လှပ်ထားခဲ့တာ၊ ဧရာဝတီမြစ်ကြီးရဲ့ အောက်ပိုင်းက သန်းပေါင်းများစွာသော ပြည်သူတွေထံသက်ရောက်မည့် ဆိုးရွားသောအကျိုးဆက်တွေကို မသိချင်ယောင်ဆောင်ခဲ့တာ၊ စတဲ့အချက်တွေဟာ စာချုပ်ကို တစ်ဘက်သတ်ဖျက်သိမ်းဖို့ လုံလောက်တဲ့ တရုတ်ကုမ္ပဏီရဲ့ ချိုးဖောက်မှု (Material Breach of the Contract) တွေပါ၊

ဆက်ပါဦးမယ်၊

အောင်ဒင်

ဩဂုတ်လ ၁၈၊ ၂၀၁၃

Comments