Eikar Aww - Staire

ဖွတ်ကလေးနှင့် အီကြာအော် လူရည်ချွန်စိတ်မွေးကြည့်ခြင်း
အီကြာအော်
စက်တင်ဘာ ၁၉၊ ၂၀၁၃




“လန်းလှချေလား ဆရာအော်ရဲ့ ”

ဖွတ်ကလေးက ဝေါ့ကင်းရှူးစီးထားပြီး အားကစားဝတ်စုံ အပေါ်အောက် ဆင်တူဝတ်ထားသော အီကြာအော်ကို ကြည့်ပြီး မြှောက်ပင့်၍ ပြောလိုက်လေသည်။

“အေးကွ……၊ ငါ အခု ကိုယ်လက်လှုပ်ရှားဖို့ ပြင်ဆင်နေတာ”

စိတ်ဓာတ် တက်ကြွနေပုံရသော အီကြာအော်က လှုပ်လှုပ်ရှားရှားလုပ်ရင်း ဖွတ်ကလေးကို လှမ်းပြောလိုက်သည်။

“ဆရာအော်က တယ်ပြီး ဖလန်းဖလန်း ဖြစ်နေပါလားဗျ”

“အေးလေကွာ….၊ငါ လူရည်ချွန်စိတ် မွေးရမယ်၊ အခု ငါတော့ လူရည်ချွန်ဟောင်းအဖွဲ့ထဲကို ရောက်သွားပြီကွ”

ဖွတ်ကလေးက သူ့ဆရာအီကြာအော်၏ စကားကို မယုံနိုင်သော မျက်နှာဖြင့်ကြည့်ရင်း

“ဆရာအော် ဘယ်လိုများ ပြောင်းလဲသွားတာလည်း” ဟုမေးခွန်းထုတ်လိုက်သည်။

“ဟဲဟဲ…၊ ငါ့အကြောင်းကိုကြားသွားတဲ့ လူရည်ချွန်ဟောင်းအဖွဲ့က ဆရာမကြီး ရီတာကောင်းက ငါ့ကို လူရည်ချွန်ဟောင်းအဖွဲ့ထဲဝင်ဖို့ ဖိတ်တယ်လေ”

အီကြာအော်က နေရာတကာ ကြွားလုံးထုတ်တတ်သော ခက်သေးရွာသားပြီပြီ ဖွတ်ကလေးကို ကြွားလုံး ထုတ်လိုက်လေသည်။

“ရီတာ ကောင်းတယ်ဆိုတာ ဟုတ်တာပေါ့ ဆရာအော်ရဲ့ ”

“ဟေ့ကောင် လေးလေးစားစားလုပ်ကွ၊ ဆရာမနာမည်က အင်္ဂလိပ်နာမည် Rita Kong လို့ခေါ်တာ ဗမာလို ရီတာ ကောင်းတယ်လို့ ပြောနေတာ မဟုတ်ဘူး”

ဖွတ်ကလေးလည်း မှားတဲ့အခါလည်း မှားပေမပေါ့ဟု ပုံစံဖြင့် ခေါင်းပုသွားလေသည်။

 “ဒါနဲ့ လူရည်ချွန် စိတ်ဓာတ် ဆိုတာဘာလည်းဗျ”

“ဒါကတော့ကွာ မင်းဗဟုသုတရအောင် ငါက ရှင်းပြရမှာပေါ့”

အီကြာအော်က သူ ဆရာလုပ်စရာ အကွက်ရသွားသဖြင့် ပျော်သွားလေသည်။ လူရည်ချွန်စီမံကိန်းများက ၁၉၆၄ ခုနှစ်မှစ၍ ၁၉၈၈ ခုနှစ်တွင် အရေးအခင်းနှင့်အတူ နိဌိတံသွားသည်။ ဖွတ်ကလေးက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ လူဖြစ်လာ၍ လူရည်ချွန်အကြောင်း ကောင်းကောင်းမသိချေ။

“တို့ခေတ်က လူရည်ချွန်ဆိုတာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွေ အဆင့်ဆင့် ဖြေရတယ်ကွ”

“မြို့နယ်အဆင့်မှာ ကျောင်းပေါင်းစုံက အမှတ်များတဲ့သူတွေကို ခေါ်ပြီးပြိုင်ခိုင်းတယ်”

“သြော်….၊ဆရာအော် ငယ်ငယ်တုန်းက အမှတ်များခဲ့တာကိုး”

ဖွတ်ကလေးက မယုံချင်သလိုလို ဖြစ်သော်လည်း မြှောက်၍ ပြောလိုက်လေသည်။

“အမှန်ပေါ့ကွ” ငယ်မူပြန်သွားသော အီကြာအော်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။

“လူရည်ချွန်စာမေးပွဲမှာ စာပေဗဟုသုတတင် မကဘူး အားကစားလည်း ပြိုင်ရတယ်ကွ”

“ဘယ်လို အားကစားမျိုးတွေလည်းဗျ”

“အစုံပေါ့ကွာ၊အပြေး၊ အခုန်၊ အိပ်ထမတင်တွေ အကုန်ပါတယ်ကွ”

“အဲဒါဆို ဆရာအော်က “ပြေးခုန်ပစ်” လိုမျိုး “ပြေးခုန်ထ”တွေ လုပ်ခဲ့ရတာပေါ့”

ဖွတ်ကလေးက အီကြာအော်၏ ဗိုက်ကိုကြည့်ပြီး မယုံသလိုဖြင့် မေးလိက်သည်။

“အေးပေါ့ကွ၊ အခုမှသာ အသက်ကရလာပြီမို့ အိပ်ပြီးရင် မထနိုင်တော့တာ၊ ငယ်ငယ်တုန်းကတော့ ဘယ်ပြောကောင်းမလည်း”

ဖွတ်ကလေး မရောက်လာသေးခင်ကမှ အီကြာအော်တစ်ယောက် ငယ်မူပြန်ပြီး အိပ်ထမတင် လုပ်ကြည့်သည်။ နှစ်ပေါင်းများစွာ လျှစ်လျှူရှုထားခဲ့သောဗိုက်ကြောင့် လှဲအိပ်ပြီး တော်တော်နှင့် ထမရတော့။ တော်တော်လေးကြိုးစားလိုက်ရသည်။ အခုအချိန် သက်ကြီးလူရည်ချွန်ပြိုင်ပွဲလုပ်လို့ကတော့ အိပ်ထမတင်နှင့်ပင် တော်တော်ရှုံးကြမည်ဟု ကြံကြံဖန်ဖန်တွေးမိသည်။

“ဒီဗိုက်ကြောင့် ငါ့ကို တိုက်ခိုက်ခံနေရတာ၊ အခု ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပြီး ရာဇ၀င်ထဲမှာ ငါ့ဗိုက်ကို ထားရစ်ခဲ့တော့မယ်ကွ”

“ဆရာအော် ဘယ်လိုလုပ်ပြီုးု ဗိုက်ကို ထားရစ်ခဲ့မှာလည်း”

“လေ့ကျင့်ခဏ်းလုပ်ပြီး ထားခဲ့မှာပေါ့ကွ၊ မြန်မာနှလုံးဖောင်ဒေးရှင်း ဖေ့စ်ဘွတ်မှာ နှလုံးကျန်းမာအောင် ၀ိတ်လျှော့ဖို့ လေ့ကျင့်ခဏ်းမှန်မှန်လုပ်ဖို့ အကြံပေးတယ်ကွ”

“ဟာ….၊ ဖွဘုတ်မှာက ဒါမျိုး ပညာပေးတွေလည်း ရှိတာကိုး”

“အေးပေါ့…၊ မင်းက ဖွဘုတ်ဝင်ရင် ဂိမ်းကစားပြီး မော်ဒယ်တွေပဲငန်းနေတာကိုးကွ”

“ပြီးတော့ လူရည်ချွန်ဖြေတာ နှုတ်ဖြေတွေလည်း ဖြေရသေးတယ်”

“သြော်….နှုတ်သီးပါ အဲ နှုတ်ပါ ချွန်ရသကိုး၊ ဘာတွေများ မေးသလည်းဗျ”

“အစုံပေါ့ကွာ၊ နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေ၊ မြို့တော်တွေ စသဖြင့်ပေါ့၊ အကုန်အစုံဖတ်ထားရတာ၊ ဆောင်ပုဒ်တွေလည်း အကုန်ကျက်ထားရတာ”

“မလွယ်ပါလား ဆရာအော်ရယ်၊ ဆရာအော်တို့ဟာက “တို့တာဝန်အရေး ၃ ပါး” လိုဟာမျိုးတွေပါ ကျက်ရတာလား”

ဖွတ်ကလေးက ဖြုံသွားပုံရသည်။

“ငါတို့တုန်းက ဒါမျိုးကြီးတွေ မရှိပါဘူးကွာ၊ သစ္စာဓိဌာန် လိုဟာတွေတော့ ကျက်ရတာပေါ့”

အီကြာအော်က အတည်ပေါက်ဖြင့် ဖွတ်ကလေးကို ငြင်းလိုက်လေသည်။

ထိုစဉ်အခါတွင် မီးဖိုချောင်ထဲတွင် ဟင်းချက်နေသော ဒေါ်အွန်မေးက

“ကိုအော်….၊ရှင့်ကြည့်ရတာ ဒီအဖွဲ့ထဲဝင်ပြီးမှ သူငယ်ပြန်နေသလိုပဲ၊ လေ့ကျင့်ခဏ်းလုပ်ရင် ဂရုစိုက်ပြီးသေချာ လုပ်ဦးနော်၊ အရင်တစ်ခါလို ခြေထောက်အကြောလွဲပြီး ဆရာဝန်သွားပြရလို့ ငွေကုန်နေဦးမယ်”

“ဒီတစ်ခါ စံနစ်တကျ ပြင်ဆင်ပြီး လုပ်တာပါကွာ၊ မင်းက… ငါနာမှာထက် ငွေကုန်မှာကို စိုးရိမ်နေပုံရတယ်”

“ဘတ်ဂျက်က ရှိသေးတယ်လေ၊ ရှင်…. လူရည်ချွန်ဟောင်းအဖွဲ့ထဲဝင်ပြီး အဆက်ဟောင်းတွေနဲ့ သွားဆက်မနေနဲ့ဦးနော်” ဒေါ်အွန်မေးက ထုံးစံအတိုင်း စကားနာထိုးလိုက်လေ၏။

“ငါ အစွမ်းမရှိတာ မင်း သိပြီးသားပါ အွန်အွန်ရာ”

အီကြာအော်က အဖွဲ့ဝင်ခွင့်ပါမစ် ပိတ်သွားမည်စိုးသဖြင့် လေပြေလေး ထိုးလိုက်သည်။

“ကဲ ဖွတ်ကလေး….၊ ငါ… အ၀တ်သွားလဲလိုက်ဦးမယ်၊ မင်း… လုပ်အားပေးမယ် မဟုတ်လား”

အီကြာအော်က ဖွတ်ကလေးကို ငယ်နိုင်ပီပီ ချောဆွဲလေတော့သည်။

“တို့ငယ်ငယ်တုန်းက ဆောင်ပုဒ်ရှိတယ်…

“မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊

မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊

မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်၊” ဆိုတာပေါ့”

“ကိုယ်လက် လှုပ်ရှားတာက မိမိကိုယ်ကို ကောင်းအောင် လုပ်တာပေါ့”

“ငါက အကောင်ကြီးကြီးမဟုတ်တော့ တိုင်းပြည်အတွက် ထိထိရောက်ရောက်တော့ မလုပ်နိုင်ဘူးပေါ့ကွာ”

“လူရည်ချွန်ဟောင်းအဖွဲ့လည်း ငွေတွေစုပြီး လူထုအတွက် ကောင်းတာလုပ်မယ်လို့ပြောတာ မင်္ဂလာပေါ့ကွ”

“ဆရာအော်က ကြော်ငြာတက်တာလား၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလား”

“ကောင်းရင် ကောင်းတယ်ပေါ့ ဖွတ်ကလေးရဲ့ ၊ ငါ့မှာဘာမှ ရစရာမရှိပါဘူး”

“ဒါနဲ့……၊ ဘာကို လုပ်အားပေးရမှာလည်း ဆရာအော်”

“အခု မိုးတွင်းမို့လို့ မြောင်းတွေပိတ်ပြီး လူအများ လမ်းပေါ်မှာ လှေစီးရမလို ဖြစ်နေတာ မြင်တယ် မဟုတ်လား”

“ဟုတ်ပါ့ ဆရာအော်ရေ၊ ကန်ထရိုက်တွေနဲ့ စည်ပင်က ဆောက်မယ်၊ ရိတ်မယ်၊ ပါးပါးလှီးမယ်ပဲ၊ တိုက်တွေသာဆောက်တယ်၊ မြောင်းကျတော့ ကောင်းကောင်းမလုပ်ဘူး”

“ဒါကတော့ ခက်သေးရွာကိုး ဖွတ်ကလေးရဲ့ ၊ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့”

“အခု ငါတို့….“မိမိလမ်းကို ကောင်းအောင် ကြိုးစားမည်” ဆိုတဲ့ဆောင်ပုဒ်နဲ့ အညီ အမှိုက်သွားရှင်းကြစို့၊ တစ်ယောက်တစ်လက် ၀ိုင်းလုပ်ရင်တော့ တစ်ယောက်တစ်လက် ၀ိုင်းဖျက်လို့ ပျက်ခဲ့တဲ့ တို့ခက်သေးရွာကြီး ပြန်လည်သာယာလာမှာပေါ့ကွ”

ဤသို့ဆိုရင်း လုအများ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသော ကျွတ်ကျွတ်အိတ်များ၊ ဘိနပ်စုတ်များ၊ ကွန်ဒုံးများ စသည့် အမှိုက်စုတ်ပေါင်းစုံ ပိတ်နေသော ခက်သေးရွာလယ်ရှိ ရေနုတ်မြောင်းကို ရှင်းရန် အီကြာအော်တစ်ယောက် ပေါက်ပြားတစ်လက်ဖြင့် တပည့်ကျော် ဖွတ်ကလေးကို ဦးဆောင်လမ်းညွှန်ကာ အိမ်ရှေ့ပေါက်မှ ထွက်တော်မူလေတော့သတည်း။ ။

(လူရည်ချွန်ဟောင်းအဖွဲ့၏ လူထုအတွက် ဆောင်ရွက်မှုများ အောင်မြင်ပါစေဟု)


သဗ္ဗေသတ္တာ ကမ္မသကာ

Comments