Kan Tun Thit - Articles

ရှင်ပုဏ္ဏ အစ ...   ရှင်အရိယဓမ္မ အလည် ... ညီငယ်၊ နောင်တော်တို့ အဆုံး ...
ကံထွန်းသစ်
စက်တင်ဘာ ၈၊ ၂၀၁၃



ရှစ်လခန့်မျှ ကင်းကွာနေခဲ့သည့် ဝစ်စကွန်စင်ပြည်နယ်၊ မယ်ဝေါ့ကီးမြို့ကိုပြန်အရောက်၊ သုံးရက် မြောက်နံနက်မှာ လက်ကိုင်ဖုန်းမြည်လာ၍နားထောင်လိုက်စဉ် ...

“ အဲဒီမှာ ဘယ်လိုလဲ၊ အန္တရာယ်ကင်းရဲ့လား”

“ ကင်းပါတယ်၊ ဘာဖြစ်လို့လဲ “

“မောင်ရင်တို့မြို့နားက “ အုခ်ခရိ “ မြို့ရှိ ဘုရားကျောင်းတခုကို သေနတ်သမားတယောက်က ဝင်စီးထားတာ၊ တယောက်သေနေပြီ၊ ရဲတွေလည်းဝိုင်းတားတာ၊ သတင်းမှာ လိုက်ဖ်လွှင့်နေတာ တွေ့ရလို့ စိုးရိမ်လို့ လှမ်းမေးလိုက်တာ”

နယူးယောက်ကနောင်တော်ကြီး၊ လက်ရှိသံဃာ့ဥသျှောင်ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဝိလာသ၊ ကိုယ် နယူးယောက်မှာရှိနေစဉ်ကလည်း နှုတ်နှင့်တမျိုး လက်ဖြင့်တဖုံ ဖေးမကူညီခဲ့သူ၊ ယခုလည်း ပူပန်စွာ လှမ်းမေးရှာပြန်သည်။ ကိုယ်ကမူ မကြား၊ မမြင်။ ထိုမြို့လေးကိုလည်း မသိ။ ရောက်စမို့ အင်တာနက်နှင့် တီဗီကလည်း မတပ်မဆင်ရသေး။

ဂရုစိုက်နေထိုင်သွားလာဖို့ သတိပေးကာ နောင်ကြီးဖုန်းချသွားသည်။ သည်တော့မှ ကိုယ် နီးရာနက၊ စနည်းနာရတော့သည်။ ထိုမြို့လေးသည် ကိုယ်တို့မြို့၏ မစ်ချယ်လေဆိပ်ကြီးနားမှာတဲ့၊ ကိုယ်တို့ပြည်သားအချို့ အလုပ်ဆင်းသည့် အသားစက်ရုံတခုပင်ရှိသည်တဲ့။

ညနေစောင်းမှာတော့ သတင်းစုံစပြုလာသည်။ သေနတ်သမားအပါအဝင် ခြောက်ဦးသေသည်။ ရဲအရာရှိတဦးပင် ဒဏ်ရာပြင်းစွာရသည်တဲ့၊ ကြားစက ချာခ်ျကျောင်းဟုထင်ခဲ့မိသည်။ ယခုသိရသည်၊ ဆစ်ခ်ဘုရားကျောင်းတဲ့။ ပစ်ခတ်ခဲ့သူက အမေရိကန်လူဖြူ။

ပစ်ခတ်ခြင်း၏အကြောင်းကို မသိရသေးသည့်တိုင်၊ ရိုင်းလွယ်သောလူ့စိတ်နှင့် ရလွယ်သော လက်နက်တို့ ပေါင်းဖက်မိလျှုင် အချိန်မရွေး အန္တရာယ် ကြီးလှပါလားဟု ထိတ်လိုက်မိသည်။ မကြာမီက “ကိုလိုရာဒိုရုပ်ရှင်ရုံတွင်း ဝင်ရောက်ပစ်ခတ်မှုကို အမှတ်ရသည်။  အပြစ်မဲ့သူဆယ့်နှစ်ဦးခမျာ လက်သ ရမ်းသူတဦးအတွက် ပစ်မှတ်တွေဖြစ်ကြရရဲ့။ (ဆောင်းပါးရေးစဉ်က ကွန်နက်တိကတ်ပြည်နယ် စင်ဒီဟော့ခ် မူလတန်းကျောင်း ပစ်ခတ်မှုမဖြစ်သေး)။ ခုလည်း ... ဘာသာအလိုက် ဝတ်ပြုနေကြသူများ ခမျာ ...။

ကိုယ်တို့ဆီမှာ လူတိုင်း စိပ်ပုတီးကိုင်ခွင့်ရှိသလို သည်နိုင်ငံမှာက လက်နက်ကို ပိုင်ဆိုင်ခွင့်ရှိ ကြလေတော့ ... ဟင်း ...၊ နောက်ပြီး ဈေးကလည်း မများဆိုတော့ ... ။

ကနဦးကတော့ အခြေချ သစ်စတွင် သဘာဝ သားရဲအန္တရာယ်၊ ဒေသခံ ရက်အင်ဒီးယန်းတို့၏ အန္တရာယ်တွေကြောင့် ကာကွယ်ရန် ကိုင်ဆောင်ခွင့် ပြုခဲ့သည်ထား၊ ယခုလို ဥပဒေစိုးမိုးချိန်မှာတော့ ကန့်သတ်ထိန်းချုပ်နိုင်လျှင် ကောင်းလေစွ၊ ပြည့်ဖို့ဝေးဆဲ ဆန္ဒပင် ...။

မည်သည့်လက်နက်မျိုးမဆို ကိုင်စွဲသူ၏ စိတ်ရိုင်းကို ယဉ်စေနိုင်ရိုး မရှိနိုင်။ ယဉ်သည့်စိတ်ကိုပင် ရိုင်းစေပြီး၊ ရိုင်းသည့်စိတ်ကို ဖောက်ပြန်စေသည်ကို ယခုဖြစ်ရပ်တွေက သက်သေပင်။ ယခု ပစ်ခတ်ခဲ့သူ “ဝိတ်ဒ်မိုက်ကယ်ပေ့” ဆိုသူသည် ဂီတဝါသနာထုံပြီး စစ်ပြန်တဦးတဲ့။ ဟို ... ကိုလိုရာဒို ပစ်ခတ်မှုက လူကလည်း ကယ်လီဖိုးနီးယားတက္ကသိုလ်ကျောင်းဆင်း၊ လူဖြူတဲ့။ တကယ်တော့ လူဖြူရယ်၊ လူမည်းရယ် မဟုတ်ပါဘူးလေ၊ လက်နက်ရှိလာပြီဆိုရင် ... တခါက ဗာဂျီးနီးယားတက္ကသိုလ်မှာ ကျောင်းသားသုံးဆယ်ကျော် ပစ်ခတ်သတ်ဖြတ်သူက ကိုရီးယားကျောင်းသားတဲ့။

ဟော ... ပူပူနွေးနွေး၊ မနှစ်က “မစ္စစ္စပီ” မြစ်ရိုးတလျှောက် လိုက်ပို့ခဲ့ကြသည့် မင်နီဆိုးတားက မိတ်ဆွေမိသားစုရဲ့သားပျိုလေးဟာလည်း လူမည်းတယောက်ရဲ့ပစ်ခတ်မှုနှင့် ဒီနေ့ပဲ ဆုံးရှာပြီဆိုသည့် သတင်းကလည်း ဖေ့စ်ဘွတ်ခ်မှာ တက်လာသေး ... ဟူး ... ၊

“ ဒေါသတရား၊ ပွားလတ်သောခါ၊ ဒါးမိုးရွာသို့၊ သတ္တဝါလူဘုံ၊ ပြောဟုန်အမျက်၊ စစ်မက်ပြိုင်ခင်း၊ လက်နက်ကျင်း၍၊ ချင်းချင်းသတ်ကြ၊ သွေးချောင်းကျ၏ “ ဆိုသည့် မဃဒေဝလင်္ကကာပိုဒ်လေးကို စိတ်ဖြင့် ညည်းမိသည်။ လူတွေ ဒေါသအမျက်တွေပွားထူလာပြီး လူစိတ်ပျောက်သွားရင် လက်နက်ဘေးဆိုသည့် “သတ္တန္တရကပ်” ကြီး ဆိုက်တတ်သတဲ့။ ခုလို စိတ်ရိုင်းတွေနှင့်လက်နက်တွေ ရလွယ်ပုံနှင့်ဆို ... ဘုရား ... ဘုရား ... ။

လက်နက်လိုင်စင်တွေ ပိုပြီးကန့်သတ်နိုင်လျှင် ကောင်းလေစွ၊ လက်နက်ထုတ်လုပ်မှုတွေကို  လည်း ... ၊ ဟော ... အမှတ်ရပြီ၊ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်ကထင့်၊ ခင်ပွန်းသည် ကျောင်းအုပ်ဆရာကြီး အကြောင်းမဲ့ ပစ်သတ်ခံရတာကို အကြောင်းပြုပြီး ဇနီးသည်က ဆန္ဒပြတောင်းဆို လှုပ်ရှားခဲ့၍ စတိတ်ပြည်နယ်(State)ခြောက်ခု လက်နက်ကိုင်ခွင့် ထိန်းချုပ်နိုင်ခဲ့သည်တဲ့၊ ကျန်လေးဆယ် ကျော်ကတော့ ... ဟူး ... ။

ပင့်သက်ကို မှုတ်ထုတ်လိုက်ရင်း၊ ဘာကြောင့်များ တပါးသူ၏ရှင်သန်ခွင့်ကို ဖျက်ဆီးချင် ကြပါလိမ့်၊ ခုဆိုကြည့်စမ်း၊ အပြစ်မဲ့ရုံမက၊ ဝတ်ပြုဆုတောင်းနေသူတွေ ... ။ အင်း ... လူဆိုတာ သတိနဲ့ပညာ ကင်းလာပြီဆို ... နောက်ပြီး လက်နက်ကိုလည်း ကိုင်စွဲနိုင်ပြီဆို ... ခုလို ... ။

သတိကင်း၊ အသိကင်းသူတွေကို မဆိုထားပါနှင့်လေ။ အုပ်ချုပ်သူလူတန်းစားတချို့ပင် လက်နက်အားကိုး ရှိလာလျှင် မင်းမူချင်ကြ၊ အာဏာကို တရားလွန်သုံးချင်ကြတာပါပဲ၊ အမိမြေက ဖြစ်ရပ်တွေနှင့် ဟစ်တလာ ပြုခဲ့တဲ့ ကမ္ဘာ့ဖြစ်ရပ်တွေက သာဓကများပေါ့။

ဒီနေ့ ပစ်ခတ်သူကလည်း လက်မောင်းမှာ နာဇီတံဆိပ် ကြက်ခြေခတ်ထိုးလို့၊ နောက်ပြီး လူဖြူ ကြီးစိုးရေး ဝါဒရှိသူတဲ့။

နောက်ဆက် ထင်မြင်ချက်သတင်းတွေက မုတ်ဆိတ်ဖွားဖွား၊ ဗောင်းထုပ်ကားကားနှင့် ဆင်းဟာလီ တွေကို အခြားဘာသာဝင် အသွင်တူတွေနှင့်မှားတာဆိုပဲ။

လူမျိုးရေးအစွန်းထက်၊ ဘာသာရေး အာဃာတတွေများ စွက်နေလေသေးသလား၊ တစုံတဦး၏ မိုက်မဲခဲ့မှုရန်ကြွေးသည် အပြစ်မဲ့သည့် အခြားအသွင်တူတွေကို ထိခိုက်စေတတ်တာကလား၊ ကိုယ်တို့ဆို အရှေ့အလယ်ပိုင်းကလူတမျိုးရဲ့ဝတ်စုံနှင့် ဝတ်ရုံပုံတူနေလို့ သည်နိုင်ငံကြီးရဲ့ လေဆိပ်တိုင်းမှာ စက်နှင့်တမျိုး၊ လူနှင့်တဖုံ လူတကိုယ်လုံး စမ်းသပ်စစ်ဆေးခံရတာ အမြဲကြုံရ၊ သက်ဆိုင်ရာက စစ်ဆေးခြင်းဟာ လုံခြုံရေး သဘောမို့ နားလည်နိုင်ပါရဲ့၊ အစွန်းရောက်တစ်ဦးဦးကများ အမြင်မှားပြီး ... ခုလို ... ။

ကျောချမ်းသွားသည်။ လေးလေးစားစား “ဘလက်စင်” (Blessing) ပေးဖို့ ချဉ်းကပ်လာသူ လူမည်းတွေကို ဆုံဖူးသလို၊ ရှောင်လင်တတ်သည်ထင်၍ မိတ်ဖွဲ့လာသူတွေနှင့်ကလည်း တကြိမ်မက၊ မတော် ... ရှောင်လင်တတ်သည်ထင်ပြီး ... ပညာစမ်းလိုက်မှ ... အား ... ကျောသာမက တကိုယ်လုံး ချမ်းသွားရသည်။

သည်အထဲ “တပည့်တော်ကတော့ ဝမ်းဒေါ်လာရွက်လေးတွေ အမြဲ ဆောင်ထားတယ်၊ သူတို့ တောင်းလာရင်ပေးနိုင်အောင်လို့ ... နို့မဟုတ်ရင် ရန်ရှာတယ်မဟုတ်လား” ဆိုသည့် ရောက်နှင့်နေသည့်  ဆရာတော်တပါး၏စကားကို ကြားယောင်မိသည်။ ကိုယ့်ကိုပင် ဆောင်ရန် တိုက်တွန်းသွားရှာသေး။

“ဘုန်းဘုန်း ... သတင်းမှာတွေ့လိုက်လို့၊ ဘုန်းဘုန်းတို့နေရာနဲ့ နီးမယ်ထင်တယ်၊ အဲဒါ စိုးရိမ်တာနဲ့ ... “ L.A က ကိုမျိုး ဖုန်းဆက်လာသည်။ မနီးမဝေးဖြစ်ကြောင်း၊ ဆစ်ခ် ဘုရားကျောင်း ကြီးဟာ Mall ကြီးတခုစာရှိကြောင်း၊ ဒါတင်မက ရှားရှားပါးပါး ဗလီကျောင်းကြီးတခုလည်း မနီးမဝေးမှာ ရှိကြောင်း ပြောဖြစ်ခဲ့။

ညနေချမ်းမှာတော့ မေရီလန်းက ဝေဇယန္တာကျောင်းဆရာတော်၊ “ကိုယ်တော် ကြည့်ပြုနေ၊ အန္တရာယ်ကများလိုက်တာ၊ ဒီဘက် ဝါလာဆိုပါဆိုတော့လည်း ပြောမရ” တဲ့။ ကရုဏာဒေါသောသံ၊ ကိုယ့်အပေါ်ထားသည့် တန်ဖိုးကို ကြည်နုးစွာ ခံယူရင်း ငြိမ်နေမိခဲ့။

“ဘုန်းဘုန်းရေ ... သွားသတိ၊ စားသတိနော် ... အစစ သတိရှိပါ၊ ညဥ့်နက်ထိ လမ်းလျောက် မနေနဲ့ ... တဲ့ “၊ ဆန်ဖရန်စစ္စကိုက အမ၏ စိုးရိမ်သံ၊ “ မစိုးရိမ်ဖို့၊ ဒီက အားလုံးကလည်း မှောင်တာနဲ့ တံခါး လော့ခ်ချဖို့ လှမ်းသတိပေးကြကြောင်း “ အကြောင်းပြန်လိုက်ရသည်။

အဲ ... ညပိုင်းရောက်တော့လည်း “ဘုန်းဘုန်းရေ ... ဒီမှာတုန်းကမထိဘဲ၊ အဲဒီကျမှ ကျည်စာမိနေပါ့မယ်၊ မဂ္ဂဇင်းတွေဆက်ထုတ်ရအောင် ပြန်သာပြန်ခဲ့ပါတော့ “ တဲ့။ အမိမြေက ညီမောင် တဦး၏ စိုးစိတ်နှင့် ကမ်းလင့်သံ။

“ ပေးမင့် (Payment) တွေနှင့်ယဉ်ပါး၊ အင်ရှူးဝါးရင့် (Insurance) တွေနှင့်တော့ စိမ်းဆဲ။ “ကျောင်းကန်ကို စောင့်ရှောက်၍ ရဟန်းသံဃာတို့ကို သိမ်းမြန်းရာ၏” ဆိုသည့် သာသနာပြုထုံးကို နားမှလေစ မကြားဖူးသူ ကျောင်းလူကြီးတချို့။ မပါရလျှင် အိုးပုတ်ပြန်တောင်းတတ်သူ၊ မင်းသားကြီး မလုပ်ရလျှင် ပတ်မကြီးထိုးဖောက်တတ်သူ၊ နာမည်မျိုးစုံသုံးပြီး အမေရိကန်ဥပဒေကို အံတုနေသူ ကျောင်းလူကြီးဟောင်းတဦး၏ အတွင်းရန်ကိုကျော်လွှားရင်း၊ အဖြူအမည်းတို့၏ ခုလို အပြင်အန္တရာယ် တွေကလည်း အချိန်မရွေး ... ၊ ဟူး ... အမေရိကန်သာသနာပြု ဆိုတာ ... မလွယ်ပါလား။ အင်း ... အမေရိကန်ရယ်မှမဟုတ်ပါဘူးလေ ... ။

သတင်းမှာတော့ သေဆုံးသူတွေအတွက် မန်မိုရီယာယ် (Memorial) အခန်းအနား မြို့လည်မှာ ကျင်းပမည်တဲ့။ ကြည့်စမ်း ... အသက်တစ်ချောင်းရဲ့နိဂုံးဟာ ခုလို အောက်မေ့ဖွယ်အခန်းအနား ကျင်းပရုံနှင့် ... အင်း ... သူတို့ကမှ ကံကောင်းပါသေးတယ်လေ၊ တကယ်လို့များ ... တို့ဆို ... ခိုင်းနှိုင်းမှုမဆုံးလိုက်၊ အာရုံထဲတွင် ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ပြိုင်တူမြင်လိုက်မိသောကြောင့်ပင်။

ဒေါက်တာယုဒသန်နှင့် ဆရာတော်အရှင်အရိယဓမ္မ၊ အားလုံးသိကြသည့်အတိုင်း ဆရာယုဒသန်က မြန်မာပြည်မှာ နှစ်သုံးဆယ်ခန့် နေထိုင်ကာ ခရစ်ယာန်သာသနာကို အဦးဆုံး ပြုသွားသူ၊ သူ့ကို ဘယ်ဒေသခံကမှ အနှောက်အယှက်မပေး၊ မနှောက်ယှက် မကန့်ကွက်သည့်ပြင် အားလုံးက ကူညီကြ၊ ရိုင်းပင်းကြသည်။ လူတွေက ကြည်ဖြူသလို သံဃာတော်တွေကလည်း မငြင်ငြို၊ သူ့မှာ လွတ်လပ်ရဲတင်းစွာ သာသနာပြုနိုင်ခဲ့သည်။ ရွှေတိဂုံကုန်းတော်သို့သွားကာ သံဃာတော်တို့ ဟောပြောပုံ၊ သင်ပြပုံတွေကို နည်းနာယူခဲ့ပြီး၊ သူ့အိမ်နားတွင် တဲကြီးထိုးကာ လူတွေကိုစည်းရုံးရင်း စာသင်ပေးခြင်း၊ ဟောပြောပေးခြင်းဖြင့် စခဲ့သည်တဲ့။

ဒါတွင်မက၊ သမ္မာကျမ်းစာကိုလည်း ဒေသခံတွေနားလည်ဖတ်ရှုနိုင်အောင် မြန်မာပြန်ရာတွင် ရှေး ပါဠိတော်နိဿယများမှ စကားလုံးတွေ၊ ပေါရာဏတွေကို ရယူခဲ့ရုံမက အဘိဓာန်ကြီးကိုလည်း လူထု ကြားမှစကားတွေပြင်၊ ကျမ်းလာ ဝေါဟာရတွေကိုလည်း စုဆောင်းပြုခဲ့သည်။ မည်သူ၏နှောက်ယှက်မှုမျှ မကြုံရ၊ အေးအေးလူလူ ကျမ်းပြုနိုင်ခဲ့သည်သာ။

အင်းဝနေပြည်တော်တွင် ခေတ္တအချုပ်အနှောင်ခံရသည်ကလည်း ဘာသာရေးနှင့်မပတ်သက်၊ နိုင်ငံရေး၊ သံရေးတမန်ရေးကြောင့်သာ။ သို့တိုင် ... သူအချုပ်အနှောင်ခံခဲ့ရာနေရာကို ယနေ့တိုင် သူတို့ အမှတ်အသား ထားခွင့်ရခဲ့ကြသည်။

သူ့နှယ်ပင်၊ သူ့နိုင်ငံရင်း သည်အမေရိကသို့ သာသနာပြုရောက်ခဲ့ရှာသော ဆရာတော် “အရှင် အရိယဓမ္မ” ခမျာမှာမူ ... ။

ကိုယ်မှန်းဆကြည့်မိသည်၊ အမေရိကကလူတွေအတွက် ဗုဒ္ဓဘာသာအသွင်အပြင်နှင့် မိတ်ဆက်ပေးခဲ့သော ဒလိုင်းလားမားပင်မမွေးဖွားသေးချိန်၊ ဗုဒ္ဓသာဝက ရဟန်းသံဃာသွင်ပြင်ကို အမြင်စိမ်း၊ အသွင်စိမ်းချိန်၊ ဆရာတော်သည် အိန္ဒိယမှ မြန်မာပြည်သို့ရောက်ခဲ့ကာ တန္တရ၊ မန္တရတွေကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သူဘဝမှ ဆရာတော်အရှင်ဥက္ကဌ (နတ်မှီတောရ) ဆရာတော်ကြီးနှင့် တွေ့လျက် ဗုဒ္ဓအဘိဓမ္မာ ဒေသနာတို့ကို သင်ယူပေါက်မြောက်ခဲ့သည်။

ထိုခေတ် အိန္ဒိယနိုင်ငံမှ တရားရေးဝန်ကြီး အမ်ဘေကာကိုပင် ဗုဒ္ဓ ဓမ္မ ဝါဒတို့ကို ဖြေကြားပေး ခဲ့ရုံမက အများမသိသေးသော ခရစ်တော်၏ ထုပ္ပတ်ကိုလည်း ဟောပြခဲ့သူ။

ထိုစဉ် အမေရိကန်သမ္မတက ထရူးမင်း၊ သမ္မတထံ သာသနာပြုခွင့်တောင်းခံကာ အမေရိကန်၌ အခြေချခဲ့သည်။ သူစိမ်းတို့နယ်မှာ ဆရာတော် ဘယ်လိုများ ရပ်တည်သွားပါလိမ့်။ ဆွမ်းမှ နပ်မှန်ခဲ့ ရှာရဲ့လား။ ရိုင်းပင်းသူမှ ရှိပါလေစ၊ ရာသီရိုင်း၊ ဥတုစိမ်းဒဏ်ကို ဘယ်ပုံများ ရင်ဆိုင်သွားပါလိမ့်၊ ထိုအချိန်က သည်နယ်တွေမှာ၊ အထူးသဖြင့် အင်ဒီယားနားပြည်နယ်မှာ ကြီးစိုးနေသည့် “ကေသုံးလုံး” ဆိုသည့် ဘာသာရေးအစွန်းရောက် ဂိုဏ်းကြီးကလည်း အန္တရာယ် ကြီးပါဘိသနှင့်။

နောက်ဆုံးတော့ ကိုယ်ခုရောက်နေရာနှင့် ရေကန် (Lake) ကြီးတခုခြားနေသည့် မစ်ချီဂန် ပြည်နယ်ရဲ့ မထင်ရှားသည့် တနေရာတွင် ဆရာတော် ပျံလွန်တော်မူသွားရှာသတဲ့။ သူတပါးရဲ့ပယောဂနဲ့ လိုလို၊ အော် ... သင်္ဂြိုလ်သူမှ ရှိပါလေစ၊ (မန်မိုရီယာယ်အခန်းအနား ဝေးလို့၊ ခုအချိန်ထိ ပါပဲလေ။)

ရင်သည် ကြေကွဲခြင်းတဝက်၊ တက်ကြွခြင်းတဝက်တို့ရောနှောကာ ခုန်ခဲ့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို အမှတ်ရဖွယ် ပူဇော်ပွဲလေးမျှ (ဟိုနေ့က သေဆုံးသူတွေလို) မပြုလုပ်နိုင်၊ ကြေကွဲမိပေမင့်၊ ကိုယ်ဟာ ဆရာတော်လျှောက်ခဲ့သည့်၊ ဖောက်ခဲ့သည့်လမ်းနှင့် အနီးဆုံးနေရာမှာ ရောက်နေပါပေါ့ လားဟု တွေးမိသောအခါ သွေးတို့ နွေးသွားတော့သည်။

ပစ်ခတ်မှုများ၊ သေနတ်သံများ၊ သတင်းရုပ်ပုံများ၊ အဖြူများ၊ အမည်းများ ... စသည့် စသည့် အာရုံတို့သည် ပျောက်ကွယ်သွားတော့သည်။ မပြောပလောက်သော ကိုယ့်ပမာဏကိုလည်း ရှက်နိုးစွာ မြင်လိုက်မိသည်။ ပို၍ ပြက်ထင်လာသည်က ...

“ ချစ်သားပုဏ္ဏ၊ သင်သွားရောက်မည့်ဒေသရှိလူတို့သည် ဘာသာတရား၌ မသက်ဝင်၊ စရိုက်အား ဖြင့်လည်း ကြမ်းတမ်းကြပေသည်၊ သင့်အား ကဲ့ရဲ့ ကြိမ်းမောင်းလာခဲ့သော် သင်ဘယ်သို့ပြုခြိမ့် “

“ မှန်ပါ ... ငါ့အား ကဲ့ရဲ့ရုံကဲ့ရဲ့ကြသည်၊ ဆဲရေးကြသည်မဟုတ်ဟု နှလုံးသွင်းပါမည် “

“ ဆဲရေးလျှင်ကော “

“ ဆဲရေးရုံဆဲရေးကြသည်၊ ရိုက်ပုတ်ကြသည်မဟုတ်ဟု ခံယူပါမည် “

“ ရိုက်ပုတ်လျှင်ကော “

“ ရိုက်ပုတ်ရုံရိုက်ပုတ်ကြသည်၊ ဒုတ်၊ ဓား၊ အုတ်၊ ကျောက်တို့နှင့် ပစ်ပေါက်ကြသည်မဟုတ်ဟု ခံယူပါမည်ဘုရား “

“ ပစ်ပေါက်လျှင်ကော “

“ ပစ်ပေါက်ရုံပစ်ပေါက်ကြသည်၊ အသက်သေအောင် သတ်ဖြတ်ကြသည်မဟုတ်ဟု သဘော ထားကာ သူတို့ကို ဟောပြောပြသပါမည်ဘုရား “

“ သာဓု ... သာဓု ... သာဓု ... ပုဏ္ဏ ...  သို့ တပြီးကား ... “။

ကိုယ်လက်အုပ်ကို နှဖူးတိုင် ချီလိုက်မိသည်။ သွေးတို့သည် ပူ၍နွေးလာကာ ရင်သည်လည်း ဒိတ်ဒိတ် တိုးတော့သည်။ အရှင်မြတ်တို့၏ဝိညာဉ်သည် ကိုယ်တို့ဝန်းကျင် အနီးအနားမှာ ... မှာ ... မှာ ...

စိတ်သည် တစုံတခုကို ဝတ်ရုံလိုက်ရသလို လုံခြုံသွားတော့သည်။


(နောင်တော် ဦးဝိလာသ (N.Y)၊ ရေးဖော် အရှင်နန္ဒဝံသ(N.C)(ဆရာသုလူ)၊ ညီ အရှင်ဇောတိကာဘိဝံသ (N.C) တို့သို့ အမှတ်တရ)

Comments