Khing Aung Kyaw (NewYork) - Articles

မြန်မာနိုင်ငံရေးဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလမ်းဆုံ
ခိုင်အောင်ကျော် (နယူးယောက်)
စက်တင်ဘာ ၂၁၊ ၂၀၁၃



၈၈-အရေးတော်ပုံပြီးတော့ သမ္မတ ဒေါက်တာမောင်မောင်ကို လွယ်လွယ်လေးနှင့် ဖြုတ်ချ- ဗိုလ်ချုပ်ကြီးနေ၀င်း၏ တပ်မတော်ကို အာဏာသိမ်းလိုက်သော ဗိုလ်ချုပ်မှူးကြီးစောမောင်-ဗိုလ်ချုပ်ကြီးခင်ညွှန့် - ဗိုလ်ချုပ်ကြီးတင်ဦး-ဗိုလ်ချုပ်ကြီးမျိုးညွှန့် တို့ တပ်မတော်က လက်နက်မဲ့ ပြည်သူလူထုကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး နိုင်ငံတော်အာဏာကို ရယူထိမ်းချုပ်လိုက်သည် ။ ထောင်ထဲ ဖမ်းပို့ သည် ။ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးသည် ။ မဆလပါတီကို ဖျက်သိမ်းသည် ။ တော်လှန်ရေးကောင်စီအစိုးရကို ဖျက်သိမ်းသည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့ စည်းသည် ။ ယင်းအဖွဲ့ သည် ကောင်စီမဟုတ်-ပါတီမဟုတ် ။ မဆလ၏ အကြွင်းအကျန်ကို လုံးဝမလိုလားသော သူတို့ လူသိုက်က -၁၉၉၃-ခုနှစ်တွင် ညောင်နှစ်ပင်ညီလာခံဟု ခေါ်သော အမျိုးသားညီလာခံကို ကျင်းပသည်။ 

၎င်းကျင်းပသောအမျိုးသားညီလာခံတွင် -၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော နိုင်ငံရေးပါတီများ တက်ရောက်ကြသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ညီလာခံတက်နေရင်းမှ နုတ်ထွက်ခဲ့ သည်။ ၁၉၉၃-ခုနှစ်မှ ၂၀၀၈-ခုနှစ်ထိ -၁၅-နှစ်တိုင်တိုင် ကြာမြင့်စွာ ရေးဆွဲခဲ့ ရသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပါတီစုံရွေးကောက်ပွဲနှင့်အတူ ပေါ်ထွက်ခဲ့ သည် ။ ပြည်ပတွင်မူ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ-မူကြမ်း-စာအုပ်သည် ပြည်ထောင်မြန်မာနိုင်ငံအမျိုးသားကောင်စီ မှ ရေးဆွဲထုတ်ဝေဖြန့် ချီသည်မှာ -၃-အုပ်မြောက်ထွက်ဖြစ်ခဲ့ သည်ဟု ထင်သည်။ 

ထို့ ကြောင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု ပြောဆိုနေကြသော မြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လက်ရှိအချိန်ကာလတွင် -၄-အုပ်တိတိ ရှိနေသည် ။ ပြည်ပမှ ရေးသားထုတ်ဝေဖြန့် ချီထားသော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ-မူကြမ်း-ကို တရားမ၀င်အဖွဲ့ အစည်းမှ ရေးသားထုတ်ဝေဖြန့် ချီခြင်းဟု ပြော၍မရ ။ ယင်းသို့ ပြောလျှင် ညောင်နှစ်ပင် ညီလာခံဖွဲ့ စည်းပုံဟူ၍ အခြားတစ်ဖက်က ပြောနေမည်ဖြစ်သည် ။ ယေဘူယျပြော၍ရသော်လည်း စင်စစ်အားဖြင့် ၄င်းစာအုပ်များသည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသော စာအုပ်စာတမ်းများ ဖြစ်၍ လျှစ်လျှူမပြုသင့်ဟု မြင်သည်။ 

ယခုအချိန်တွင် ပြည်သူ့ လွှတ်တော်၌ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကျမ်းသာစ္စာကျိန်ဆိုပြီး တက်ရောက်နေသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိကြသည်။ လွန်ခဲ့ သော-၂-နှစ်တာ ပြည်သူ့ လွှတ်တော်တက်ရောက်နေခဲ့ သော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသည် နောက်လာမည့်-၂-နှစ်ကာလအတွင်း ဖွဲ့ စည်းအုပ်ချုပ်အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ရန် ကြိုးစားနေကြ သည် ။ တိကျစွာပြောရလျှင် ယခုတက်ရောက်နေသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဝက်ခန့် သည် -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ တစ်ဝက်ခန့် ကို ပြင်ဆင်ပြောင်းလဲ လိုကြချင်သည်ဟု ထုတ်ဖေါ်ပြောဆိုနေကြပြီးဖြစ်သည်။ 

သို့ သော် ပြည်သူ့ လွှတ်တော်အတွင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များက ရာခိုင်နုံးများစွာ ရှိနေသောကြောင့် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံသည် ပြင်ဆင်ခြင်း ပြောင်းလဲခြင်းများကို အခြား လွှတ်တော်ကိုယ်စားလှယ်များက ရေရေရာရာ ပြုလုပ်နိုင်စွမ်း မရရှိကြ ။ ထို့ ကြောင့် ယခုအခါ ဖွဲ့ စည်းပုံအခြေခံ ဥပဒေသုတေသနပြုရေး ကော်မီတီတစ်ခုကို လွှတ်တော်မှ ဖွဲ့ စည်းထားသည်ဟုလည်း သိရှိရသည် ။ တစ်ချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်ကာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြုလုပ်နိုင်ရန်အတွက် အပါတ်စဉ် စနေနေ့ တိုင်း ပါတီများမှ တွေ့ ဆုံဆွေးနွေးနေကြသည်ဟု ကြားသိရသည်။ 

မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲရန် သို့ မဟုတ် ဖြည့်စွက်ရန် လိုအပ်ပါသလားဆိုသည်ကို ရှေးဦးစွာ ဆန်းစစ်ရမည်ဖြစ်သည် ။ စောစောပိုင်းက တင်ပြခဲ့ သလို စစ်အစိုးရသည် -၁၅-နှစ်တိုင်တိုင် ရေးဆွဲထားသည်ကို ဂရုပြုရန်လိုသည် ။ သို့ အတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း ဂရုပြုရန် လိုသည်ဟု ပြောချင်သည် ။ အဘယ့်ကြောင့်ဆိုသော် ဖွဲ့ စည်းပုံအခြေခံဥပဒေကို တလတည်းနဲ့  ရေးဆွဲလို့ ရတယ် ဆိုသော အဓိပ္ပယ် မရှိသည့် စကားမျိုးဖြင့် ပြောကြားနေကြသည်ကို မြန်မာနိုင်ငံသားတို့ အနေဖြင့် အထူးသတိပြုကြမည့် အချိန်ဖြစ်သည် ။ 

နိုင်ငံတစ်နိုင်၏ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လွန်စွာ အရေးကြီးသည့် နိုင်ငံရေးလမ်းပြ အသက်သွေးကြောဖြစ်သည် ။ ၄င်းအသက်သွေးကြောဖြစ်သော နိုင်ငံ၏ အရေးအရာအား စစ်အစိုးရကို မထီမဲ့ မြင်ပြောလို၍ တစ်လနဲ့ ရေးဆွဲမည်ဟု ပြောဆိုသောစကားများမှာ လွန်စွာအရုပ်ဆိုးလှသည် ။ ယခုအချိန်တွင် လွှတ်တော်တွင်း ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေ့လာရန် ဖွဲ့ စည်းထားသော အဖွဲ့ မှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ရေးဆွဲရန် သို့ မဟုတ် ပြင်ဆင်ဖြည့်ထည့် ရေးဆွဲရန် ဖွဲ့ စည်းထားသော ကော်မီတီမဟုတ် ချေ ။

တစ်ချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီ -၆-ပါတီမျှနှင့် အပါတ်စဉ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ရေးဆွဲရန် တွေ့ ဆုံဆွေးနွေးနေကြသည် ဆိုခြင်းမှာလည်း ယုတ္တိမတန် သော လုပ်ရပ်များဖြစ်နေသည်ဟု မြင်သည် ။ ၄င်းတို့ အပါတ်စဉ်တွေ့ ဆုံနေကြသော အဖွဲ့ ကိုကြည့်လျှင် ယခင်က ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့ စည်းပြီး အပါတ်စဉ် တွေ့ ဆုံဆွေးနွေးနေကြပါသည်ဆိုသော ပြောဆိုနေခြင်းဖြင့် နှစ်ပေါင်း-၂၀-ကို ဖြတ်သန်းလာခဲ့ ကြသူများပင်ဖြစ်သည် ။ နှစ်-၂၀-သာကျော်ခဲ့ သည် ။ ဘာမျှ အလုပ်မဖြစ်၍ ခုတော့ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီသည်လည်း မရှိတော့ ။ 

ယခုအချိန်တွင် မြန်မာနိုင်ငံအတွက် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲခြင်းသို့ မဟုတ် ပြင်ဆင်ဖြည့်စွက်ခြင်းကို ၄င်းကဲ့ သို့  ပြုလုပ်နေ၍ မည်သို့ မျှ အလုပ်မဖြစ်ပေ ။ အသစ်ပြန်ရေးဆွဲခြင်းသည်၎င်း ပြင်ဆင်ဖြည့်စွက်ခြင်းသည်၎င်း မြန်မာနိုင်ငံအတွက် အသက်သွေးကြောတမျှ အရေးကြီးလျှင် လက်ခံပြုလုပ်ပေးကြရန်သည် ရှိသည် ။ ၄င်းကဲ့သို့ ရေးဆွဲသည့်အခါ ပြည်ပမှ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီတွင် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ သော ရှေ့နေဦးအောင်ထူးတို့ လို ပုဂ္ဂိုလ်များအား ဖိတ်ခေါ်ရေးဆွဲရန်သင့်သည် ။ 

ထူးခြားမှုတစ်ခုကား မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မနှစ်သက်ဟု ပြောဆိုနေကြသောသူများအနေဖြင့် မိမိတို့ ၏ ဖွဲ့ စည်းပုံအခြေခံဥပေဒကား ဤသို့ ပါဟု လက်ဆုပ်လက်ကိုင် ပြစရာ ဘာတစ်ကြောင်းမျှ ရေးသားပြမည့် အရာမရှိ ။ မူလတန်းကျောင်းသားလေးတွေ သုံးသော ကျောင်းသုံးစာရွက်၌ပင် မှတ်မှတ်သားသား ရေးသားထားပါသည်ဟု ပြောဆိုပြသစရာမရှိဟုပင် ထင်သည် ။ ယုတ်စွအဆုံး ( ၅၉-စ ) သည် သမ္မတဖြစ်ချင်ရှာသော ဒေါ်အောင်ဆန်းစုကြည်အတွက် ပြောင်းလဲပေးရန် လိုအပ်သော ဥပဒေပုဒ်မ္မဟု ပြောဆိုနေကြသော်လည်း ၄င်းဥပဒေကို ဥပဒေစာကြောင်းအရ ရေးသားထုတ်ပြန် နေခြင်းများကို မတွေ့ ရသေး ။ 

မည်သို့ ပင်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလမ်းဆုံသည်ကား ယခုအချိန်တွင် ရောက်ရှိနေပြီဖြစ်ရာ ဤဥပဒေမကောင်းဆိုလျှင် ကောင်းမွန်သော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချပြကြပါတော့ဟု ပြောဆိုရုံသာ ရှိတော့သည် ။

Comments