Kyaw Thu - FFSS Yangon Activity,

လက်တွဲလက်ချိတ် ညီနောင်စိတ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
စက်တင်ဘာ ၁၆၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်သူတို့ ကြုံတွေ့နေရသော ပြဿနာအခက်အခဲများကို မိဘပြည်သူတို့လှူဒါန်းထားသော အလှူငွေများဖြင့် အများပြည်သူတို့အတွက် အများပြည်သူကောင်းမှု ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထား၍ စဉ်ဆက်မပြတ် ပံ့ပိုးကူညီလျှက် ရှိပါသည်။

ယခုဆိုလျှင် အသင်းစတင်တည်ထောင်သည်မှ (၁၃)နှစ်ခရီးကို လျှောက်လှမ်းခဲ့ပြီးသောအခါ၌ ပြည်သူတို့၏ နာရေးအခက်အခဲများကို သာမက ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်ကျရောက် သည့်နေရာများသို့ အချိန်နှင့်တပြေးညီသွားရောက်ကာ ဖေးမကူညီ ခဲ့ကြပါသည်။


ယခုအခါ တစ်ဆင့်တက်၍ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများ၊ ရုတ်တရက် ကျန်းမာရေးဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသော ဝေဒနာရှင်များကို သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ ကုသမှုခံယူနိုင်စေရေးအတွက် အလှူရှင်များ လှူဒါန်းထားသော အရေးပေါ်လူနာတင်ယာဉ် (၄) စီးဖြင့် အသင်းသူ/အသင်းသားများအား ရှေးဦးသူနာပြုသင်တန်းများကို စနစ်တကျ ပို့ချ၍ ကူညီဖေးမပေးလျှက်ရှိပါသည်။

နယ်ဒေသမှ လူနာများအားလည်း အသင်းသို့ဆက်သွယ်၍ အကူအညီတောင်းခံလာပါက ၄င်းတို့၏ သက်ဆိုင်ရာမြို့နယ်များရှိ ပရဟိတအသင်းအဖွဲ့များနှင့် လက်တွဲချိတ်ဆက်၍ အသင်းအဖွဲ့အချင်းချင်း အပြန်အလှန် နားလည်မှုရယူကာ လူနာများကို သက်ဆိုင်ရာဆေးရုံဆေးခန်းများသို့ လက်တွဲညီညာစွာ လက်ဆင့်ကမ်း သယ်ယူပို့ဆောင်ပေးလျှက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကြောင့် သက်ဆိုင်ရာအသင်းအဖွဲ့အချင်းချင်း ရင်းနှီးချစ်ကြည်မှုတိုးပွားလာခြင်း၊ ယုံကြည်မှုပိုမိုအားကောင်း လာခြင်းတို့အပြင် ထိုကဲ့သို့ဆောင်ရွက်ခြင်းအားကြောင့် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရာတွင် ခရီးလမ်းပန်း ပိုမိုတွင်ကျယ်လာခြင်း၊ ကုန်ကျမည့်စရိတ်စကများ သက်သာမှုရှိလာခြင်း၊ စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းခဲ့ပါသည်။





(၁၂.၉.၂ဝ၁၃) ရက်နေ့တွင် ပြည်မြို့ တလုပ္ပင်အုပ်စု၊ ဆီဆုံကုန်းကျေးရွာမှ ဦးဇော်ဦး၏သားဖြစ်သူ (၁၅)ရက်သားကလေးတွင် ဦးနှောက်ရေအိတ်တည်သည့် ရောဂါကြောင့် ရန်ကင်းကလေးဆေးရုံကြီးတွင် ကုသမှုခံယူအပြီး နေရပ်သို့ပြန်သည့်အခါ အရေးပေါ်လူနာတင်ယာဉ် လိုအပ်လာသဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံလာသည့်အတွက် အသင်းမှ လူနာတင်ယာဉ်ဖြင့် (သာယာဝတီ) မြို့သို့ ပို့ဆောင်ပေးခဲ့ပြီး (သာယာဝတီ)မြို့မှ (ပြည်)မြို့သို့ ပြည်မြို့မှ မိုးမေတ္တာပရဟိတ သွေးလှူရှင်များ အဖွဲ့မှ လူနာတင်ယာဉ်ဖြင့် လက်ဆင့်ကမ်းပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

ယင်းနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးကျေးရွာနေ ဦးမောင်ညို(၅ဝ)နှစ်သည် ရထားပေါ်မှ ပြုတ်ကျသည့်ဒဏ်ရာကြောင့်(ဦးခေါင်းထိခိုက်၊ တင်ပါးဆုံရိုးအက်၊ ဒူးမှ ခြေဖျား အထိပွန်းပဲ့ဒဏ်ရာ)ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူပြီး နေရပ် စစ်ကိုင်းမြို့၊ ရွာသစ်ကြီးကျေးရွာသို့ ပြန်ရန်အတွက် အသင်းမှ လူနာတင်ယာဉ်ကို အကူအညီတောင်းခံလာသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နေပြည်တော်သို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး စစ်ကိုင်းမြို့ သုခကာရီနာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ် ဖြင့် နေပြည်တော်မှ စစ်ကိုင်းမြို့သို့ အသင်းအဖွဲ့ချင်းချိတ်ဆက်ကာ ပို့ဆောင်ကူညီခဲ့ပါသည်။


(၁၄.၉.၂ဝ၁၃)နေ့တွင် လွန်ခဲ့သော (၄)လခန့်က နေပြည်တော်အမြန်လမ်းမပေါ် ခရီးသည်ယာဉ်တိမ်း မှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ကိုမင်းမင်း (၃ဝ)နှစ် ပခုက္ကူခရိုင် မြိုင်မြို့နယ်၊ ဝယ်သောင် ကျေးရွာနေသူအား နေရပ်ပြန်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ် အကူအညီ တောင်းမှုကြောင့် ရန်ကုန်ဆေးရုံကြီးမှ နေပြည်တော်(၁၁၅)မိုင်ယာဉ်ရပ်နားစခန်းသို့ ပို့ဆောင်ခဲ့ပါသည်။ (၁၁၅)မိုင်မှ နေ၍ မိတ္ထီလာမြို့သို့ ပရဟိတလူမှုကူညီရေးအဖွဲ့၊ ဒက္ခိဏသီရိမြို့ နေပြည်တော်မှ ပို့ဆောင်ပေးခဲ့ပြီး ထို့နောက် မိတ္ထီလာမြို့မှ ပခုက္ကူမြို့သို့ သုဂတိစေတနာအသင်း(ပခုက္ကူ)မှ ပို့ဆောင်ပေးခဲ့ပြီး ပခုက္ကူမှတဆင့် ကိုမင်းမင်းနေထိုင်ရာ (မြိုင်မြို့)သို့  ဗဟင်းကျေးရွာရှိ သာရေး၊ နာရေး အသင်းမှ မှ ဆက်လက်ပို့ဆောင်ပေးခဲ့ပြီဖြစ်ပါသည်။


 အထက်ပါဖြစ်ရပ်များသည် အသင်းအဖွဲ့အချင်းချင်း ကွန်ယက်သဖွယ်ချိတ်ဆက် နားလည်မှုများ၏ အကျိုးကျေးဇူးများပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့အချင်းချင်း ညီရင်းအစ်ကိုမိသားစုပမာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြခြင်းကြောင့် ဤဆောင်းပါး၏ခေါင်းစဉ်အား “လက်တွဲ လက်ချိတ် ညီနောင်စိတ်”ဟု ကင်ပွန်းတပ်မိပါတော့သည်။

Comments