Maung Swan Yi - The CUrse of Irrawaddy


ဧရာဝတီကျိန်စာ
မောင်စွမ်းရည်၊ စက်တင်ဘာ ၂၆၊ ၂၀၁၃

အနန္တငါးပါးတွင်
တပါးအပါအ၀င်
မာတာမိခင်
ကျေးဇူးရှင်၊
မိခင်မာတာ၊ ဧရာဝတီ
မြစ်မဟီ -
ရေကြည် ရေ၀ါ၊ ရေပြာ၊ စိမ်းနီ၊
ဒို့ဗမာပြည်
မြောက်ဖျားဆီက၊ တောင်ဖျားဆီထိ
ရှိရှိသမျှ -
သုခိတ၊ ဒုက္ခိတ၊ ကြွယ်ဝသူ၊ မကြွယ်ဝသူ
လှသူ မလှသူ
လူ - ခွေး - မြင်း - နွား
မခြားနား၊
သွားစေ၊ လာစေ၊ သောက်စေ ချိုးစေ
သယ်စေ၊ ယူစေ၊ နေပူ မိုးရွာ
လသာ လမိုက်၊ ကြိုက်သလိုယူ
ကြိုက်သလောက်ယူ
သူ့ပြည်သူ၊ သူ့သားသမီး
ပွားစီးပါစေ၊ အမေရက်ရော
ဝပြော ချမ်းသာစေ။

လှေ၊ ဖောင်၊ သဘောင်္
မျှောကြ၊ စီးကြ၊ စုန်ကြ ဆန်ကြ
ရေလမ်းမကြီး ဝေးနီးမခြား
ကမ်းနားနှစ်ဖက်၊ ယာကွက်လယ်ကွင်း
စိုက်ခင်း ပျိုးခင်း၊ ရှုခင်းစိမ်းစို
နီညို ဖြူဝါ၊ ရောင်စုံဖြာ
တောင်တန်းတွေက ပြာ
နိမ့်တာ နိမ့်၊ မြင့်တာ မြင့်
ကျောင်းနှင့်ကန်နှင့်၊ ဇရပ်နှင့်၊ စေတီနှင့်
အတင့်အတယ်၊ နတ်ပန်းချီချယ်သော
ရှုခင်းများ။

မြစ်မ၀ဲယာ
လယ်ယာ ဂျုံဆန်၊ သီးနှံစိုက်ပျိုး
မိုးရေ မြစ်ရေ၊ ဆည်ရေ မျောင်းရေ
သွယ်ရေ လောင်းရေ၊ ဧရာဝတီ
မြေဆီပို့ချ၊ စိုက်ကြပျိုးကြ
ပွင့်ကြ သီးကြ၊ ခူးကြ ခြွေကျ
ရိတ်ကြ သိမ်းကြ၊ စားကြ သောက်ကြ
ရောင်းကြ ၀ယ်ကြ၊ ဖောက်ကားကြ၊
သောက်ကြ စားကြ -
မ၀ မလှ မရှိစေရ၊
မြစ်မဧရာဝတီ၊ နှစ်ပေါင်းထောင်ချီ
 ကျွေးခဲ့ပြီ။

ကျွေးသူ မိခင်၊ ကျေးဇူးရှင်
မိခင်ဧရာ၊ ငါတို့ ရိုကျိုး
မြတ်နိုး ဦးချ ၊ ပူဇော်ကြစို့၊
ငါတို့မိခင် ရေရှင်ထာဝရ
စီးရပါစေ၊ ဖွားသက်ရှေ။

ရေကြောင်း ပြောင်းပြန်၊ မဆန်ရဘဲ
မလွှဲမဖောက်၊ မပေါက်မကျိုး
စီရိုးစီးစဉ်၊ ရေလျဉ်ရေကြော
ချောမောပါစေ၊ ဖွားသက်ရှေ။

မြစ်မရေကြောင်း
ပြောင်းသူ ဖြတ်သူ၊ ချိုးဖောက်သူ
ခိုးသူ ၀ှက်သူ၊ လုယက်သူ -
ဖျက်သူ တားသူ၊ လွှဲဖယ်သူ -
ရန်သူဟူသမျှ၊ တားကြ ဆီးကြ
မောင်းထုတ်ကြ၊
ရှုတ်ချ ရန်ခိုက်၊ ကျိန်စာတိုက်အံ့။

အနန္တ ငါးပါး
ခင်ပွန်းကြီး ဆယ်ပါး
တပါးပါဝင်
သင့်မိခင်ကို၊ နာကြင်စေသူ
တို့မိခင်ကို နာကြင်စေသူ
တားသူ ဆီးသူ လုပ်ကြံသူ
ရန်မူလေသမျှ -
ပဉ္စနန္တိယ၊ မာတုဃာတက
ဒုက္ခဘေးဆိုက်၊ ကံကြီးထိုက်အံ့၊
လောင်မြိုက်ငရဲ၊ လောင်မီးထဲက
မလွှဲမထွက် ကျက်စေသတည်း။
ငရဲမတက် ဆက်စေသတည်း။   

မောင်စွမ်းရည်
နယူးယောက်
၂၀၁၃ စက်တင်ဘာ ၂၀
(Photo Law Eh Soe)

Comments