Maung Yin Nga Tay - Articles

ရောက်တတ်ရာရာအတိုအစများ
မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည် (ပထမပိုင်း)
မောင်ရင်ငတေ
စက်တင်ဘာ ၃၀၊ ၂၀၁၃

နယ်သာလန်နဲ့ ဟော်လန်ပြည်နယ်

The Netherlands နယ်သာလန် ဆိုပြီးတော့ တရားဝင် ခေါ်ဆိုနေကြတဲ့ ဒီတိုင်းပြည်ငယ်လေးက ငယ်ပင်ငယ်သော်ငြားလည်း လူသိများ ထင်ရှားတဲ့ အကြောင်းအရာများကတော့ များပြားလွန်းလှ ပါပေတယ်၊ ဒီနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို အသိများကြတာကိုက နှစ်မျိုးဖြစ်နေပါတယ်၊ တမျိုးက တရားဝင် ခေါ်ဆိုကြတဲ့ နယ်သာလန်နိုင်ငံ ဆိုတာဖြစ်ပြီး ကျန်တမျိုးကတော့ တရားဝင်ခေါ်ဆိုတာ မဟုတ်ပေမဲ့လည်း လူသိများ လူခေါ်များပြားတဲ့ Holland ဟော်လန်နိုင်ငံ ဆိုတာပါ၊ နယ်သာလန်နဲ့ ဟော်လန် စကားလုံးရဲ့ အဓိကကွာခြားချက်ကို အလွယ်ကူဆုံးပြောရရင်တော့ နယ်သာလန်ဆိုတာ မြောက်ပိုင်းဟော်လန် တောင်ပိုင်းဟော်လန် ပြည်နယ်နှစ်ခုနဲ့ တခြားသော ပြည်နယ်များ စုပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံကြီး တခုလုံးရဲ့ အမည်သာ ဖြစ်ပါတယ်၊ ဟော်လန်နိုင်ငံလို့ ဆိုပြီး နယ်သာလန် တပြည်လုံးကို ခြုံငုံပြီး ခေါ်ဆိုနေကြတာကို ဟော်လန်နယ်သား မဟုတ်ကြတဲ့ တခြားနယ်သာလန် ဒေသသားတွေက ထုံးစံအတိုင်း သိပ်ပြီးတော့ လက်ခံချင်ကြမှာ မဟုတ်ပါဘူး။


ဒတ်ခ်ျလူမျိုး မိန်းမငယ်တဦး Tulip girl

နယ်သာလန်နိုင်ငံကို ပြင်သစ်ဘာသာနဲ့ မြေနိမ့်ပိုင်းကတိုင်းပြည် Pays-Bas ဆိုပြီး ခေါ်ကြပါတယ်၊ တချို့ကလည်း ပြင်သစ်တွေက တမင်တကာနှိမ်ပြီးတော့ ခေါ်တယ်လို့ ယူဆကြပါတယ်၊ ဟော်လန် ဆိုတာ တကယ်တော့ Hollowland မှ Holland ဆိုပြီး ခေါ်ဝေါ်လာခဲ့ကြတာလို့လည်း ယူဆကြသူ လည်းရှိပါတယ်၊ အဲဒီ Hollowland ဒေသမှာ ယနေ့ခေတ် နယ်သာလန်တိုင်းပြည်ရဲ့ အကြီးဆုံးနဲ့ ရှေးဟောင်းမြို့တော် အမ်စတာဒမ် Amsterdam၊ အစိုးရရုံးများ နိုင်ငံတကာရုံးများစိုက်ရာ မြို့တော် ဒန်ဟ့ဂ် Den Haag (Nl) La Haye (Fr) The Huge (En)၊ ဒုတိယအကြီးဆုံးနဲ့ ဥရောပ ဆိပ်ကမ်း မြို့တော် ရော့တာဒမ် Rotterdam တို့လို အဓိက မြို့ကြီးတွေ ပါဝင်တည်ရှိ နေတာကြောင့် အဲဒီ ဒေသ ပြည်နယ်ရဲ့ အခေါ်အဝေါ် ဟော်လန်ဆိုတာက ပိုမို လူသိများခဲ့ ခေါ်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်၊ နောက်ပိုင်းမှာ ဟော်လန်ပြည်နယ်ရယ် အခြားပြည်နယ်တွေကို ပေါင်းစုစည်းပြီးမှ နယ်သာလန်လို့ နိုင်ငံအမည်ကို သတ်မှတ်ခေါ်ဝေါ်တာ ဖြစ်ပါတယ်၊ ဒီတိုင်းပြည်မှာ မွေးဖွားခဲ့တဲ့ မူရင်းလူမျိုးတွေကို နယ်သာလန်လူမျိုး သို့မဟုတ် ဟော်လန်လူမျိုးလို့ ခေါ်ဆိုကြသလို ဒတ်ခ်ျလူမျိုး Dutch people အဖြစ် လူသိပိုများကြမယ် ထင်ပါတယ်၊ မောင်ရင်ငတေတို့ ကမ္ဘာ့သမိုင်း ကျောင်းဖတ်စာအုပ်ထဲက အလွတ်ကျက်မှတ်ခဲ့ရာမှာ အမြဲလိုလိုပါဝင်ခဲ့တဲ့ ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီတို့ ဒတ်ခ်ျနယ်ချဲ့သမား ဆိုတဲ့ စကားလုံးတွေကိုတော့ အမှတ်ရကြမှာပါ၊ ဒတ်ခ်ျဘာသာစကားကို ပြောတဲ့ ဒတ်ခ်ျလူမျိုးတွေ နယ်သာလန်နိုင်ငံ လူဦးရေရဲ့ ၈၀ ရာနှုန်းကျော် ရှိတာပါ။


Dutch Republic, Republiek der Zeven Verenigde Nederlanden, Republic of the Seven United Netherlands. 1581.


စပိန်အင်ပါယာ အုပ်စိုးမှုကနေ တော်လှန်ခဲ့တဲ့ Dutch War of Independence ခေါ်အနှစ်ရှစ်ဆယ် စစ်ပွဲ (၁၅၆၈-၁၆၄၈) ကာလအတွင်း ၁၅၈၁ ခုနှစ်မှာ Dutch Republic ခေါ် Republic of the Seven United Netherlands နယ်သာလန်နိုင်ငံ ဆိုပြီးတော့ စတင်ပြီး ထူထောင်ခဲ့တာပါ၊ ဒီကနေ့ နယ်သာလန်ရဲ့ တရားဝင်အမည်ကတော့ Koninkrijk der Nederlanden (nl) Kingdom of the Netherlands လို့ခေါ်ပါတယ်၊ ပြင်သစ်စစ်ဘုရင် နပိုလီယံကို အနိုင်တိုက်ခဲ့တဲ့ Battle of Waterloo စစ်ပွဲနောက်ပိုင်း ၁၈၁၅ ခုနှစ်မှာ ဒီအမည်ကို စတင်ပြောင်းလဲ အသုံးပြုခဲ့တာပါ။


Koninkrijk der Nederlanden 1815

မကြာသေးခင် ဧပရယ်လ ၂၀၁၃ ကမှ နယ်သာလန်ရဲ့ ဘုရင် ဖြစ်လာသူကတော့ အသက် ၄၆ နှစ် အရွယ်ရှိ အိမ်ရှေ့မင်းသား Willem-Alexander of the Netherlands ပါ၊ နယ်သာလန် နိုင်ငံရဲ့ ထီးနန်းမှာ နှစ်ပေါင်း ၁၂၀ ကျော်ဆက်တိုက် ဘုရင်မကြီးများသာ နန်းစံခဲ့တာပါ၊ လက်ရှိဘုရင်သစ် ရဲ့ အဘွားရဲ့ အမေဖြစ်သူ ဘုရင်မကြီး  Wilhelmina (၁၈၈၀-၁၉၆၂) က ၁၈၉၀ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ ၅၈ နှစ်တိုင်တိုင် စံချိန်တင်လောက်အောင် အုပ်ချုပ်မင်းပြုခဲ့တာပါ၊ ဘုရင်သစ်ရဲ့အဘွား ဘုရင်မ Juliana (၁၉၀၉-၂၀၀၄) က နန်းသက် ၃၂ နှစ် ၁၉၄၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ကြာခဲ့ပြီး သူ့ရဲ့အမေ ဘုရင်မ Beatrix (၁၉၃၈- …) ကတော့ နန်းသက် ၃၃ နှစ်ကြာ ၁၉၈၀ ကနေ ၂၀၁၃ ခု နှစ်အထိ သက်တမ်းရှည် ဘုရင်မကြီးများအဖြစ် အုပ်ချုပ်မင်းလုပ် နိုင်ခဲ့ကြပါတယ်၊ အဲဒါတွေကြောင့် မောင်ရင်ငတေတို့ ငယ်စဉ်ကျောင်းသားဘဝကစပြီး ကြားဖူးခဲ့တာ နယ်သာလန်နိုင်ငံရဲ့ ဘုရင်မကြီး ဆိုတာသာ ဖြစ်ခဲ့ပြီး နယ်သာလန်ဘုရင်ကြီး ဆိုတာကို နားမယဉ်ခဲ့ မကြားဖူးခဲ့တာကနေ အခုတော့ တဖန် နယ်သာလန် ဘုရင်ကြီးဆိုပြီး ပြန်လည်ကြားရတော့မှာ ဖြစ်ပါတယ်၊

တနိုင်ငံလုံးလိုလိုမှာတွေ့မြင်ရမြဲ ကျေးလက်လယ်ယာစိုက်ခင်းများ

ဒီနိုင်ငံကို မောင်ရင်ငတေ ပေးချင်တဲ့အမည်ကတော့ မြောက်ပင်လယ်က တောင်မရှိတဲ့ တိုင်းပြည် လို့သာ ပေးလိုက်ချင်ပါတယ်၊ မြောက်ပင်လယ် ကမ်းရိုးတန်းတလျှောက်နဲ့ ဆက်စပ်နေပြီး တောင် တန်းဒေသတွေ ပြောပလောက်အောင်မရှိပါဘူး၊တကယ်တမ်းလည်း နိုင်ငံတနံတလျှားကို ကားတွေ ရထားတွေနဲ့ သွားတဲ့အခါမှာ လမ်းဘေးဝဲယာမှာ ပန်းခင်းတွေ သီးနှံမျိုးစုံ စိုက်ခင်းတွေ ပျိုးခင်းတွေ ကိုသာ မျက်စေ့တဆုံး တမျှော်တခေါ်ကြီး တွေ့မြင်ရမှာပါ၊ မောင်ရင်ငတေ ရောက်ဖူးခဲ့တဲ့ အခေါက် တိုင်းမှာ ပန်းမျိုးစုံ ပွင့်သောရာသီ မဟုတ်ခဲ့တာရယ် ဟုတ်ခဲ့ပြန်ရင်လည်း သွားဖို့ အခွင့်မကြုံခဲ့ရ တာရယ်ကြောင့် ရောင်စုံပန်းခင်းတွေကိုတော့ဖြင့် များများစားစား မတွေ့ရှိခဲ့ရပါဘူး၊ နောက်တနှစ် ဧပရယ်လ ပန်းရာသီ ရောက်ရင်တော့ ရောက်အောင်သွားဖို့ ကြိုးစားပါအုံးမယ်။

စိုက်ခင်းတူးမြောင်းလေရဟတ် နယ်သာလန်မြေရဲ့သင်္ကေတများ

နယ်သာလန် သို့မဟုတ် ဟော်လန်လို့ ပြောလိုက်တာနဲ့ တပြိုင်နက်တည်းမှာ ပြေးမြင်လိုက်မိရတာ ကတော့ လေရဟတ်တွေရယ် တူးမြောင်းလေးတွေရယ် လှပလွန်းလှတဲ့ ရောင်စုံပန်းခင်းတွေရယ် Polder လို့ခေါ်ကြတဲ့ တမံတုတ်ထားတဲ့ ရေတဝက် ကုန်းတဝက်နဲ့ မြေပြင်ညီအကျယ်ကြီးတွေရယ် သီးနှံစိုက်ခင်းမျိုးစုံရယ်ပါ၊ နယ်သာလန်ရဲ့ စက်မှုလွန် စိုက်ပျိုးရေး လုပ်ငန်းကိုတော့ အားလုံးလိုလို သိရှိပြီးသား ဖြစ်ကြမှာပါ၊ စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့ရောင်ချရာမှ ရရှိတဲ့ဝင်ငွေမှာ ဒီနိုင်ငံ သေးသေးလေးထက် အများကြီး ကျယ်ပြန့်ကြီးမားတဲ့ အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ နောက်မှာကပ် လိုက်ပြီး ကမ္ဘာမှာ တတိယလိုက်ပါတယ်၊ အဲဒါတောင်မှ စိုက်ပျိုးရေးလုပ်သားက တနိုင်ငံလုံးမှာရှိတဲ့ အလုပ်လုပ်ကိုင်နိုင်သူဦးရေရဲ့ လေးရာခိုင်နှုန်းခန့်သာ ရှိတာပါ၊ စက်မှုလွန်လယ်ယာ ဆိုတော့လည်း လူတယောက် လယ်ထွန်စက်တစီးနဲ့ ဧကပေါင်းများစွာကို အလုပ်လုပ်နေကြတာဖြစ်ပြီး လယ်ကွင်း တွေမှာ စိုက်ခင်းတွေမှာ လယ်သမား ယာသမား ခြံသမားရယ်လို့ များများစားစား စုပြုံပြီး မြင်တွေ့ ရဖို့ မရှိတော့ပါဘူး၊ သူတို့ရဲ့ သားသမီးတွေလည်း မြို့တက်ကမ္ဘာပတ် အလုပ်သစ်တွေ လုပ်ကိုင်နေကြပါပြီ၊ ဘယ်လိုဘဲ စက်ပစ္စည်းတွေနဲ့ စိုက်ပျိုးလုပ်ကိုင်နေကြရပေမယ့် စိုက်ပျိုးရေးသမား ဆိုတာ ခပ်ကြမ်းကြမ်းသာ လုပ်ရကိုင်ရတာမို့ သူတို့တွေလည်း ဘဝကြင်ဖော်ရှာဖို့က စိုက်ပျိုးရေးလုပ်သား ရှာဖို့ထက် ပိုမိုခက်ခဲလာလေတော့ စိုက်ပျိုးရေးလုပ်သားဧဂျင်စီကနေ ကြင်ဖော်ရှာဖွေရေးဧဂျင်စီသို့ ပြောင်းပြီး ကြင်ဖော်ရှာဖွေနေရတာက အလုပ်ကြီးတခု ဖြစ်လို့လာနေပါပြီ။
  
အလုပ်သမားမတွေ့ရတဲ့ စိုက်ခင်းပျိုးခင်းများ

လူသူမရှိတဲ့ စိုက်ခင်းတွေမှာ စက်နဲ့ရေဖျန်း နေပုံတွေကိုတော့ မောင်ရင်ငတေ သဘောအကျမိရ ဆုံးပါဘဲ၊  အများစု အဓိကထား စိုက်ပျိုးထုတ်ကုန်က နိုင်ငံရပ်ခြားကို တင်ပို့တာနဲ့ ပြောရရင် ကမ္ဘာ့ ခရမ်းချဉ်သီး တင်ပို့မှုရဲ့ လေးပုံတပုံ ငရုတ်သီးစိမ်းနဲ့ သခွားသီး တင်ပို့မှုက သုံးပုံတပုံ ပန်းသီး တင်ပို့ ရောင်းချနိုင်မှုက ဆယ့်ငါးပုံတပုံ ရှိပါတယ်တဲ့၊ နယ်သာလန်နိုင်ငံရဲ့ အကျယ်အဝန်းက ဘာမှသိပ်ရှိ လှတာမဟုတ်ပါဘူး၊ စုစုပေါင်းဧရိယာ စတုရန်းကီလိုမီတာ လေးသောင်းတထောင်ခန့် စတုရန်းမိုင် အားဖြင့် တသောင်းခြောက်ထောင်ကျော်သာ ကျယ်ဝန်းလို့ မကွေးတိုင်းထက်တောင် ပိုပြီးကျဉ်းပါ သေးတယ်၊ နိုင်ငံရဲ့သုံးပုံနှစ်ပုံ ကျော်ကျော်က ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေတယ်လို့ ဆိုကြ ပါတယ်၊ မြောက်ပင်လယ်ရဲ့ မုန်တိုင်းဒဏ် ရေလွှမ်းမိုမှုဒဏ်တွေကို အစဉ်လိုလို ခံစားခဲ့ရတာကနေ ကာကွယ်ဖို့ စဉ်းစားကြ အကြံထုတ်ခဲ့ကြရာကစပြီး အခုဆိုရင်တော့ဖြင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ရေကာတာ တည်ဆောက်ခြင်းနဲ့ ရေအရင်းအမြစ် စီမံခန်ခွဲရေးစနစ်တွေ ထွန်းကားရာ ဦးဆောင်ရာ နိုင်ငံဖြစ်လာပါတယ်၊ ပင်လယ်ကမ်းရိုးတန်းအရှည် စုစုပေါင်းမှ ကီလိုမီတာ ၄၅၀ ကျော်သာရှိတာပါ၊နယ်သာလန်နဲ့ အကျယ်ချင်းတူညီတဲ့ ဒိန်းမတ်နိုင်ငံက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်လို့ ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၇၀၀၀ ကျော်ရှိပါတယ်။

ဘယ်ကိုသွားသွား ဒီလိုမြင်ကွင်းများသာ

မကွေးတိုင်း အကျယ်အဝန်း နီးပါးသာရှိတဲ့ နယ်သာလန်မှာ နေထိုင်ကြသူ အရေအတွက်ကတော့ မကွေးတိုင်းထက် လေးဆကျော် များပါတယ်၊ လူဦးရေ ၁၆ သန်းကျော် ရှိပြီး လာရောက်အခြေစိုက် နေထိုင်ကြသူ အများစုကတော့ ကိုလိုနီနိုင်ငံ အဟောင်းဖြစ်ကြတဲ့ အင်ဒိုနီးရှားလူမျိုး ဆူရီနမ်လူမျိုး မော်ရိုကိုလူမျိုးနဲ့ တူရကီလူမျိုး နှစ်ရာခိုင်နှုန်းစီလောက် ရှိကြပါတယ်၊ မောင်ရင်ငတေတို့ရဲ့ ရွှေ မိသားစုတွေလည်း အတော်အသင့် ရောက်ရှိလို့နေပါပြီ၊ အခြေကျ အစဉ်ပြေကြသူတွေလည်း ရှိကြ သလို ဂေါက်ကြောင် သွားသူတွေလည်း ရှိပါတယ်၊ ဒီကနေ့ နယ်သာလန်နိုင်ငံဟာ ဥရောပမှာတော့ အတော်နေပျော်တဲ့ တိုင်းပြည်တခုပါ၊ မောင်ရင်ငတေတို့လို့ ပြောင်းရွှေ့ရောက်ရှိ နေထိုင်ကြသူတွေ အတွက်လည်း သိပ်ခက်ခက်ခဲခဲ ရုန်းကန် နေထိုင်ကြရတာမျိုး မဟုတ်ပါဘူး၊ အခုမှ မောင်ရင်ငတေ အနေနဲ့ ဥရောပမြေကို ရောက်ရှိလို့လာပြီး အခြေချနေထိုင်ဖို့ကို ရွေးချယ်ခွင့်များ ရှိမယ်ဆိုခဲ့ရင် ဂျာမဏီနိုင်ငံနဲ့ နယ်သာလန်နိုင်ငံ တို့ကိုသာ ရွေးချယ်မိမှာပါ၊ ပြင်သစ်ပြည်ကတော့ သမိုင်းကြောင်း ဘယ်လောက်ဘဲ လှပခဲ့စေမူကား ဒီကနေ့ခေတ် ဥရောပမှာ ပြင်သစ်ပြည်ဟာ ရွှေ့ပြောင်းအခြေချ လာသူတွေအတွက် အခက်အခဲတွေ နယ်သာလန်ထက် ပိုမိုပြီး များပြားစွာ ရင်ဆိုင်ကြရမှာ အမှန်ပါ ဘဲ၊ ဒါပေမဲ့လည်း မောင်ရင်ငတေတို့လိုလူမျိုးတွေ များပြားလာတာနဲ့အမျှ နယ်သာလန် အပါအဝင်ဥရောပနိုင်ငံကြီးတွေမှာ နောက်ထပ်ရောက်လာမယ့် လူသစ်တွေအတွက် လျှောက်ရမယ့်လမ်း ပိုမို ခက်ခဲ ကြမ်းတမ်းဖို့သာ ရှိကြောင်းပါ။

ရိုးရာမပျက်ကြသူတွေလည်းအများသား

နယ်သာလန်ရဲ့ လမ်းမပေါ် ကားပေါ် ရထားပေါ်တွေမှာ မောင်ရင်ငတေတို့ သွားမယ့်လမ်း သေချာ မသိလို့များ စမ်းတဝါးဝါး ဖြစ်နေရင် နယ်သာလန်လူမျိုး ပျိုပျိုအိုအိုတွေသာမက အမယ်ကြီးအိုတွေ ကပါ ဖော်ဖော်ရွေရွေ ပြုံးပြုံးရွှင်ရွှင် သူတို့ကစပြီး မေးမြန်းကူညီကြတာကို ခဏခဏ ကိုယ်တွေ့ကြုံ ရဖူးပါတယ်၊ တိုက်ဆိုင်လာလို့ပြောရရင် ဒိန်းမတ်ပြည်က တောကျွန်းတကျွန်းမှာ မောင်ရင်ငတေတို့ ရဲ့ကား လမ်းမှားပြီး ယောင်လည်လည် ဖြစ်နေစဉ်မှာ ဘေးနားမှာရပ်ထားတဲ့ တခြားကားနှစ်စင်းပေါ် မှာပါလာတဲ့ တောသူဌေးသားဂိုက်တွေနဲ့ ဒိန်းမတ်လူဖြူတွေကို အကူအညီတောင်းဖို့ မေးမြန်းဖို့ သွားတာမှာ မျိုးချစ်စိတ်ဓါတ် မျိုးစောင့်စိတ်ဓါတ် အပြည့်အဝနဲ့ မကြားချင်ယောင်ဆောင် မမြင်ချင် ယောင်ဆောင် မသိချင်ဟန်ဆောင်သွားတာက သိသာလွန်းလှပါတယ်၊ လူဖြူချင်းအတူတူ သမိုင်း နောက်ကြောင်းလည်း ဘာမှသိပ်မကွာကြတဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်ပေမယ့် လူလူချင်းဆက်ဆံမှုမှာတော့ လူ့အခွင့်အရေးတွေ ဘာတွေ မိုးမွှန်အောင် ပြောနေကြတာ တူကြပေမယ့်လည်း တကယ့်တကယ် ဆက်ဆံမှုမှာတော့ ကွာခြားနေသေးတာကို တွေမြင်ရသေးကြောင်းပါ၊ ယနေ့ ဥရောပ နိုင်ငံကြီးတွေ မြို့ကြီးတွေနဲ့ ကျေးလက်တောရွာတွေရဲ့ ယေဘူယျ ကွာခြားချက်ပါ၊ ဥရောပ တောကျေးရွာတွေမှာ မောင်ရင်ငတေတို့လို ရွှေ့ပြောင်း အခြေစိုက်ကြသူတွေ နည်းပါးလှသလို မူရင်းလူဖြူ လူမျိုးတွေသာနေထိုင်ကြတာ များပါတယ်၊ သူတို့ဟာ မြို့ကြီးသားတွေလိုတော့ ဟန်မဆောင်တတ်ကြဘဲ ခင်မင်မိ ပြီဆိုခဲ့ရင်တော့ တသက်လုံးဆိုပေမယ့် တော်ရုံတန်ရုံ မသိလို့ကတော့ သူတို့အမျိုးကိုတော့ သူတို့ အချစ်လွန်ကြတာမျိုးကတော့ ကမ္ဘာဘယ်အရပ်ဖြစ်ဖြစ် အတူတူပါ။


နယ်သာလန်ရဲ့သင်္ကေတ တူးမြောင်းနဲ့ရှေးဟောင်းတံတား (SCHIEDAM မြို့)


(ဆက်ရန်ရှိပါသေးတယ်)       

Comments