(MoemKaKa Interview) Maung Maung Thaw & Dental Implant

မေးရိုးတွင် မူလီစုတ်ပြီး သွားစိုက်ခြင်း၊ ဒေါက်တာသော်ရဲ့ Dental Implant
မိုးမခအင်တာဗျူး၊ စက်တင်ဘာ ၃၊ ၂၀၁၃
ဆန်ဖရန်ဘေးဧရိယာက သွားဆရာဝန်တဦးဖြစ်တဲ့ Dr. Ryan Thaw (မောင်မောင်သော်) က သွားကျန်းမာရေးဆေးခန်းအပြင် Dental Implant လို့ခေါ်တဲ့ သွားစိုက်တဲ့ နည်းပညာဖြန့်ချိခြင်းနဲ့ သွားစိုက်ကိရိယာဆိုင်ရာ လုပ်ငန်းတခုကို တိုးချဲ့လုပ်ကိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။
သူရဲ့ လုပ်ငန်းဝက်ဆိုက်က https://rtoralcare.com/index.php ဖြစ်ပြီးတော့ သွားဖက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပုံတွေကို သူ့ဖေ့စ်ဘွတ်မှာ https://www.facebook.com/rtoralcare?hc_location=timeline ဓာတ်ပုံတွေ၊ ရုပ်သံတွေနဲ့ ဗဟုသုတရအောင်၊ ပိုပြီး နားလည်လာအောင် တင်ဆက်ထားတယ်လို့ ဆိုပါတယ်။ 
သူကတော့ မြန်မာတွေ နားလည်လွယ်တဲ့ စကားလုံးအဖြစ် မေးရိုးတွင် မူလီစုတ်ပြီး သွားစိုက်ခြင်း ဆိုပြီး သုံးစွဲပါတယ်။ သူနဲ့ တွေ့ဆုံပြီး သွားကျန်းမာရေးဆိုင်ရာ dental implant အကြောင်းကို မေးမြန်းခဲ့သမျှ ပြန်လည် တင်ပြလိုက်ပါတယ်။
အယင်က သွားစိုက်တဲ့ဆီမှာ ရှိပြီးသားသွားကို crown စွတ်ပေးတာ၊ အံပုံတပ်ပေးတာ၊ ဘေးက သွား ၂ ချောင်းကို ပိုးပြီး ကြားမှာ သွားအတုကို bridge လုပ်ပေးတာတွေ လုပ်လေ့ရှိရာက နောက်ပိုင်းမှာ သွားကို သွားဖုံးအောက်က အရိုး (မေးရိုး) ထဲမှာ titanium မူလီကို ထည့်သွင်းပြီးအပေါ်ကနေ သွားအတု စိုက်ပေးတဲ့ ခေတ်ပေါ် နည်းပညာစနစ်ကို သုံးစွဲလာကြတယ်လို့ ဆိုပါတယ်။ 
၁၉၉၃ ခုနှစ်ခန့်က မြန်မာပြည်တွင်း စာစောင်တခုမှာ ဒေါက်တာသော်က dental implant အကြောင်းကို ‘မေးရိုးတွင် မူလီစုတ်၍ သွားစိုက်ခြင်း’ အမည်နဲ့ ဆောင်းပါးရေးပြီး မိတ်ဆက်ပေးဖူးကြောင်း၊ ထိုအချိန်က စာရိတ်စကနှင့် နည်းပညာလက်လှမ်းမမီသဖြင့် လက်တွေ့ဆောင်ရွက်ဖို့ ခဲယဉ်းကြောင်း၊ အမေရိကန်ပြည်မှာ ၂၀၀၀ နောက်ပိုင်း ခေတ်စားလာကြောင်း၊ သို့သော်လည်း စာရိတ်ကြီးမားခြင်း၊ သွားကျန်းမာရေးအာမခံလုပ်ငန်းများက စာရိတ်မျှပေးမှု အထောက်အကူပေးခြင်းတို့ နည်းပါးကြောင်း၊ ယခုအချိန်မှာ သွားစိုက်ရာမှာ DENTAL IMPLANT က ခေတ်စားလာပြီး၊ dental insurance coverage လည်း ရရှိလာကြောင်း၊ သွားကျန်းမာရေးအတွက် ယခင်ရှေးရိုးသွားစိုက်ခြင်းထက် ပိုမိုပြီး ကောင်းမွန်မှု၊ အကျိုးရှိမှုတွေ ရှိလာကြောင်း သူက ပြောပြပါတယ်။
မေးရိုးထဲမှာ တိုင်တေနီယံသံချောင်းကို ထည့်သွင်းခြင်း၊ လူရဲ့ အရိုးများက အဆိုပါပစ္စည်းကို လက်ခံသည့် တုန့်ပြန့်မှုကောင်းခြင်း၊ ၎င်းအပေါ်က သွားတုကို တပ်ဆင်ပြီးနောက် သွားတု၏ တုန့်ပြန်မှု၊ ထိတွေ့မှုတို့မှာ လူနာအတွက် အနှောက်အယှက်မဖြစ်ခြင်းတို့ကြောင့် ရိုးရိုးသွားတုများ တပ်ဆင်တာထက် ယခု DENTAL IMPLANT က သွားစိုက်သူများအတွက် သင့်တော်တဲ့ ရွေးချယ်မှု ဖြစ်လာတယ်လို့ ဆိုပါတယ်။
အဆိုပါ DENTAL IMPLANT နည်းပညာနဲ့ စနစ်ကို ဒေါက်တာမောင်မောင်သော်က သီးခြား သင်တန်းများ တက်ရောက်ပြီး စာတွေ့ လက်တွေ့ တတ်မြောက်အောင် သင်ကြားရယူခဲ့တယ်လို့ သိရပါတယ်။ ယခုအချိန်မှာ သူ့ဆေးခန်းမှာ အဆိုပါ နည်းပညာနဲ့ သွားစိုက်ပေးခြင်းကို အောင်မြင်စွာ ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ သွားစိုက်ရန်မလိုတဲ့ လူနာတွေအတွက် မူလသွားအဟောင်းကို ပြုပြင်ပြီး အပေါ်က သွားအတု စွတ်ပေးတဲ့ CROWN လုပ်ပေးတဲ့ အလုပ်ကိုလည်း ဆေးခန်းမှာ စက်ကိရိယာများ ၀ယ်ယူထားပြီး ချက်ခြင်း စက်နဲ့ လုပ်ပေးနိုင်တယ်လို့ သူက ပြောပြပါတယ်။
ယခုအချိန်မှာ မူလအားဖြင့် ပစ္စည်းကိရိယာဖိုး ဈေးနှုန်းကြီးမြင့်တဲ့ DENTAL IMPLANT အလုပ်အတွက် ထုတ်လုပ်သူဆီက တိုက်ရိုက်မှာယူပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ RT Oral Care မှတ်ပုံတင်ပြီး နည်းပညာနဲ့ လုပ်ငန်းသုံးပစ္စည်းတွေကိုပါ ဈေးနှုန်းချိုသာစွာနဲ့ ဖြန့်ချိဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ အမေရိကန်ထုတ်ပစ္စည်းကို ရောင်းချတာ ဖြစ်တယ်။ သူတတ်ကျွမ်းထားတဲ့ သွားဖက်ဆိုင်ရာ နည်းပညာကိုပါ တခါတည်း ဖြန့်ချိသင်ကြားပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အမေရိကန်ပြည်တွင်းက သွားဆရာဝန်တွေရဲ့ လုပ်ငန်းတွေမှာသာမက မြန်မာပြည်တွင်းက သွားဆရာဝန်လုပ်ငန်းတွေမှာပါ ခေတ်မီနည်းပညာကို စာရိတ်သက်သာပြီး အတတ်ပညာကိုပါ တပါတည်း တွဲပြီး ပေးဆောင်နိုင်ဖို့ကို လုပ်နေတယ်လို့ သိရပါတယ်။
ပထမဦးဆုံး ခြေလှမ်းအဖြစ် လာမည့် ရက်သတ္တပတ်မှာ မြန်မာပြည်က ပုဂ္ဂလိကဆေးရုံတခုမှာ dental implant မိတ်ဆက်ခြင်း၊ သရုပ်ပြခြင်းကို သွားရောက်လုပ်ကိုင်မယ်လို့ ဆိုပါတယ်။ မိတ်ဆွေ ကျောင်းနေဖက် သွားဆရာဝန်တွေနဲ့ ချိတ်ဆက်ပြီး ဆေးရုံမှာ ၁၀ ရက်ခန့် ရှင်းလင်း မိတ်ဆက်တာ၊ ကိုယ်တိုင် လူနာကို သွားစိုက်ပေးတာအပြင်၊ အထောက်အကူကိရိယာများနဲ့ မိတ်ဆွေ သွားဆရာဝန်တွေကိုယ်တိုင်က သူတို့လူနာတွေကို တိုက်ရိုက်သွားစိုက်ပေးတာကို လုပ်ကိုင်နိုင်ဖို့ တွဲဖက်ကူညီပြမယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ ပုံမှန်သွားစိုက်လုပ်ငန်းတွေအပြင် အခုလို အရိုးတွင်း တိုက်တေနီယံသွင်းပြီး သွားစိုက်ခြင်းကို ပြည်ပနိုင်ငံတွေ ထွက်လုပ်ကြမယ့်အစား ဆရာဝန်တွေက ကိုယ်တိုင်လုပ်နိုင်ကြမယ်ဆိုရင် နိုင်ငံခြားထွက် ကုသရတဲ့ အခြားစာရိတ်စကများ သက်သာတာအပြင်၊ အမေရိကန်က တိုက်ရိုက်နည်းပညာနဲ့ ပစ္စည်းကို ရယူပြီး မြန်မာဆရာဝန်များကတဆင့် ဆောင်ရွက်တဲ့ စာရိတ်ကလည်း အထိုက်အလျောက် သက်သာမယ်လို့ ဆိုပါတယ်။ 
(Dr. Maung Maung Thaw with Ko Min Ko Naing during his visit to USA, 2013 June)
အမေရိကန်မှာ အခုလို သွားစိုက်မယ်ဆိုရင် သွားတချောင်းကို အမေရိကန်ဒေါ်လာ ၃ ထောင် ခန့် ကျသင့်ပြီး၊ မြန်မာပြည်မှာတော့ အဲသည်ထက် အများကြီး သက်သာမယ်လို့ သူက ခန့်မှန်းပါတယ်။ စိတ်ဝင်စားတဲ့ သွားဆရာဝန်တွေ သူ့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြတယ်လို့ ပြောပါတယ်။ ဒေါက်တာ မောင်မောင်သော်ဟာ သွားဆေးကုလုပ်ငန်းအပြင် လူမှုရေးကူညီမှု အလုပ်များကို စိတ်ဝင်စား အားပေးသူတဦး ဖြစ်ပါတယ်။ မကြာသေးမီကပဲ San Francisco Bay Area Burmese Community Organizers လှုပ်ရှားမှုတခုဖြစ်တဲ့ အခမဲ့ သွားကျန်းမာရေးစစ်ဆေးကုသပေးမှု (Free Dental Care Drive) တခုကိုလည်း ဘေးဧရိယာရောက် သွားကျန်းမာရေးစာရိတ်မတတ်နိုင်တဲ့ မြန်မာမိသားစုတွေအတွက် ဆေးပညာဒါန ပြုခဲ့ပါတယ်။

Comments