Saung Luu - Essay

စ က် ရု ပ် ည
ဆောင်းလူ
စက်တင်ဘာ ၂၅၊ ၂၀၁၃




လ .... ချိန်သားကိုက် သာနေလိုက်တာ ... တစ်စက္ကန့်တောင် မစွန်းဘူး ...။ သူ့အပေါ် အပြံးတုတခု မူလီစုတ်ပြီး တပ်ပေးလိုက်တယ် ...။ ညနဲ့အတူ ပဏာရသွားအောင် ... ဘေးနားမှာ ကြယ်သေတွေကို ရစ်ပစ်ရိုက်ပြီး ကပ်ထားလိုက်တယ် ...။ ကြယ်သေတွေ မှိတ်တုတ် ..မှိတ် တုတ်ဖြစ်အောင် ... အလှည့်ကျ ချိန်သားကိုက် တိုင်မ်မာ တခုပေးထားလိုက်တယ် ...။ 

လမ်းဘေးတလျောက်မှာ မြို့ပြစက်ရုပ်တွေ ... အိုင်စီတွေကို အလဲအထပ်လုပ်နေကြတယ် ...။ တချို့လည်း အလိုက်ပေးပြီး ၀ယ်နေကြတယ် ..။ တချို့လည်း ပုဒ်ပြတ်ပေးပြီး ၀ယ်နေကြတယ် ...။ တောင်းစားနေတဲ့ စက်ရုပ်တကောင်ရဲ့ ဂန်ဖလားထဲတော့ အင်ဂျင်ဝိုင်တစက် .. မူလီ တစတောင် ဈေးဦးမပေါက်သေးဘူး ...။ 

စက်ရုပ်ဆန်တဲ့ အတွေးတဆ .. စက်ရုပ်ညမှာ ဖြစ်ပေါ်လာတယ် ...။ အစားထိုးထားတဲ့ နှလုံးသားထဲမှာ မူလီတစ ဂျမ့်ဖြစ်နေပြီထင်တယ် ...။ ချောဆီလိုမလား ... ။ အင်ဂျင်ဝိုင်လိုမလား ...။ ကောင်းကောင်း အလုပ်မလုပ်တာတော့ ကျိမ်းသေနေပြီ ...။ ပြင်ချင်ပြင် ..မပြင်ရင် အစားထိုးဖို့ လုပ်ရတော့မယ် ...။ 

အင်ဂျင်ဝိုင်ကောင်းကောင်းလေးတခွက်ကို စိမ်ပြေ နပြေ သောက်ပစ်လိုက်ချင်တယ် ...။ ဂျပန်ဝက်အူတွေ အရစ်မရှည်ဖို့ အဆိုတင်သွင်းရ မယ် ...။ စီပီယူ ပါဖော့မန်င့်ကို သူတောင်းစား စက်ရုပ်တကောင်မှာတောင် အနည်းဆုံး ကွစ်ကိုးလောက် ထည့်သွင်းပေးဖို့ အဆိုပြုရမယ် ..။ အနည်းဆုံး မန်မိုရီ သာတီတူးဂစ်လောက်တော့ ရှိဖို့လိုမယ် ..။ အခြေခံစက်ရုပ်ကောင်းစားရေးအတွက် အလုပ်လုပ်မှဖြစ်မယ် ..။ အို .. ရလိုမှု အတ္တတွေစွန့်ခွာဦးမှ ...။ နှလုံးသားမှ မစစ်တာ ...။ 

စက်ရုပ်တွေ ... ဂလောက် ဂလက်နဲ့ ... စက်ရုပ်စကားတွေ ဖောင်ဖွဲ့နေကြတယ် ...။ နှလုံးသား မစစ်တာတွေနဲ့ ... သူတို့ သံမဏိတွေအကြောင်း ...။ ပါဖော့မန်င့်မြင့်တဲ့ စီပီယူတွေအကြောင်း ...။ အိုင်စီအလဲအထပ်လုပ်တာ ဘယ်လောက် မြတ်တယ်ဆိုတဲ့အကြောင်း ...။ 

စက်ရုပ်ချာတိတ်တကောင် .. ဘောင်မတတ်ထားတဲ့ ကျောက်သင်ပုန်းတချပ်ပေါ်မှာ .. တချောင်း ဆယ်ပြားပေးရတဲ့ ကျောက်တံတချောင်းနဲ့ ... အေ ဘီ စီ ဒီ အရေးကျင့်နေတယ် ...။ 

စက်ရုပ်အပျိုမတကောင် .. သံမဏိကိုယ်ထည်ပေါ်မှာ လိုးရှင်းလိမ်းနေတယ် ...။ 

ထွေလီကာလီ စက်ရုပ်ညကို ငေးရင်း ငေးရင်း ... အယ်ရာအချက်ပေးသံမြည်လာတယ် ...။ စီပီယူလား ..။ အိုင်စီလား ..။ ဘက်ထရီ ဒေါင်းတော့မယ် ...။ စက်ရုပ်ညဟာ ... မှိတ်တုတ် ..မှိတ်တုတ် ...။ ဒါ သံပတ်ကုန်ဖို့ အစ ပျိုးခြင်းပဲ ....။

ဘရိတ်ဆီနဲ့ ဆပ်ပြာရေကို ရောပြီး ... ခပ်ပြင်းပြင်း မော့လိုက်တယ် ... ၀ါယာကျောတလျှောက်မှာတော့ .. ပူကနဲ ... နွေးကနဲ ...။ 


စက်ရုပ်ညကို ဂျမ့်ဖြစ်နေတဲ့ နှလုံးသားနဲ့ ကျောခိုင်းလိုက်တယ် ..။ နေရစ်တော့ .. ည ... ချိန်သာကိုက် လနဲ့ ရစ်ပစ်ရိုက်ထားတဲ့ ကြယ်သေတွေ အနားမှာ ...။

Comments