Than Win Hlaing - Cartoon U Than Kawe (1923 - 1984)

ကာတွန်း ဦးသန်းကြွယ် (၁၉၂၃ - ၁၉၈၄)
သန်းဝင်းလှိုင်
စက်တင်ဘာ ၃၀၊ ၂၀၁၃





မြန်မာနိုင်ငံတော်တွင် ကာတွန်းရုပ်စုံ ရေးဆွဲသူများစွာ ရှိသည်။ ယင်းတို့အထဲတွင် ယနေ့တိုင် ကျော်ကြားနေသော ကာတွန်းဆရာတစ်ဦးကား ကာတွန်း ဦးသန်းကြွယ်ပင် ဖြစ်သည်။

နာမည်ကျော် ကာတွန်းဆရာ ဦးသန်းကြွယ်ကို ၁၉၂၃ ခု၊ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့၌ အဖ ဦးဖိုးကျားနှင့် အမိ ဒေါ်ရှင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း (၇) ယောက်အနက် တတိယမြောက်ဖြစ်သည်။  ကာတွန်းသန်းကြွယ် မွေးချင်းများမှာ  အစ်ကို သန်လျင်မြဦး၊ ဒေါက်တာမြင့်သန်း၊ ညီမဒေါ်ခင်ညို၊ ညီ ဦးမြင့်သိန်းခေါ် ကာတွန်းသန်းနွယ်၊ ညီမ ဒေါ်သန်းနွယ်နှင့် ဒေါ်မြင့်ထက်တို့ ဖြစ်ကြသည်။

ကာတွန်းသန်းကြွယ်သည် သန်လျင်မြို့၊ မက်သဒစ် အထက်တန်းကျောင်းတွင် နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။ ဦးသန်းကြွယ်သည် ပန်းချီနှင့် ကာတွန်းပညာကို  သင်ဆရာမရှိဘဲ မြင်ဆရာများဖြင့် တတ်မြောက်ခဲ့သည်။ ငယ်စဉ်က ဦးဘဥာဏ်နှင့် ပန်းချီဦးဘလုံတို့၏ ပန်းချီကားများကို အထူးနှစ်သက်၍ ကူးယူရေးဆွဲ လေ့ကျင့်ခဲ့သည်။ ထို့နောက် အစ်ကိုကြီး သန်လျင် ဦိးမြဦး ရေးသော အနုပညာ ဆောင်းပါးများအတွက် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ ကာတွန်းဦးဘဂျမ်း ကာတွန်းများကို ကူးယူရေးဆွဲ လေ့ကျင့်ခြင်းဖြင့်  ကာတွန်းဆွဲတတ်လာသည်။ ဦးသန်းကြွယ်၏ အစောပိုင်း ကာတွန်းလက်ရာများသည် ဦးဘဂျမ်း သြဇာ လွှမ်းမိုးခဲ့သော်လည်း နောင်တွင် ဦးသန်းကြွယ် ပင်ကိုယ်ပိုင်ဟန် ထွက်လာသည်။




ဦးသန်းကြွယ်သည် ၁၉၅၃ ခုနှစ် ဟံသာဝတီ သတင်းစာ၌ နိုင်ငံရေးကာတွန်းကို စတင်ရေးဆွဲသည်။ ထို့နောက် မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ ပြည်ထောင်စု၊ ပြည်တော်စိုး၊ မီးဒုတ်စသော သတင်းစာများတွင် နိုင်ငံရေးကာတွန်းများ ဆက်လက်ရေးဆွဲခဲ့သည်။ နိုင်ငံရေးကာတွန်းများ ရေးဆွဲရင်း သွေးသောက်၊ ရူမဝ၊ မြဝတီ၊ ငွေတာရီ စသော မဂ္ဂဇင်းများနှင့် ကလေးဂျာနယ်တို့တွင် ရယ်ရွှင်ဖွယ်နှင့် ပညာပေး ကာတွန်းများ ရေးဆွဲသည်။ သတင်းစာ ကာတွန်း မဂ္ဂဇင်းကာတွန်းများအပြင် ရုပ်ပြစာစောင် ၊ရုပ်ပြလုံးချင်းဝတ္ထုများတွင်လည်း ရုပ်ပြ  ကာတွန်းအမြောက်အများ ရေးဆွဲခဲ့သည်။ ရုပ်စုံကာတွန်းများကို ဖိုးပြုံးချိုစာစောင်တွင် ဖိုးဝ၊ အင်္ဂါဂြိုလ်၊ မြတ်လုလင်စာစောင်တွင် ပူစီ ၊ ပါစီ၊ ပေါက်စီ၊ ပေါ်ပြူလာဂျာနယ်တွင် ပေါတာ ၊ဂွစာ ၊ ကလေးဂျာနယ်တွင် ဒေဝေါ၊ မော်ဒန်ကာတွန်းတွင် ဂေါက်တေးနှင့် ကျော်စွာဟူ ရေးဆွဲခဲ့သည်။
နောက်ပိုင်းတွင် ကာတွန်းဦးသန်းကြွယ်သည် ကမ္ဘာကျော် ကာတွန်းဝိဇ္ဇာကြီး ဝေါ့ဒ်ဒစ္စနေးလ် ကာတွန်းလက်ရာများကို နှစ်သက်သဘောကျကာ ဒစ္စနေးလ်၏ ကာတွန်းရေးနည်း ရေးဟန်များ အတုယူ လေ့ကျင့်ခဲ့သည်။


ဦးသန်းကြွယ်သည် ရုပ်ပြကာတွန်းလောကတွင်လည်း အောင်မြင်ထင်ရှားသူ တစ်ဦးဖြစ်သည်။ ဦးတာတီး၊ အင်္ဂါဂြိုဟ် ၊ပေါတာ၊ ဂွစာ၊ ကျော်စွာ၊ ဖိုးဝ အပါအ၀င် ကာတွန်းဇာတ်ကောင် ၃ဝ ခန့် ဖန်တီးခဲ့သည်။ ယနေ့တိုင် သူ့ကာတွန်းဇာတ်ကောင်များကို စာဖတ်သူတို့က မမေ့ကြသေးပေ။ စာပေဗိမာန်မှထုတ်ဝေသော ရွှေသွေး စာစောင်တွင် မျက်နှာဖုံးဇာတ်လမ်း အပါအဝင် ကာတွန်းပုံများကို ပင်တိုင်ရေးဆွဲခဲ့သည်။ မြန်မာ့ရိုးရာ ပန်းပညာရှင်များ စည်းရုံးရေးကော်မတီက ထုတ်ဝေသော လှပစာစောင်တွင်လည်း ကာတွန်းများကို ပင်တိုင်ရေးဆွဲသည်။

ဦးသန်းကြွယ်သည်  ကာတွန်းဇာတ်ကောင် ဖိုးဝ ပါဝင်သော ကာတွန်းရုပ်ရှင်ကားကို ၁၉၆၆ ခုတွင် အောင်မြင်စွာ  ရေးဆွဲရိုက်ကူးနိုင်ခဲ့သည်။ ယင်းကာတွန်းရုပ်ရှင်ကားကို ရုံတင်ရန် ကုမ္ပဏီတစ်ခုနှင့် စီစဉ်ခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် ရုံမတင်နိုင်ခဲ့ချေ။


ပင်ကိုစိတ်ကူးဥာဏ်ကောင်း၍ ကာတွန်းလက်ရာ ပြောင်မြောက်သဖြင့် ဦးသန်းကြွယ်၏ ကာတွန်းများကို လူကြီး လူငယ်မရွေး နှစ်သက်ကြသည်။ ဦးသန်းကြွယ်သည် အထူးသဖြင့်  ကလေးသူငယ်များ အချစ်တော် ကာတွန်းဆရာကြီး ဖြစ်သည်။ ကလေးများသည် ကာတွန်းကို စာအများကြီးဖြင့် သရုပ်ဖော်ပါက ငြီးငွေ့ကာ စာဖတ်ကျင့်ကို ပျက်စေနိုင်သည်။ ထို့ကြောင့် ကလေးကာတွန်းများကို စာနည်းနည်း ရုပ်ပုံများများဖြင့် သရုပ်ဖော်မှ ကလေးတို့ စာဖတ်တိုးတက်မှုကို ပြန့်ပွားစေသည်။ သူ၏ တေဇကာတွန်းစာအုပ်တွင်ပါရှိသော “ဆရာလေး မောင်စေတနာ” ဇာတ်လမ်းမှာ ကလေးများအတွက် ဆွဲဆောင်နိုင်စွမ်း ရှိသည်။

ဦးသန်းကြွယ်သည် တေးဂီတကိုလည်း ၀ါသနာပါသည်။ ရန်ကုန် ပန်တျာကျောင်းအုပ်ကြီးဟောင်း သန်လျင် ဦးမြဦးနှင့် စောင်းဆရာကြီး ဦးထွန်းဖေတို့ထံတွင် ဂီတပညာကို ဆည်းပူးခဲ့သည်။ မြန်မာ့စောင်းကောက်ကို ကောင်းစွာ တီးနိုင်သည်။ ၁၉၄၈ ခု လွတ်လပ်ရေးနေ့ တေးဂီတပြိုင်ပွဲတွင် အဆို ပထမ ရွှေတံဆိပ် ဆု ရခဲ့ဖူးသည်။


ဦးသန်းကြွယ်သည် လူပျိုကြီးဘဝနှင့် ၁၉၈၄ ခု ၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် သန်လျင်မြို့မ အရှေ့ရပ်ကွက်၊ အမှတ် (၇) ၊ ပန်းထိမ်တန်းလမ်းနေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၁၃ - ၇ - ၁၉၈၄ ရက်နေ့တွင် ရေးဖော်ရေးဖက် ကာတွန်းဆရာများနှင့် တပည့်တပန်းတို့က ကြီးမှူး၍ ညောင်သုံးပင် သင်္ချိုင်းသို့ ပို့ဆောင်ဂူသွင်း သင်္ဂြိုလ်ခဲ့သည်။ ယခုအခါ ညောင်သုံးပင် သင်္ချိုင်းကို ဖျက်လိုက်သဖြင့် ကာတွန်း ဦးသန်းကြွယ် အုတ်ဂူလေးလည်း ပျက်သွားလေသည်။ သို့သော် ကာတွန်း ဦးသန်းကြွယ် အနုပညာသည်ကား ယနေ့ထက်အထိ ရှင်သန်နေဆဲပင် ဖြစ်သည်။

Comments