အမျိုးသမီးအရေးလှုပ်ရှားသူတို့၏
ပထမဆုံးအကြိမ် ဆွေးနွေးပွဲကြီး
ဒေါ်ရွှေရွှေစိန်လတ်
ဆူးအယ်လ်လင်း
စက်တင်ဘာ
၂၃၊ ၂၀၁၃
ပြည်တွင်းနှင့်ပြည်ပအခြေစိုက်
အမျိုးသမီးအရေးလှုပ်ရှားသူတို့၏
ပထမဆုံးအကြိမ် ဆွေးနွေးပွဲကြီးကို
ရန်ကုန်မြို့တွင် သောကြာနေ့က
အစပြုပြီး ၃ ရက်ကြာ ကျင်းပခဲ့သည်။
ဒီမိုကရေစီပြောင်းလဲရေးကာလအတွင်း
အမျိုးသမီးများစုပေါင်း၍
အမျိုးသမီးများဘဝမြှင့်တင်ရေး၊
တန်းတူညီရေး၊
မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ဖဒရယ်တည်ဆောက်ရေး
စသည့်ခေါင်းစဉ်များ ပါဝင်သည်။
ဆွေးနွေးပွဲအပြီးတွင်
ရန်ကုန်အခြေစိုက် သတင်းစာသမားတို့နှင့်
တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့သည်ကို
တွေ့ရသည်။
ရှင်းလင်းပွဲမှ
ပြောဆိုချက်တချို့ကို
ကောက်နုတ် တင်ပြလိုက်ပါသည်။
"ဖြစ်နေတဲ့စစ်တွေ အမြန်ဆုံးရပ်ပေးပါ။ ကျမတို့ မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံဖြစ်တယ်။ဘယ်နိုင်ငံမှ အဲလောက်ထိ ရှည်ကြာတဲ့ပြည်တွင်းစစ် မရှိပါဘူး။ ...ဒါကြောင့်မို့လို့ ဖြစ်နေတဲ့စစ်တွေ ချက်ချင်းရပ်ပေးပါ"
နော်စူစန်နာလှလှစိုး၊
အမျိုးသမီးများကွန်ရက်(မြန်မာ)၏
ပြောရေးဆိုခွင့်ရှိသူ
"ကျမတို့ ပထမရက်မှာ ဥပဒေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေဆွေးနွေးတဲ့အခါမှာ မျိုးစောင့်ဥပဒေကိုဆွေးနွေးကြတာရှိပါတယ်။ ကျမတို့ ဗုဒ္ဓဘာသာဟာ
ဘယ်သူ့ကိုမှ မကန့်ကွက်ထားပါဘူး။ ကိုယ်အမှားလုပ်ရင်ကိုယ်အမှားခံရမယ်။
ကိုယ်မှန်တာလုပ်ရင်မှန်တဲ့အကျိုး ကိုယ်ခံရမယ်။ ပညာမတတ်လို့ ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုတာမရှိပါဘူး။ ပညာမရှိပေမယ့်အသိရှိတယ်။
စာသင်တဲ့ပညာမှပညာလို့ခေါ်တာ မဟုတ်ပါဘူး။ ဘဝဖြတ်သန်းမှုကရလာတဲ့ပညာလဲ ပညာပဲ"
ဒေါ်တင်တင်ညို၊
အမျိုးသမီးများအဖွဲ့ချုပ်
- မြန်မာနိုင်ငံ
"ကျမတို့ တကယ်ပဲ စစ်ပွဲဒေသအတွင်းမှာ အမျိုးမျိုးဒုက္ခရောက်နေကြရတဲ့ပြည်သူတွေကိုထည့်တွက်စဉ်းစားပြီးတော့တကယ်ဖြစ်စေချင်ဆဲ့ဆန္ဒကိုအခြေခံတဲ့ငြိမ်းချမ်းရေးမျိုးကိုတည်ဆောက်စေချင်ပါတယ်။
အထူးသဖြင့်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကဦးစီးပြီးတော့မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ကို နှလုံးသား ဦးနှောက်နဲ့လက်တွေ့ပိုင်းသုံးခုလုံးကို ဟန်ချက်ညီညီနိုင်ပါစေ"
ဒေါ်စောစံငြိမ်းသူ
"ကချင်ပြည်နယ်ကအရေးဟာ အားလုံးရဲ့ အရေးပါပဲ။ ရခိုင်ပြည်နယ်ရဲ့အရေးဟာလည်း ကျမတို့ရဲ့ အရေးပါပဲ။ ဘယ်နေရာပဲ ဖြစ်ဖြစ်မိတ္ထိလာပဲ ဖြစ်ဖြစ်။
လက်ပံတောင်း အရေးဟာလည်း ကျမတို့နဲ့ဆိုင်တဲ့အရေးပါပဲ။ မိမိကိုယ်ကိုယ် မိမိ လွတ်လပ်သလို ကိုယ်လိုမလွတ်လပ်သေးတဲ့လူတွေကို ကာကွယ်ဖို့ကလည်း ကျမတို့ရဲ့ တာဝန်ပါ။နိုင်ငံသားတယောက်ရဲ့ တာဝန်ပါ။ ... ကိုယ်က အင်အားကြီးလို့ အခွင့်အာဏာတွေရထားတယ်ဆိုရင် ကိုယ်ရထားသလိုပဲ အခွင့်အာဏာမရှိတဲ့ လူနည်းစုရဲ့ အကျိုးကိုလည်း တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ပေးပါလို့ ကျမ ဒီနေရာကနေပြောချင်ပါတယ်"