ဦးလတ်
သန်းဝင်းလှိုင်
အောက်တိုဘာ ၁၃၊ ၂၀၁၃
ဦးလတ်သည် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်(ခရစ် ၁၈၆၆ ခုနှစ်) တွင် ရန်ကုန်ဘယဆေးတန်း (၂၁လမ်း)နေ ကျောက်ကုန်သည် ငွေပန်းထိမ်ဆရာဦးမြတ်စံနှင့် ဒေါ်ထွေးတို့မှဖွားမြင်သော သားလတ်ဖြစ်သည်။ ဦးလတ်၏မိဘများ မှာ ရန်ကုန်ဇာတိဖြစ်သော်လည်း မျိုးရိုးများမှာရွှေဘိုကျေးလက် မန်ကျည်းတုန်ရွာမျိုးရိုးဖြစ်သည်ဟုဆိုသည်။ မန် ကျည်းတုန်ရွာမှ စာဆိုကျော်မင်းလက်ဝဲသုန္ဒရ၏ ဇာတိချက်မြှုပ်ဖြစ်သည်။ ထို့ကြောင့် ဦးလတ်နှင့် ဦးလတ်၏အဖေ သည် စာဆိုမင်းလက်ဝဲသုန္ဒရမှ တိုက်ရိုက်ဆင်းသက်ခဲ့ကြသူ အမျိုးအနွယ်များဖြစ်သည်ဟူ၍ပင် အယုံအကြည်ရှိကြ သည်။
ဦးလတ်ငယ်စဉ်က ရန်ကုန်မြို့ဆရာမတ်ကျောင်း(စိန်ဂျွန်းကောလိပ်)၌ ပညာသင်ခဲ့သည်။ ထိုကျောင်းတွင်အတန်း မည် မျှအထိရောက်ခဲ့သည်ကိုကား အထောက်အထားအတိအကျမတွေ့ရချေ။ သို့သော်ဦးလတ်သည် အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းကြောင်း အင်္ဂလိပ်ဝထ္ထုများကိုလည်း စွဲစွဲမြဲမြဲဖတ်ရှုကြောင်းသိရသည်။ ဤသို့အင်္ဂလိပ်စာတတ် တစ်ဦးဖြစ်သော်လည်း ဦးလတ်သည်ထိုခေတ်က အင်္ဂလိပ်စာတတ်များကဲ့သို့ မြန်မာစာ၊ မြန်မာမှုကိုအထင်သေးသူ မ ဟုတ်ပေ။ ဇတ်နိပါတ်၊ ရာဇ၀င်၊ ပုံပြင်ဝထ္ထုများနှင့်တကွ ပျို့ကဗျာ၊ လင်္ကာစသည်တို့ကို အာဂုံနှုတ်တက်ကျက်မှတ် လေ့လာသည်။ မြန်မာဝံသာနုစိတ်များ အမြဲကိန်းဝပ်နေသူ၊ မြန်မာဆန်ဆန်ဝတ်ဆင်သူဖြစ်သည်။ မြန်မာစကားကိုလည်း ကျကျနနလှလှပပပြောဆိုတတ်သူ မြန်မာလိုအပြောကောင်းသူ၊ အရေးကောင်းသူဖြစ်သည်ဟု ဆိုပေသည်။
ဦးလတ်သည် စာပေအနုပညာဘက်၌ ၀ါသနာပါသော်လည်း ဝမ်းရေးအတွက် ဒုတိယပုလိပ်မင်းကြီးရုံး၌ အလုပ်ဝင် ခဲ့ရသည်။ ၁၈၉၁တွင် စာရေးအလုပ်မှအင်စပတ်တော်အရာရှိသို့ ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။ ထို့နောက်အထူးတာ ၀န်ဖြင့် ထိုရုံးမှာပင် ၁၈၉၆အထိ အမှုထမ်းခဲ့သည်။ ထိုမှ ကင်းတပ်၊ ရွှေကျင်၊ သထုံ၊ ပဲခူး၊ တောင်ငူ၊ အင်းစိန်၊ တွံ့တေး၊ ကွမ်းခြံကုန်း၊ ဖာပွန်၊ ဖာပွန်၊ ညောင်လေးပင်၊ ကသာ၊ ဗန်းမော် စသည်ဖြင့် မြို့ရွာအနှံ့လှည့်လည်အမှုထမ်းခဲ့သည်။ ဦးလတ်သည် မြန်မာ့ဇာတ်၊ ရုပ်သေးတေးဂီတ၀ါသနာထုံ၍ ခရီးနှံ့စပ်သည်။ ယင်းသို့ရဲဘက်အရာအဖြစ် အမှုထမ်းရင်း ဦးလတ်သည် ပွဲကြည့်ဝါသနာပါသည်ကိုလည်းမလျော့၊ စာဖတ်ဝါသနာကလည်းစွဲမြဲလျက်ရှိသည်။ အင်္ဂလိပ်စာကိုသာမ က မြန်မာစာ၊ မြန်မာမှုတို့ကိုလည်း လိုက်စားသည်။ ပရိသတ်အလည်၌ ဟောရပြောရသည်ကိုလည်း ၀ါသနာပါသည်။ အပြောအဟောကောင်း၍ ရယ်ရွှင်ဖွယ်ရာပြောတတ်သဖြင့် ခင်မင်ရင်းနှီးသူပေါများလှသည်။
ထို့ပြင်ဦးလတ်၏စွဲမြဲသောဝါသနာတခုမှာ ဘိလိယက်ထိုးခြင်းဖြစ်သည်။ ဘိလိယက်ကျူကိုင်ပုံအလွန်လှကြောင်း နာ မည်ကြီးသည်။ ဘိလိယက်မထိုးလျှင် တရုတ်ကျင်ဖဲကစားသည်ဟုဆိုသည်။ အမှုထမ်းရင်းရောက်လေရာအရပ်တွင် ဘိလိယက်ခုံနှင့်ဇာတ်ခုံမရှိသေးလျှင် တည်ထောင်ပေးသည်အထိ ၀ါသနာကြီးသည်ဟုဆိုသည်။
ဦးလတ်သည်အပျော်အပါး ၀ါသနာကြီးသကဲ့သို့ အမျိုးမာန်လည်းကြီးသူဟုဆိုရမည်။ ထိုစိတ်မာန်ကြောင့်ပင် အင်္ဂလိပ် တန်ခိုးကြီးသည့်ခေတ်၌ပင် အင်္ဂလိပ်အရာရှိများနှင့် ပဋိပက္ခဖြစ်ခဲ့သည်များရှိလေသည်။ တစ်ခါတွင်ဦးလတ်သည် အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးနှင့်ပဋိပက္ခဖြစ်ကာ အင်္ဂလိပ်စစ်ဗိုလ်အား မိမိစီးလာသောမြင်းစီးဖိနပ်နှင့်ပြန်ချဖူးသည်။ ထိုမျှမ ကမိမိနှင့်ခင်မင်ရင်းနှီးသော ကသာမြို့သူဇာတ်မင်းသမီး မစန်းကြည်ဆိုသူအား အောင်သွယ်ပေးရန်အင်္ဂလိပ်အရာရှိ တစ်ဦးကပြောဆိုသည်ကို ဆောင်ရွက်မပေးသဖြင့် နယ်ပြောင်းခံရသည်။ ထိုပယောဂဖြင့်ဦးလတ်သည် ၁၉ဝ၉ခုနှစ်၌ ရာထူးမှနုတ်ပယ်ခြင်းခံရလေသည်။
ဤသို့ဖြင့်ဦးလတ်၏အစိုးရအမှုထမ်းဘ၀သည် နိဂုံးကမွတ်အဆုံးသတ်ခဲ့လေသည်။ စာပေ၀ါသနာပါသော၊ စာပေလည်း နှံ့စပ်သော၊ ဘ၀အတွေ့အကြုံလည်းစုံနေပြီဖြစ်သော ဦးလတ်အဖို့ ယခုအခါစာရေးရန်အချိန်ကောင်းစွာရလေတော့ သည်။ စာရေးချင်စိတ်လည်းပေါ်နေပြီ။ စာပေရေးဖွဲ့နိုင်သောပညာညာဏ်ဖြင့်လည်း ပြည့်စုံသူလည်းဖြစ်သည်။ ထို့ပြင် ထိုအချိန်ကထွက်ပေါ်နေသော `လူစွမ်းကောင်းမောင်လုဝထ္ထု´၊ `တောင်ယာတောကမောင်တာနောဝထ္ထု´၊ `ချစ်ရိုး အမှန်ဝထ္ထု´စသော ရှေးဦးမြန်မာဝထ္ထုများကိုလည်း လူလတ်တန်းစားမြန်မာစာဖတ်ပရိသတ်က အားပေးနှစ်ခြိုက်စပြု နေပြီဖြစ်သည်။ ယင်းအခြေအနေအရပ်ရပ်သည် ဦးလတ်အားဝထ္ထုရေးဖွဲ့ရန် နှိုးဆွပေးနေသကဲ့သို့ ရှိဟန်တူပေသည်။
ထို့ကြောင့်ပင် ၁၉၂၁၌ သူ့ဘဝအတွေ့အကြုံ၊ ပတ်ဝန်းကျင်အတွေ့အကြုံ၊ စာပေအတွေ့အကြုံတို့ဖြင့်ပြွမ်းသော ဦးလတ် ၏ `စံပယ်ပင်ဝထ္ထု´ထွက်ပေါ်လာခြင်းဖြစ်ပေသည်။ စပယ်ဝထ္ထုမှာ ဒဏ္ဍာရီသဘောနှင့် ဒိဋ္ဌလောကသဘောရောစပ်နေ သည့်ဝထ္ထုဖြစ်သည်ဟု စာပေပညာရှင်တို့ကမှတ်ချက်ချကြသည်။ ဤ၀ထ္ထုတွင်ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ် ကြသော ဦးသေလာနှင့်မယ်ခေမာ၊ မိန်းမငမ်းတတ်သောပေါစံ၊ စကားတတ်၍လူတစ်ဖက်သားကို သာသာနှင့်နာနာ နှက်တတ်သောမောင်ချိန် စသောဇာတ်ကောင်ဖွဲ့များမှာသရုပ်ပေါ်လှသည်။ ကိုယ်နှုတ်ကြမ်းတမ်းသူ၏သဘော၊ ဘုန်း ကြီးနှင့်ဒကာမနီးစပ်က မသင့်မလျော်ဖြစ်တတ်သော သဘောာတို့ကိုလည်း ဝေဖန်သုံးသပ်တင်ပြထားသည်ဟုလည်း ဆိုရပေမည်။
ဤသို့ဦးလတ်၏လူ့သဘာဝအဖွဲ့ကောင်းမှုကြောင့် စပယ်ပင်ဝထ္ထုသည် ထွက်လျှင်ထွက်ချင်းကျော်ကြားသွားလေသည်။ ဤ၀ထ္ထုမှစကားအသုံးအနှုန်းကြမ်းတမ်း၍ တကယ့်အဖြစ်အပျက်ကိုအခြေခံသဖြင့် ကာယကံရှင်အားထိခိုက်သည်ဟု ကန့်ကွက်သူများပေါ်လာသည်။ သို့သော်ရာဇ၀င်ဆရာကြီးဦးဘသန်း၊ မှော်ပီဆရာသိန်းစသောပညာရှင်ပုဂ္ဂိုလ်တို့ကမူ ယင်းဝထ္ထုကို ချီးမွမ်းကာကွယ်ခဲ့ကြလေသည်။
စပယ်ပင်ဝထ္ထုထွက်သည့်အချိန်၌ ဦးလတ်သည်သူငယ်ချင်းတစ်ဦး၏အကူအညီဖြင့် ရေနံချောင်းဘီအိုစီမန်နေဂျာ မစ္စ တာလမ့်ဆိုသူထံတွင် ဘာသာပြန်အရာရှိအဖြစ် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ အစိုးရအမှုထမ်းဘဝ၊ ဘီအိုစီအမှု ထမ်းဘဝတို့ဖြင့် ကျင်လည်ခဲ့သောဦးလတ်သည် ရေနံချောင်းတွင်လူ့အလွှာမျိုးစုံမှ လူမျိုးစုံနှင့် လိုက်လျောညီထွေပေါင်း သင်းနေထိုင်လေသည်။ အစိုးရ အရာထမ်း အမှုထမ်းများနှင့်လည်းခင်မင်သည်။ ထို့အပြင်ဦးလတ်၏ပညာဥာဏ်ထက် မြက်မှု၊ အဟောအပြော အာဝိဇ္ဇန်းရွှင်မှုနှင့် လောကီလောကုတ္တရာ ဗဟုသုတကြွယ်ဝမှုကိုအကြောင်းပြု၍ ရေနံချောင်း မြို့ မောင်ခင်ပ၀ိုင်းကုမ္ပဏီသူဌေး ဦးဘိုးခင်၊ ရေနံတွင်းသူဌေး ဦးညိုတို့နှင့် ရင်းနှီးခဲ့လေသည်။ ဦးဘိုးခင်သည်မိမိတိုက် တွင် လိုလေသေးမရှိ၊ အလိုရှိသလောက်နေထိုင်ခွင့်ပေးခဲ့သည်။ ဦးလတ်သည် ဦးဘိုးခင်တိုက်မှာပင် အေးချမ်းစွာနေ ထိုင်လျက် ရွှေပြည်စိုးဝထ္ထုကို ရေးခဲ့သည်ဟုသိရပေသည်။
သို့ဖြင့်၁၉၁၄ခုနှစ်တွင် ဦးလတ်၏ရွှေပြည်စိုးဝထ္ထုထွက်လာသည်။ ရွှေပြည်စိုးဝထ္ထုနှင့် အခြားအခြေခံဇာတ်အိမ်တည် တည်ဆောက်ပုံခြင်းတူသည်။ ဇာတ်ကောင်အမည်၊ အလုပ်အကိုင်နှင့်ပတ်ဝန်းကျင်သာကွာသည်။ မည်သို့ပင်ဖြစ်စေဦး လတ်သည် ဒိဋ္ဌမ္မလောကကိုကြည့်၍ ဒိဋ္ဌဗမ္မလောကအကျိုးအပြစ်တို့ကို စေ့စေ့ငှငှဖော်ထုတ်တတ်သူဖြစ်သည်။ ထို ခေတ်ထိုအခါက လူနေမှုစနစ်၊ လူစရိုက်စသောဒိဋ္ဌမ္မလောကသည် ဦးလတ်အား`စံပယ်ပင်´၊ `ရွှေပြည်စိုး´၊ `သုံးဘုံ´၊ `တနန်းပျော်ရင်သွေးတော်´ဝထ္ထုတို့ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးခဲ့သည်ဟုဆိုရပေမည်။ စာပေရေးသားရာ၌ဦး လတ်သည် ထီးသံ၊ နန်းသံပါရမည့်နေရာ၌ ထီးနန်းသံပါ၍ စကားအသုံးအနှုန်းဆန်းကြယ်စွာ ရေးနိုင်သောပုဂ္ဂိုလ်ဖြစ်၏။ သို့ဖြစ်ရာဦးလတ်သည် မြန်မာစာပေလောကအဖို့ စာပေအမွေအနှစ်တခု ပေးခဲ့သည်ဟုဆိုရပေမည်။ ထိုအမွေအနှစ်မှာ `မိမိကိုယ်တွေ့မျက်မြင် မြန်မာတို့၏လောကနှင့် လူ့ဘဝအကြောင်းကိုမိမိဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်၍ ဥာဏ်သွားသ လောက်ဖန်တီးရေးသားသောစာပေ´ အမွေပင်ဖြစ်သည်။
ဤသို့ဖြင့်ဗဟုသုတပေါင်းစုံ၍ ဥာဏ်ရည်ထက်လှသောဦးလတ်သည် ရေနံချောင်းမြို့မှာပင် ၁၉၂၁ခု၊ မေလ(၂၀)ရက် (မြန်မာ ၁၂၈၃ခုနှစ်၊ ကဆုန်လဆန်း၁၄ရက်)သောကြာနေ့၌ ကွယ်လွန်သွားလေသည်။
ဦးလတ်၏အဆက်အနွယ်များမှာ-ဦးလတ်၊ ဒေါ်ဒေါ်မှင်တို့မှ သမီး သား ကျော့၊ မြ၊ ကိုကို၊ (ဦးမြင့်)။
ဦးမြင့်- ဒေါ်သန်းရွှေတို့မှ- မြေး မမ၊ ညွှန့်ညွှန့်၊ လှလှ၊ မြမြ၊ စိန်စိန်၊ မောင်မောင်၊ ညီညီ။
ညွှန့်ညွှန့်၊ (ဒေါ်သောင်းရီ)၊ မြ(ဒေါ်မြမြ) (စိုက်ပျိုးရေးဘဏ်)တို့မှာ အိမ်ထောင်မရှိ။
လှလှ (ဒေါ်ခင်လတ်) ဦးပြည့်စုံတို့မှ မြစ် မမ၊ ကိုကို၊ ညီညီ။
စိန်စိန်၊ ဦးစိုးအောင်တို့မှ ကိုကိုနိုင်၊ ကိုကိုလတ်။
မောင်မောင် (ကိုတင်ထွတ်) ရင်ရင်တို့မှ- သီတာအေး၊ ထွတ်ထွတ်အေး၊ ကြည်ပြာအေးတို့ဖြစ်ကြသည်။ ၁
စာကိုး
(က) မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၂)၊ စာ - ၂၂၀၊ ၂၂၂။
(ခ) တိုက်စိုးနှင့်မင်းယုဝေ၊ မြန်မာစာမိတ်ဖွဲ့ဒုတိယတွဲ၊ ရန်ကုန်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၆။
(ဂ) မောင်သုတ၊ စာဆိုတော်များအထ္ထုပ္ပတ္တိ၊ ရန်ကုန်၊ ရှုမဝတိုက်၊ ၁၉၆၂။
(ဃ) မယဉ်ယဉ်ထွန်း `ဦးလတ်၏ဘဝနှင့်စာပေ´ တက္ကသိုလ်ပညာပဒေသာစာစောင် တွဲ ၁၃၊ ပိုင်း ၆ (၁၀- ၁၀- ၇၉)၊ စာ- ၈၃၊ ၉၀။