ရောက်တတ်ရာရာအတိုအစများ (ရှစ်ကျွန်းပတ် ဒိန်းမတ်ပြည်တွင်းခရီး - ဒုတိယနေ့)
မောင်ရင်ငတေ
အောက်တိုဘာ ၁၉၊ ၂၀၁၃
ဒိန်းမတ်နိုင်ငံရဲ့ ရှစ်ကျွန်းပတ်ခရီးစဉ်ကို ဒုတိယနေ့ ဒုတိယအပိုင်းအဖြစ် ဆက်ရေးပါမယ်၊ စုစုပေါင်း ကီလိုမီတာအရှည် ငါးရာကျော်ရှိတဲ့ ဒီခရီးစဉ်မှာ ကျွန်းရှစ်ကျွန်းကို ပတ်ခဲ့ရတယ်ဆိုပေမဲ့ ကျွန်းလေး သုံးကျွန်းရဲ့ မြေကြီးပေါ်မှာ ကားဖြတ်သန်းမောင်းခဲ့တာ မဟုတ်ဘဲ အဲဒီကျွန်းကလေးတွေ အပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားကြီးတွေပေါ်ကနေသာ မောင်းခဲ့ရတာပါ၊ ကျွန်းကြီးငါးကျွန်း ကိုသာ အမြန်လမ်းမ ဆိုတာတွေက သွားခဲ့ရတာမျိုးပါ၊ ဒိန်းမတ် တနိုင်ငံလုံးမှာ ကျွန်းကြီးကျွန်းသေး စုစုပေါင်း လေးရာကျော်လောက်ရှိပါတယ် ဆိုကြပေမဲ့ လူမနေတဲ့ကျွန်းက ခုနှစ်ဆယ်ကျော်လောက် ရှိနေတာပါ၊ တချို့ လူနေတဲ့ကျွန်းတွေ ဆိုတာကလည်း လေးငါးဆယ်ယောက်သာနေတဲ့ ကျွန်းတွေ အများကြီးပါ၊ ဆယ်မိုင်ပတ်လည် ကျွန်းတကျွန်းမှာ တယောက်တည်းနေတာမျိုးလည်း ရှိပါတယ်တဲ့၊ အဲဒီလို တကိုယ်တော်နေနိုင်တဲ့ သူမျိုးတွေကိုတော့ မောင်ရင်ငတေ ချီးကျူးမိရပါတယ်၊ မဂေါက်ရင် ပေါ့လေ၊ မောင်ရင်ငတေတို့များ တရက်တလေလောက်ဘဲ ဗမာလို အားရပါးရ အော်ကြီးဟစ်ကျယ် စကားမပြောလိုက်ရရင် ဂေါက်ကြောင်ကြောင် ဖြစ်သွားတတ်လို့ အဲလိုလူမျိုး တွေ့ရင် လေးစားမိရပါ တယ်၊ မောင်ရင်ငတေ လေးစားမိတဲ့ အဲလိုလူမျိုးတွေကလည်း ပိုမိုများလာတာကို တွေ့ရကြောင်းပါ၊
သာသာယာယာ အေးအေးချမ်းချမ်း Langeland ရဲ့ မနက်စောစော |
နောက်တနေ့ မနက်ကြီးမှာတော့ စောစောစီးစီးထပြီး ခရီးဆက်ဖို့ ပြင်ဆင်ရပါတယ်၊ တည်းခိုရာအိမ် အနီးအနားကို စတိသဘောနဲ့ တပတ်ပတ်ပြီး ကြည့်ပါတယ်၊ လိုက်လံပို့ဆောင်ပေးတဲ့သူ ဘလော့ဂါ ပျူနိုင်ငံ ကိုအောင်က အလုပ်အားတဲ့ စနေတနင်္ဂနွေ ပိတ်ရက်ကို အနားမယူနိုင်ဘဲ လိုက်ပို့ရတာပါ၊ ဒါတောင်မှ သောကြာတရက် ခွင့်ယူရပါသေးတယ်၊ ဒီနေ့သွားရမယ့် လမ်းတလျှောက်မှာ ဝင်ရောက် လေ့လာ ကြည့်ရှုဖို့ စဉ်းစားထားတဲ့ နေရာတွေကလည်း အများသားပါ၊ ညပိုင်း ခပ်စောစော အိမ်ပြန် ရောက်နိုင်အောင်လည်း ကြိုးစားရအုံးမှာ၊ အဲဒီတော့ Langeland ကျွန်းရှည်ရှည်လေးကို လှည့်ပတ် ကြည့်ဖို့ အချိန်မပေးနိုင်ခဲ့ပါဘူး၊ နောင်တကြိမ်ကြုံကြိုက်ရင်တော့ ဝင်လည်ပါအုံးမယ်လို့သာ အိမ်ရှင် တွေကို စရံသတ်မှာ ထားခဲ့ရပါတယ်၊ Langeland ကျွန်းရဲ့ အကြီးဆုံးမြို့က လူဦးရေ လေးထောင့် ငါးရာသာ နေထိုင်တဲ့ Rudkøbing ပါ၊ ဒီကျွန်းကနေ ဒိန်းမတ်နိုင်ငံရဲ့အလယ်ခေါင်က ကျွန်းတကျွန်း ဖြစ်တဲ့ Fyn ကျွန်းကိုသွားမယ်ဆိုရင် ၁၉၆၀ ခုနှစ်များဆီက တည်ဆောက်ခဲ့တဲ့ တံတားများ ရှိပြီးဖြစ် ပါတယ်၊ Langeland ကျွန်းကနေ Siø ကျွန်း Siø ကျွန်းက Tåsinge ကျွန်း Tåsinge ကျွန်းကနေပြီး ဒိန်းမတ်လို Fyn ကျွန်းလို့ ခေါ်ကြတဲ့ အင်္ဂလိပ်လို Funen ကျွန်းကို သွားနိုင်တဲ့ တံတားကြီးသုံးစင်းနဲ့ ကျွန်းလေးကျွန်း ဆက်သွယ်ထားတာပါ၊ Siø ကျွန်းက စတုရန်းတမိုင်သာသာရှိတဲ့ ကျွန်းပိစိကလေး ဖြစ်ပြီး လူဦးရေ ၁၈ ယောက်မျှသာနေထိုင်ပါတယ်၊ Tåsinge ကျွန်းကတော့ စတုရန်းမိုင် ၅၀ ကျော် ကျယ်ဝန်းပါတယ်၊ အဲဒီ ကျွန်းပေါ်မှာလည်း သိပ်ထူးထူးခြားခြား ဘာမှမတွေ့ရဘဲ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း လူဦးရေ ၄၀၀၀ ကနေ ၆၀၀၀ သာ တိုးလာတာကို တွေ့ရှိရပါတယ်၊ အဲဒီ Langeland ကျွန်းနဲ့ မနီးမဝေးမှာလည်း တခြားကျွန်း သေးသေးလေးတွေ ရှိပါသေးတယ်၊ တံတားတွေတော့ မရှိ သေးလို့ ကူးတို့သင်္ဘော ဖယ်ရီများနဲ့သာ သွားလို့ရနိုင်ပါတယ်၊
ဒီကျွန်းလေးကျွန်းကို ဆက်သွယ်ထားတဲ့ တံတားချည်းဘဲသုံးစင်း ပေါင်းလိုက်ရင် အရှည် ၂ ဒဿမ ၆ ကီလိုမီတာ ရှည်ပါတယ်၊ Rudkøbing ကနေ Fyn ကျွန်းကြီးရဲ့ တောင်ဘက်အစွန်းမှာ တည်ရှိတဲ့Svendborg မြို့အထိကိုတော့ ကီလိုမီတာ ၂၀ ကျော်ခန့်သာ ဝေးပါတယ်၊ Siø ကျွန်းကို အဝေးပြေး လမ်းမရဲ့ တံတားပေါ်က ဖြတ်သန်းလာပြီးတော့ Tåsinge ကျွန်းပေါ်မှာ ကားကဆယ်မိနစ်ကျော်ခန့် ဆက်လက်မောင်းလာပြီး Svendborgsundbroen တံတားကြီးကို ဖြတ်လိုက်ရင်တော့ Svendborg မြို့အဝင်လမ်းကို ရောက်ပါတော့တယ်၊ တံတားတွေ ရှိနေတော့လည်း မိနစ်အနည်းငယ်နဲ့ ရောက်ရှိ လာတာပါ၊ တံတားကြီးတွေ မပြီးခင်ကာလကတော့ ဒီဘောလ်တစ်ပင်လယ် ရေလက်ကြားမှာ ရှိတဲ့ တကျွန်းနဲ့တကျွန်းကိုကူးဖို့ ကူးတို့သင်္ဘော စောင့်ရတဲ့အချိန်တွေက တော်တော်ကို ပေးလာရတာပါ၊
ကြုံကြိုက်လို့ ပြောရရင် ဟိုတလောတုန်းက အင်တာနက် စာမျက်နှာများမှာ ဖတ်မိခဲ့ပြီး ၁၉၇၃ ခုနှစ်ကာလများဆီက ရန်ကုန်မြစ်အတွင်းမှာ ပန်းဆိုးတန်းနဲ့ဒလကိုကူးတဲ့ ကူးတို့သင်္ဘော တိုးအေးနစ်တဲ့အကြောင်းပါ၊ တိုးအေးသင်္ဘော နစ်မြုပ်ခဲ့စဉ်က သုံးလေးငါးမိနစ်အတွင်းမှာ ခရီးသည်တွေရာကျော် သေဆုံးခဲ့ရပါတယ်၊ နှစ်ပေါင်းလေးဆယ်ကျော် ကြာပြီးခဲ့သော်လည်း ဒလပန်းဆိုးတန်း ခရီးကတော့ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲသွားတယ်လို့ မကြားမိရပါဘူး၊ တခုခက်တာက တံတားဆောက် မလိုလို သတင်းထွက်လာတာနဲ့ ဒလမြေဈေးတွေက တက်တယ်ဆိုတာ စပြီး ကြားရတော့တာပါဘဲ၊ အဲဒီလို နှစ်တွေလတွေသာ ပြောင်းလဲခဲ့ပေမယ့်လည်း ဟိုအရင်အတိုင်း ဒလကတော့ဒလသာဖြစ်ပြီး မပြောင်းမလဲ တည်ရှိနေဆဲပါ၊ ဒီဒေသ ဒီနေရာမှာတော့ စုစုပေါင်း လူဦးရေ သိန်းဂဏန်း သာသာ အတွက် အဲဒီလိုမျိုး တံတားတွေ အများကြီးရှိနေတာကို တွေ့ရပြီး တံတားမရှိသေးတဲ့ ရေပြင်ပေါ်မှာ သွားနေတဲ့ ကူးတို့သင်္ဘောတွေမှာလည်း စီးကြတဲ့သူက ခပ်နည်းနည်းသာပါ၊ မောင်ရင်ငတေလည်း စဉ်းစားရင်း စဉ်းစားရင်းနဲ့သာ ခေါင်းထဲမှာ အတွေးတွေ ချာချာလည်ပြီး မူးလို့သာ နေပါတော့တယ်၊ မောင်ရင်ငတေတို့ ဘဝတွေကလည်း အတွေးအိမ်တွေထဲမှာသာ တည်ဆောက်ရင်း တရက်တရက် အချိန်တွေကုန်လာခဲ့ပြီး ဆံဖြူစသွားကျိုးစ ပြုလာခဲ့ပါပြီ၊ ဒိန်းမတ်ကကူးတို့နဲ့ ဒလကကူးတို့ နှိုင်းယှဉ် စဉ်းစားရင်း ပိုဖြူလာအောင် အတွေးနယ်ချဲ့မိတာပါ၊ မှားတာရှိ ခွင့်လွှတ်ကြပါ ခင်ဗျာ၊
ကျွန်းကလေး Siø သို့ တံတားအဆင်း |
ကားလမ်းနဘေးမှာ စက်ဘီးလမ်းတွေ ဖောက်ထားပေမဲ့လည်း စက်ဘီးစီးသူတွေကို တွေ့မိရတာက ခပ်ကျဲကျဲ တခါတရံမှသာပါ၊ လူဦးရေက နည်းပါးလွန်းတော့လည်း ဘယ်လိုလုပ် တွေ့ရပါမလဲနော်၊ ဒါတောင်မှ အဲလို လူဖြူမျိုးတွေသာ အတွေ့ရများသေးတဲ့ ကျွန်းလေးတွေပေါ်မှာ မျက်နှာစိမ်းတွေက ပိုပြီးများလာနေလို့ အမျိုးစောင့် လူဖြူတချို့ကလည်း ဆန့်ကျင်ကန့်ကွက်တာတွေ ရှိလာနေပါတယ်၊ ဘယ်တတ်နိုင်ပါ့မလဲ နော်၊ ကမ္ဘာဦးစ လူသားတွေလည်း မောင်ရင်ငတေတို့လိုဘဲ တရွာမပြောင်းလို့ သူကောင်းမဖြစ်ခဲ့ရင် ရေကြည်ရာမြက်နုရာသို့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုတဲ့ ဝေါဟာရက ဘယ်လို လုပ်ပြီး အဓိပ္ပာယ်ပြည့်စုံနိုင်ပါတော့မလဲ၊ မောင်ရင်ငတေလည်း ကားပေါ်မှာ အတွေးတွေများရင်းနဲ့ လက်ကလည်း ဓါတ်ပုံတွေတပုံပြီးတပုံ မှတ်တမ်းတင်လာမိပါတယ်၊ သဘာဝပတ်ဝန်းကျင်ကလည်း သာယာလှပသလို ဒိန်းမတ်ရဲ့ မနက်ခင်းကလည်း နေမတွေ့ရပေမဲ့ မိုးခပ်အုံ့အုံ့မှာ စိတ်ကြည်နူးစရာ အပြည့်ပါ၊ ပါရီမြို့က မှောင်အိုက်အိုက် ပုတ်အဲ့အဲ့ မြေအောက်မေထရိုမှာ နှစ်ရှည်လများ အသားကျရင်းနှီး နေထိုင်လာခဲ့ရတဲ့ မောင်ရင်ငတေ အနေနဲ့ကတော့ မြို့အပြင်ရောက် လေကောင်းလေသန့်ရစိမ်းစိုနေတဲ့ လယ်ခင်းယာခင်းစိုက်ခင်းတွေ တွေ့ရရင် စိတ်ကြည်လင်မိရတာကတော့ အမှန်ပါဘဲ၊ ဒီအတွေးတွေတွေးနေရင်းနဲ့ စီးလာတဲ့ကားက ကျွန်းတကျွန်းကနေ နောက်ကျွန်းကို ဖြတ်ကနဲရောက် နေပါပြီ၊ နောက်တကျွန်းက Tåsinge ကျွန်းလို့ ခေါ်ပါတယ်၊ ကျွန်းကနည်းနည်းကြီးပြီး လူနည်းနည်း ပိုများပေမဲ့ မြင်ကွင်းတွေကတော့ သိပ်ထူးမခြားနားပါ၊
သိပ်မကြာပါဘူး၊ Tåsinge ကျွန်းပေါ်မှာလည်းကားကခဏတာပါ၊ ဒီကျွန်းကလည်း နည်းနည်းတော့ ကြီးတယ် ဆိုရပေမယ့် ၇၀ စတုရန်းကီလိုမီတာသာ ကျယ်ပြီး လူဦးရေကတော့ ခြောက်ထောင်နီးပါး ရှိပါတယ်၊ အများအားဖြင့်တော့ လမ်းမကြီးများဟာ ရှင်းလင်းနေတတ်ပြီး ဂျူလိုင် သြဂုတ်လကဲ့သို့ နွေရာသီအားလပ်ရက်များမှာတော့ လွတ်နေတဲ့အိမ်ကလေးများမှာ ဧည့်သည်ခရီးသွားလာသူများနဲ့ ပြည့်နေတတ်ပါတယ်၊ ဒီလို အိမ်ငှားလုပ်ငန်းများဟာ ဒီအရပ်ဒီဒေသရဲ့ အပိုဝင်ငွေ ရှာနည်းတမျိုးပါ၊
လူတိုင်း အိမ်ပိုင်ရှင်တိုင်းလိုလို လုပ်လို့ရပါတယ်၊ ငှားရမ်းခငွေကို အခွန်ကြေညာပြီး ဆောင်ရုံပါဘဲ၊ ဟော်တယ်ကြီးကြီးမားမားတွေ ဆောက်စရာ မလိုပါဘူး၊ လာရောက် တည်းခိုသူတွေဟာ ကိုယ်တိုင် ဝယ်စား ချက်စား ကြတာပါ၊ မူရင်းရှိပြီးသား အိမ်ကလေးတွေကို ငှားရုံ ငှားစားတာပါ၊ တော်တော်ကို အစဉ်ပြေတဲ့ လုပ်ငန်းတခုပါ၊ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးမှာလည်း စမ်းသပ်ကြည့်သင့် ပါတယ်လို့ မရဲတရဲ ပြောချင်ပါတယ်၊ ဘာလို့လည်းဆိုတော့ မောင်ရင်ငတေတို့က ဘေးထိုင်ဘိုင်ကျဘုပြောမဟုတ်လား၊ ဘာပြန်ညာပြန် ပီအိပ်ဒီတွေ ပီအိပ်ဆဲဗန်းတွေမှ မဟုတ်တာနော်၊ ပြောရဲပါဘူး၊
ဟော်တယ်တွေဆိုတာ တကယ်တမ်းတော့ ဇုံလုပ်စရာ မလိုအပ်ပါဘူး၊ ဖိုးစတား ဖွိုက်စတားအဆင့် ဆိုတာကလည်း တော်ရုံလူမတည်းခိုကြပါဘူး၊ အဖွဲ့အစည်းတွေကနေ အလကားတည်းရတဲ့သူရယ် ဖြုန်းတီးချင်တဲ့ ဖြုန်းနိုင်တဲ့သူ တချို့ရယ်သာ တည်းခိုကြတာများပါတယ်၊
ဒီလို ရွာစွန်ရွာဖျား မြစ်ဘေးချောင်းဘေး ကမ်းနားဘေး ပင်လယ်ကမ်းစပ်ဘေးမှာ အိမ်သေးသေး တလုံး ရှိရင်ရပါပြီ၊ ဆက်သွယ်ရေးစနစ်တွေတော့ ကောင်းဖို့လိုပါတယ်၊ အကျယ် စတုရန်းမီတာ ၂၀ ကျော် ၃၀ ဆိုရင် သုံးလေးငါးယောက် ညအိပ်ပြီး တည်းခိုလို့ရအောင် နံရံကပ်ကုတင်များ ရှိပါတယ်၊ ဟော်တယ်ကြီးနဲ့ တွဲထားတာ မဟုတ်ပါဘူး၊ မြက်ခင်းတုများ ပန်းအိုးကြီးများ မီးပန်းဆိုင်းများလည်း မရှိပါဘူး၊ ဘာဝန်ဆောင်မှုမှ မပါရှိပါဘူး၊ တည်းခိုတဲ့သူတွေ ကိုယ်တိုင်ချက်ပြုတ် စားသောက်နိုင်ဖို့ မီးဖိုချောင်ပစ္စည်းတော့ အစုံရှိပါတယ်၊ ဒီလိုနေရာမျိုးမှာ တပတ်ကို ယူရိုသုံးလေးရာငါးပေးရင် ရပါပြီ၊ အဲလိုမျိုးနေရာတွေမှာ သူတိုတွေဟာ အေးအေးဆေးဆေး လာပြီးအချိန်ဖြုန်းကြတာပါ၊ ငွေလာဖြုန်းကြတာ မဟုတ်ပါဘူး၊ ငွေအသားလွတ် ဖြုန်းမယ့်သူတွေကလည်း အဲလိုမျိုးနေရာတွေ မလာပါဘူး၊ ကာစီနိုရှိရာ နိုက်ကလပ်ရှိရာ သွားကြမှာပါ၊ မောင်ရင်ငတေ တွေ့ကြုံဖူးတဲ့ လူဖြူတချို့ကတော့ ပိုပြီး ကပ်စီးနည်းလှတာကို သတိပြုမိရကြောင်းပါ၊ သူတို့အများစု ပြောနေကြတာက မောင်ရင်ငတေတို့ ရွှေပြည်တော်ကြီးက ဥရောပထက်တောင် ပိုပြီး တချို့နေရာများမှာ ဈေးကြီးနေကြောင်းပါ ခင်ဗျာ၊ တကယ်တမ်းကြတော့ သူတို့မသိတာက ရန်ကုန်ဆိုတာ ကိုပင်ဟေဂင်လောက်ကို စာရင်းထည့် မတွက်ဘူး ဆိုတာပါ၊ ဒီလိုနိုင်ငံတွေမှာလည်း ငွေကိုရေလို သုံးသွားတဲ့သူတွေက သူတို့လို လူဖြူ ခပ်ကြမ်းကြမ်း ရုပ်မျိုးတွေတော့ မဟုတ်ပါဘူး ခင်ဗျ၊ ပြင်သစ်ပြည်မှာ ဝီစကီ တပုလင်းကို သုံးလေး ငါးရာ ရှန်ပိန်တပုလင်းကို ငါးရာတထောင် ကော့ညက်တပုလင်း တထောင်ဆိုပြီး ပက်ကနဲ ဆိုသလို ပေးသောက်နိုင်တဲ့ လူဖြူဆိုတာက အမေရိကားကလည်း မဟုတ်ပါဘူး၊ အော်စီတို့ ဆွစ်တို့ကလည်း မဟုတ်ပါဘူး၊ သူတို့ရဲ့ လက်ထဲက ငွေတွေက တရားဝင်သလား တရားမဝင်သလားတော့ မသိနိုင် ပါဘူး၊ ကိုင်လာတဲ့ ငွေထပ်ကတော့ မနည်းမနောအပြင် ဘဏ်ကဒ်ဆိုတာတွေနဲ့ ရှင်းတာမျိုး မတွေ့ ရသလောက်ပါ၊ ခေတ်သစ်သူဌေး ဆိုတာမျိုးတွေ ထင်ပါရဲ့၊
Tåsinge ကျွန်းကနေ နောက်သုံးလေးငါးမိနစ်သွားပြီး Svendborgsundbroen တံတားကြီးကို ဖြတ်လိုက်ရင်တော့ မောင်ရင်ငတေတို့ ခေတ္တခဏနားမယ့် Svendborg မြို့ကိုရောက်ပါပြီ၊ ဒီမြို့က Fyn ခေါ် Funen ကျွန်းရဲ့ ဒုတိယအကြီးဆုံးမြို့ပါ၊ လူဦးရေ နှစ်သောင်းကျော် ရှိပါတယ်၊ နှစ်ပေါင်း ၇၆၀ ကျော်ပြီဖြစ်တဲ့ ဈေးမြို့တမြို့ပါ၊ မြို့က သိပ်ပြီးတော့ မကြီးမားပေမဲ့ မြို့လယ် ဈေးရပ်ကွက်မှာ သမိုင်းဝင် အဆောက်အဦး တချို့ကို တွေ့ရပါတယ်၊ Svendborg မြို့ဟာ ဂျာမဏီလူမျိုး ဘိုင်ယန် ပြည်နယ်သား တော်လှန်ကဗျာဆရာကြီး Eugen Berthold Friedrich Brecht ဘားတော့ဘရက် (၁၈၉၈-၁၉၅၆) တယောက် ၁၉၃၃ ခုနှစ်မှာ နာဇီတပ်တွေရဲ့ ရန်ကြောင့် ပြည်ပြေးဘဝနဲ့ ပထမဆုံး ရောက်ရှိ ခိုလှုံခဲ့ရာမြို့ပါ၊ ဒီမြို့ကမှတဆင့် ဆွီဒင်မှဖင်လန် နောက်ဆုံး အမေရိက ထိရောက်အောင်ပြေးခဲ့ရတော့တာပါ၊ အဲလိုဘဲ ကဗျာဆရာကြီး ဘားတော့ဘရက်တို့လို ကိုယ့်တိုင်း ကိုယ့်ပြည်ကနေအကြောင်းကြောင်းတွေကြောင့် စွန့်ခွာလာရပြီး ဒီလိုလူသူနည်းပါလှတဲ့ ကျွန်းလေးပေါ်ကို ရောက်ရှိ နေထိုင်ကြတဲ့ သူတွေလည်း အခုအခါမှာ တော်တော်များလာလို့ နေပါပြီ၊ အဲဒီထဲမှာ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးက ရွှေလူမျိုးတွေလည်း ပါဝင်နေပါပြီ၊ အများအပြား လူစာရင်းမှာ မဝင်သေးပေမဲ့ ဟိုနေရာတယောက် ဒီနေရာတယောက်နဲ့တော့ တစတစများပြားလို့လာနေပါပြီ၊ ၈၈ ခုနောက် ပြောင်းလဲခဲ့တဲ့ တိုင်းရေးပြည်ရာများကြောင့် ဥရောပနိုင်ငံတွေနဲ့ စိမ်းလွန်းခဲ့တဲ့ မောင်ရင်ငတေတို့လိုသာမန်လူတန်းစား တော်တော်များများဟာ ဥရောပစကားများကို တလုံးမှမတတ်ဘဲနဲ့ ရောက်ရှိလာ ကြတာများပါတယ်၊ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကနေ ၂၀၁၀ ခုလောက်ထိ အဆက်မပြတ် ဆိုသလို ရောက်ရှိလာခဲ့ကြရာက အခုတော့ တစတစ နည်းသွားပါပြီ၊ သက်ဆိုင်ရာတိုင်းပြည်များက နိုင်ငံရေး အခြေနေတွေကြောင့်ရယ် နိုင်ငံကြီးတွေရဲ့ ရွှေ့ပြောင်း အခြေစိုက်သူတွေ အပေါ်ထားတဲ့ မူဝါဒတွေ ပြောင်းလဲသွားလို့ရယ်ပါ၊ အဲဒီနိုင်ငံကြီးတွေမှာ မွေးဖွားခဲ့သူတွေ မလုပ်ချင်တဲ့ အလုပ်မျိုးတွေကိုသာ လူစားထိုး လုပ်ကိုင်လာခဲ့ကြတဲ့ ရွှေ့ပြောင်းအခြေစိုက်သူ အရေအတွက်ကလည်း လိုအပ်တာထက် ပိုလျှံများပြား လာခဲ့တာကလည်း တကြောင်းပေါ့၊
ငါးအရောင်းဆိုင်နဲ့ ရှေးဟောင်းဈေးရုံ |
မောင်ရင်ငတေ တကယ်ပြောတတ်တာကလည်း ဒီစကားတမျိုးသာ ရှိတာပါ၊ တနေ့တလေလောက် ဗမာစကားနဲ့ သတင်းတွေပလင်းတွေ အတင်းတွေ မပြောရရင် ဒါမှမဟုတ် ငါးပိနဲ့ ငံပြာရည်များ မပါ ဘဲနဲ့ ထမင်းစားလိုက်ရရင် တခုခုကို လိုနေသလို ဖြစ်ရတာ မောင်ရင်ငတေ တယောက်တည်းတော့ မဖြစ်နိုင်ပါဘူး၊ သင်္ဘောသားဟောင်း မိသားစုရဲ့ ငရုတ်သီးငံပြာရည်ချက်နဲ့ ကြက်ဟင်းခါးသီးကြော် အပါအဝင် မြန်မာဟင်းပေါင်းစုံရဲ့ ကောင်းချက်ကတော့ ဒီကနေ့ ရွှေပြည်တော်တလွှားမှာ ခေတ်စား နေတဲ့ ၁၁၅ မိုင်က ဖီလ်းတို့ မဟာရန်ကုန် ရွှေမြို့တော်ကြီးက ခိုင်ခိုင်ကျော်တို့ ဇော်ဂျီဟောက်စ်တို့ ထက်ပိုပြီး သာမသာဆိုတာကတော့ အဲဒီဆိုင်တွေကို မရောက်ဖူးဘူး မစားဖူးဘူးလို့ မောင်ရင်ငတေ မသိပါဘူး၊ သေချာပေါက်ပြောနိုင်တာ တခုကတော့ စားကောင်းလွန်းလို့ ဗိုက်ကပြည့်လို့သာ ရပ်နား လိုက်ရပေမဲ့ ပါးစပ်ကတော့ စားကောင်းနေ စားချင်နေတုန်းပါဘဲ ဆိုတာကိုပါ၊
မြို့အထွက်လမ်း |
တခေတ်တခါက ရွှေသင်္ဘောသားများ အိပ်မက်မက်ခဲ့ကြတဲ့ သင်္ဘောလိုင်း |
တိုက်တိုက်ဆိုင်ဆိုင် မြန်မာသင်္ဘောသားဟောင်းကြီးရဲ့ အခုနေထိုင်နေတဲ့မြို့ Svendborg မြို့မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ လုပ်ငန်းကြီး တခုကတော့ A.P.Møller-Maersk Group ရဲ့ နာမည်ကျော် Maersk သင်္ဘောလိုင်းပါဘဲ၊ ၁၉၀၄ ခုနှစ်က စတင်ခဲ့တဲ့ ဒီသင်္ဘောလိုင်းက အခုအခါမှာတော့ ကမ္ဘာ့ကွန်တိန်နာသင်္ဘောလောကမှာ နာမည်အကြီးဆုံး ဖြစ်နေပါပြီ၊ လွန်ခဲ့တဲ့ ၁၉၈၀ ကျော်နှစ်များဆီက မောင်ရင်ငတေတို့ရဲ့ ဘဝ စိတ်ကူး အိပ်မက်တခု ဖြစ်ခဲ့တဲ့ ပင်လယ်ကူး သင်္ဘောသား ဖြစ်ရပါလို၏ အထဲမှာ Maersk သင်္ဘောလိုင်းကလည်း အထင်ကရတခု ဖြစ်ခဲ့တာပါ၊ ဒီသင်္ဘောသား လောကရဲ့ ပင်ရင်းမြို့တမြို့ဖြစ်တဲ့ Svendborg မြို့မှာ မောင်ရင်ငတေ ဆုံခဲ့ရတာကလည်း ရွှေပြည်တော်ရဲ့ သင်္ဘောသားဟောင်းတဦး ဖြစ်နေတာကလည်း အမှတ်တရပါဘဲ၊ အဲဒါကြောင့် သူ့ရဲ့အိမ်မှာ သူတို့ မိသားစု ကျွေးမွေးဧည့်ခံတဲ့ မနက်စာ ထမင်းဝိုင်းကို အားရပါးရ စားခဲ့ရတာကို ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်လိုက်ရပါတယ်၊
(ဒုတိယနေ့ ဒုတိယပိုင်း Odense မြို့သို့ … ဆက်ရေးပါအုံးမယ်)