ဝတ်မှုန် (စင်ကာပူ) - အုပ်ချုပ်သူ အပုပ်အဟောင်းများနှင့် မွှေးကြိုင်သော လူသစ်များအကြောင်း

အုပ်ချုပ်သူအပုပ်အဟောင်းများနှင့်မွှေးကြိုင်သောလူသစ်များအကြောင်း
ဝတ်မှုန် (စင်ကာပူ)
အောက်တိုဘာ ၂၀၊ ၂၀၁၃



မင်းသိင်္ခ ၁၉၈၈တုန်းက တိတ်ခွေထွက်လာတယ်။ ပထမဆုံး စတင်ပြောတဲ့စကားအတိုင်း ဒီဆောင်းပါးတိုလေးကို “ဒီကောင်းတွေကို မျက်မုန်းကျိုးနေတာကြာပြီ” ..လို့ပဲ စတင်လိုက်ချင်ပါတယ်။ ရန်ကုန်လေဆိပ် အခွန်ဌာနမှာ အစိုးရဝန်ထမ်းက ၃ယောက်လောက်ပဲရှိတယ်။ ကျန်တာတွေ X-ray scanning, Bag opern & search, tax calculation & collection စတဲ့အလုပ်များကို ပြင်ပကုမဏီများက လုပ်ပေးကြပါတယ်။ ဒီတော့ မြန်မာ့အကောက်ခွန်ဌာနဝန်ထမ်းများဟာ အလွန်ပါဝါရှိပါတယ်။ လေဆိပ်အခွန်ကင်းရှင်းကြောင်းမှာ မြန်မာနိုင်ငံသားအချင်းချင်း နှိပ်ကွပ်တဲ့အနေနဲ့ မြန်မာနိုင်ငံသားဆိုရင် နိုင်ငံခြားငွေမည်မျှဖြစ်စေ Declare စာရင်းကာသွင်းရမယ်..ရေးထားတော့၊ မဖြစ်နိုင်တဲ့ဥပဒေ ဧည့်စာရင်းတိုင်ခြင်း၊ စာရိက္တကောင်းကြောင်းရပ်ကွက်လူကြီးထောက်ခံစာတွေလို ဖြစ်နေပါတယ်။ လိုတစ်မျိုး၊ မလိုတမျိုး ဥပဒေနဲ့ သုတ်သင်ရမဲ့လူကို သုတ်သင်ဖို့ထုတ်ထားတဲ့ ဥပဒေပဲဖြစ်ပါတယ်။ အခုလည်း မိန်းမကြီးတစ်ယောက် လေဆိပ်ကဆင်းလာပြီး သူ့ရဲ့အိတ်တွေ ထရော်လီပေါ်တင်နေချိန်မှာ လေဆိပ်ဝန်ထမ်း အခွန်အရာရှိအကြီးဆုံးထွက်လာပါတယ်။ အဲဒီမိန်းမကြီးနဲ့ ငယ်ပေါင်းကျနေတာပဲ စကားစမည်ပြောရင်း၊ ပခုံးပေါ်ကအပွင့်တွေနဲ့ဝတ်ထားတဲ့ ယူနီဖေါင်းကိုတောင်အားမနာ မိန်းမကြီးရဲ့ အထုတ်တွေကို သူကိုယ်တိုင်တွန်းပေးနေပါတယ်။ X-ray check လုပ်တဲ့လုံခြုံရေး စစ်ဆေးသူ ဝန်ထမ်းများစွာကလည်း ဘာမှမပြောရဲပဲ ကြည့်နေရပါတယ်။ မစစ်မဆေးပဲ လေဆိပ်ကထွက်ခွင့်ပေးလိုက်ရပါတယ်။ အဲဒီ အခွန်အရာရှိကြီး ထရော်လီတွန်းနေချိန်မှာ ဘေးနားက ရဲ၊ စသုံးလုံး၊ လ.ဝ.က စတဲ့ ဝန်ထမ်းများကလည်း ဝိုင်းဝန်းလိုက်ပါလာတယ်။ မိန်းမကြီးလည်း အပြင်ရောက်သွားတာနဲ့ အခွန်အရာရှိကြီးက အိတ်ထဲကပိုက်ဆံတွေ ဝိုင်းလိုက်လာသူများကို ဝေငှပေးလိုက်ပါတယ်။ ဝေစုရသွားသူများလည်း ပြန်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြတယ်။ ဘေးကကြည့်နေတဲ့ ပြည်သူလူထုကလည်း ဘာမှန်းလဲမသိဘူး။ သူတို့လည်း ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးကို လာကြိုကြတယ်ဆိုတော့ ဂရုမစိုက်ပါဘူး။ ကားတက်ကစီမောင်းသမားများက မြင်နေကျမြင်ကွင်းဖြစ်လို့ ဂရုမစိုက်တော့ပါဘူး။ မီဒီယာထဲ ဓါတ်ပုံပါလာရင်လဲ ဂရုမစိုက်ပါ။ မိန်းမကြီးရဲ့ အိတ်ထဲမှာ ဘာပစ္စည်းတွေ ပါလာသလဲတော့ မသိ၊ မူးရစ်ဆေးဝါးတော့ မဖြစ်နိုင်၊ ဖြစ်နိုင်တာက လူ့မလိုင်များအကြိုက် နယူယောက်ကလာတဲ့ စိန်၊ရွှေလက်ဝတ်လက်စားများ၊ အဖိုးတန် ဖိနပ်၊လက်ပွေ့အိတ်၊ ရေမွှေး၊ အဝတ်အစားများပဲ ဖြစ်ဖို့များပါတယ်။ ဂျော်နီဝေါကား၊ စီးကရက်များကို လေဆိပ်ကတစ်နိုင်တစ်ပိုင် သွင်းလာသူများကလည်း TG, SQ, MAI, Jetstar, GoldenMyanmar စတဲ့ လေကြောင်းလိုင်းအလိုက် အေးဂျင်ပွဲစား တရုပ်ကုလားများနဲ့ ဆက်သွယ်ထားရပါတယ်။ ဒါမှ သူတို့ပစ္စည်းတွေ လေဆိပ်အကောက်ခွန်က လွတ်မှာဖြစ်ပါတယ်။ အဲ.. အကြီးကျယ်သွင်းလာတဲ့ ကုန်ပစ္စည်းများ ဥပမာ Air Cargo, Container မြောက်များစွာသွင်းလာရင်လဲ ခရိုနီများလုပ်ငန်းဖြစ်တဲ့အတွက် လွတ်သွားနိုင်ပါတယ်။ မြန်မာအစိုးရဝန်ထမ်းများဟာ တာဝန်ကျေကြပေမဲ့ သူတို့မှာ သိရက်နဲ့လွှတ်ပေးလိုက်ရတာတွေ များစွာရှိပါတယ်။ တလောက မြန်မာပြည်ကစိန်ရွှေရတနာများစွာ အိတ်နဲ့ပြည်ပကို ထုတ်သယ်သွားစဉ် အခွန်အရာရှိကိုကျော်ပြီး X-ray ဝန်ထမ်းများနဲ့ပဲ ရိုက်စားလုပ်သွားပါတယ်။ သူရဲ့အထုတ်ကို X-ray scan လုပ်ချိန်မှာ ဝန်ထမ်းများက ကွန်ပြူတာဖန်သားပြင်ကိုမကြည့်တော့ပဲ အားလုံးတပြိုင်ထဲ နောက်ကလူကိုလှည့်စကားပြောနေရင်း မမြင်လို့လွှတ်ပေးလိုက်ပါတယ်။ ဒါကတော့ လေဆိပ်ဝန်ထမ်းများရဲ့ ကြောက်ရသူများကို လွှတ်ပေးရတဲ့ သနားစရာဖြစ်ရပ်ပါ။

အပေါစားကင်မရာ တစ်ခု US$10 အခု ၃၀ ဆိုတော့ ဒေါ်လာ ၃၀၀ဖိုး၊ တင်သွင်းလာသူ အစိုးရဝန်ထမ်း အရာရှိတစ်ဦးလည်း လေဆိပ်ရောက်တော့ X-ray သမားက တာဝန်ကျေ စစ်ဆေးပါတယ်။ ဘာတွေလဲကွ ဖေါက်စစ်ပါရစေ ပြောပြီး အမျိုးသမီးငယ်၂ဦး ဖေါက်စစ်တယ်။ Invoice မှာလည်း ၁၀ဒေါ်လာပဲပေးရတဲ့ ကင်မရာအပေါစားတွေ၊ အစိုးရအရာရှိက သူ့ဝန်ထမ်းများ လုပ်ငန်းပိုအဆင်ပြေအောင် သူ့ပိုက်ဆံသုံးပြီး လက်ဆောင်ပေးဖို့ ဝယ်လာတာပါ။ ကင်မရာ တစ်လုံး ဒေါ်လာသောင်းချီတန်တာတွေတော့ ရိုက်စားလုပ်ပြီး၊ လွှတ်ပေးပေမဲ့ ဒီအပေါစားကင်မရာကျတော့ ဖမ်းလိုက်တယ်။ ကင်မရာဆိုတာ ကိုယ်သုံးဖို့ တစ်လုံး၊ နှစ်လုံးပဲ ရမယ်။ အများကြီးယူလာတော့ အခွန်ဆောင်ရမဲ့ ပစ္စည်း ၁၂၀၀ထဲမှာလဲ ကင်မရာမပါဘူး။ ဒီတော့ ရုံးချုပ်ကိုပို့လိုက်တော့၊ နောက်နေ့မှ သတ်မှတ်တဲ့အခွန်ဆောင်ပြီး လာထုတ် တဲ့ဗျာ။ စစ်ဆေးပေးတဲ့အမျိုးသမီးငယ် ၂ဦးက အလုပ်မရှုပ်ချင်တော့ ပါတိတ်၃၀ထည် ဆိုပြီး အခွန်ငွေ ကျပ်တစ်သိန်းလောက် တရားဝင်အခွန်ဆောင်ဖို့လုပ်ပေးပါမယ်ဆိုတော့ ခရီးသည်အစိုးရအရာရှိက သဘောတူတယ်။ ဒါပေမဲ့ စစ်ဆေးရေး အမကြီးတစ်ဦးက မရဘူး။ ထုံးစံအတိုင်း ရုံးကိုပို့လိုက်လို့ အော်ဒါထုတ်လိုက်တယ်။ စစ်ဆေးတဲ့မိန်းကလေး၂ဦးလည်း အလွန်အားနာသွားပြီး ရုံးကိုခေါ်သွားတယ်။ ရုံးမှာထိုင်တဲ့ အခွန်အရာရှိကြီးက အပေါစားကင်မရာတွေကို ကြည့်ပြီး ဘာမှပြောမနေတော့ဘူး။ နောက်ထပ် အရာရှိငယ်လေးတစ်ဦးက ပါတိတ်လို့ပဲရေးလိုက်ပါဆိုပြီး တရားဝင်အခွန်တစ်သိန်းကျော်ဆောင်ဖို့ လေဆိပ်ရုံးမှာ တစ်နာရီလောက် အချိန်ကုန်သွားရတယ်။ ခရီးသည်အစိုးရအရာရှိကလည်း အခွန်ဝန်ထမ်းငယ်များကို မေးတယ်။ တရားမဝင်၊ နားမလည်ပဲသယ်လာတော့ ကျုပ်ကိုဖမ်းချုပ်နိုင်သလား..မေးတော့၊ မဖမ်းပါဘူး။ ကျမတို့က ရုံးချုပ်ကိုပို့လိုက်ရင် အကိုကြီး အချိန်ကုန်မယ်။ ပြီးတော့ တန်ဖိုးရဲ့ ၂ဆလောက် ဒဏ်ငွေနဲ့ ကျပ် ၅သိန်းမက အခွန်ဆောင်ရနိုင်တယ်။ ဒီမှာ ကျမတို့က ဘောင်ဝင်အောင်လုပ်ပေးရတာပါ။ နောက်တစ်ခါ ဒါမျိုးသယ်မလာပါနဲ့နော်..အလုပ်တော်တော်ရှုပ်ပါတယ်...လို့ ယဉ်ကျေးစွာပြောပြပါတယ်။ ဝန်ထမ်းငယ်အမျိုးသား၊အမျိုးသမီးလေးများက ရှင်းပြပါတယ်။ နောက်နောင် ဒါမျိုးပစ္စည်းသယ်ချင်ရင် တရာဝင်တင်သွင်းခွင့်လိုင်စင်လျှောက်ရပုံ၊ တစ်ပတ်ကြိုတင်အကြောင်းကြားပြီး လျှောက်လွှာတင်ရပုံ၊ လျှောက်လွှာကို အကောက်ခွန်ရုံးကခွင့်ပြုမှ လေယဉ်နဲ့တင်ခွင့်ရပုံ။ ခရီးသည် လပ်ဂိတ်အိတ်နဲ့ သယ်ယူလို့မရကြောင်း၊ Air Cargo နဲ့ ပို့ရမယ်ဖြစ်ကြောင်း...စသဖြင့် ရှင်းပြရှာပါတယ်။ သောက်ကျိုးနဲ့... လပ်ပေးမှလွယ်မဲ့သဘောပဲ။ ရိုက်စားလုပ်မှုတွေလည်း အောက်ဆုံးအဆင့်ကလူတွေ လုပ်စားနေတော့ ခရိုနီများအဆင့်ဆို ပြောမနေပါနဲ့၊ နိုင်ငံတော်က အခွန်မရတာလဲမပြောနဲ့၊ နိုင်ငံကို သွင်းကုန်/ထုတ်ကုန် သယံဇာတ ဓါတ်ငွေ၊ ရွှေ၊ ကျွန်းသစ်၊ ကျောက်စိမ်းများ၊ စတဲ့ထုတ်ကုန်များ၊ ဓါတ်ဆီ၊ဒီဇယ်ဆီ၊ စက်မှုပစ္စည်း၊ လယ်ယာသုံးပစ္စည်း သွင်းကုန်များစွာမှာ နိုင်ငံတော်က အခွန် ဒေါ်လာ၃၀ဘီလျှိလောက်ရမဲ့အရေးမှာ ၃ဘီလျှံ (ဆယ်ဖို့တစ်ဖို့)တောင် မရတာ လပ်စားမှုတွေကြောင့်ဖြစ်ပါတယ်။ ကမ္ဘာ့လပ်အစားဆုံးနိုင်ငံမှာ အောက်ခြေအဆင့်ဖြစ်ပျက်နေပုံကတော့ ခွင့်လွှတ်နိုင်ပေမဲ့။ ကျုပ်တို့လို လုပ်ငန်းအသေးစား၊ အလတ်စားလုပ်သူများအတွက် စီးပွားပျက်ရတာကြောင့် လုံးဝမကျေနပ်နိုင်ပါ။

တရုပ်ပြည်က လယ်ထွန်၊ ကောက်စိုက်စက်တစ်ခုကို ကျပ်တစ်သိန်းနဲ့ ဝယ်ပြီး ရန်ကုန်ကို ပို့လိုက်ပြီလို့၊ စင်ကာပူက မိတ်ဆွေတစ်ဦးက သတင်းပို့ပါတယ်။ ၂၀ကီလိုပဲလေးပါတယ်။ တရုပ်ပြည်ကနေ စင်ကာပူကို လေယဉ် DHL နဲ့ပို့တာ ဒေါ်လာ၁၂၀ပဲကျသင့်တယ်။ ၃ရက်ပဲကြာတယ်။ အခွန်ဒေါ်လာ၂၀လောက်ကို DHL ကပဲ စင်ကာပူအစိုးရဆီ အခွန်ဆောင်ပြီး၊ DHL ကပဲ စင်ကာပူကုမဏီအရောက်ပို့ပေးတယ်။ အဲဒီပစ္စည်းကိုပဲ အခု အောက်တိုဘာ၂၀၁၃မှာ တရုပ်ပြည်ကမြန်မာပြည်ကို တိုက်ရိုက်တစ်ခုပို့လိုက်တယ်။ DHL ပို့ခက ဒေါ်လာ၄၀၀ကျသင့်တယ်။ DHL ဝန်ထမ်းကပြောတယ်။ အခွန်ဌာနကို သူတို့ထုတ်မပေးနိုင်ဘူး၊ ကိုယ့်ဖာသာလာထုတ်ပါတဲ့။  ရန်ကုန်ကလူ သွားထုတ်တော့ အခွန်နဲ့ဝန်ဆောင်စရိတ်ငွေ ကျပ်၅သိန်းခွဲ (ဒေါ်လာ၅ရာ) ကျသင့်တယ်တဲ့။ ဟ... ပစ္စည်းက ကောက်စိုက်စက် (လယ်ယာသုံး)၊ တန်ဖိုးက ဒေါ်လာ၁၀၀ပဲ တရုပ်ပြည်ကဝယ်ရတယ်။ DHL ပို့ခက စင်ကာပူပို့ရင် ဒေါ်လာတစ်ရာပဲကျပြီး၊ ရန်ကုန်ကိုပို့တော့ ပို့ခဒေါ်လာ၄၀၀ပေးရတဲ့အပြင်၊ စင်ကာပူမှာ အခွန်ဒေါ်လာ၂၀ပဲပေးရတယ်။ ရန်ကုန်က အခွန်ဒေါ်လာ၅၀၀ကျော် ပေးရတယ်။ ပစ္စည်းပဲအဆုံးခံလိုက်တော့..လို့ဆုံးဖြတ်ရတယ်။ 

လယ်သမားများ၊ စပါးစိုက်ရာမှာ လက်နဲ့စိုက်တာထက် စက်သုံးပြီး Semi-manual ကောက်စိုက်စက်ကလေးကို ကျပ်တစ်သိန်းနဲ့တရုပ်ပြည်က ဝယ်လာတယ်။ မြန်မာပြည်အရောက်တောင် ကျပ်၁၀သိန်းကျော်ကျသင့်နေတယ်။ လယ်သမားလက်ထဲရောက်ရင် ပိုဈေးကြီးဦးမယ်။ ခရိုနီကွန်တိန်နာများနဲ့ သယ်လာရင်တော့ အခမဲ့နီးပါးရမှာပါ။ ဒါပေမဲ့ ခရိုနီကွန်တိန်နာများက စက်မှုလယ်ယာပစ္စည်းဆို ဝေးဝေးကရှောင်တင်။ သူတို့တင်သွင်းလာတာတွေကတော့ စားသောက်ကုန်၊ တယ်လီဖုန်းကပ်ပြား၊ တယ်လီဖုန်းပစ္စည်း၊ ကားပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း ... ဒေါ်လာတစ်သန်းရင်းနှီးရင်၊ တစ်ပတ်အတွင် အမြတ်ငွေ ဒေါ်လာတစ်သန်းရမဲ့ ကုန်ပစ္စည်းတွေပဲ အခွန်ဇီးရိုးနီးပါးနဲ့ တင်သွင်းနေကြပါတယ်။ ရေးရင်လဲ အချက်အလက်ဒေတာများ မရှိပဲရေးတော့၊ ပစ်စာလိုလိုဖြစ်နေဦးမယ်။ အချက်အလက်များလိုချင်ရင် သက်ဆိုင်ရာ အခွန်ဌာန၊ စစ်ဆေးရေးအဖွဲ့များ ကိုယ်တိုင်ပဲသွားစစ်ဆေးလိုက်ပါတော့ဗျာ...။ ကျနော့်ဆီကတော့ ဒေတာမရနိုင်ဘူ။ ကျနော် ဒေတာစာရွက်တွေ ပေးလိုက်ရင် ကျနော်မိတ်ဆွေ အသေးစား သွင်း/တုတ်ကုန် လုပ်ငန်းလေး စီးပွားပျက်သွားလိမ့်မယ်။ သတင်းထောက်များ ပိုမိုသိလိုရင် ရန်ကုန်အခွန်ရုံးကိုသွားပြီး Rice Transplanter one unit import from Depai Machinery, China လို့သာမေးကြည့်ပေတော့။ ကျုပ်တို့ကတော့ အဆုံးထားလိုက်ပြီ။ 

မြန်မာနိုင်ငံလေဆိပ်၊သင်္ဘောဆိပ်ကမ်းများက ဗဟိုဦးစီး Red Tape စနစ်ကြောင့် ပစ္စည်းအဝင်အထွက်နှောင့်နှေးရပုံ၊ ပြည်တွင်းက SME လို့ခေါ်တဲ့ အသေးစား၊ အလတ်စား စီးပွားလုပ်ငန်းရှင်များ  ပြည်ပထုတ်ကုန်များကို ကြက်ဥကစပြီး မယှဉ်နိုင်ဖြစ်ရပုံတွေ အများကြီးရေးပြချင်လှပါတယ်။ ဒါလောက်ဆို ပစ္စည်းနည်းနည်းပါးပါး ပို့ချင်သူများ လေကြောင်း၊ ရေကြောင်းက သွင်း/ထုတ်ဖို့ ခက်ကြောင်း သိလောက်ပါပြီး၊ ဒါကြောင့် ကုန်းလမ်းကပဲ သွင်း/ထုတ်တာ ကောင်းပါတယ်။ ဈေးကြီးပေမဲ့ လပ်ပေးရတာနည်းတယ်။ ပိုပြီးမြန်မြန်ဆန်ဆန် ရန်ကုန်၊မန္တလေးကိုရောက်တယ်။ ဘယ်တိုင်းပြည်မဆို အမေရိကန်၊ တရုပ် အားလုံးရဲ့ နိုင်ငံ GDP တိုးတက်အောင်လုပ်ဆောင်နေတာ အသေးစား၊အလတ်စားလုပ်ငန်းတွေပါ။ စင်ကာပူဆိုရင် နိုင်ငံထုတ်ကုန်ရဲ့ ၇၀%ကျော်ဟာ အသေးစား၊အလတ်စား လုပ်ငန်းတွေဖြစ်လို့ အစိုးရက အသေးစား၊အလတ်စားများကို ငွေချေး၊ပံ့ပိုး၊ အခွန်မကောက်လုပ်ပါတယ်။ ကျုပ်တို့မြန်အစိုးရကတော့ မလုပ်တတ်လို့ပဲလို့ ခွင့်လွှတ်ရမလားမသိ၊ အသေးစား၊အလတ်စား လုပ်ငန်းဆို ကုမဏီထောင်၊ လိုင်စင်ယူတာကအစ တိုးရစ်လမ်းပြလုပ်ငန်းတောင် လိုင်စင်စရိတ်ကြီး၊ လုပ်ငန်းကြီး၊ဟော်တယ်ကြီးတွေက လက်ဝါးကြီးအုပ်ထားတာ စိတ်ပျက်ပါတယ်။ လာမယ်၊ ကြာမယ်ပေါ့ဗျား။ ၂၀၁၅ အာစီယံ ဖရီးထရိတ် Asian Free Trade လုပ်ရင်လဲ လူဟောင်း၊ လူပုတ်သိုးတွေဖြုတ်ထုတ်သတ် မလုပ်နိုင်ရင် မလွယ်သေးပါဘူး။ 


စက်မှုလယ်ယာ၊ အသေးစားစက်မှု၊လျှပ်စစ် လုပ်ငန်းငယ်များ သွင်း/ထုတ် လွယ်ကူ၊စရိတ်သက်သာအောင် ဘယ်လိုလုပ်မဲ မေးခွန်းကိုတော့ Good Question! လို့ပဲ ကောက်ချက်ချလိုပါတယ်။ ကျနော့်မှာနည်းလမ်းမရှိပါ။ တရုပ်ပြည်နဲ့ဗီယက်နမ်အစိုးရများ ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်ပါသလဲလို့ National Plan စီမံကိန်းကြီးတစ်ရပ်အနေနဲ့ ဝန်ထမ်းသစ်များကို အစုလိုက်အပြုံလိုက် ၃လလောက် သင်တန်းပို့လိုက်ဖို့ပါပဲ။ လူဟောင်းများကို ဖြုတ်ပစ်ဖိုမဟုတ်ပါ။ လူသစ်များကို စနစ်သစ်ပြုပြင်ပြောင်းလဲရေးမှာ လစာလုံလောက်စွာနဲ့ စတင်လုပ်ဆောင်ဖို့ပါပဲ။ နောက်ဆုံးစာရင်းချုပ်ရရင် ဘယ်ကောင်ကိုမျက်မုန်းကျိုးရမလဲတောင် မသိတော့ ကိုယ့်ကိုယ်ကိုပဲ မျက်မုန်းကျိုးလိုက်တာကောင်းပါတယ်။ဗျာ...။