ခိုင်အောင်ကျော် (နယူးယောက်) - ရွာဓလေ့-မမေ့နိုင်တဲ့ ဝေ့မျက်ရည်

ရွာဓလေ့-မမေ့နိုင်တဲ့ ဝေ့မျက်ရည်
ခိုင်အောင်ကျော် (နယူးယောက်)
အောက်တိုဘာ ၁၉၊ ၂၀၁၃



ကြာခဲ့ပါပြီ။ တစ်ခါတစ်ခါ မိတ်ဆွေအပေါင်းအသင်းတွေကို မြင်ရတော့ စိတ်ထဲမှာ အတူသွား-အတူပျော်ပါးနေခဲ့ကြပုံများ သတိရလွမ်း ဆွတ်တတ်ရသည်။ နာရေးသတင်းများကြားရတော့ ကွေးသောလက်မဆန့်မှီ-ဆန့်သောလက် မကွေးမှီ ဆိုပြီး ပြောရချေသေးသည်။ သို့သော် သေကွဲ ကွဲကြသူများကိုကြည့်ပြီး အမှန်ပင်စိတ်မကောင်းခြင်းကြီးစွာနှင့် မိမိကို လှမ်းခေါ်နေသလို ခံစားရသည်။ တစ်နေ့တော့ သူတို့လို ထွက်ခွာသွားရမည့် သူမို့ဖြေသာထားပါသည်။ ရှင်ကွဲ ကွဲသူများအဖို့ မှာတော့ အစားအသောက်လေး စားမိရပြီဆိုလျှင်ပင် မှိန်ရာဟင်းကောင်းမို့အိမ်နီးပါးချင်း-သူငယ်ချင်းများကို ချက်ချင်းသတိရဖြစ်သည်။ ချဉ်ပေါင်နံ့လေးများ ရလာပြီဆိုလျင် ပို၍ သတိရသည်။ မိုးရနံ့ လေးများ ရပြီဆိုလျှင် ပို၍ခံစားရသည်။

အမေရိကပြည်ထောင်စု နယူးယောက်မြို့ သည် နေသာသည်ဟု ပြောရုံမျှ ပြောကာရှိသေး။ ညနေဖက်တွင် မိုးပြေးလေးတွေနဲ့  ရှိနေတတ် သည်။ မနေ့က နေသာနေသည်။ ခါတိုင်းဆိုလျှင် လမ်းလျှောက်ထွက်ကောင်းမည်လား ဆိုပြီး စိတ်ကူးဖြစ်သည်။ အလုပ်ကမအား အလပ်သောကြောင့် ညနေဖက်တွင် လျှောက်မည်ဟု စိတ်ကူးထားသည်။ တကယ်တမ်း ညနေဖက်မှာမူ မိုးပြေးလေးတွေနှင့် ဖြစ်နေပြီ။ ကတ္တရာလမ်းတစ်လျှောက်တွင် မိုးရေတွေရွာသွန်းထားသည်မို့မီးတိုင်များမှ အလင်းရောင်တွေ ရောင်ပြန်ဟပ်နေသည်ကို မြင်ရသည်။ မိုးရွာတော့ လေကလည်း အေးစက်နေသည်။ နယူးယောက်မိုးကား ရေခဲရေကို လေနှင့်ရောကာ ယူလာသလို အေးစက် ကျင်ခဲနေစေသည်။  ထုံကျင်အေးစက်နေသော နယူးယောက်လေပြေသည် စင်စစ်မှာတော့ ရေခဲရေနှင့် ခလေးငယ်တွေ သင်္ကြန်ရေပက်နေ သလို ဖြစ်နေသည်။

မိုးပြေးလေးများ၏ ရနံ့ သည် သင်္ကြန်ရနံ့ကို သတိရစေသည်။ သည်တော့ သင်္ကြန်အလွမ်းသည် ရင်ကိုထိစေတော့သည်။ တစ်နှစ်တစ်ခါ သင်္ကြန်သည် ပိတောက်မိုးနှင့်အတူ အလွမ်းစိတ်တွေကို ဖန်တီးစေပြီး ရူးသွပ်စေလောက်အောင် ဖြစ်ပွားစေသည်။ ယနေ့တွင်မူ မီးထိန်ထိန်နှင့် ဆီမီးတွေ ပူဇေါ်လို့  ၀ါလကင်းလွပ် သီတင်းကျွတ်ပြီဆိုသော မင်္ဂလာသတင်းကောင်းတွေ လက်ဆောင်ပေးကြတော့သည်။ အဝေးတစ်နေရာကပင် ရှိနေကြသော်လည်း မိမိထက် တစ်နေ့တစ်ရက် အသက်ကြီးမြှင့်သူများကို ကန်တော့ပူဇေါ်ပါ၏ ဆိုသော ချစ်စဘွယ် မင်္ဂလာစကားများနှင့် ရှိခိုးကန်တော့သော မောင်မယ်လူယဉ်ကျေးလေးများကို မြင်တွေ့ ရသည်။  အသက်ရာကျော် ရှည်ကြပါစေဟု ဆုပေး ရသည်။ ၀မ်းသာပီတိဖြစ်ရချေသည်။  တစ်ချို့ သော  မိကောင်းဖခင်သားသမီးတို့မှာ မိခင်ဖြစ်သူတို့ကို ကန်တော့နေသော ပုံများကို မြင်တွေ့ ရသည်။  မိမိ၏ မာတာမိခင် မွေးကျေးဇူးရှင်ကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ကန်တော့သည့် ဤသို့သော မင်္ဂလာမြင်ကွင်းကား အာရှနိုင်ငံတွင်မူ နေရာပေါင်းများစွာမှာ မြင်တွေ့ ရတတ်သည်။

မိမိတို့အိမ်ရှေ့တွင် ဆီမီးလေးတွေနှင့် လှပနေလိုက်တာဟု ပြောဆိုသော မိန်းခလေးများ၏ သီတင်းကျွတ် မင်္ဂလာအသံများကား တကယ့် မင်္ဂလာ အသံဖြစ်သည်။ သူတို့လေးတွေမှာ မီးဗုံးကလေးတွေကို အိမ်မှာထွန်းညှိထားယင်း သာသနာတော်တည်တန့် ခိုင်မြဲအောင် ထယ်ဝါ ခန့်နားသည့် ဗုဒ္ဒဘာသာယဉ်ကျေးမှူ၏ မြင့်မားကြွယ်ဝမှူများကို ထုတ်ဖေါ်ပြသနေကြသည်။ ဘုရားကျောင်းကန်သွားပြီး ဆီမီးပူဇော်ကော် ရော် ရှိခိုးလျှက် မြတ်ဗုဒ္ဒ၏ ဆိုဆုံးမတရားကို နာယူနေကြသည်မှာ ကြက်သရေရှိလှသည်။

ကျွန်တော်တို့ရွာတွင် ၀ါလကင်းလွပ် သီတင်းကျွတ်ပြီဆိုလျှင် လူငယ်များစွာတို့က နံရံကပ်စာပေ ပြုလုပ်ရန် ဆန္ဒရှိကြသည်။ ကျွန်တော်က စာမူများကို ပေးပို့ ရန် သင်ပုန်းကြီးများတွင် ကြော်ငြာပေးသည်။  ရွာတစ်လျှောက်လမ်းတွင် မီးတိုင်လေးများထွန်းညှိထားသည်။ ညအခါတွင် ရွာလမ်းမတစ်လျှောက်၌ တစ်ဖေက်တစ်ချက်စီ မီးတိုင်များဖြင့် ရှိနေသာ ကျွန်တော်တို့ရွာကား စည်ကားလှသည်။ စတုဒီသာ မုန့်  အလှူကျွေးသည်မို့လာသမျှသော မည်သူမဆို လူတွေက လာရောက်စားသောက်ကြသည်။ ၀င်္ကဘာကွင်းတွင် သီတင်းကျွတ်ပွဲတော်ကြီး ရှိသည်မို့ကျွန်တော်တို့ရွာ၏ ကျွေးမွေးသော စတုဒီသာ မုန့် ကို စားသောက်ပြီးမှ သွားကြခြင်းဖြစ်သည်။ နံရံကပ်စာစောင် ပြုလုပ်ထား၍့ မိမိတို့ ပေးပို့ ကြသော စာမူများ ပါသလားဆိုပြီး လာရောက်ကြည့်ရူသူများနှင့် ကဗျာတွေဖတ်-၀တ္ထုတိုတွေ ဖတ်ကြသူများကလည်း တိုးဝှေ့ ကြည့်ရူနေကြသည်မှာ ပျော်စရာ။

ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်ကား စာမူလက်ခံသော အယ်ဒီတာမို့စာမူများကို လက်ခံဖတ်ရူရသော သူဖြစ်ရာ ဆရာမဒေါ်ဘူမ၏ စာမူကို အကြိမ်ပေါင်းများစွာ ပြင်ဆင်ဖတ်ရသည်။ အကြောင်းမှာ ဆရာမဒေါ်ဘူမမှာ အိမ်ထောင်ကွဲစဖြစ်နေရာ ပြန်လည်ပေါင်း စည်းရေးအတွက် အဆင်မပြေဖြစ်နေသည်။ ကြီးကျယ်သော အိမ်ထောင်ရေးပဋိပက္ခလည်း မဟုတ်သောကြောင့် ကျွန်တော်တို့ ကလည်း ပြန်လည်ပေါင်းစည်းချင်စေသည်။ အကိုကျော်ဦးမှာ တကယ်တော့ ဆရာမဒေါ်ဘူမနှင့် ငယ်လင်ငယ်မယားမို့တကယ်တမ်းအားဖြင့် ကွဲပ်ြလိုသူမဟုတ် ။  ကျွန်တော်တို့မှာ ၎င်းတို့ လင်မယားအကြောင်းကို အစကအဆုံး သိရှိသူများဖြစ်ရာ ပြန်လည်ပေါင်းစည်းရန် လိုလားကြ သူများဖြစ်သည်။ ထို့ကြောင့် နံရံကပ်စာစောင်မှာ ဆရာမဒေါ်ဘူမ၏ ရင်ဖွင့်သံကို လက်ခံဖတ်ရူရသော ကျွန်တော့်မှာ အယ်ဒီတာအဖြစ်နှင့် ပြင်ဆင်တည်းဖြတ်ရသောအခါ  ပြသနာတက်ရတော့သည်။

ဆရာမဒေါ်ဘူမ၏ ရင်ဖွင့်သံမှာ မထိရောက်ဟု ထင်မြင်သောကြောင့် တစ်ခါပြန်ပေး တစ်ခါပြန်ရေးခိုင်းနှင့် ရေးခိုင်းနေရရာ ဆရာမခမြာလည်း အယ်ဒီတာမင်းဖြစ်သူ ကျွန်တော့်အား နေ့စဉ် လာရောက်ပြီး စာမူပေးနေရတော့သည်။ ဆရာမ ဒေါ်ဘူမသည် ကျွန်တော်ကျောင်းနေခဲ့သော မူလတန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်ပြီး ကျွန်တော့်အား စာမူလာရောက်ပေးနေသည်ကို ကြည့်ပြီး ရယ်ကြရတော့သည်။ ကိုကျော်ဦးမှာ ဆရာမထက် အသက်ငယ်သူဖြစ်ပြီး ပေါင်းသင်းနေရသူဖြစ်သည်။ ကျွန်တော်သည် ဆရာမဘူမ၏ ရင်ဖွင့်သံတွေ- ကဗျာတွေကို ပြင်ဆင်တည်းဖြတ်ယင်း ကျွန်တော်ရေးသားသလို ဖြစ်နေသော ဆရာမဒေါ်ဘူမ၏ နာမည်ဖြင့် ဖေါ်ပြထားသည့် စာမူကို ဖေါ်ပြခဲ့ရတော့သည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ရွာ၏ နံရံကပ်စာစောင်ကလေးကဖြင့် နှစ်စဉ်နှစ်တိုင်း တည်ရှိနေခဲ့သည်။

ရွာ၏ဓလေ့ကို ကျွန်တော်မှတ်မိနေခြင်းမှာ ယင်းကဲ့ သို့ နံရံကပ်စာစောင်ကလေးမှ မမေ့နိုင်သော အဖြစ်အပျက်တွေကြောင့်ဖြစ်သည်။ ခုတော့လည်း ကျွန်တော်တို့ရွာတွင် နံရံကပ်စာစောင်ကလေးများ  ရှိမှရှိပါ့မလား စဉ်းစားနေမိသည်။ ကျွန်တော်တို့နေထိုင်ခဲ့စဉ်က ကုက္ကိုလ် ပင် ဆိုင်းဆိုင်းရိုင်းရိုင်းနှင့် ရွာလမ်းမတစ်လျှောက် နေခြည်မထိုးနိုင်သော လမ်းမကြီးကား ယခုဆိုလျှင် နေခြည်ထိုးလို့  ရွာလမ်းမလည်း လွင်တီးခေါင်လို ဖြစ်နေပြီဟု ပြောဆိုကြသည်။ အရိပ်ကောင်းသော ကုက္ကိုလ်ပင်တွေကား ခုတ်ထစ်ဖြတ်လှဲ ပြီးပြီမို့သင်္ကြန်ကျလေတိုင်း စိတ်းညိုလှပနေသော ကုက္ကိုလ်ရွက်ကလေးများကိုလည်း မမြင်တွေ့ရတော့ပြီဟု ၀မ်းနည်းတသစွာ ပြောကြသည်။  လွမ်းစရာကောင်း သော ကုက္ကိုလ်၏ ဝေဒနာကား ကျွန်တော့်အတွက် အမှန်ပင် နာကျင်စေသည်။ ကျွန်တော်သည် ကုက္ကိလ်ကို ချစ်သူဖြစ်သည်။ ကုက္ကိုလ်၏ ခြေရင်းတွင် ကဗျာရေးနေခဲ့သူဖြစ်သည်။ နွေဖက်ရာသီဆိုလျှင် ကိုက္ကိုလပ်ရိပ်တွင်နေကြပြီး လေကလေးတဖြူးဖြူးနှင့် ပျော်စရာ နေခဲ့ဖူး သည်များကို ပြန်လည်သတိရတတ်သည်မှာ အခါမလပ် ဖြစ်သည်။

ခုတော့ ကျွန်တော်သည် ရွာဓလေ့ကို မမေ့နိုင်သည်ကြားက သတိရနေခြင်းများ ဖြစ်ပေါ်တတ်သည်။ ကျွန်တော်တို့၏ ယဉ်ကျေးမှုများနှင့် ခံစားရသော ဘ၀များကို ယှဉ်တွဲပြီး  တွေးတောရသောအခါ ရင်မှာ အမှန်ပင် နာကြင်စွာ ခံစားရသည်။  ကျွန်တော်သည် တစ်ခါတစ်ရံတွင် ရွာဓလေ့များကို မေ့နေတတ်သည်။  အရုပ်ကြီးများဖြင့် မြို့ ကိုလှည့်ပတ်ပြီး ဘုရားကြီးဂေါပကအဖွဲ့ မှ သီတင်းကျွတ်ပွဲတော် ရှိကြောင်း ကြေညာသည့် လမ်းတစ်လျှေက် ကပြကြော်ငြာသည်ကို ချက်ချင်း သတိမရ ။ ထိုအခါ ကျွန်တော့်ကို ရွာ့ဓလေ့များ မေ့နေပြီလားဟု စကားနာနှင့် မေးခွန်း ထုတ်ကြသေးသည်ကို သတိရလာသည်။ ဆီမီးကလေးတွေ တစ်ထိန်ထိန်နှင့် သီတင်းကာလ မင်္ဂလာအချိန်မှာ ၀င်္ကဘာကွင်း၌ ပွဲတော်ကျင်းပနေပုံများကို သတိရလာသည်။ မနက်ပိုင်းတွင် ဆရာတော် င်္သဃာတော်မြတ်များကို ၀င်္ကဘာကွင်းပတ်လည် လမ်းတစ်လျှောက် ဆွမ်းလောင်းပွဲတော်ကြီး ကျင်းပရာ အလှချင်းပြိုင်ကြသော မိန်းခလေးများသည် ၎င်းနေ့တွင် ရွှေတွဲလွှဲ ငွေတွဲလွှဲဖြင့် ရိုးရာယဉ်ကျေးမှုဝတ်စုံများနှင့် မြင်တွေ့ ရသည်။  တစ်ပတ်လှိုဆံထုံးကြီးများဖြင့် ရွှေရင်သိမ်းသစ် မိန်းမပျိုများသည် ပီဘီ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိမ်းသိမ်းသူများဖြစ်ကြောင်း သီတင်းကျွတ်ဆွမ်းလောင်းပွဲတော်ကြီးတွင် မြင်တွေ့ ရခြင်းဖြစ်သည်။


ဆွမ်းတော်ကြီးလောင်းပွဲမှာ ဆွမ်းလောင်းရန် အတွက် ကျွန်တော်တို့ ကာလသားလူပျိုတစ်စုမှာ မီးထွန်းပွဲကို ရွာမှာ ပြုလုပ်ကြရသည်။ နံရံကပ်စာစောင် ပြုလုပ်ပြီး လူစည်ကားအောင် ပြုလုပ်သည်။ စတုဒီသာ မုန့် အလှူပွဲ ကျွေးမွေးသည်။ ဆွမ်းချက်ရန် အတွက် တညဥ့်လုံး ချက်ပြုတ်ရန် တာဝန်ယူဆောင်ရွက်ကြရသည်။ ရေဒီိယိုကက်ဆက်သံများဖြင့် တရွာလုံး တစ်ရပ်ကွက်လုံး တေးသံချင်းတ ညံညံဖြင့် မ၈င်္လာအချိန်ဖြစ်စေသည်။ ကျွန်တော်မှတ်မိပါသေးသည်။ အဆိုကျော် ခိုင်ကျော်လင်း၏ ၀ါကျွတ်ဗျန် ဆိုသော တေးသံသည် ၎င်းနေ့တွင် ရပ်ကွက်တိုင်းတွင် သောင်းထိုက်ကကြားစေသည်ဟု ပြောရမလောက်ပင် ဖြစ်စေသည်။  တစ်မြို့ လုံး ဆူညံနေသည်။ ရွာ့ဓလေ့ကား မေ့မရနိုင်လောက်အောင် မျက်ရည်များကို ဝေ့စေသည်ဟု ကျွန်တော် ပြောချင်ပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် အမေရိက ပြည်ထောင်စု နယူးယောက်မြို့ မှာ နေထိုင်သော ကျွန်တော့်အနေနဲ့  မှာတော့ ကျွန်တော်တို့ရွာ၏ အဆင်း -အငွေ့ အသက်- အနံ့ -အရောင်-ဓလေ့ယဉ်ကျေးမှုကား ရှာမရတော့ပါလေ ။