နေလင်းညီ - နောက်လိုက်တိုးပွားရေး ဩဇာအာဏာ ဖြန့်ကျက်ရေးသို့ ဦးမတည်ပါ

နောက်လိုက်တိုးပွားရေး ဩဇာအာဏာ ဖြန့်ကျက်ရေးသို့ ဦးမတည်ပါ
နေလင်းညီ
အောက်တိုဘာ ၁၇၊ ၂၀၁၃



ဗုဒ္ဓမြတ်စွာ သာသနာကို အဘယ့်ကြောင့် ထိန်းသိမ်းကာကွယ်နေကြသနည်း။ ဘာသာတရားတိုင်းက ထိန်းသိမ်းကာကွယ်မှုများ ပြုနေကြသဖြင့် ဗုဒ္ဓဘာသာကလည်း ထိန်းသိမ်းကာကွယ်ခြင်းဖြစ်သည်ဟုဖြေလျှင် အပေါ်ယံ အမြင်ဖြင့် တွေးဆချက် ဖြစ်သည်။ လေးနက်စွာတွေးသင့်၏။

သတ္တဝါတို့ကို ပူလောင်နာကျင်စေပြီးနောက် သေကြေပျက်စီးစေသော ရောဂါဆိုးကြီးတစ်ခု ပေါ်ပေါက်ခဲ့၏။ ထိုရောဂါဆိုးကို အမြစ်ပြတ်ပျောက်ကင်းစေသော ဆေးနည်းကို သိသော ဆရာကြီးတစ်ဦးလည်း ပေါ်ပေါက်နေ၏။ အသို့နည်း…… ကျွှန်ုပ်တို့သည် ထိုဆေးဆရာကြီးကို ရိုသေလေးမြတ်ခြင်း ၊ ပူဇော်ခြင်း မပြုသင့်ပါသလော။ ပြုသင့်သည်သာလျှင်ကတည်း။ ဤသည်ကား ပထမ အရေးကြီးသော အချက် ဖြစ်၏။

ကျွန်ုပ်တို့သည် ဆေးဆရာကြီး၏ ဆေးနည်းများကို အလေးအမြတ်ပြုခြင်း၊ တန်ဖိုးထားခြင်း မပြုသင့်ပါသလော။ ပြုအပ်သည်သာလျှင်ကတည်း။ ဤသည်ကား ဒုတိယ အရေးကြီးသော အချက်ဖြစ်၏။

ကျွန်ပ်တို့သည် ဆေးဆရာကြီး၏ဆေးနည်းများကို သင်ယူလေ့လာလျက် အသုံးချကုသနေသူများ၊ ဆေးနည်းဖြန့်ဝေနေသူများကို ရိုသေလေးမြတ်ခြင်း၊ပူဇော်ခြင်း မပြုသင့်ပါသလော။ပြုအပ်သည်သာလျင်က တည်း။ ထိုသည်ကား တတိယအရေးကြီးသော အချက်ဖြစ်၏။

သို့သော် ထိုသုံးချက်လုံးသည် ဆေးဆရာ၏ နောက်လိုက်များ တိုးပွားရေး၊ ဩဇာအာဏာဖြန့်ကျက်ရေး ဟူသော ဦးတည်ချက်တွင် အခြေခံခြင်းမရှိပေ။ စင်စစ်အားဖြင့် ထိုသုံးချက်လုံးသည် ရောဂါပျောက်ကင်းချမ်းသာရေး ဟူသော ဦးတည်ချက်တွင်သာ အခြေခံခြင်း ဖြစ်သည်။ အပြန်အလှန်အားဖြင့်ကား ရောဂါပျောက်ကင်းချမ်းသာသူများ များပြားလာလေလေ၊ (၁)ဆေးဖေါ်ဆရာ ကြီး (၂)ဆေးနည်း (၃) ဆေးကုသူတို့ကို ကျေးဇူးတင် ပူဇော်သူ များလာလေလေ ဖြစ်မည်ကား မုချမလွဲပင်တည်း။
x                                         x                                                            x

သံသရာ၌ ကျင်လည်ကြရကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့သည် မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မချစ်မနှစ်သက်သောသူတို့နှင့် ပေါင်းဖော်နေထိုင်ရခြင်း၊ ချစ်ခင်နှစ်သက်သူတို့နှင် ကွေကွင်းရခြင်း၊ ထိုအရာအားလုံးကို မလိုလားခြင်း ဟူသော ဆင်းရဲဒုက္ခမျိုးစုံကို ခံစားကြရ၏။ ( ဓမ္မစက္ကပ ဝတ္ထန သုတ် )

ထိုဆင်းရဲမျိုးစုံကို ဖြစ်စေသော အကြောင်းရင်းကား လောဘ၊ ဒေါသ၊ … … …  အစရှိသော ကိလေသာ တရားဆိုးကြီးများပင် ဖြစ်၏။

ထိုကိလေသာတို့ကို ပါးသထက် ပါးအောင်၊ နည်းသထက် နည်းအောင် ကုနိုင်လျှင် ဒုက္ခအစိုင်အခဲကြီးလည်း ပါးသထက်ပါး၍ နည်းသထက်နည်းသွား၏။ ကိလေသာတို့ကို အကြွင်းအကျန်မရှိ အဖြစ်ပြတ်အောင် ကုသနိုင်လျှင် ဒုက္ခအစိုင်အခဲကြီးလည်း အမြစ်ပြတ် ကုန်ခမ်းသွားတော့၏။

ကိလေသာရောဂါဆိုးတို့ကို ပယ်သတ်ရမည့်ဆေးနည်းကား မဂ္ဂင်ရှစ်ပါးပင် ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးကို နည်းအစုံစုံဖြင့် ပြ၏။

ဗုဒ္ဓမြတ်စွာသည် ကိလေသာ ရောဂါဆိုးတို့ကို နည်းလမ်းအစုံစုံဖြင့် ပယ်သတ်နိုင်ရေးအတွက် ပိဋကတ်သုံးပုံကို သင်ယူလေ့လာခြင်း၊ ဖြန့်ဝေခြင်း၊ ပြုနေကြကုန်သော သူတို့ကို ပရိယတ္တိ လုပ်ငန်းလုပ်သူများဟု ခေါ်၏။ ပိဋကတ်သုံးပုံပါ နည်းနာနိဿယများအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်နေသူတို့ကို ပဋိပတ္တိလုပ်ငန်းလုပ်သူများဟု ခေါ်ပါသည်။

ဘုရားသည် ဆေးဖေါ်ဆရာကြီးနှင့် တူ၏။ တရားသည် ဆေးနှင့်တူ၏။ သံဃာသည် ဆေးနည်းပြန့်ပွားစေသူနှင့် တူ၏။

တစ်ဘဝစာ ရောဂါများကို ပျောက်ကင်းချမ်းသာစေသော ဆေးဖေါ်ဆရာကြီး၊ ဆေးနည်း၊ ဆေးနည်းဖြန့်ဝေသူတို့ကိုပင် ကျေးဇူးတင်ကြရ သေး၏။ သံသရာ အဆက်ဆက် နှိပ်စက်ညှင်းဆဲတတ်သော ကိလေသာ ရောဂါဆိုးများကို ပျောက်ကင်းချမ်းသာစေသော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများမှာမူ အတိုင်းအဆမရှိ ကြီးမားလှပါ၏။ ထို့ကြောင့် ပူဇော်ကြရခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ သာသနာကို ထိန်းသိမ်းကာကွယ် နေကြရခြင်း ဖြစ်သည်။

သာသနာတော်ကို ထိန်းသိမ်းကာကွယ်သူတို့အား အချို့သော သူတို့က နောက်လိုက်များ တိုးပွားရေး၊ ဩဇာအာဏာဖြန့်ကျက်ရေးတို့အတွက် အားထုတ်နေသူများဟု ထင်မှတ်မှားကြရှာ၏။ အကုသိုလ်ကို နေရင်း ထိုင်ရင်း ရယူနေသူများ ဖြစ်သည်။


အမှန်စင်စစ်အားဖြင့်မူ ကိလေသာ ရောဂါဆိုးများ ပျောက်ကင်းချမ်းသာရေးကို လည်းကောင်း၊ မပျောက်ကင်းနိုင်သေးသည့်တိုင် သက်သာရေးကို လည်းကောင်း၊ အဓိက ဦးတည်၏။ သက်သာသူ၊ ပျောက်ကင်းသူများ များလာသည်နှင့် အမျှ ပူဇော်သူများလာခြင်းကား ရှိလာပေလိမ့်မည်။ သို့သော် ပူဇော်သူများလာဖို့ ပျောက်ကင်းချမ်းသာစေခြင်းမဟုတ်။ ဤသည်ကား ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းကာ ကွယ်ခြင်း၏ အနှစ်သာရပါပေတည်း။