ကိုသန်းဇော်နဲ့ ကမ္ဘာပြားကြီးကို ငုံ့ကြည့်မယ်
ဖိုးထက်
အောက်တိုဘာ ၂၆၊ ၂၀၁၃
အခုတစ်လောမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ အလုပ်တွေ၊ ခရီးရှည်တွေ ထွက်နေရတာတွေနဲ့ဘဲ အင်တာနက်နဲ့ ဖိုးထက်နဲ့ တစိမ်းပြင်ပြင် ဖြစ်နေခဲ့တာ ကြာသွားခဲ့တယ်။ အခြေခံ ဥပဒေပြင်ဖို့ ပြောကြ ဆိုကြလွန်းလို့ သွားလေရာမှာ အခြေခံ ဥပဒေ စာအုပ်ကြီး ယူသွားပြီး ဖတ်ဖို့ကြိုးစားကြည့်မိတယ်။ ရှုပ်လိုက်တဲ့ အရေးအသား။
တစ်ချို့စာအုပ်တွေက ဖတ်စမှာ အလွန်ကောင်း။ နောက်ပိုင်းကြတော့ အီလည်ပြီး ဖတ်မကောင်းတော့ဘူး။ တစ်ချို့စာအုပ်တွေကြတော့ ဖတ်စမှာ အီလည်လည်ဖြစ်နေပေမယ့် အဆုံးလဲ သတ်ရော “ဟ..တယ်ကောင်းတဲ့ စာအုပ်ပါလား” လို့ ပါးစပ်က အသံထွက်ရတယ်။ တစ်ချို့စာအုပ်တွေကတော့ ဖတ်စကတည်းက လက်ကမချချင်လောက်အောင်ဘဲ သွားလဲ ဒီစိတ်၊ စားလဲဒီစိတ်။ ကန်တော့ပါရဲ့ ကုန်ကုန်ပြောရရင် အိမ်သာတက်ရင်းတောင် လက်က မချတမ်း ဖတ်မိတဲ့ စာအုပ်တွေ။
မြန်မာနိုင်ငံရဲ့ latest version အခြေခံ ဥပဒေစာအုပ်ကတော့ အထက်က ကျွန်တော်ပြောခဲ့တဲ့ စာအုပ်တွေထဲမှာ မပါဘူး ထင်ပါရဲ့။ ပျင်းဖို့ အလွန်ကောင်းပါတယ်ဗျာ။ မြန်မာလိုရေးတဲ့စာ မြန်မာစစ်စစ်ကြီး ကျွန်တော်ဖတ်ရတာ ဘာသာရေး စာအုပ်တွေကလွဲရင် အတော်ကြီး အားစိုက်ဖတ်ရတဲ့ စာအုပ်ကြီးပါဗျာ။ ဒေါ်စုကြီးက ပြင်ရမယ် ပြင်ရမယ်၊ ဦးဌေးဦးက တောင်ပြော တောပြော ပြော၊ အစိုးရမင်း လူကြီး တစ်ချို့ကလဲ သူတို့တောင် မဖတ်ဘူး ဘူးလို့ ပြောပြောနေတဲ့ စာအုပ်ကို ငါတော့ မဖတ်ဘဲ နေလို့ မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ ကျားကုတ် ကျားခဲ ကျွန်တော်ဖတ်တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ သီးမခံနိုင်ဘူးဗျာ။ အဘွားကြီးက “နင်တို့ဒီလို ရေဆုံး မြေဆုံး မလေ့လာ မလိုက်စားလို့ ငါတို့မှာ ရုန်းရကန်ရတာ” လို့ လာပြီး ဆူငေါက်လဲ သွားဖြဲကြီးနဲ့ နေရုံရှိတာပါဘဲ။
နောက်ပြီး အလုပ်ကိစ္စတစ်ခုအတွက် နှစ်ရှည်လများ သွားနေရမှာမို့ ဖတ်စရာ စာအုပ်တွေ ကျွန်တော်လိုက်စုမိတယ်။ (ဆရာတွေရဲ့) ရွှေကိုင်းသားရေးတဲ့ ပုဂံသွားမှတ်တမ်း၊ မောင်သာချိုရဲ့ ပေကညစ်များဆီမှ လှေကားထစ်များဆီသို့၊ မြတ်ငြိမ်းရဲ့ ဘာကြောင့် ဒီလောက်တုံးနေသလဲ၊ မြသန်းတင့် ဘာသာပြန်ပြီး အီလျာလျင်ဘတ်ရေးတဲ့ လူများ သက္ကရာဇ်များ အတွဲတွေ၊ ပြီးတော့ ကျွန်တော်သွားလေရာ ယူသွားတတ်တဲ့ ဆရာဖေမြင့်ရဲ့ စာအုပ်ကမ္ဘာ နဲ့ ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်စာမှတ်တမ်းများ။ စိတ်ပါရင်လဲ မအိပ်မနေဖတ်၊ စိတ်မပါရင်လဲ စာဆိုလို့ ဘုရားစာတောင် ကောင်းကောင်း မရွတ်မဖတ်ချင်တဲ့ အကောင်ဆိုတော့ လုံလောက်ပြီထင်ပြီး ကျွန်တော် စိတ်ချလက်ချ ခရီးထွက်ခဲ့ရတယ်။
အလုပ် နေရာ အသစ်မှာ ခြေခင်း လက်ခင်းလေးသာလာတော့ ပါလာတဲ့ စာအုပ်တွေ လှည့်တောင် မကြည့်ချင်စိတ်တွေ ပေါက်လာပြန်တော့တယ်။ လူ့စိတ်ဆိုတာ အရူးလိုဘဲ မို့လား။ လွန်ခဲ့တဲ့ တစ်နာရီလောက်က တက်ကြွဖွယ် သြကာဿ လောကကြီးပါလားလို့ တွေးထားပေမယ့် နောက်တစ်နာရီလောက်ကျတော့ ပျင်းဖို့ တယ်ကောင်းတဲ့ ဘ၀ကြီးပါလားလို့ တွေးမိတတ်တာကလား။ စိတ်အကျင့်ကို သတိနဲ့ စောင့်မကြည့်တတ်တဲ့ လူတွေထဲ ကျွန်တော်လဲ အပါအ၀င်ပေါ့။ ဒါနဲ့ဘဲ အင်တာနက်ပေါ်မှာ ဖတ်စရာစာအုပ်လေးရှာအုံးမှဆိုပြီး ရှာလိုက်မှ မြန်မာ့အလင်း သတင်းစာတစ်စောင် ဖတ်ဖြစ်အောင် ဖတ်စမ်းပါ။ အဲဒီထဲမှာ ဆရာ ကျော်ဝင်းတို့ အခြေခံ ဥပဒေအတွက် ဆွေးနွေးထားတာ ပါတယ်။ ဖတ်ကြည့်စမ်းပါလို့ ဘော်ဒါကြီး တစ်ယောက်က တိုက်တွန်းလာပြန်တယ်လေ။ ကိုင်း…လောကကြီးက ရီစရာကြီးပါဆိုမှဘဲ။ အခြေခံ ဥပဒေစာအုပ်ကို ပျင်းလို့ တခြား စာအုပ်တွေ ဖတ်မယ်လို့ မောင်းတင်ပြီးမှ ပျင်းနေတဲ့ အကောင်ကို အခြေံဥပဒေနဲ့ ပါတ်သက်တဲ့ စာကို လာပြန်ဖတ်ခိုင်း နေပြန်ပါရောလား။
ဆရာကျော်ဝင်းဆိုတာ ကမ္ဘာ့စာပေ၊ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးမှာ တကယ့် ဂုရုကြီး တစ်ပါးဆိုတာ ကျွန်တော်သိပါတယ်။ ဆရာ့ရဲ့ အမြင်တွေကို သိချင်လို့ ဖတ်ကြည့်မှဘဲ ကမ္ဘာက ပြားလဲ မပြားဘူး။ လုံးလဲ မလုံးဘူး။ ဆောင့်ကန်ဖို့သာ ကောင်းတဲ့ ကမ္ဘာကြီးလို့ သိလိုက်ရတယ်။ ဆရာဆွေးနွေးထားတာတွေ အများကြီးပါလား။ ကမ္ဘာနဲ့ ချီပြီးတော့ကို စစ်တပ်ကြီး အရေးပါ အရာရောက်ကြကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြသွားတယ်လို့ဘဲ နားလည်လိုက်မိတယ်။ စစ်တပ်အရေးပါ အရာရောက်တယ်လို့ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ငစနူအဆင့်လောက်ဘဲ ရှိတဲ့ ကျွန်တော်လို ငချွတ်တားတောင် နားလည်ကြတဲ့ ကိစ္စပါဘဲ။ အခု အခြေခံ ဥပဒေ ကိစ္စမှာ စစ်တပ် သဘောထားကြီးကို မျက်လုံးလေး လှန်လှန်ပြီး မော့ကြည့်နေရတာကိုးက စိတ်မသက်မသာဖြစ်စရာ ကြီးပါဗျာ။
ဒီမြန်မာနိုင်ငံဆိုတာ ဖိုးထက်ရဲ့နိုင်ငံ။ ဒေါ်စုရဲ့နိုင်ငံ။ ဦးသိန်းစိန်ရဲ့ နိုင်ငံ။ ကာချုပ်ရဲ့နိုင်ငံ။ နိုင်ငံတိုးတက်ချင်စိတ်တွေ ရှိကြရင်၊ နောင်လာနောက်သားတွေ ကိုယ်တွေလို မျက်နှာမငယ်ကြစေချင်ရင် အားလုံးက ကြမ်းတစ်ပြေးတည်းထိုင်ပြီး စကားပြောကြတာဘဲ ကောင်းမှာပါ။ ထားပါတော့ဗျာ။ ဆရာကျော်ဝင်းကတော့ ဆရာကတော့ ဆရာပါဘဲ။ ဆရာ့ဥာဏ်ပညာကို လေးစားအားကျပေမယ့် စိတ်နေ စိတ်ထားကတော့ စေတနာရှိသည်ဆိုအုံးတော့ သံသယ၀င်စရာ အများကြီးရှိတယ်လို့ဘဲ ဆိုပါရစေ။ သွားမထိနဲ့။ မီးပွင့်သွားမယ်။ ဒီဘက်က လှည့်သွား။ ဒီလူတွေက လူမိုက်တွေ။ ဒီလူတွေနဲ့ ထိပ်တိုက်မတွေ့နဲ့လို့ ပြောရအောင် ဘယ်သူတွေက ထိပ်တိုက် ၀င်တိုးနေလို့လဲ။ ပြင်သင့် ပြင်ထိုက်တဲ့ ကိစ္စ၊ ပြောသင့် ပြောထိုက်တဲ့ ကိစ္စကို မပြောဘဲ ၀မ်းထဲမှာ အစာဟောင်းတွေနဲ့ ရောထားရမှာလား။ ပုတ်ပုတ်စပ်စပ် လေဆိုး လေညစ်တွေနဲ့ နေရ ထိုင်ရတာ မသက်သာတာ ဆရာ ခံစားဘူးမှာပါ။
ဆရာ့အင်တာဗျူးဖတ်ပြီး စိတ်ရှုပ်လို့ သတင်းတွေ ရှာဖတ်မှဘဲ သန်လျင်ရေနံချက်စက်ရုံ ဗုံးကွဲမှုအတွက် အသားလွတ် ဗလာချီ နှစ်ဆယ့်သုံးနှစ် ထောင်ချခံရတဲ့ ကိုသန်းဇော် သတင်းကို လိုက်ဖတ်မိတယ်။ ကိုသန်းဇော်နဲ့ သတင်းဌာနတစ်ခု အင်တာဗျူး ရုပ်သံကို ကြည့်မိတယ်။ တကယ်ပါဗျာ။ ကမ္ဘာကြီးက ဆိုးဝါး ယုတ်မာ ပက်စက်ကြပါပေတယ်။ ခံခဲ့ရတဲ့ သူတွေက လက်ကမ်းတယ်။ နားလည်ပေးဖို့ ကြိုးစားကြတယ်။ လုပ်ခဲ့ကြတဲ့ လူတွေက မာန်မာနတွေ တစ်ခွဲသားနဲ့ ခံတင်းနေတယ်။ ငါသာ ကိုသန်းဇော်သာဆိုရင် ဘာလုပ်မလဲဆိုပြီး လူလဲ တွေးကြည့်မိတော့ အခုလောက်ဆို အရိုးတောင် ဆွေးလောက်ရောပေါ့။
ကိုသန်းဇော်က စိတ်ဓာတ်ခိုင်ကျဉ်သူမို့ အနှစ် နှစ်ဆယ်ကျော်ကို ဒေါမနဿ၊ မာန်မာန၊ ခွင့်လွှတ်သီးခံစိတ်တွေနဲ့ ဖြတ်သန်းလာခဲ့ပြီး အမှန်တရားကို ဒီအချိန်မှာ ထုတ်ပြောနိုင်တာပါ။ ငါသာဆိုရင် ကိုယ်လဲ မလုပ်ဘဲ အရိုက်ခံ၊ အထိုးခံ၊ အနှစ် နှစ်ဆယ်ထောင်ကျခံလိုက်ရသာဆိုရင် မခံချင်စိတ်နဲ့ ကိုယ့်အသက်ကိုယ် ပြန်ရန်ရှာမိမှာဘဲလေ။
ဆရာတွေရဲ့ အင်တာဗျူးနဲ့ ကိုသန်းဇော်ရဲ့ သတင်းတွေ ဖတ်ပြီးမှဘဲ ပိုစိတ်ရှုပ်သွားလို့ အခန်းအပြင်ဘက်က သာချင်တိုင်း သာနေတဲ့ လ ကြီးကို သတိထားမိတယ်။ သာလိုက်တဲ့ လ။ လှလိုက်တဲ့ လ။ ကျွန်တော့်မျက်စိရှေ့က တိုက်ခေါင်မိုးတွေပေါ်မှာ လရောင်တွေက ၀ါထိန်နေပါရောလား။ စိတ်ချမ်းသာဖို့ ကောင်းလိုက်တဲ့ လောက။ ကိုင်း…ကြည့်ပါ့လား…အခုနက သတင်းတွေနဲ့ စိတ်ရှုပ်၊ စိတ်ညစ်နေတဲ့ ကျွန်တော်က အခုတော့ သာချင်တိုင်းသာ၊ လှချင်တိုင်း လှနေတဲ့ လကြီးကြောင့် စိတ်က ပြန်ပြီး ကြည်လင်လာပါရောလား။
လဆိုတာ လုံးလုံး ၀န်းဝန်း မရှိဘူးတဲ့။ အဝေးက သေသေချာချာ လှမ်းကြည့်တာတောင်မှဘဲ လ ရဲ့ ပုံပန်းသဏ္ဌန်က ခပ်ပိန်ပိန်ဘဲ ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှားပါဘဲ။ ကိုယ်ပိုင် အလင်းရောင် မရှိတဲ့ ဂြိုဟ်တစ်ခုရဲ့ အလင်းပြန်မှုကို ကျွန်တော် အားရပါးရ ခံစားမိတယ်။ ဟိုလူ့ လွမ်းသလိုလို၊ ဒီလူ့လွမ်းသလိုလို။ အနားမှာ ချစ်တဲ့ ခင်တဲ့သူကိုဘဲ သာနေတဲ့ လကို ခေါ်ပြချင်စိတ် ဖြစ်လာတာလိုလိုနဲ့ စိတ်ကြည်နူး ချမ်းမြေ့ ရပါတယ်။
ကျွန်တော်တို့ နေတဲ့ ဂြိုဟ်ကြီးနဲ့ လ ဆိုတဲ့ ဂြိုဟ်အရံတစ်ခု ဘယ်သင်းက ကျွန်တော်တို့အတွက် ပိုအသုံးဝင်သလဲ။ ကမ္ဘာကြီးမှာ ရေရှိတယ်၊ လေရှိတယ်၊ ရွှေရှိတယ်။ ခံစားမှု မြင့်မားတဲ့ သတ္တ၀ါတွေနေတယ်။ တစ်ခါလှမ်းရင် သုံးပေတောင် မကျော်။ တစ်ခါခုန်ရင် သုံးပေတောင် ကျော်အောင် ခုန်ဖို့ ခက်ခဲ့တဲ့ သတ္တ၀ါတွေမှာ မိုင်ပေါင်းများစွာသွားဖို့ လေယာဉ်ပျံတွေ ရှိတယ်။ ကိုယ့်အသက်ကိုယ် အသက်မွေးဖို့ ခက်ပေမယ့် လူတွေရဲ့ အသက်အများကြီးတွေကို ချွေဖဲ့ပြစ်လိုက်ဖို့ လက်နက်တွေရှိတယ်။ စိတ်ယုတ် စိတ်ပုတ်တွေ မွေးတယ်။
လပေါ်မှာတော့ အမ်းစထရောင်းရဲ့ ခြေရာတစ်ခုဘဲ ရှိမယ်။ သက်ရှိ မရှိဘူး။ လေမရှိဘူး။ ဒါပေမယ့် လူသားတွေကို စိတ်လက်ချမ်းသာ ပေးနိုင်တာခြင်း ယှဉ်လိုက်ရင် ကျွန်တော့်အတွက်ကတော့ လ က သာတယ်လေ။ မလုံးဝန်းတဲ့ လ ကို ပိုချစ်တယ်လေ။
ကျွန်တော်တို့က ကမ္ဘာကို ပြားတယ် ပြောလိုက်ကြ။ လုံးတယ် ပြောလိုက်ကြ။ နည်းပညာ ကမ္ဘာကြီးလို့ ပြောလိုက်ကြနဲ့။ ဖြစ်နိုင်ရင်ဗျာ…လုံးလဲ မလုံး။ ပြားလဲ မပြား။ အခြေခံ ဥပဒေတွေလဲ မရှိ။ ကိုသန်းဇော်ကို ရက်စက် ယုတ်မာခဲ့ကြတဲ့ လူတွေကို ချန်ထားခဲ့ပြီး ကိုသန်းဇော်သာ ဆန္ဒရှိရင် သူ့ကို ခေါ်ပြီး လပေါ်မှာ သွားနေချင်လိုက်ပါရဲ့။ ကျွန်တော် အဲဒီကိုသွားရမယ်ဆိုရင် အခု ကျွန်တော် မဖတ်ရသေးတဲ့ စာအုပ်တွေ ယူသွားမယ်လေ။ အခြေခံ ဥပေဒစာအုပ်ကြီးကတော့ နေခဲ့ပါစေတော့။ ဒီဘ၀ ဒီမျှဘဲပေါ့။ ပြီးတော့ ကိုသန်းဇော်နဲ့ ကျွန်တော်က အမ်းစထရောင်းခြေရာဘေးမှာ တဲလေး ထိုးပြီး စာဖတ်ကြရင်း။ ဘယ်လိုစိတ်ထားမျိုးနဲ့ မတရားနဲ့ အချိန် အနှစ် နှစ်ဆယ်ကို ဖြတ်သန်းခဲ့သလဲဆိုတာ ကိုသန်းဇော်လဲ မေးရင်း မြန်းရင်းပေါ့။
နောက်…လုံးပါတယ်…ပြားပါတယ်ဆိုတဲ့ သိပ်ကြောက်ဖို့ ကောင်းတဲ့ သတ္တ၀ါတွေ နေတဲ့ စိမ်းဖန့်ဖန့် အလုံးကြီးကို ငုံ့ကြည့်ရင်းပေါ့။