တရုတ်ပြည်၊ ပီကင်းမြို့တော်၊ တင်ယမ်မင်ရင်ပြင်၊ ကားတစီးက လူအများကို ၀င်တိုက်၊ ၅ ဦးသေ၊ ၃၈ ဦး ဒဏ်ရာရ


တရုတ်ပြည်၊ ပီကင်းမြို့တော်၊ တင်ယမ်မင်ရင်ပြင်၊ ကားတစီးက လူအများကို ၀င်တိုက်၊ ၅ ဦးသေ၊ ၃၈ ဦး ဒဏ်ရာရ
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၂၉၊ ၂၀၁၃
အောက်တိုဘာ ၂၈၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီခန့်က တရုတ်ပြည်၏ ခရီးသွားများ ထူထပ်တဲ့ သမိုင်းဝင် တင်ယမ်မင်ရင်ပြင်ရှေ့မှာ ကားတစီးက လူသွားစင်္ကြန်ပေါ် အတင်းထိုးဖောက် မောင်းဝင်ပြီး လူအများကို ၀င်တိုက်ခဲ့လို့ လူ ၃၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကားက ကွန်မြူနီပါတီခေါင်းဆောင် မော်စီတုန်း ဓာတ်ပုံချိတ်ထားရာ နေရာမှာ အတားအဆီးတွေကို တိုက်မိပြီးနောက် ပေါက်ကွဲမီးလောင်သွားပါတယ်။ ကားပေါ်ပါတဲ့ လူ ၃ ဦးစလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ လမ်းပေါ်က ခရီးသွား ၂ ဦးလည်း ကားတိုက်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ တဦးက ဧည့်သည် ဖိလစ်ပိုင်အမျိုးသမီး၊ တဦးက ဒေသခံ တရုတ်လူမျိုးတဦးလို့ ဆိုပါတယ်။
လုံခြုံရေး တင်းကြပ်စွာ ချထားပြီး၊ ခရီးသွားဧည့်သည်များက တင်ယမ်မင်ရင်ပြင်ကို လာရောက်လေ့လာကြတဲ့ ခြေလျင်သွားရတဲ့ စင်္ကြန်လမ်းပေါ်မှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။ ကားက အတားအဆီးများကို ကျော်လွှားပြီးနောက် စင်္ကြန်ပေါ်တက်လာကာ လူများကို အတင်းဝင်တိုက်သွားတာလို့ ပြောကြပါတယ်။ တရုတ်လုံခြုံရေး တပ်ဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ သတင်းဆင်ဆာပိတ်ထားလို့ အကျယ်တ၀င့်သတင်းများလည်း မရသေးပါဘူး။ ဒါပေမယ့် တရုတ်ပြည်က ဘာသာရေးအစွန်းရောက်တွေကများ အကြမ်းဖက်သလားလို့ သံသယ ရှိနေကြပါတယ်။