ဒေါက်တာဓမ္မပိယ (ITBMU) - အပြစ်ရှိသူမို့ ခွင့်လွှတ်ပါ

အပြစ်ရှိသူမို့ ခွင့်လွှတ်ပါ
ဒေါက်တာဓမ္မပိယ (ITBMU)
အောက်တိုဘာ ၁၅၊ ၂၀၁၃



ချစ်စရာကောင်းတဲ့ မြန်မာတို့ရဲ့ ယဉ်ကျေးမှုလေးတစ်ခု။ ငယ်သူနှင့်ကြီးသူ၊ ဆရာနှင့်တပည့်၊  သား သမီးနှင့်မိဘ၊ ထိုသူတို့အကြား အပြစ်တစုံတရာ ရှိနေခဲ့လျှင် ၀န်ချတောင်းပန်တဲ့ အလေ့အထ။

ထိုအလေ့အထကို မြန်မာတို့ ဘယ်ကရခဲ့သလဲလို့ဆိုရင် ဗုဒ္ဓစာပေမှ ရခဲ့ခြင်းပါ။ ဗုဒ္ဓစာပေမှာ တစ်စုံ တစ်ယောက်သောသူရဲ့အပေါ်မှာ အပြစ်ပြုထားခဲ့လျှင် (သို့မဟုတ် တစ်စုံတစ်ခုကို ပြုလုပ်ထားလျှင်) ထိုအပြစ် ပြုသူမှာ အပြစ်တွေဖြစ်နေတတ်ခြင်းပါ။ ထိုကဲ့သို့အပြစ်တွေဖြစ်လာရာ၌ အပြစ်သေးခြင်း၊ အပြစ်ကြီးခြင်းဆိုတာ ရှိလာစမြဲပါ။ အပြစ်သေးခြင်း၊ အပြစ်ကြီးခြင်းကို တိုင်းတာရာ၌ အပြစ်အပြုခံရသူ၏ ဂုဏ်သိက္ခာနှင့် ပြုသူ၏ (အကုသိုလ်)စေတနာကို မှီ်၍ ပြောဆိုနိုင်ခြင်းပါ။ ဥပမာ၊ ရဟန္တာကဲ့သို့သော ဂုဏ် (သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်) သိက္ခာကြီးမားသူကို ပြစ်မှားကျူးလွန်ရာ၌ အပြစ်သည် ကြီးလေးနေတတ်ပြီး၊ ပုထုဇဉ်ကဲ့သို့ ဂုဏ်သိက္ခာနည်းသူများကို ပြစ်မှားကျူး လွန်ရာ၌မူ အပြစ်သည် သေးငယ်နိုင်ခြင်းပါ။

သို့သော် အပြစ်က ကြီးနေလျှင် မဂ်ကျိုး၊ ဖိုလ်ကျိုးများကိုပင် တားဆီးနိုင်၍ ထိုအတားအဆီးများကို ဖယ်ရှားနိုင်ရန်၊ စိတ်စေတနာဖြင့် လွန်ကျုးထားသောအပြစ်၊ စိတ်စေတနာမပါဘဲ လွန်ကျုးထားသော အပြစ်များရှိနေခဲ့လျှင် ထိုအပြစ်များ ပပျောက်နိုင်စေရန် “သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါ စေခြင်းအကျိုးငှာ” ဆိုပြီး မြန်မာတို့ရဲ့ဓလေ့၌ ၀န်ချတောင်းပန်လေ့ရှိခြင်းပါ။

ဗုဒ္ဓဘာသာတရားအရ အပြစ်ရှိရင် တောင်းပန်ရမယ်၊ သို့မဟုတ် တောင်းပန်သင့်တယ်ဆိုတော့ “အပြစ်↔ဆိုတာ ဘာလဲ။ ဦစွာပထမ သဲကွဲစွာ သိဖို့တော့ လိုတယ်။ အများလက်ခံထားတဲ့ အပြစ်ဆိုတာ ဘယ်လဲဆိုတာကို သဲသဲကွဲကွဲ သိနိုင်ဖို့ လူအတော်များများကို မေးကြည့်ဖူးတယ်။ တချို့က ဖြေတယ်။ အပြစ် ဆိုတာ မကောင်းမှုကို ပြုလုပ်ခြင်းတဲ့။ တချို့ကတော့ အပြစ်ဆိုတာ တပါးသူအား ပြစ်မှားကျူးလွန်ခြင်းတဲ့။ တချို့ကြတော့လဲ အပြစ်ဆိုတာ ကံသုံးပါးထဲက တစ်ပါးပါးဖြင့် သူတပါးအား စော်ကားခြင်း၊ ပြစ်မှား ကျူးလွန် ခြင်းတဲ့။ အဖြေတွေက စုံနေတယ်။ ဘယ်အဖြေက အကောင်းဆုံးဆိုတာ ပြောဖို့ခက်တယ်။ ဘာကြောင့်လဲ ဆိုရင် အားလုံးက သူ့နည်းနဲ့သူ မှန်နေတာချည်းဖြစ်လို့ပါ။

စာရေးသူ သဘောကျလက်ခံထားတဲ့ အပြစ်ဆိုတာ - “လုပ်ဆိုတဲ့အရာကို မလုပ်ရင် အပြစ်၊ မလုပ်နဲ့ ဆိုတဲ့ အရာကို လုပ်ရင် အပြစ်↔လို့ဆိုရမှာပါ။ အဲဒီမှာလဲ “လုပ်ရမယ်↔ “လုပ်သင့်တယ်↔ “လုပ်ထိုက်တယ်↔ ဆိုတဲ့ အခြေအနေကို မူတည်ပြီးတော့ အပြစ်ရဲ့ ခြားနားမှုဒီဂရီကို ခွဲခြားနားလည်နိုင်ခြင်းပါ။

တစ်စုံတစ်ယောက်သောသူက တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုကို ပြုလုပ်ခဲ့တဲ့အတွက် ပြုသူမှာ “အပြစ်ရှိတယ်↔လို့ တစ်စုံတစ်ယောက်က ပြောလာခဲ့ရင် “၀ိနည်းပြစ်↔လား၊ “အဘိဓမ္မာ↔ ပြစ်လား၊ “သုတ္တန်ပြစ်↔လားဆိုတာကိုတော့ ခွဲခြားစိစစ်နိုင်ဖို့ လိုမယ်ထင်တယ်။ ဘာကြောင့်လဲဆိုရင် ပိဋကတ်သုံးပုံမှာ အပြစ်ကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ ဒေသနာတစ်နှင့်တစ်ခု တခါတရံမှာ ကွဲပြားခြားနားနေတတ်လို့ပါ။

“၀ိနည်းပြစ်↔ဆိုတာ ဘာလဲ။ “၀ိနည်းပြစ်↔ဆိုသည်မှာ ၀ိနည်းပိဋကတ်တော်နှင့်အညီ ဆုံးဖြတ်ထားတဲ့ ၀ိနည်းပြစ်(၀ိနည်းဥပဒေ)မျိုးကို ဆိုခြင်းပါ။ ဥပမာ၊ ရဟန်းတစ်ပါး ညစာစားရင် အပြစ်ဖြစ်တယ်။ လူတစ်ယောက် ညစာစားရင် အပြစ် မဖြစ်ဘူး။ ဘာကြောင့်ရဟန်းမှာ အပြစ်ဖြစ်ပြီး လူမှာကြတော့ အပြစ်မဖြစ်လဲဆိုရင် ၀ိနည်းဒေသနာတော်အရ ရဟန်းမှာ “မလုပ်နဲ့ ဆိုတဲ့အရာကို လုပ်လို့ ↔ အပြစ်ဖြစ်ရတာ။ အဖြောင့်ပြောတော့ စောင့်ထိန်းရမဲ့ သိက္ခာပုဒ်ကို ချိုးဖေါက်လို့ အပြစ်ဖြစ်ရတာ။

ဝိနည်းမကျွမ်းကျင်တဲ့ လူအများဟာ တခါတရံမှာ ရဟန်းတော်များကို ၀ိနည်းသိက္ခာပုဒ်များနှင့် ထောက်ပြပြီး ဝေဖန်ပြောဆိုတတ်ကြတယ်။ ဘယ်ရဟန်းမျိုးမဆို ၀ိနည်းတော်နှင့်အညီ နေထိုင်ရင် ကြည်ညိုနေ မှာလို့ ခပ်လွယ်လွယ်လည်း ပြောတတ်ကြတယ်။ ညစာစားတဲ့ ရဟန်းကိုတွေ့ရင် အလွန်အမင်း ကဲ့ရဲ့တတ်ပြီး၊ မျက်ဖြတ် (မျက်ရိပ်) နေတဲ့ရဟန်းကိုတွေ့ရင် ချီးမွမ်းသွားတတ်ကြတယ်။ ၀ိနည်းဒေသနာကံအရ ညစာစားတာနှင့် မျက်ဖြတ်တာ၊ အရက်သောက်တာနှင့် မျက်ဖြတ်တာ အပြစ်ဖြစ်နေတာခြင်း တူနေသော်လည်း ၀ိနည်းနားမလည်တော့ အပြစ်နှစ်ခုက လုံးဝကို ကွာခြားနေသလို ဖြစ်သွားခြင်းပါ။

ဝိနည်းဒေသနာတော်မှာ ကံသုံးပါး (ကာယကံ၊ ၀စီကံ၊ မနောကံ) ရှိရာ (မနောဒွါရေ အာပတ္တိနာမ နတ္ထိ ဆိုတဲ့အတိုင်း) ရဟန်းတော်များသည် မနောကံကြောင့် အာပတ်မသင့်နိုင်ခြင်းဆိုတဲ့ အချက်ပါ။ ဆိုလိုတာက ရဟန်းတစ်ပါးဟာ စိတ်ထဲကနေ ရောက်တတ်ရာရာ တောင်ကြံ၊ မြောက်ကြံ (တရားတာတွေရော၊ မတရားတွေပါ) ကြံချင်တိုင်းကြံနေသော်လည်း အာပတ်မသင့်နိုင်ခြင်းပါ။

နောက်တစ်မျိုးက ရဟန်းလောက၊ လူလောကမှာ ပြောလေ့ပြေထရှိနေတာက - “၀ိနည်းတတ် ကြက်သတ်↔ဆိုတဲ့ အဆိုအမိန့်ပါ။ ၀ိနည်းကျွမ်းကျင်တဲ့ ရဟန်းတစ်ပါးဟာ လူတစ်ယောက်ကို သတ်ဖို့စေခိုင်း သော်လည်း ထိုသတ်ခိုင်းသောရဟန်းအား တခါတရံမှာ အာပတ်မသင့်ရောက်နိုင်ခြင်းဆိုတဲ့ အချက်ပါ။

ဥပမာ၊ ၀ိနည်းကျွမ်းကျင်သော ရဟန်းတစ်ပါးက လူတစ်ယောက်ကို သတ်လို၍ အနီးနေရဟန်း တစ်ပါးအား သို့မဟုတ် ယောက်ျားတစ်ယောက်အား အသတ်ခိုင်းတယ်ဆိုပါတော့။ သတ်ရန်အချိန်ကိုပါ သတ်မှတ်ပေးလိုက်တယ်။ “မင်း ဒီယောက်ျားကို ဒီနေ့ ဒီရက် (၁၂)နာရီ၊ (၁၂)မိနစ်၊ (၁၂)စက္ကန့်အချိန်မှာ သတ်လိုက်ပါ↔ဟု စေခိုင်းလိုက်ခြင်းပါ။ သို့သော် သတ်သောရဟန်းသည် သို့မဟုတ် သတ်သောယောက်ျား သည် ထိုရဟန်းညွှန်းကြားသော ထိုနေ့ ထိုရက် (၁၂)နာရီ၊ (၁၂)မိနစ်၊ (၁၂)စက္ကန့်အချိန်မှာ ထိုယောက်ျားကို မသတ်နိုင်ဘဲ (၁၂)နာရီ၊ (၁၂)မိနစ်၊ (၁၃)စက္ကန့်အချိန်ကျမှ ထိုယောက်ျးကို သတ်နိုင်ခဲ့တယ်ဆိုပါတော့ … ။ ထိုလူသတ်မှု၌ စေခိုင်းသောရဟန်းသည် (၀ိနည်းဒေသနာကံအရ အပြစ်မဖြစ်ဘဲ) သတ်သောရဟန်း (သို့မဟုတ်) သတ်သောယောက်ျားမှာသာ အပြစ်ဖြစ်နေခြင်းပါ။ အဘယ်ကြောင့်ဆိုသော် စေခိုင်းသည့်အတိုင်း သတ်မှတ်ပေးထားသော အချိန်၌ မသတ်ဘဲ လွဲမှားသောအချိန်၌ သတ်ခဲ့သောကြောင့်ဖြစ်တယ်။ (သို့သော် တရားဥပဒေကြောင်းအရမူ သတ်ခိုင်းသူ၊ သတ်သူအားလုံးမှာ အပြစ်ရှိနေကြောင်း သိရခြင်းပါ။ လူသတ်မှု ကြောင့် ဖြစ်ပေါ်လာသော တရားဥပဒေအပြစ်ကိုမူ ထိုသူတို့အားလုံး ခံယူကြရမည်ဖြစ်၏။)

အချိန်အခါကို သတ်မှတ်ပေး၍ တစ်စုံတစ်ယောက်သူအား ၀ိနည်းပြစ်မဖြစ်အောင် အသတ်ခိုင်းနိုင် သလို၊ တည်နေရာ-စသည်ကို သတ်မှတ်ပေး၍ ၀ိနည်းပြစ်မဖြစ်အောင် သတ်ခိုင်းနည်းများကိုလည်း အလားတူ သိနိုင်ခြင်းပါ။ ဒါမျိုးကို ရည်ရွယ်၍ “၀ိနည်းတတ် ကြက်သတ်↔ဟု အဆိုအမိန့်ပြုထားခြင်း ဖြစ်နိုင်ပါတယ်။

ထိုလူသတ်မှုတွင် ၀ိနည်းကျွမ်းကျင်၍ လူတစ်ယောက်ကို သတ်ခိုင်းစေမှု၌ ၀ိနည်းဒေသနာကံအရ ၀ိနည်းပြစ် မဖြစ်ခဲ့သော်လည်း၊ အဘိဓမ္မာဒေသနာတော်အရ အပြစ်ကို ရှောင်တိမ်း၍ မရနိုင်ပေ။ အဘယ် ကြောင့်ဆိုသော် ၀ိနည်းကျွမ်းကျင်၍ ၀ိနည်းကို ရှောင်နိုင်တိမ်းနိုင်သော်လည်း အဘိဓမ္မာဒေသနာတော်အရ ထိုရဟန်း၏စိတ်သည် လောဘ ဒေါသ မောဟစသော အကုသိုလ်စိတ် စေတသိက်များနှင့် ယှဉ်ထားသော ကြောင့် (အတူယှဉ်တွဲဖြစ်နေသောကြောင့်) သတ်လိုစိတ်များ တဖွားဖွားဖြစ်နေသော ထိုရဟန်း၏ မစင်ကြယ် သောစိတ်အစဉ်သည် အဘိဓမ္မာအပြစ်များ သင့်ရောက်နေခြင်းဖြစ်တယ်။ လူသတ်မှုကြောင့် တရားဥပဒေ အပြစ်ကို ခံယူရမည်ဖြစ်သလို၊ သူတပါးအား သေစေလိုသောစိတ်သည် (အဘိဓမ္မာဒေသနာတော်အရ) အပြစ်များဖြစ်နေပြီး ထိုအပြစ်ကြောင့် ထိုရဟန်းသည် အပါယ်သို့ ကျရောက်နိုင်ခြင်းပါ။

“အဘိဓမ္မာပြစ်↔ဆိုသည်မှာ လောဘ ဒေါသ မောဟ မာန်မာန စသော ကိလေသာတရားများကို ဖြစ်ခွင့်ပေးထားခြင်းကြောင့် ဖြစ်ပေါ်လာသော အပြစ်မျိုးပါ။ ထိုတရားများသည် တစုံတစ်ယောက်သော သူ၏စိတ်၌ ဖြစ်ပွားနေခဲ့သော် ထိုသူ၏စိတ် (စေတသိက်) တို့သည် မစင်ကြယ်နိုင်တော့ဘဲ အပြစ်များ ဆိုက်တိုက်ဖြစ်နေခြင်းပါ။ ထိုအပြစ်များသည် ဖြစ်ပေါ်နေသော ဒီဂရီအလိုက် တခါတရံ၌ အပါယ်သို့ပင် ကျသွားနိုင်ခြင်းပါ။ ထိုကြောင့် အဘိဓမ္မာဒေသနာတော်အရ မစင်ကြယ်သောစိတ်များကို (အပြစ်ဖြစ်နေသော စိတ်စေတသိက်များကို) စင်ကြယ်အောင်၊ ဆိုလိုတာက လောဘ ဒေါသ မောဟစသော အပြစ်များ မိမိစိတ်၌ ကင်းစင်အောင် တရားဘာဝနာများကို အာထုတ်ရခြင်းပါ။

အဘိဓမ္မာဒေသနာတော်အရ လူတစ်ယောက်၏ဘ၀၌ ကုသိုလ်ဖြစ်ရေးသည် အရေးကြီးသလို၊ အကုသိုလ်မဖြစ်ရေးသည် အရေးကြီးခြင်းပါ။ သို့သော် တခါတရံ၌ ဖြစ်တတ်သည်မှာ ကုသိုလ်စိတ်ကြောင့် လည်း အကုသိုလ်တရားများ ဖြစ်ပွားတတ်ပြီး၊ အကုသိုလ်စိတ်ကြောင့်လည်း ကုသိုလ်တရားများ ဖြစ်ပွားနေ တတ်ခြင်းပါ။ ဥပမာ၊ အလှူကြီးပေးလို၍ ရင်အုပ်သားချည်းပါသော ကြက်သားဒဏ်ပေါက် ပွဲတစ်ထောင်ကို မှာယူသော အလှူရှင်၏စိတ်၌ ကုသိုလ်စိတ်ကိုမှီ၍ အကုသိုလ်အပြစ်များဖြစ်နေခြင်းကို တွေ့မြင်းနိုင်ခြင်းပါ။ နောက်ထပ် ဥပမာတစ်ခုမှာ ငယ်ငယ်ရွယ်ရွယ်နှင့်  သေဆုံးသွားခဲ့သော လင်တော်မောင်ကို လွမ်းတသသ ဖြစ်နေရှာသော အမျိုးကောင်းသမီးသည် သွားလေသူအပေါ်မှာ သံယောဇဉ်မကုန်နိုင်ဘဲ သူကို သတိရတိုင်း သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ပုတီးစိတ်ခြင်း၊ တရားထိုင်ခြင်း၊ အမျှပေးဝေခြင်းစသော ကုသိုလ်အလုပ် များကို လုပ်နေခြင်းမျိုးပါ။ ဤဖြစ်စဉ်ကို ကောက်ချက်ချကြည့်လျှင် သံယောဇဉ်က အကုသိုလ်တရား (အပြစ် ရှိသောတရား)၊ ဆွမ်းကပ်ခြင်း၊ ပုတီးစိတ်ခြင်း၊ တရားထိုင်ခြင်းက ကုသိုလ်တရား (အပြစ်ကင်းစင်သော တရား)။ ဒီဖြစ်စဉ်များကို ထောက်ရှု၍ ကုသိုလ်တရားက အကုသိုလ်တရားကို ဖြစ်ခွင့်ရအောင် ကျေးဇူးပြုပေးနိုင်သလို၊ အကုသိုလ်တရားကလည်း ကုသိုလ်တရားများကို ဖြစ်ခွင့်ရအောင် ကျေးဇူးပြုပေးခြင်းပါ။

လူအတော်များများဟာ ၀ိနည်းပြစ်နှင့် အဘိဓမ္မာပြစ်ဆိုတာကို နားလည်သဘောပေါက်နိုင်ကြပေမဲ့ သုတ္တန်ပြစ်ကိုမူ သတိမထားမိသူတွေက များနေခြင်းပါ။ အပြစ်ဆိုတာ “လုပ်သင့်တဲ့အရာကို မလုပ်ရင်၊ မလုပ်သင့်တဲ့အရာကို လုပ်ရင် အပြစ်ဖြစ်တယ်↔လို့ ပြောခဲ့ပြီးသားပါ။ ဒီသီအိုရီအရဆိုရင် လူအတော် များများဟာ အပြစ်မကင်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သုတ္တန်ဒေသနာတော်မှာ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သား (သမီး) တို့တာ↔တဲ့။ သိင်္ဂါလောဝါဒသုတ္တန်ဒေသနာတော်အရ သားသမီးများပြုရမဲ့ တာဝန်ဝတ္တရားက ငါးပါးရှိနေခြင်းပါ။ ဆိုလိုတာက သားသမီးများ ပြုရမဲ့ အလုပ်ပါ။ ဒီသုတ္တန်ဒေသနာတော်အရ သားသမီးများသည် မိဘများကို လုပ်ကျွေးဖို့ တာဝန်ရှိသလို၊ မျိုးနွယ်ကိုလည်း စောင့်ထိန်းဖို့ တာဝန်ရှိနေခြင်းပါ။ လုပ်ထိုက်တဲ့တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေခဲ့မယ်ဆိုရင် သုတ္တန်ဒေသနာတော်အရ အပြစ်ဖြစ်နိုင်ခြင်းပါ။

နောက်တစ်မျိုး သုတ္တန်ဒေသနာတော်မှာ ဆိုထားတာက - “အနာဂတံ ဘာရံ အာဝဟတိ၊ အာဂတံ ဘာရံ န အာဝဟတိ - မကျရောက်တဲ့တာဝန်ကို ဆောင်ရွက်ရင်၊ ကျရောက်လာတဲ့ တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ရင် (ရှောင်လွှဲနေရင်) အပြစ်ဖြစ်တတ်တယ်↔ဆိုတဲ့အဆုံးအမမျိုးပါ။ ထိုတာဝန်နှစ်ရပ်ကို ဆောင်ရွက်ဖို့ ပျက်ကွက်ရင် ဗာလ(လူမိုက်)အထိပါ ဖြစ်သွားနိုင်ခြင်းပါ။ ဒီနေ့ တိုင်းပြည်တွင်းမှာ အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရတဲ့ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးကိစ္စများ၊ ထိုကိစ္စများကို အမျိုးသားရေးစိတ်ဓာတ်နှင့် စောင့်ထိန်းဖို့တာဝန်ဟာ ဘယ်သူ့တွေရဲ့တာဝန်လဲဆိုတာ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။ “စောင့်လေမျိုးနွယ်↔လို့  သုတ္တန်ဒေသနာတော်မှာ အတိအလင်း ဆိုထားတာကြောင့် ကျရောက်နေတဲ့တာဝန်ကို မဆောင်ရွက်ရင် သို့မဟုတ် ကိုယ်နှင့်မဆိုင်သလို သဘောထာပြီး မဆောင်ရွက် နိုင်ရင် တိုင်းပြည်ရဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအပေါ်မှာ အပြစ်တွေ ကျရောက်လာနိုင်ခြင်းပါ။ ဒီအပြစ်မျိုးကြတော့ ကျူးလွန်လို့ဖြစ်တဲ့ အပြစ်မျိုးမဟုတ်ဘဲ၊ လုပ်သင့်၊ လုပ်ထိုက်တာကို မလုပ်လို့ သင့်ရောက်တဲ့ အပြစ်မျိုးပါ။ ဒါမျိုးကို သုတ္တန်ပြစ်လို့ ပြောလိုတာပါ။

နောက်တစ်မျိုးက သုတ္တန်ဒေသနာတော်မှာ - “အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ၊ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ - ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တို့ကို ပြောဆိုနေသောသူတို့အား သင်တို့ ပြောနေသော ရတနာသုံးပါး၏ဂုဏ်ကျေးဇူးမဲ့တို့သည် မဟုတ်မှန်ကြောင်း၊ ဟုတ်မှန်စွာ ပြောဆိုနေသော သူများကိုမူ သင်တို့ပြောနေသော ရတနာသုံးပါး ဂုဏ်ကျေးဇူးများသည် ဟုတ်မှန်စွာ ပြောဆိုနေကြောင်း ၀န်ခံပြောဆိုနိုင်ရမည်↔ဟု သုတ္တန်ပိဋကတ်တော်၌ ဟောကြားထား၍ လုပ်သင့်လုပ်ထိုက်သည်ကို ဗုဒ္ဓဘာသာ ၀င်များက ပြုလုပ်ရန် ပျက်ကွက်နေခဲ့သော် သုတ္တန်ဒေသနာတော်နည်းအရ အပြစ်များဖြစ်နေခြင်းကို သတိမူ နိုင်ကြဖို့ပါ။ ဒီနေရာ၌ ဘုရားလောင်း၏ စိတ်နေစိတ်ထားများကို အားကျအတုယူသင့်ခြင်းပါ။ ဘုရားလောင်း၏ စိတ်ဓာတ်က - အမျိုးသားရေးအတွက်ဆိုရင် ကိုယ်တိုင်က ကျူးကျော်ရန်စသူမျိုးမဖြစ်အောင် စောင့်ထိန်း ခြင်းပါ။ တဖက်သားက ကျူးကျော်ရန်စလာပြီဆိုရင်တော့ “လူဖြစ်ရင် လူမျိုးမတုံးရေး၊ မျောက်ဖြစ်ရင် မျောက်မျိုး မတုံးရေး၊ ခွေးဖြစ်ရင် ခွေးမျိုးမတုံးရေး↔ဆိုတဲ့ စိတ်ဓာတ်နှင့် အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်ခြင်းပါ။


အထက်ပါ သုံးသပ်ချက်များကို ပြန်လှန်သုံးသပ်ရလျှင် စာရေးသူမှာ “၀ိနည်းပြစ်↔ဆိုတာလဲ မကင်း နိုင်သေးပါ။ “အဘိဓမ္မာပြစ်↔ဆိုတာလဲ မကွာနိုင်သေးပါ။ “သုတ္တန်ပြစ်↔ဆိုတာလဲ မကျော်နိုင်သေးပါ။ ထိုကြောင့် ဂရိ ဖီလိုဆိုဖာကြီး ဆိုကရေးတီးစ် ပြောခဲ့တဲ့ စကားတစ်ခွန်းကို အမှတ်ရမိခြင်းပါ။ “လောကမှာ ကျွန်ုပ်သိတာက တစ်ခုတည်းရှိတယ်။ အဲဒါကတော့ ကျွန်ုပ်မသိတဲ့အရာတွေ အများကြီးရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုပါ↔တဲ့။ စာရေးသူလဲ သူ့လိုပဲ ပြောလိုက်ချင်ပါတယ်။ “လောကမှာ ကျွန်ုပ်သိတာက တစ်ခုတည်း ရှိတယ်။ အဲဒါကတော့ ကျွန်ုပ်မှာ အပြစ်တွေ မျာစွာရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုပါ↔။ ဒီတော့ ဒီကမ္ဘာမှာ (ပုထုဇဉ်တို့ရဲ့ကမ္ဘာမှာ) ဒီအပြစ်သုံးမျိုးလုံး ကင်းနိုင်သူဟာ သင်ကလွှဲရင် မရှိနိုင်ဘူးလို့ ပြောခဲ့ရင် သင်က လက်ခံမှာလား။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။