နာသုံးနာ
မောင်စွမ်းရည်၊ အောက်တိုဘာ ၃၀၊ ၂၀၁၃
သီတင်းကျွတ်ပြီဆိုရင် ပြည်ပရောက်ဗမာတွေလည်း သက်ကြီးပူဇော်ပွဲတွေ၊ မိဘဆရာ ကန်တော့ပွဲတွေ မြို့တကာ နယ်တကာမှာ ကျင်းပနေမြဲပါ။ အိမ်တိုင်ရာရောက် လိုက်ပြီး ကန်တော့ကြတာတွေလည်း မနည်းမနောပါပဲ။ ကျောင်းဆရာလုပ်လာတဲ့ ကျနော့်လို လူမျိုးအဖို့ ဒီလိုအခါမျိုးမှာ ဗမာပြည်ကို အထူးလွမ်းဆွတ်သတိရမိပါတယ်။ ကိုယ့်ဆရာတွေလည်း သတိရ၊ ကိုယ့်တပည့်တွေကိုလည်း လွမ်းရပေသပေါ့။
ကျောင်းဆရာဘ၀ကို လွမ်းရင်းက “နာသုံနာ” ဆိုတဲ့ ကျောင်းဆရာဘ၀ကို ဂုဏ်ပြုဖော်ကျူးထားတဲ့ စကားလေးကို သွားပြီးသတိရလိုက်မိပါတယ်။ ဟုတ်ကဲ့။ “၀ါသနာ၊ စေတနာ၊ အနစ်နာ” တဲ့။ ဘယ်လိုပုဂ္ဂိုလ်က စတင်ခဲ့သလဲ မသိရပေမယ့် အတော်ကို တိကျ ထိမိတဲ့ စကားစုလေးပါလားလို့ တွေးမိပါတယ်။ ဒါပေမယ့် အနန္တော အနန္တ ငါးပါးထဲမှာ တပါး ပါဝင်တဲ့ ကျောင်းဆရာဘ၀မှာ ဘာဖြစ်လို့ နစ်နာနေရသလဲဆိုတာ တခါတခါ စိတ်မကောင်းခြင်းကြီးစွာနဲ့ အတွေးနက်လိုက်မိပါရဲ့။
မြန်မာ့ပညာရေးလောကမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်ကြီး ၃ ရပ်ဟာ ရှေ့တန်းမှာ ရှိပါတယ်။ ဆရာဝန်ပညာ၊ စက်မှုပညာနဲ့ ကျောင်းဆရာပညာလို့ ခေါ်ရမယ့် သင်ကြားမှုပညာပါပဲ။ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်နဲ့ ပညာရေးတက္ကသိုလ် ဆိုတဲ့ တက္ကသိုလ်ကြီး သုံးမျိုးမှာ ရိုးရိုးဘွဲ့တွေထက် တနှစ် နှစ်နှစ် ပိုပြီး သင်ယူရပါတယ်။ ကိုလိုနီခေတ်ကတည်းက ဒီဌာနကြီး ၃ ခုဟာ လူလေးစားခံခဲ့ရပေမယ့် အခုအခါ ပညာရေးတက္ကသိုလ်ကတော့ဖြင့် တဖြည်းဖြည်း မျက်နှာငယ်လာပါတယ်။
တချို့ကျောင်းဆရာများဟာ သူတို့စာသင်ခန်းထဲမှာ တပည့်တွေကို မေးစမ်းကြည့်ဖူးကြပါလိမ့်မယ်။ “တပည့်တို့ ဆရာဝန်ဖြစ်ချင်တဲ့သူ လက်ညိုးထောင်” ဆိုရင် အားလုံးနီးပါး လက်ညှိုးထောင်ကြမယ်။ အင်ဂျင်နီယာကြီး ဖြသ်ချင်ရင် လက်ညှိုးထောင် ဆိုရင်လည်း တော်တော်များလိမ့်မယ်။ ကျောင်းဆရာလုပ်ချင်တဲ့သူ လက်ညှိုးထောင်ဆိုရင် လက်ညှိုးထောင်သူ အတော်နည်းပါလိမ့်မယ်။ ကျောင်းဆရာတယောက်ကတော့ ထပ်ကွန့်ပြီး “စစ်ဗိုလ်ဖြစ်ချင်တဲ့သူ လက်ညှိုးထောင်” လို့ မေးကြည့်ဖူးသတဲ့။ မိတ်ဆွေတို့ ဘယ်လိုထင်ပါသလဲ။ ဒါ ခုခေတ်မှာ မေးတာနော်။ အံ့သြစရာပဲဗျ။ ကလေးတွေက တယောက်မျက်နှာ တယောက်ကြည့်ရင်း တယောက်မှ လက်ညှိုးမထောင်ကြဘူးတဲ့ဗျ။ စစ်ဗိုလ်များ စိတ်မဆိုးပါနဲ့ဗျာ။ မယုံရင် ကျောင်းတကျောင်းကို ကိုယ်တိုင် အရပ်ဝတ်နဲ့ ၀င်သွားပြီး စမ်းသပ်ကြည့်ပါလား။ သတ္တိရှိရင်ပေါ့လေ။
ဘွဲ့ရပြီး အစိုးရအလုပ်ကို ၀င်လုပ်ရင် သူ့နေရာနဲ့ သူ့အခါအားလျော်စွာ အရာရှိတန်းဖြစ်နိုင်ပေမယ့် ကျောင်းဆရာကတော့ သင်တန်းလက်မှတ် ရှိမှ ဖြစ်နိုင်ပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းဆရာဖြစ် လက်မှတ်မရှိရင် ရာထူးမတိုးပါဘူး။ ကျနော်ကိုယ်တိုင် နှစ်ပေါင်း ၃၀ လောက် လုပ်ခဲ့ပေမယ့် တခါပဲ ရာထူးတိုးဖူးပါတယ်။ အဲါ အထက်တန်းကျောင်းအုပ် ရာထူးမျိုးပါ။ တခြားဌာနတွေမှာ ကျနော်တို့ ခေတ်က ကျပ် ၄၅၀စား အရာရှိရာထူးမျိုးပါ။
ဆရာမတဦးဟာ BA, B.Ed အောင်ပြီး လုပ်သက် ၃၀ ကျော်ပေမယ့် “စေလိုရာစေ”လို့ ရာထူးတိုးလျောက်လွှာမှာ မဖြည့်ဘဲ “ရန်ကုန်” လို့ ဖြည့်မိလို့ အလယ်တန်းပြဘ၀နဲ့ အငြိမ်းစားယူလိုက်ရပါတယ်။ အဲဒီတုန်းက ညွှန်ချုပ်က ပညာရေးဘွဲ့ မရှိတဲ့ စစ်ဗိုလ်ပါဗျာ။ စစ်ဗိုလ်တွေရဲ့ သားမယားတွေကိုတော့ လူမှုရေးဆိုတော့ ခြွင်းချက်နဲ့ စဉ်းစားပေးရတာပေါ့တဲ့။
တခါတော့ ကျနော်ဟာ စာပေဟောပြောပွဲတခုမှာ စပ်မိလို့ ကျောင်းဆရာဘ၀ “နာသုံးနာ” ဆိုတာ “အသဲနာ၊ အသံနာ၊ အဆုပ်နာ” ပါဗျာလို့ ပြောလိုက်မိခဲ့ဖူးပါတယ်။ အတူပါတဲ့ ကျောင်းဆရာတပိုင်း ကဗျာဆရာ တင်မိုးက “ခင်ဗျား အဲသလိုမပြောပါနဲ့” လို့ ကန့်ကွက်ခဲ့ပါတယ်။ သြော်… ကျောင်းဆရာတွေရဲ့ ဘ၀ဟာ ဘယ်တော့ မြင့်တက်နိုင်မလဲ မသိ။
ဘာပဲဖြစ်ဖြစ် လေ ဒီခေတ်မှာ ဗိုလ်ချုပ်မဖြစ်ဘဲ ကျောင်းဆရာဖြစ်ခဲ့ရတာတော့ ကံကောင်းလေစွလို့ တွေးပြီး ပီတိဖြစ်မိပါရဲ့။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေသာ ကာလရွေ့လျော့ပြီး ပဒိုင်းပွင့်ဖြစ်ခဲ့ရတာတော့ ဗိုလ်နေ၀င်းစိုက်ပျိုးခဲ့တဲ့ မျိုးစေ့သစ်တွေ ဖူးပွင့်လာခဲ့လို့ပေါ့လေ။ သံဝေဂ ယူမိပါတယ်။
ကျနော် မောင်စွမ်းရည်ပါ ခင်ဗျား။
၂၂ အောက်တိုဘာ ၂၀၁၃၊ နယူးယောက်