MoeMaKa Variety Updates (2)


မိုးမခ သောင်းပြောင်းထွေလာ ကောင်းနိုးရာရာ (၂) ကမာရွတ်သား၊ အောက်တိုလာ ၂၊ ၂၀၁၃

မိုးမခ၀က်ဆိုက်ဟာ အလွန်နှေးပြီး အလွန် ဒေါင်းတယ်လို့ ပြောကြတယ်။ မိုးမခအယ်ဒီတာမင်းတွေက စက်ဆရာကို မျက်စောင်းထိုးကြတယ်ပေါ့။ စက်ဆရာကလည်း မိုးမခဆားဗစ်ကို ပေါချောင်ကောင်းတွေ ထည့်သုံးထားတာ ဆိုတော့ မိုးမခ၀က်ဆိုက်ကြီးကို ဂေါက်နဲ့ လှည့်နှိုး၊ တွန်းနှိုး၊ သိပ်အေးရင် အင်ဂျင်ကို မီးမွှေးပေး၊ ဒါမျိုး လုပ်ပြီး အသက်ဆက်နေရတာ။ နောက်ပြီးတော့လည်း ၀က်ဆိုက်တွေ နွားဆိုက်တွေထဲမှာ ကိုယ်လက်တည့်စမ်းချင်တာ စမ်းနေသေးတာ ဆိုတော့ ၀က်ဆိုက်ဒေါင်းရင် အစွန်းရောက်တွေကပဲ ၀င်ဟက်သလိုလို အတိုက်အခိုက်တွေ များနေလို့ ဆိုတာမျိုး ၀က်ဆိုက်ကို ဆင်ခြေ ၀က်ခြေ ပေးလို့ရတာကိုး။

လတ်တလော စမ်းပြီး လွှင့်တင်ထားတာကို ပြန်ပြောရရင် …


မြန်မာ့သတင်းပဒေသာ သောင်းပြောင်းထွေလာ Burmese News Digest ဆိုတာပေါ့။ (http://moemaka.com/pressnews )

သူ့ဖေ့စ်ဘွတ်က https://www.facebook.com/BurmaNewsDigest

သူ့ကို လိုက်ခ် (like) လုပ်ထားလိုက်ရင် သူများသတင်း ဂျာနယ်တွေက တင်သမျှ သတင်းတွေကို real time ပြန်ပို့စ်လုပ်ထားတာမို့ သတင်းတွေ ပုလင်းတွေ လက်မလွတ်ရဘူးပေါ့။ ပြီးတော့ အဲသည်ကိုယ်ပိုင်ဝက်ဆိုက်မှာ ကတ်တလောက်လုပ်ပြီး သိမ်းထားတော့ ပြန်ရှာချင်ရင် ရှာလို့ ရအောင်လည်း ၀က်ဆိုက်ထဲမှာ လုပ်ထားတယ်။ တကယ်ကတော့ ကိုယ့်ဝိုင်းတော်သားတွေ သတင်းတွေ၊ ဖွဘုတ်တွေ၊ ဘလောက်တွေ၊ ဆိုက်တွေ အကြိမ်ကြိမ် အလီလီ လှည့်ပတ်သွားလာနေရတာ ညောင်းမှာစိုးလို့ တနေရာတည်း စုပေးထားတာပါ။ အခုဆိုရင် သတင်းဆိုက်ပေါင်း ၆၅ ခုကို syndication လုပ်ထားတယ်လို့ ပြောရမယ်။ သူက သတင်းတွေကို အော်တိုမက်တစ် လိုက်ပြီး ဆွဲချလွန်းလို့ မိုးမခဆာဗာကြီး ခဏ ခဏ ဒေါင်းတာပါ။ အခုတော့ သိပ်မဆိုးတော့ဘူး။


 
နောက် မြန်မာပြည်တွင်းက activism, rights, advocacy နဲ့ဆိုင်တဲ့ သတင်းတွေ၊ မှတ်တမ်းတွေ စုဖို့ လုပ်နေတဲ့ Free Burma Info (http://freeburma.info ) သူ့ဖေစ်ဘွတ်ကတော့ (https://www.facebook.com/FreeBurmaInfo?ref=hl )

အစက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လက်ရှိအကျဉ်းသားတွေ စာရင်း သိမ်းတာ၊ အရေးအခင်းတွေအတွင်း ကျဆုံး ဒါဏ်ရာရ စာရင်းတွေ စုထားတာ၊ 88Linker က သိမ်းထားတာတွေ လင့်ခ်ထားတာပဲ ရှိတာပါ။ အခုတော့ လက်ရှိ သတင်းတွေ၊ လှုပ်ရှားမှုတွေက ပြည်တွင်းလှုပ်ရှားမှုတွေက လက်ပံတောင်း၊ ဒေါ်နော်အုန်းလှ၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ဘောက်ဂျာ၊ အလုပ်သမားသပိတ် စတာတွေကိုပါ ကတ်တလောက်လုပ်ဖို့ စဉ်းစားမိတာနဲ့ news digest လိုမျိုးပဲ သို့သော် သူကတော့ လှုပ်ရှားမှုတွေ နှိမ်နင်းမှုတွေကို သီးခြား စုစည်းတာမျိုး လုပ်ထားတယ်။ အခုကတော့ AAPP – Facebook တို့၊ ကချင်နဲ့ လက်ပတောင်းလှုပ်ရှားမှုတွေ သီးခြားတင်တဲ့ ဆိုက်တွေက ပို့စ်တွေကို follow လိုက်လုပ်နေတယ် ဆိုရမယ်။


အခုတလော အဆင်ပြေနေတာက မိုးမခဈေးဆိုင် (http://shop.moemaka.net )

  အဲသည်မှာ မိုးမခက ထုတ်တာနဲ့ မိတ်ဆွေတွေက ထုတ်သမျှ အီးဘုတ်တွေ၊ ပုံနှိပ်တွေ၊ စီဒီ ဒီဗီဒီတွေ အကုန်စုပြီး ကက်တလောက် လုပ်ထားတာပဲ။ အခုတော့ နောက်ဆုံး လုပ်ဖြစ်တာတွေက ဟောဒီလိုပါ။ ဂျုနီယာဝင်းရဲ့ ကမူးမိတ်ဆက်ကိုလည်း အီးဘုတ်လုပ်ပြီး တင်ထားတယ်။ ပုံနှိပ်ကတော့ ဗမာပြည်ထဲမှာ ရှာဝယ်ဖတ်ပေါ့ဗျာ။ အပြင်မှာ အီးဘုတ်လေးတွေ ဖတ်ချင်ရင် ဖတ်ရအောင်လို့ပါ။

နောက်ပြီးတော့ မိုးမခရဲ့ Amazon Kindle e-book Store နဲ့လည်း တိုက်ရိုက် ချိတ်ပေးတားတယ်။ ၀ယ်ချင်ရင် အဲသည်က ၀ယ်ပေါ့။ Amazon မှာ ကျောင်းသားတွေ တ၀က်ဈေးနဲ့ရတဲ့ Prime Members (တနှစ်လုံး ၃၅ဒေါ်လာ လားမသိ၊ ပုံမှန်က ၉၉ ဒေါ်လာ တနှစ်စာ) ဆိုရင် အီးဘုတ်တွေ အားလုံး အလကား ကြိုက်သလောက် ဆွဲဖတ်လို့ ရတယ်ဆိုပဲ။ ဖုန်းထဲက ဖြစ်ဖြစ်၊ အိုင်ပက်တွေ ဘာတွေနဲ့ ဖြစ်ဖြစ်။ အားပေးလို့ ရပါတယ်။ ဗမာပြည်တွင်း စာရေးဆရာတွေ Amazon မှာ အီးဘုတ် တင်ထားချင်ရက် မိုးမခကို ဆက်သွယ်ပါ။ မိုးမခက အဆင်ပြေရင် အလကား အခမဲ့ ၀န်ဆောင်ပြီး တင်ပေးမယ်။ စာအုပ်ကတော့ ၃ ဒေါ်လာ (၂.၉၉) လောက်နဲ့ ရောင်းပေါ့ဗျာ။ အမေဇုံကော်မရှင် နှုတ်ပြီးရင် ကိုယ့်အတွက် ၁ ဒေါ်လာတော့ ကျန်မယ် ပြောတယ်။ သိပ်တော့ ရောင်းရမယ်မဟုတ်သော်လည်း အပြင်ဈေးကွက်မှာ ကိုယ့်စာအုပ်ကို အီးဘုတ်အဖြစ် မှတ်ပုံတင်ပြီးသား ရှိတာပေါ့။ MoeMaKa Multimedia House က တာဝန်ယူမှတ်ပုံတင်ပေးတဲ့ သဘောပါပဲ။ ISBN သွားယူရင် ဈေးကြီးသဗျ။ ကျနော်တို့တော့ မလုပ်နိုင်သေးဘူး။



အခုဟာက ဗမာပြည်မှာက ခိုးကူးခွေ၊ ခိုးကူးသီချင်းတွေအပြင် အလွတ်ကူး အလကားဝေ အီးဘုတ်တွေလည်း ခေတ်စားနေတာပဲ။ စာပေလောက၊ စာနယ်ဇင်းသမားတွေ၊ စာပေလုပ်သားတွေက စာမူခ၊ လုပ်အားခတွေ ရမှ ထမင်းစား၊ ကလေး ကျောင်းထား၊ မိဘကို ကန်တော့ လုပ်နိုင်တာပါ။ စာအုပ် စာစောင် ရောင်းရမှ ထမင်းစားရတဲ့ လောကကို အလကားကူး၊ အလကားဝေတွေ လုပ်ကုန်ရင် ပြည်တွင်း ဈေးကွက် ပျက်ကုန်မှာပေါ့။ ကျနော်တို့ဆီကတော့ တမျိုးတဘာသာလေ။ မိုးမခဆီက အွန်လိုင်းစာတွေက ရေးကတည်းက မေတ္တာနဲ့ ရေး၊ အခမဲ့ ၀က်ဆိုက်တင်၊ ၀က်ဆိုက်ပိုင်းကလည်း အကုန် အခမဲ့အကုန်အကျခံ ၀န်ဆောင်မှုပေးထားတာလေ။ ပြည်တွင်းက စာအုပ် စာတမ်းတွေကတော့ ထုတ်ဝေသူ၊ ပုံနှိပ်သူ၊ စာအုပ်ဆိုင်၊ အငှားဆိုင်၊ စာဖတ်သူ အဆင့်ဆင့် ဈေးကွက်နဲ့ သွားနေတာ အခပေး ၀ယ်ဖတ်၊ ငှားဖတ်မှ ဈေးကွက်က မပျက်မှာ။ နောင်ဆို စာရေးမယ့် စာအုပ်ထုတ်မယ့်သူ မရှိတော့ဘဲ စာကူးပြီး တင်မယ့်သူတွေချည်း ဖြစ်ကုန်ဦးမယ်။ ပြည်တွင်းမှာ မိုးမခစာစောင် လစဉ်ထုတ်ရင်တော့ အခမဲ့ ပေးဦးမယ် စဉ်းစားတယ်လို့ အယ်ဒီတာတွေက ပြောတယ်။ (မိုက်ပါ့ကွာ)။


နောက်ဆုံး အပ်ဒိတ်ကတော့ မိုးမခ ဈေးဝယ်လမ်းညွှန် စာမျက်နှာပေါ့။


လက်ရှိ ဆန်ဖရန်ဘေးဧရိယာက လည်စရာ ကြည့်စရာတွေ လျောက်တင်နေတာ အခု နောက်ဆုံးတင်ဖြစ်တာတွေကတော့ မြင်တဲ့အတိုင်းပါပဲ။ နောက်ဆိုရင် အခြားမြို့တွေက လည်စရာတွေ ရှာတင်ပါဦးမယ်။

Comments