စနစ်ဆိုးကို အပြစ်မြင်ဖို့ရာ အလှမယ်ကို ဓားစာခံစရာ မလို
ငြိမ်းချမ်းအေး၊ အောက်တိုဘာ ၇၊ ၂၀၁၃
ဖော်ရ ချွတ်ရ ဖော်ထုတ်ရတာ သတင်းစာ
သတင်းစာနယ်ဇင်း အတတ်ပညာတွေ မှာ Investigative Journalism နဲ့ Tabloid Journalism ဟာ အပုံကြီး ခြားနားတယ်။ အဆင့်အတန်းချင်း ကွာလှတယ်။ နာမည်ကြီးတွေရဲ့ သတင်း မဟုတ်တဲ့ အတင်းအဖျင်းတွေ၊ ပုဂ္ဂိုလ်ရေးတွေ၊ မှုခင်းသတင်းတွေ၊ ထူးဆန်းထွေလာတွေ စတဲ့ လူပြိန်းကြိုက်သတင်းတွေကို ပြူးတူးပြဲတဲ ဓာတ်ပုံတွေ အသားပေး နဲ့ ရောင်းကောင်းအောင် လုပ်တဲ့ စာနယ်ဇင်း အတတ်ပညာ ကို Tabloid Journalism လို့ နိုင်ငံတကာမှာ၊ စာနယ်ဇင်းပညာမှာ သတ်မှတ်လေ့ရှိတယ်။
ယူကေ က The Sun ဆိုရင် နာမည်ကြီး Tabloid သတင်းစာ ပေါ့။ နေ့စဉ် သန်းနဲ့ချီထုတ်ဝေရတယ်။ ကမ္ဘာ့ ထိပ်တန်း အရောင်းရဆုံး သတင်းစာ စာရင်းမှာ ဝင်တယ်။ ဒါပေမယ့် စာနယ်ဇင်း ပညာ အဆင့်အတန်း နဲ့ သိက္ခာ တော့ မရှိလှဘူး။
ပိုင်ရှင် က သြစတြေးလျန်-အမေရိကန် မီဒီယာ ဘီလူးကြီး တဦးဖြစ်တဲ့ ရူပတ်မားဒေါ့။ သူ့ရဲ့ သတင်းမီဒီယာ လုပ်ငန်းဟာ လွန်ခဲ့တဲ့ (၂) နှစ်လောက်က ယူကေ မှာ နာမည်ကြီး Celebrities တွေရဲ့ ဖုန်းတွေ ခိုးနားထောင်လို့ အကြီးအကျယ် ပြဿနာတက်ခဲ့သေးတယ်။ သူကိုယ်တိုင်လည်း ဗြိတိသျှ ပါလီမန် မှာ အစစ်ခံခဲ့ရတယ်။ သတင်းမီဒီယာ လုပ်ငန်းကို ချုပ်ထားနိုင်သူဆိုတော့ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်တွေက ထဲက တယောက်ပေါ့။ သြစတြေးလျ က သတင်းစာတွေ အများစုလည်း သူပဲ ပိုင်တယ်။ သိပ်မကြာသေးခင်ကတင် သြစတြေးလျ ဖက်ဒရယ်လ် အဆင့် ရွေးကောက်ပွဲမှာ သူ့ အကျိုးအလို့ငှာ သူ့ ရဲ့ အင်အားကြီးတဲ့ စာနယ်ဇင်း လုပ်ငန်းကို အသုံးချပြီး နိုင်ငံရေး လော်ဘီလုပ်လို့ ဝေဖန်သံတွေ ညံခဲ့သေးတယ်။ သူ့အကြောင်းထည့်ပြောတာက Tabloid စာနယ်ဇင်းရဲ့ နောက်ခံသဘောနဲ့ လားရာ သိအောင်သာပါ။
ဆိုချင်တာက Tabloid တွေက နာမည်ကြီးတယ်၊ ပိုက်ဆံရတယ်၊ သြဇာလည်း ကျယ်ပြန့်တယ်။ ဒါပေမယ့် သိက္ခာတော့ မရှိဘူး။ Tabloid တွေမှာ စုံစမ်း၊ တူးဖော်၊ ရှာဖွေ၊ တင်ပြတဲ့ Investigative Report နည်းနာတွေ တစိတ်တပိုင်း ပါဝင်ပေမယ့် သူတို့ အသားပေးမှု က ပုဂ္ဂိုလ်ရေးဆန်တယ်။ စနစ်ရဲ့ ပြဿနာ ကို ဇောင်းပေးမှု နည်းတယ်။ လူပုဂ္ဂိုလ်ကို ဗဟိုပြုတယ်။ ဒါကြောင့်လည်း ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလို နာမည်ကြီးတွေက Tabloid တွေကို အသရေ ဖျက်မှုနဲ့ ပြန်တရားစွဲရင် ပုဂ္ဂလိက ဘဝ ကို ကျူးလွန် ချိုးဖောက် စာနယ်ဇင်း ကျင့်ဝတ် မဲ့မှုတွေက များလို့ Tabloid တွေက လျော်ရတာများတယ်။ ဒါပေမယ့် သူတို့ဟာ ဆိုခဲ့သလို လူပြိန်းကြိုက် သတင်းတွေနဲ့ အောင်မြင် ပိုက်ဆံရနေတော့ လျော်နိုင်တယ်။ ကျင့်ဝတ်မဲ့တာတွေ လုပ်လိုက်၊ ပြဿနာတက်ရင် လျော်လိုက်နဲ့ Tabloid အများစု အလုပ်ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။
အ၀ါရောင်တွေပေါ်တဲ့အထိ ဖော်ကြ ချွတ်ကြ
Tabloid မှာ ပိုပြီးတော့ အခြေအမြစ်မဲ့တဲ့ သတင်းတွေနဲ ပို သိက္ခာမဲ့၊ အဆင့်အတန်းမရှိတဲ့ အမျိုးအစားလည်း ရှိသေးတယ်။ အဲဒီ စာနယ်ဇင်း ကိုတော့ အဝါရောင် စာနယ်ဇင်း Yellow Journalism လို့ ခေါ်ကြတယ်။ သူ့မှာ Investigative Report ကိစ္စ က မပါသလောက် နည်းသွားပြီး ကောလဟလ အတင်းအဖျင်း အများစု ကို လူစိတ်ဝင်စားမယ့် ခေါင်းကြီးသတင်း၊ သတင်းဓာတ်ပုံ ဝေဝေဆာဆာ နဲ့ လူစိတ်ဝင်စားအောင်၊ ရောင်းကောင်းအောင် လုပ်ကြတယ်။ သူ့ အဆင့်က အခု အွန်လိုင်း လှုမှုကွန်ယက်စာမျက်နှာများက သတင်းရပ်ဝန်း အဆင့်ထက် မပိုဘူး။
Tabloid နဲ့ Yellow စာနယ်ဇင်း ရဲ့ အဓိပ္ပာယ် သတ်မှတ်မှု၊ သီအိုရီ အရ ယူဆမှု၊ လူလေးစားခံရမှု သဘော နဲ့ အဆင့်အတန်းကတော့ မကွာလှပါဘူး။
ဒါပေမယ့် Investigative Journalism နဲ့ ကတော့ အဆင့်အတန်းချင်း၊ အဓိပ္ပာယ် ဖွင့်ဆိုမှုချင်း၊ လူ အသိအမှတ်ပြု လေးစားခံရမှုချင်း ကွာခြားလှတယ်။ အပုပ်၊ အပွ၊ လူသိ မခံဝံ့တာတွေကို တူးဆွ၊ ဖော်ကောင်လုပ်တဲ့ သဘောချင်းတူပေမယ့် အဓိက ကွာခြားချက်က Investigative Journalism မှာ စနစ်ကို ဇောင်းပေး ထောက်ပြတယ်။ ပုဂ္ဂလိက လွတ်လပ်ခွင့် နဲ့ အခွင့်အရေး ကို မထိပါးဘဲ စနစ်ဆိုးမှာ ဖြစ်ပေါ်နေတဲ့ အပြစ်၊ အနာအဆာ တွေကို ထောက်ပြရင်း လူတစု ထင်တိုင်းကြဲ လုပ်ပိုင်ခွင့် ရနေတာ၊ ဥပဒေ အထက်မှာ အမြဲတမ်းနေ နေနိုင်တာကို အများပြည်သူ မြင်သာအောင် ကျင့်ဝတ် သိက္ခာ ရှိရှိ ဖွင့်ချ၊ လှစ်ဟ ပြတယ်။
ဖော်ထားချင်းအတူတူ Investigative က ဘာသာလို့လဲ
သတင်း အမျိုးအစားတွေ ဟာ အဝါရောင် စာနယ်ဇင်းများ မှာလည်း ပါလေ့ရှိတဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်မှုတွေ၊ ခြစားမှုတွေ၊ အာဏာအလွဲသုံးစားလုပ်မှုတွေ ပါပဲ။ ဒါပေမယ့် သတင်းအပေါ် ချဉ်းကပ်ပုံချင်း၊ သတင်းကို တင်ပြပုံချင်း ကွာလှတယ်။ တဦးတယောက် ကို ဗဟိုပြု မတော်တာကို ဖွင့်ထုတ်ပြတတ်ပေမယ့် ပုဂ္ဂိုလ်ရေးမဆန်ဘဲ အုပ်စု သဘော ဆောင်ကာ စနစ်ရဲ့ ချို့ယွင်းချက်ကို အသားပေးရင်း ဒီလိုလူစား အများကြီး၊ ဒီလို အဖြစ်အပျက်တွေ နောက်ကွယ်မှာ တပုံကြီး ဆိုတဲ့ သဘောကို ပုံဖော်မှုက အဓိက ကျတယ်။ ပြီးတော့ သူ့မှာက သေချာကျန၊ အချိန်ယူ၊ စနစ်တကျ ရှိတဲ့ သုတေသနပြုမှု တွေ ပြုလုပ်ရပြီး ခိုင်မာတဲ့ အချက်တွေ ကို အခြေခံကာ အကျိုး၊ အကြောင်း ချပြရတယ်။
ဒီလိုသဘောတွေကြောင့် Investigative Journalism ရဲ့ တင်ပြပုံတွေဟာ ခိုင်မာ၊ လူလေးစားပြီး လူအများ အသိအမှတ်ပြု ရတယ်။ အစိုးရများကလည်း အရေးတယူ လုပ်ရတယ်။ မသူတော်များ ကြီးစိုးနေတဲ့ စနစ်အဖွဲ့အစည်းမျိုးမှာကျ အရေးယူ မှုက ပြောင်းပြန် ဖြစ်တတ်တယ်။ အဲဒီအခါမှာ Investigative စာနယ်ဇင်းသမားများဟာ အရာရှိကြီးတွေ၊ စီးပွားရေးအုပ်စုကြီးတွေရဲ့ ပယောဂ နဲ့ အသတ်အဖြတ်ခံရ၊ ညှမ်းပမ်းနှိပ်စက်ခံရ၊ ဖိနှိပ် ထောင်ချခံရတတ်တယ်။
အလွယ်ကူဆုံး နဲ့ ရှင်းအောင် ဆိုရရင် Investigative Journalism ဟာ ဥပဒေအထက်မှာ အမြဲ နေ နေနိုင်တဲ့ အအေးခန်းထဲက မသူတော် သူခိုး၊ ဓါးပြ အကြီးစား “The Untouchables” “ထိလို့မရသူများ” ရဲ့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ရန်သူ လုပ်ခြင်း ခံရပြီး သူတို့ရဲ့ မိတ်ဆွေ အရင်း ကတော့ ပြည်သူထဲက ပြည်သူ ကျောမွဲများ၊ မြေမဲ့၊ ယာမဲ့၊ လယ်မဲ့ တောင်သူ လယ်သမားများ၊ ဂုတ်သွေးစုပ်ခံ အလုပ်သမားများ နဲ့ အလုပ်သမား သမဂ္ဂများ စတဲ့ အဖိနှိပ်ခံ လူထု ဖြစ်တယ်။ သူတို့ဟာ ပြည်သူ့မေတ္တာ ခံယူရသလောက် လူတစု သေနတ်စာ ကိုလည်း ကြောက်ရတယ်။ ဒါကြောင့် ကမ္ဘာ့စာနယ်ဇင်း မှာ Investigative Journalism က လူ့လေးစားခံရမှု မြင့်မားလှပေမယ့် စစ်မှန်မှုအားဖြင့်၊ အရေအတွက် အားဖြင့်တော့ မများလှဘူးလို့ ဆိုနိုင်တယ်။
မီဒီယာတွေက ဖော်ထုတ်ချင်တိုင်း ဖော်ခွင့်ရှိရဲ့လား
ဒါပေမယ့် သိက္ခာ ရှိ ကမ္ဘာ့မီဒီယာ အများစု မှာ Investigative Report အတွက် ကဏ္ဍတွေ၊ သတင်းထောက်တွေ ရှိသင့်သလောက် ရှိ၊ ထားသင့်သလောက် ထား ပါတယ်။ မီဒီယာ လုပ်ငန်းကြီးတွေ မိမိ အကျိုးစီးပွား မထိသရွေ့ အတိုင်းအတာ တခု အထိတော့ ကမ္ဘာ့ အနှံ့အပြားက မေ့လျော့ ပစ်ပယ်ခြင်းခံနေရတဲ့ မတရားမှုတွေကို တတ်နိုင်သလောက် ဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာတဝှမ်းမှာ ကိုကာကိုလာလို၊ ပန်းသီး တံဆိပ် နည်းပညာ ကုမ္ပဏီလို စီးပွားရေး အုပ်စု ကော်ပိုရေးရှင်းကြီးတွေရဲ့ အလုပ်သမားတွေအပေါ် မတရားပြုကျင့် သွေးစုပ်၊ အနိုင့်အထက်ပြုမှု အကြောင်းတွေကို ကမ္ဘာ့ စာနယ်ဇင်းတွေမှာ လူအများ မကြခဏ ဖတ်ရ၊ ကြားရ။ အံ့သြ၊ ထိတ်လန့်တုန်လှုပ်ရ ဖြစ်ရတတ်တယ်။
ကိုကာကိုလာ နဲ့ ပန်းသီး ကို ဥပမာ ပြုခြင်းက လူအများ မြင်သာအောင် ဆိုခြင်းပါ။ ကော်ပိုရေးရှင်းကြီးပုံစံ စီပွားရေး လုပ်ငန်းစု အများစု ရဲ့ ကမ္ဘာ့ အနှံ့ စီးပွားရှာတဲ့ Business Practices လုပ်ထုံး၊ လုပ်နည်း၊ အကျင့်၊ အကြံ၊ ဥပဒေကို လက်တလုံးခြား လုပ်မှုတွေက “သူမသာ ကိုယ် အသုဘ”၊ “အတူတူနဲ့ အနူနူ” ပါပဲ။ ကိုကာကိုလာ နဲ့ ပန်းသီး အကြောင်းကိုလည်း ဗမာပြည်က မကျက်တကျက် လူတန်းစား တပိုင်းကြောင် များ အတွက် ကျယ်ကျယ်ပြန့်ပြန့် ရေးဖို့ လိုနေပါသေးတယ်။ နောင် အလျဉ်းသင့်တဲ့အခါ ကိုယ် သောက်နေတဲ့ အချိုရည်၊ ကိုယ် သုံးနေတဲ့ ခေတ်လွန် အဆင့်မြင့် နည်းပညာ အသုံးအဆောင် ပစ္စည်းတွေရဲ့ နောက်ကွယ်က အံ့သြထိတ်လန့် ရွံရှာစက်ဆုပ်ဖွယ် ဇာတ်လမ်းတွေ၊ ကမ္ဘာ့ အဖိအနှိပ်ခံ အလုပ်သမားတွေရဲ့ ရင်နင့်ဖွယ် အဖြစ်အပျက်ဆိုးတွေ အကြောင်းကို ဆောင်းပါး သပ်သပ်ရေးပါဦးမယ်။
Investigative Journalism အကြောင်း ပြန်ဆက်ရရင် သူ့ စာနယ်ဇင်း အတတ်ပညာ နဲ့ တင်ပြပုံ၊ ချဉ်းကပ်မှု သဘော နဲ့ သူ့ရဲ့ ထိရောက်မှု Impact ကို ငယ်ဘဝ ကလေး အရွယ်မှာ ဝတ္တုတပုဒ် ဖတ်ရင်း နဲ့ မထင်မှတ်ဘဲ နားလည်ခဲ့ရတယ်။
အိပ်မက်က လှုပ်နိုးလိုက်တဲ့ သွေးစုပ်မြေက ဖော်ထုတ်ချက်
ဝတ္တု က အမေရိကန် စာနယ်ဇင်း ဆရာ “Upton Sinclair” ရဲ့ “The Jungle (1906)” ဘာသာပြန် ဆရာကြီး “ရွှေဥဒေါင်းရဲ့ သွေးစုပ်မြေ (၁၉၅၅)” ဖြစ်တယ်။ “စောစံဖိုးသင်” ဖတ်ပြီး စွန့်စားသွားလာ အမေရိကန် အိမ်မက် မက်ချင်၊ ယစ်မူးချင်နေတဲ့ ကလေး စိတ်ကူး၊ အတွေးကို ဆရာကြီး ရဲ့ စာအုပ် က ဆွဲကိုင် လှုပ်ပစ်လိုက်တယ်။ စာအုပ်ဖတ်ပြီး ခေတ်သစ် ဦးလေးတွမ်တွေရဲ့ဘဝ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ အခစားကြေးကျွန်တွေ အကြောင်းကို သိရတော့ တုန်လှုပ်ခြောက်ခြားခဲ့ရပြီး ဒုတိယ အတွေးများစွာ ကွန့်မြူး ခဲ့ရတယ်။
မူရင်း စာရေးဆရာ Sinclair ဟာ အမေရိကားက ရွှေ့ပြောင်းအခြေချနေထိုင်သူ လက်လုပ်လက်စား အခြေခံလူတန်းစား Working Class တွေကြားမှာ ဝင်ရောက် နေထိုင်ကျက်စားရင်း သူတို့ရဲ့ ဆင်းရဲမွဲတေမှု၊ လှုမှုဖူလုံရေး အစီအစဉ် ကင်းမဲ့မှု၊ ခေတ်သစ် ယဉ်ကျေးပြီး လူသား တဦး အနေနဲ့ ဘယ်လိုမှ လက်သင့် မခံနိုင်၊ လက်သင့် မခံသင့်တဲ့ သူတို့ရဲ့ လူနေမှု အဆင့်အတန်း နဲ့ ပုံစံ၊ သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေ စတဲ့ အရင်းရှင် စနစ်ဆိုး ရဲ့ မတရား မှု အစုစု ကို စနစ်တကျ စူးစမ်း လေ့လာ၊ တူးဖော် Investigative Journalism ရေးသားဟန် နဲ့ တင်ပြခဲ့တယ်။ ဒါ့အပြင် ဒီလို အဖိနှိပ်ခံ လူသားတွေ ဘဝ နဲ့ ဆန့်ကျင်ဘက် အရာရာ အသာစီးရ၊ အခွင့်ထူးခံ၊ ပိုလျှံ၊ ကုံလုံကြွယ်ဝ နေတဲ့ ဖိနှိပ်သူ ငွေကြေး၊ သြဇာ၊ အာဏာ ရှိ လူတစု ဘဝ အကြောင်း Highlight လုပ် ဖော်ပြ၊ ယှဉ် ချ ပြရင်း ကမ္ဘာ့ စာဖတ်ပရိသတ်ကို မျက်စိ အလင်း ဖွင့်၊ အသိ၊ ခံစား စာနာ၊ နားလည် ပေးနိုင်မှု နည်းနေမှု အမိုက်မှောင် ကို ခွာချ ပေးခဲ့တယ်။
(စကားချပ် - စာအုပ် ပါ ခေတ် က လွန်ခဲ့တဲ့ နှစ်တစ်ရာ က ဖြစ်တယ်။ လူတစု အသားစီး ရနေတဲ့ စနစ်ကို မတို့ မထိဘဲ အပေါ်ယံ သကာဖုံး Sugar Coated သနပ်ခါးရေကြဲလိမ်း ပတ်တီးရိုက် လူမှုဖူလုံရေး အစီအစဉ်တွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လူမှုရေး လုပ်ငန်း ကဏ္ဍတွေ၊ ကြွေးကြော်သံတွေ၊ မီဒီယာ ဝါဒဖြန့်မှုတွေနဲ့ ကြည့်ကောင်း၊ ရှုကောင်း၊ ကြားကောင်း၊ မြင်ကောင်း နေပြီ ဖြစ်တဲ့ စစ်အေး ခေတ် အလွန် ပြန်လည် အခြေခိုင် နာလန်ထူ သန်မာလာတဲ့ အမေရိကန် အရင်းရှင် စနစ် မျက်မှောက် အခြေအနေ မဟုတ်ပါ။ လက်တွေ့မှာ အဖိနှိပ်ခံလူတန်းစား အခြေအနေ က ထူးခြား ကောင်းသွားလှချည်းရဲ့လို့ မဆိုနိုင်ပေမယ် အမေရိကန် လူ့အဖွဲ့အစည်းမှာတော့ လက်လုပ်လက်စား တွေရဲ့ အခြေအနေ တိုးတက် ကောင်းမွန်သင့်သလောက် ကောင်းမွန်သွားတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို စီးပွားဘီးလူးကြီးများရဲ့ ဒဏ် ကို အခု ခေတ်မှာ ကမ္ဘာ့ လူထု မျက်စိ၊ မီဒီယာ နဲ့ ဝေးရာ ကမ္ဘာ့ ထောင့်ကြား တတိယ နိုင်ငံများက အလုပ်သမားများ၊ ပြည်သူများ နှစ်ဆတိုး လှိမ့်ခံနေရတာပေါ့။ အမေရိကန် လူ့အဖွဲ့အစည်း နဲ့ အနောက် အရင်းရှင် ကမ္ဘာ့ နိုင်ငံကြီးများ ကိုယ်နှိုက်မှာလည်း လူမှုတရားမျှတမှု ပြဿနာတွေ ရှိနေသေးတာကြောင့် အခုနှစ်ပိုင်းမှာ Occupy Movements တွေ ပေါ်လာပြီး အစိုးရ နဲ့ အပေါင်းအပါ စီးပွားသောင်းကျန်းများရဲ့ တရားမဲ့မှုတွေကို လူထု က အသံတွေ ဟစ် ကန့်ကွက်နေတာပဲပေါ့)။
အဆိုပါ ဝတ္ထု ဘာသာပြန်သူ ဆရာကြီး ရွှေဥဒေါင်း ကိုလည်း သူ့ရဲ့ အခြား ကြီးမြတ်၊ များပြား လှတဲ့ စာပေကျေးဇူးဂုဏ်များ အပြင် ဒီစာအုပ် ဘာသာပြန် အတွက်လည်း အင်မတန် ကျေးဇူးတင်မိတယ်။ ဆရာကြီး က အဲဒီ အချိန် မန္တလေး လူထုသတင်းစာမှာ အယ်ဒီတာချုပ်လုပ်နေတယ်။ ဆရာကြီးရဲ့ ကိုယ်ပိုင် အာဘော် သတင်းခေါင်းကြီးတွေ အင်မတန် လက်သံ ပြောင်နေတဲ့ အချိန်၊ ဦးလှ၊ ဒေါ်အမာ နဲ့ ပေါင်းပြီး ဆရာကြီး တယောက်တော့ ‘နီ’ လေပြီ၊ ဆရာကြီ တယောက် ‘ပစ်’ ရလေပြီ၊ ကွန်မြူနစ်တွေ မန္တလေး ကို သိမ်းလေပြီ လို့ ရန်ကုန် က အဲဒီခေတ် မီဒီယာ ခရိုနီ သူဌေးကြီးများ စိုးရိမ် ကြေင့်ကြ နေကြတဲ့အချိန်၊ ဆရာကြီးကို ရန်ကုန် လာဖို့ ဝိုင်း ဖျောင်းဖျ သွေးဆောင် ပင့်ဖိတ် နေကြတဲ့ အချိန်ပေါ့။
ဆရာကြီးက တကယ်တော့ ဘယ်လို နိုင်ငံရေး ဝါဒ ကိုးကွယ်မှုမှ မရှိဘဲ ဒေါ်အမာ တို့ သူ့ ဖတ်ဖို့ ပေးသမျှ လက်ဝဲ စာအုပ်တွေကို ဖတ်၊ သူ့ရဲ့ ကိုယ်ပိုင် ကျိုးကြောင်းဆင်ခြင်မှု အစွမ်း Analytical Mind နဲ့ ကိုယ်ပိုင် အာဘော် ထုတ် သူအမြင် နဲ့ မတရားမှုတွေကို အသံကျယ်ကျယ် ထွက်တဲ့ ခေါင်းကြီး ဆောင်းပါးတွေ ရေးခဲ့တာသာ ဖြစ်တယ်။ လူအမြင်ကတ်လည်းခံရ၊ လူမုန်းလည်းများ၊ စစ်တပ် နဲ့ အာဏာပိုင် ရဲ့ ငြှိုးခြင်းကို ခံခဲ့ရတယ်။ ထောင် တောင် ခဏ ကျ လိုက်သေးတယ်။ “သွေးစုပ်မြေ” ဟာ အဲဒီ ကာလ မှာ ထွက်ခဲ့ပြီး ဘာသာပြန် အမျိုးသားစာပေဆု (စာပေ ဗိမာန်ဆု) ရခဲ့တယ်။ ဆရာကြီး ရဲ့ စာအုပ် ဟာ ဗမာ့ စာပေ နဲ့ စာနယ်ဇင်း သမိုင်း အတွက် Investigative Journalism ကဏ္ဍ အနေနဲ့ ရှေးဦး ထဲမှာပါမယ်။
ဗမာ့စာနယ်ဇင်းတွေရဲ့ ဖော်ထုတ်ဝေဖန်မှု အလေ့အစ
ဗမာ့ စာနယ်ဇင်းမှာ တကယ်တော့ မတရားမှု ကို တူးဖော် ဖော်ထုတ် အသံ ကျုယ်ကျယ် ထွက်တဲ့ Investigative Journalism က သမိုင်းဦးကစလို့ အားနည်းခဲ့တယ်။
ရှေးဦး သတင်းစာ ထဲ မှာ အကျူံးဝင် တဲ့ Rangoon Chronicle (1853) ပိုင်ရှင်ဟာ အင်္ဂလိပ်အစိုးရ ရဲ့ အောက်ဗမာပြည်မှာ မတရား အုပ်ချုပ် နေပုံစနစ် ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင် ထောက်ပြခဲ့ဖူးတယ်။ ဒါဟာ တကယ်တော့ အကျိုးလိုလို့ ညောင်ရေလောင်းခြင်းသာ ဖြစ်တယ်။ တည်ကြည်၊ ခန့်ငြား၊ တရားမျှတမှုကို ဦးထိပ်ဆင်ပါတယ် ဆိုတဲ့ ဗြိတိသျှ တို့ရဲ့ ဂုဏ်သရေ မှမထောက်ဘဲ သတင်းစာ ပိုင်ရှင် ဟာ အင်္ဂလိပ် အစိုးရ ရဲ့ ရာထူး၊ အာဏာ ပေး နှုတ်ပိတ်မှုကို ခံ နောင်မှာ နှုတ်ဆိတ် နေသွားခဲ့တယ်။ စကတည်းက ယဉ်သကိုဆိုတဲ့ အပေါက်မျိုးနဲ့ ဗမာ့သတင်းစာ နဲ့ စာနယ်ဇင်း က စ ခဲ့တယ်။
ကိုလိုနီခေတ် အတွင်းမှာပဲ ဖြစ်ပေါ်တိုးတက် ရပ်တည်၊ တည်ရှိလာနိုင်တဲ့ အခြား မြန်မာ တိုင်းရင်းသား ပိုင် မီဒီယာ လုပ်ငန်းကြီး တွေ ဟာ တိုင်းပြည် အကျိုးကို ပြုခဲ့တာ မှန်တယ်။ ဒါဟာလည်း အမျိုးသားရေး အမြင် ဘောင် အတွင်း ပဲ ဖြစ်တယ်။ ခိုင်မာတဲ့ နိုင်ငံရေးဝါဒ ဇောင်းပေးမှုမျိုး တောင် အစအဦး မှာ မရှိခဲ့ဘူး။
ကိုလိုနီ ကျွန်ဘဝ လွတ်မြောက်ရေး အတွက် တကယ်တမ်း လမ်းစ ရှာဖွေနိုင်စေခဲ့တာ၊ အောင်မြင် ပြီးမြောက်စေခဲ့တာကတော့ သခင်နု၊ သခင်သန်းထွန်း၊ သခင်အောင်ဆန်း အစရှိတဲ့ အဲဒီ ခေတ် မီဒီယာ လုပ်ငန်းကြီးတွေ နဲ့ တသီးတခြား စီ ရပ်တည် တည်ရှိခဲ့တဲ့ ခေတ်ပညာတတ် လူငယ် စာရေးဆရာ တွေက နဂါးနီ လို စာအုပ် အသင်း တွေ ထောင်၊ နိုင်ငံခြားက လက်ဝဲ စာအုပ်တွေ အပါအဝင် နိုင်ငံရေး ကျမ်းတွေ၊ စာအုပ်တွေ တင်သွင်း နိုင်ငံရေး အယူဝါဒတွေ လူငယ်အများစုကြား ခိုင်ခိုင်မာမာ ပြုစု ပျိုးထောင် ပြီးချိန်မှသာ ဖြစ်တယ်ဆိုတာ သတိပြု ရပါမယ်။ ဒါပေမယ့် အာဏာ နိုင်ငံရေး အပိုင်းမှာ အတွက်တော့ လော်ဘီလုပ်မှု၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ နေရာ ချဲ့ထွင်မှု၊ သြဇာ တည်ဆောက်မှု နဲ့ စာနယ်ဇင်း လုပ်ငန်း ရောယှက်မှု၊ အသုံးချမှု ဟာ အဲဒီ ခေတ်ကတည်းက ရှိခဲ့တယ်။ ဒီနေရာမှာတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းတယ်လို့တောင် ဆိုနိုင်တယ်။
လက်ရှိ သောင်းပြောင်းစာနယ်ဇင်းများ
မျက်မှောက်ခေတ်မှာ၊ အထူးသဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့် အထိုက်အလျောက် ရလာတဲ့ လက်ရှိ အစိုးရခေတ်မှာ မီဒီယာ က နေ မတရားမှုတွေ ကို ဖော်ထုတ် နေမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိသင့်သလောက် ရှိပါတယ်။ ဒါပေမယ့် ဗမာ့စာနယ်ဇင်း ပြဿနာ က သီခြား ဖြစ်တဲ့ ကဏ္ဍ အလိုက် ရပ်တည်တဲ့ သတင်းမီဒီယာ တွေ မရှိတာပဲ ဖြစ်တယ်။ ကမ္ဘာ့ အနေအထားလို စာနယ်ဇင်း အမျိုးအစား ကွဲပြားခြာနားမှု သိသိသာသာ မရှိဘဲ နယ်နိမိတ် စည်းခြားမှု မျဉ်း က မှေးမှိန်လှတယ်။
ပါးလျ လှတဲ့ တိုင်းပြည် လူမှု-စီးပွား နဲ့ ဈေးကွက် နောက်ခံ အခြေအနေကြောင့် သတင်း စာနယ်ဇင်း မီဒီယာ များဟာ လူအများကြိုက်၊ လူပြိန်းကြိုက်ကိုသာ ဇောင်းပေးရတယ်။ သတင်းမီဒီယာ အများစု ဟာ အဝါရောင် စာနယ်ဇင်း သဘော နဲ့ သာသာ သာ ဖြစ်တယ်။ သတင်း ဗဟိုပြု မဟုတ်တဲ့ တခြား စာနယ်ဇင်း အမျိုးအစား မဂ္ဂဇင်း၊ ဂျာနယ် များကလည်း ရပ်တည် ရှင်သန်ရေး အတွက် အမျိုးအစားစုံ ရောယှက်နေရတယ်။ ဒါကြောင့် ဒေါက်တာသန်းထွန်းက “ငါရေးတဲ့ စာ ကို မင်းသမီး လင်ငယ်နေတဲ့၊ ဗိုက်ကြီးတဲ့ သတင်းလည်း ပါတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေ မှာ ထည့်နေရတယ်” လို့ ဆိုခဲ့ဖူးတာပေါ့။ မူဝါဒ ခိုင်ခိုင်မာမာ နဲ့ လိုင်းသီးသန့်၊ အကြောင်းအရာ သီးသန့် ရည်တည်ခဲ့၊ ရပ်တည်နေတဲ့ မဂ္ဂဇင်း၊ ဂျာနယ် တချို့လည်း ရှိပါတယ်။ ဒါပေမယ့် အရေအတွက်အားဖြင့် နည်းလှတယ်။ အများစု ရေစီးကြောင်းကတော့ Tabloid အဆင့်ထက် မပိုလှဘူး။
အခု ဒီစာရေးတာ က Tabloid အဝါရောင် စာနယ်ဇင်းတွေ ကို အထင်သေး၊ ပြစ်တင်ရှုတ်ချဖို့ မဟုတ်ဘူး။
ပြန်ကြားရေးဝန်ကြီး ဌာန မှာ ခေါင်းဆောင်မှု ပြောင်းလဲပြီးခါစလောက်က ထွက်လာတဲ့ ကြားနေကျ ဇာတ်လမ်းဟောင်းကြီး ယဉ်ကျေးမှု နဲ့ မလျော်ညီတဲ့ ဝတ်စားဆင်ယင်မှု ဓာတ်ပုံများ စာနယ်ဇင်း ပေါ်မှာ ဖော်ပြမှု ချုပ်ထိန်းရေး၊ ဘာညာ အသံတွေထွက် လာတော့ ဆိုခဲ့ဖူးသလိုပဲ စာနယ်ဇင်းဆိုတာ စာဖတ်ပရိသတ် အဆင့်အတန်း မျိုးစုံ အတွက် အမျိုးအစား အစုံ၊ ကဏ္ဍစုံ ရှိရမှာပဲ။ မော်ဒယ်လ် မင်းသမီး ဖင်ပေါ်၊ ခေါင်းပေါ်တာ၊ ရုပ်ရှင်မင်းသား ရည်းစားများတာ ကြည့်ချင်၊ သိချင်တဲ့ သူက အဝါရောင် စာနယ်ဇင်းတွေ ကို ဝယ်ဖတ်လိမ့်မယ်။ လူ့ အသိုင်းအဝန်းမှာ စံနှုန်းတွေ အခြေတကျ တည်ပြီးချိန်၊ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ အတွေးအခေါ် အဆင့်အတန်းတခု မြှင့်ပြီးချိန်၊ လူငယ်တွေကို သင့်လျော်တဲ့ ကျန်းမာရေးဆိုင်ရာ၊ လိင်မှုရေးရာ ပညာပေးမှု တွေ ပြုလုပ်ပေးနိုင်ပြီးချိန်၊ အဖက်ဖက်က စနစ် အဆောက်အအုံ တွေ ခိုင်မာပြီးချိန်မှာ Playboy လို မဂ္ဂဇင်းတွေ၊ လိင်မှု အသားပေး မီဒီယာ တွေ ဗမာပြည်မှာ တရားဝင် ရပ်တည်ခွင့် အခန်းကဏ္ဍ ပေးရမှာပဲ။ (စကားချပ် - နောက်ဆုံးစာကြောင်းပါ သဘော အတွက် သတ်မှတ်ချက် Constraints တွေပါတယ်၊ ဘယ် အခြေအနေ၊ ဘယ် အခါ ဆိုတဲ့ Conditional သဘော ပါကြောင်း သတိပြုပါ။)
ဆိုတော့ အဝါရောင်စာနယ်ဇင်း ဈေးကွက် ဝင်နေမှု၊ ကျယ်ပြန့်နေမှု အတွက် အပြစ် ဆိုစရာ ဘာမှ မရှိဘူး။
ဖော်ချွတ် နဲ့ ဖော်ထုတ် စာနယ်ဇင်းတွေ သီးသန့်စီ ဖြစ်စေဖို့
ဒါပေမယ့် ဒီလို ပေါ်ပင် ဈေးကွက် တည်ရှိနေသလိုမျိုး တပါတည်း ဗမာ့စာနယ်ဇင်း မှာ စနစ်အဖွဲ့အစည်း နဲ့ လူ့အသိုင်းအဝန်း အဆောက်အအုံ တခုလုံးကို မြှင့်တင်မယ့်၊ ရှေ့ဆောင်လမ်းပြမယ့် ကျင့်ဝတ်၊ သိက္ခာ မြင့်မားတဲ့ မီဒီယာ ကဏ္ဍ တရပ်ကိုလည်း မြင့်မား ကျယ်ပြန့်အောင် ထူထောင်ဖို့ လိုတယ်။
ကိုလိုနီကျွန်ဘဝ အမျိုးသားရေး လှုပ်ရှားမှု နဲ့ အတူ “သခင်လိုဖြစ်အောင် လမ်းညွှန်ပေးခဲ့တဲ့ မီဒီယာ” ဖြစ်ခဲ့သလိုမျိုး လွတ်လပ်ပြီးခေတ် မှာလည်း “တကယ့် သခင်ကြီး၊ သခင်ကောင်း၊ လူကြီး၊ လူကောင်း၊ နိုင်ငံကြီးသားကောင်း ဖြစ်အောင်” ရှေ့ဆောင်လမ်းပြ ရမယ်။ လွတ်လပ်ရေး ခေတ်ဦးမှာ စစ်အာဏာရှင်စနစ် အမြစ်တွယ်ခဲ့ခြင်းနဲ့အတူ တိုင်းပြည်ရဲ့ စာနယ်ဇင်းလုပ်ငန်း မှာ ဒီလိုသဘောမျိုး၊ လမ်းကြောင်းမှုမျိုးဟာ အစဉ်တစိုက် အားနည်းခဲ့တယ်။ ဒါကို ပြုပြင်ရမယ်။ ထို့အတူပဲ တိုင်းပြည်ရဲ့ စနစ် တခုလုံး ကို ထောက်ပြ၊ ပြစ်တင်၊ ဆန်းစစ် ဝေဖန် စောကြော ရင်းနဲ့ မတရားမှုတွေကို ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ ဖော်ထုတ်တင်ပြရတဲ့ ဆောင်းပါး အစမှာ ဆိုခဲ့တဲ့ အဝါရောင် စာနယ်ဇင်းရဲ့ ပြောင်းပြန် Investigative Journalism ကဏ္ဍ ကိုလည်း ခိုင်ခိုင်မာမာ သီးသီးသန့်သန့် ရှိအောင် ဗမာ့စာနယ်ဇင်း က စွမ်းဆောင်ရမယ်။
Investigative Journalism ကဏ္ဍ ဇောင်းပေးဖို့ကို စစ်အုပ်စုရဲ့ အကျိုးစီးပွား အလို့ငှာ လူထု အပေါ် အကြမ်းဖက် တဲ့ လက်ပံတောင်းတောင် မတရားမှုကြီး လူအများ ခံစား သိမြင်စ အချိန်တုန်းက “ဦးပိုင်လူများမမြင်ချင်” ဆောင်းပါးရေး တိုက်တွန်းနှိုးဆော် ဆော်သြခဲ့ဖူးတယ်။ အဲဒီတုန်းက ဆိုခဲ့သလိုပဲ (၂၀) ရာစု မတရားမှု တော်လှန်ရေးတွေမှာ လီနင် ရဲ့ လူထု အလုပ်သမားတွေ ကို ခေတ်မီ နည်းပညာ ဗုံး၊ လက်နက်၊ ခဲယမ်းတွေ တပ်ဆင်ပေးရမယ် ဆိုတာ မှန်နိုင်ပေမယ့် (၂၁) ရာစု မှာတော့ မမှန်တော့ဘူး။ (၂၁) ရာစု မတရားမှု တိုက်ဖျက်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေး တိုက်ပွဲတွေမှာ ခေတ် သတင်း နည်းပညာ၊ စာနယ်ဇင်း အတတ်ပညာ နဲ့ ခေတ် ဆက်သွယ်ရေး နည်းပညာ တွေနဲ့သာ အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမား နင်းပြားတွေကို အကာအကွယ် ပေးနိုင်တယ်။ သူတို့ရဲ့ လွတ်မြောက်ရေး ကို စွမ်းဆောင်နိုင်တယ်။ လူထုတော်လှန်ရေး အောင်မြင်နိုင်တယ်။
ဒါကြောင့် အာဏာရှိသူများ နဲ့ အပေါင်းအပါ စီးပွားဘီလူးသဘက်ကြီး တွေရဲ့ အာဏာ၊ ငွေကြေး၊ လုပ်ပိုင်ခွင့်တွေနဲ့ တည်ဆောင်ထားတဲ့ ခိုင်မာတဲ့ အဖွဲ့အစည်း၊ ခံတပ်၊ အသိုက်အမြုံကြီးကို ထိုးနှက် ချေဖျက် တိုက်ခိုက်ဖို့ရာ ခေတ်မီ လျှင်မြန်၊ အချိန်နဲ့ တပြေးညီ ရှိတဲ့ ခေတ်ဆက်သွယ်ရေးနည်းပညာ၊ ခေတ်သစ် လူမှုကွန်ယက်စာမျက်နှာ ဆက်သွယ်ရေး စနစ် ဓလေ့၊ သတင်းဖြန့်ချီရေး၊ စည်းရုံးရေး၊ လှုံ့ဆော်ရေး၊ အသိအမှတ်ပြု၊ ထောက်ခံမှု ရရှိရေး၊ အဝန်းအဝိုင်း ချဲ့ထွင်ရေး လူထုစာနယ်ဇင်း အလုပ်တွေ နဲ့ အတူ Professional သတင်း၊ စာနယ်ဇင်း မီဒီယာများ ရဲ့ စုံစမ်း၊ တူးဖော်၊ ရှာဖွေ၊ တင်ပြရတဲ့ အကျိုး၊ အကြောင်းညီ ဘက်လိုက်မှုမရှိ၊ ပုဂ္ဂိုလ်ရေးကင်း “Investigative Journalism” အလုပ်တွေ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ထွန်းကား လာဖို့ မရှိမဖြစ် လိုတယ်။ ဒါမှသာ အဖိနှိပ်ခံ ပြည်သူတရပ်လုံး ကို “စနစ်ကနေ” ကယ်တင်လွန်မြောက်စေနိုင်ပြီး တိုင်းပြည်မှာ အခြေတည်နေတဲ့ စစ်အာဏာရှင် အမွေဆိုး လူတစု၊ အုပ်စုတစု ကောင်းစားရေး စနစ်ဆိုးကြီးကို ဖုတ်ကြည်း သင်္ဂြိုဟ် နိုင်မှာ ဖြစ်တယ်။
Investigative Journalism အကြောင်း ဆရာဦးဝင်းတင် ဆိုဖူးတာလေး တခု ဒီမှာ ထည့်ဆိုချင်တယ်။ ၁၉၆၂ စစ်တပ် အာဏာသိမ်း ခါနီး အချိန် သူ ဖိလစ်ပိုင် ကို စာနယ်ဇင်း ဆွေးနွေးပွဲ တခုသွားတက်တယ်။ အဲဒီမှာ အိန္ဒိယ က စာနယ်ဇင်း သတင်းသမားတယောက်က Investigative Journalism အကြောင်း တင် ဆွေးနွေးရင်း သူ ဖော်ထုတ်ခဲ့တဲ့ အိန္ဒိယ က အကျင့်ပျက်ခြစားမှုကြီးတခု အကြောင်း တင်ပြတယ်လို့ ဆိုတယ်။ ဆရာဦးဝင်းတင် က အဲဒီ အဖြစ်အပျက်ကလေးကို ပြန်ပြောရင်း အပိတ်မှာ ဘာဆိုသလဲဆိုတော့ “ဗမာ သတင်းသမား အများ ဒီလို မျိုး စွမ်းဆောင်နိုင်ရင် ဗမာပြည် အနေအထား နဲ့ အဆီတထပ်၊ အသားတထပ် သိပ် အရသာ ရှိမယ့် Investigative Report တွေ ထွက်လာမယ်မှာပဲ ဗျာ” လို့ ပြောဖူးခဲ့တယ်။
ဆိုတော့ ဆရာဦးဝင်းတင် စကားငှားသုံးရရင် ဗမာ့စာနယ်ဇင်း မှာ အဆီတထပ်၊ အသားတထပ် နဲ့ ရသာစုံ ပေးပြီး တိုင်းပြည်ရဲ့ စနစ်ဆိုးကို ပြုပြင်မယ့် Investigative Journalism ကဏ္ဍ အခုထက် ပို ကျယ်ပြန့် ခိုင်မာ တည်ရှိဖို့ မဖြစ်မနေ လိုအပ်နေတယ်။
ပေါ်တင်ရေးလား၊ ပေါ်ပင်ရေးလား
ဒီစာကို ရေးရခြင်း နောက်အကြောင်းတချက် (အဓိက အကြောင်းလို့လည်း ဆိုနိုင်တယ်) က အခု လူအများရဲ့ မတရားမှု၊ အကျင့်ပျက်မှု၊ ခြစားမှု၊ လူမှု တရားမျှတမှု မဲနေမှုတွေကို ဖော်ထုတ်နေကြတဲ့ သဘောကို ထောက်ပြချင်လို့ ဖြစ်တယ်။ အခု လူအများ ဇောင်းပေးတာက အခွင့်ထူးခံ လူတစု ရဲ့ မတော်တလျော် ကိစ္စတွေ၊ လူကြားမကောင်း၊ သူကြားမကောင်း ကိစ္စတွေကို ပုဂ္ဂိုလ်ရေး ဗဟိုပြု ဆိုချင်၊ ပြောချင်နေကြတာ များတယ်။ စနစ်ကို ဝေဖန်ထောက်ပြ ဆန်းစစ်မှုက နည်းလှတယ်လို့ ယူဆရတယ်။ ဆိုတော့ ဒီသဘော၊ ဒီ ချဉ်းကပ်မှု၊ ဒီလမ်းကြောင်း၊ ဒီ အမြင် ဟာ အဝါရောင် စာနယ်ဇင်း သဘော ထက် ဘာမှ မပိုလှဘူး။
စစ်အာဏာရှင် စနစ် မကောင်းကြောင်း သက်သေပြုဖို့ရာ အတွက် အလှမယ် မော်ဒယ်လ် မင်းသမီး နဲ့ ပေးစား ပြ စရာမလိုဘူး။ ဟိုတယ် အမှာင် ခန်း က အညှီအဟောင် ဇာတ်လမ်းတွဲတွေ မလိုဘူး။ ကာရာအိုကေ ခန်းမ မှာ ခရိုနီ သူကြွယ်ကြီးများ မော်ဒယ်လ်မလေး များ ရင်ဘတ် ငွေသိန်းချီချိတ်ပြနေတဲ့ ဓာတ်ပုံ မလိုဘူး။ စိန်မျောက်မျောက်ရဲ့ လိင်မှုမှတ်တမ်း မလိုဘူး။
“သူတို့ရဲ့ ရပ်တည်မှု၊ ရှင်သန်မှု ဟာ လူအများ ရဲ့ လွတ်လပ်ခြင်းနဲ့ အခွင့်အရေး ကို နင်းချခြင်း ကြောင့်” ဆိုတဲ့ အခြေခံ ကျင့်ဝတ်၊ စာရိတ္တ၊ သီလပျက်မှု ဖြစ်နေပြီး ဆိုတဲ့ အချက် ဟာ တိုင်းပြည် သမိုင်း နဲ့ချီပြီး ထင်ရှား သက်သေထူခဲ့ပြီး ဖြစ်တာကြောင့် ဒီလို ပုဂ္ဂလ စာရိတ္တ လျော့ပါး မှုတွေ မကျူးလွန်ဘဲ ဘုရားတည်၊ ကျောင်းဆောက် နေရင်လည်း သာဓုခေါ်စရာ အကြောင်းမရှိဘူး။ ဆိုချင်တာက ဒီသဘောက ဘာမှ အရေးမပါဘူး။
ဒါတွေ အားလုံးဟာ စနစ်ဆိုး က ဖန်တီး ပေးလိုက်တဲ့ စနစ် ရဲ့ ဇာတ်ကောင်တွေ သူ ကျ ရာ ဇာတ်ထုပ် ကို ကပြ အသုံးတော်ခံ နေခြင်း သဘောသာ ဖြစ်တယ်။
ဗိုလ်နေဝင်း နဲ့ တော်ဝင် မိသားစု အပေါင်းအပါ တစု ရဲ့ စရိတ်ကြီးမားလှတဲ့ နိုင်ငံခြား အပန်းဖြေ ခရီးစဉ် များလို၊ ဗိုလ်သန်းရွှေ ရဲ့ စိန်စီသောည လိုမျိုးပဲ အီမယ်လ်ဒါ မားကို့စ် ရဲ့ လေဒီရှုး အရံ ထောင်ကျော်၊ ချောင်ချက်စကူး ရဲ့ အင်္ကျီ များ စတဲ့ စနစ်ဆိုး ရဲ့ ပြယုဂ် တွေကို နိမိတ်ပုံ အဖြစ် သုံးကြတာမျိုး ရှိပါတယ်။ ဒါဟာ စာနယ်ဇင်း အတတ်ပညာ၊ တိုတို၊ လွယ်လွယ် နဲ့ ထိမိအောင် စနစ်ဆိုးကို ပုံဖော်မှုသာ ဖြစ်တယ်။ ဒါပေမယ့် တကယ် အလေးပြု ဇောင်းပေး ထောက်ပြ ရမှာကတော့ နောက်ကွယ်က နိုင်ငံ့ စနစ် နောက်ခံသာ ဖြစ်တယ်။
အခု ဗိုလ်နေဝင်း မရှိလို့၊ ဗိုလ်သန်းရွှေ မရှိလို့ ဒီလို ပြဿနာတွေ ပြီးမြောက် လှုမှုတရားမျှတမှုတွေ တိုင်းပြည်မှာ ဖော်ဆောင်လာနိုင်မှာ မဟုတ်ဘူး။ “စိန်စီသောည” မရှိလည်း ကလေး ရာခိုင်နှုန်း ထက်ဝက် အာဟာရမပြည့်မီ ဖြစ်နေတဲ့ တိုင်းပြည်မျိုးမှာ ကြောင်လျှောက်နည်းပြ တဲ့ ဆရာက သိန်းဆယ်ကဏန်း တန်ဖိုး ရှိတဲ့ နိုင်ငံခြား ဖိနပ် ဝယ်စီးနိုင်တဲ့ လူမှု၊ စီးပွား အခင်း၊ အကျင်းမျိုးက ရှိနေဦးမှာပဲ။ ကျင့်ဝတ် အသိ အမှတ် ပြုမှု နဲ့ လိပ်ပြာ လုံအောင် ပြောတဲ့ “ဒီ့ထက် ဈေးကြီးတဲ့ ဖိနိပ် ဝယ်စီးနိုင်တဲ့ သူဌေးကြီများ ဗမာပြည်မှာ အများအပြား ရှိကြောင်း” ဆိုတဲ့ တကယ်လည်း လက်တွေ့ မှန်တဲ့ အကြာင်းပြချက်က အသုံးဝင် နေဦးမှာပဲ။ တဘက်မှာလည်း တိုင်းပြည် မှာ ဝမ်းလျှော်ရင်လည်း သေ၊ ခြင်ကိုက်ရင်လည်း သေ၊ ကလေးမွေးရင်လည်း သေ၊ လမ်းသွားရင်လည်း သေ၊ ကားစီးရင်လည် သေ နိုင်တဲ့ စနစ်အဖွဲ့အစည်းက ရှင်သန်နေဦးမှာပဲ။ စိန်မျောက်မျောက် မရှိလည်း၊ စိန်မျောက်မျောက် လုပ်ခွင့်မသာ၊ ရမ်းကားခွင့်မရ၊ ရဲ ကို ပါးခေါ် ရိုက်ခွင့် မရတော့လည်း လုပ်ခွင့်သာသူ၊ ရမ်းကားခွင့် ရှိသူ၊ အိမ်ခေါ် ပါးရိုက်ခွင့် ရှိသူ က ဆက်လက် လုပ်ခွင့်၊ ရမ်းကားခွင့် ရနေဦးမှာပဲ ဖြစ်တယ်။
ဒီနေရာမှာ စာဖတ်သူမှာ မေးခွန်းတချို့ ပေါ်လာကောင်း ပေါ်လာနိုင်တယ်။ ဒီလို ရေပေါ်ဆီ လူ့မလိုင် အသိုင်းအဝန်း အခွင့်ထူးခံ လူ လက်တဆုပ်စာ ရဲ့ ပုဂ္ဂလိက ဖောက်ပြန်မှု တွေ လူအများ နဲ့ မီဒီယာ က ဖော်ထုတ်၊ ဝေဖန်၊ ပြစ်တင်တာ ဘာပဲဖြစ်ဖြစ် စနစ်ဆိုးရဲ့ ယိုယွင်း ခြစား၊ ပျက်စီးမှု သရုပ် ကို ပုံဖော်နိုင်လို့ ကောင်းတယ်ပဲ မဟုတ်လား လို့ မေးခွန်းထုတ်ချင် ကောင်း ထုတ်ချင်နိုင်တယ်။
လူပြိန်းကြိုက်၊ လူအများ မြင်သာအောင် အတွက် အတိုင်းအတာ အထိ လိုအပ်တာ မှန်ပေမယ့် “ဒီလို အချက်တွေကို မကြိုက်လို့ စနစ်ဆိုးကို မုန်းရပါတယ်” ဆိုတဲ့ သဘော ရဲ့ ကြီးမားလှတဲ့ အန္တရာယ် ကို အခု နိဂုံး မချုပ်ခင် တပါတည်း ဆွေးနွေးပြမယ်။
အကိုင်းချိုင်မှာလား အမြစ်ဖြတ်မှာလား
ဒီလို အပေါ်ယံ သဘောကိုသာ မြင်ပြီး စစ်အာဏာရှင်စနစ် နဲ့ အပေါင်းအပါ အခွင့်ထူးခံ လူတစု ငတေ၊ ငဇေ တို့ မာခွင့်ရနေတာကို မနှစ်မြို့ခြင်း ဟာ လူ ဗဟိုပြု ရှေးရှု၊ သုံးသပ် ခြင်း သက်သက်သာ ဖြစ်ပြီး စနစ်ကို အပြီးတိုင် အဆုံးသတ် တော်လှန်ချင်တဲ့ မူဝါဒ ခိုင်မာမှု မဲ့နေလို့ ဖြစ်တယ်
ဒီလို သဘောမျိုးမှာ၊ ဒီလို လူမျိုးဟာ စစ်ဝတ်စုံ ချွတ် တောင်ရှည်ဝတ် ခေါင်းပေါင်း ပေါင်း လိုက်တာနဲ့ သမ္မတကြီး လို့ ပြေးခေါ် ဖင်မ တော့တာပဲ။ လွှတ်တော် ဥက္ကဋ္ဌ ကြီးက ဘယ်လို သဘော ရှိတာ ဆိုပြီး ပြေး “အဖေ” တော်တော့ပဲ။ နောက်ကွယ် က အသိုက်အမြုံ စနစ် တည်ဆောင်မှု အားရှိမှု၊ မပြောင်းလဲမှု၊ ခိုင်မာမှု၊ သက်ဆိုးရှည်မှုကို မမြင်နိုင်စွမ်းတော့ဘူး။
ဒီလို အမြင်မျိုးရှိတဲ့ ဟို ရမ်း၊ ဒီ ရမ်း၊ ဟို ပြေးကပ်၊ ဒီပြေးကပ် ရှိတဲ့ ဆိတ်ဟဝှာ လို လူစားမျိုး နဲ့ အနေအစား ချောင်နေတဲ့ ခေတ်ပညာတတ် “အလိ” ပြုတ်မနူးများဟာ တတိုင်းပြည်လုံး ကိုယ့်အိမ်၊ ကိုယ့်ယာ အမှတ် နဲ့ လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ခေတ်သစ် သစ်ခုတ်သမား ပုံပြင် ပြောပြ၊ ညည်းချင်း ချပြ တဲ့ မိကျောင်းမျက်ရည်ကိုလည်း “နောင်တ တကယ်ရတာ ဟုတ်မှာပါပဲလေ”၊ “ကောင်းတာလုပ်ရင် ကြိုဆိုရမှာပေါ့” ဆိုပြီး လယ်မဲ့ယာမဲ့ လယ်သမား ယာသမား၊ အဖိအနှိပ်ခံ အလုပ်သမား တွေ ရဲ့ မျက်ရည်စ မသိမ်းနိုင်သေးခင်၊ မခြောက်သေးခင် ပြေးကြိုဆို ထောက်ခံ၊ အမြီးနှံ့ ပြတော့တာပဲ။ အလကားရ သလို မတရားရထားတဲ့ ဓန အင်အားထဲက အစွန်းထွက် ကို မျိုးချစ်စိတ် ဆိုတဲ့ စကားလုံးကြီးကြီးသုံး ဘောလုံး အသင်းအတွက် ထုတ်သုံးပြတာကို အဆိုပါ အမြင်မျိုးနဲ့ လူများပဲ အဟုတ် မှတ်တာပဲ။
ဆိုတော့ ပုဂ္ဂိုလ်ရေး အသားပေး၊ လူဗဟိုပြုမှု ရဲ့ အပြစ် ကို မြင်သာပြီ ထင်ပါတယ်။
လူတဦး တယောက်၊ တစု တဖွဲ့၊ တအုပ်စု လွတ်လပ်၊ စည်ပင်၊ သာယာ၊ ဝပြော၊ ကြွယ်ဝ ချမ်းသာရေး မှာ အခြား လူအများ က လည်းစင်း ပေးခံနေရတဲ့ စနစ်အဖွဲ့အစည်း မပျက်စီးသရွေ့တော့ သိန်းစိန်၊ ရွှေမန်း၊ နေရွှေသွေးအောင်၊ တေဇ၊ ခင်ရွှေ၊ ဇော်ဇော် ဆိုတဲ့ တဦးချင်း သဘော Individual ဟာ ဘာမှ အရေးမကြီးဘဲ အားလုံးဟာ စနစ်ဆိုး ရဲ့ ဇာတ်ရုပ်၊ စနစ်ဆိုးရဲ့ မောင်းနှင်မှု ယန္တယား လက်တံ တွေသာ ဖြစ်ပြီး နောက်ကွယ်က စနစ်ဆိုး စက်လည်ပတ်နေနိုင်မှု နိုင်ငံရေး စနစ်ဆိုး အင်ဂျင်ကိုသာ အဆုံးတိုင် အပြီးအပြတ် ရပ်တန့် ဖို့ ကြိုးစားရမယ်၊ လူကိုမဟုတ်၊ မူကို ထောက်ပြရမယ်၊ ဆန်းစစ်ရမယ်၊ ဝေဖန်ရမယ်၊ စောကြော ရမယ် ဆိုတဲ့ သဘောရဲ့ လေးနက်မှု ကို မြင်နိုင်ပြီ ထင်ပါတယ်။
ဆိုတော့ ဆောင်းပါး ခေါင်းစဉ် “စနစ်ဆိုး ကို အပြစ်မြင်ဖို့ရာ အလှမယ် ကို ဓားစာခံ စရာ မလို” ဆိုတာကိုလည်း ရှင်းမယ်လို့ ယူဆပါတယ်။
နိဂုံးချုပ်ရရင် အချိန်က နှောင်းတောင် နေပြီ၊ လူဟောင်းတွေ၊ လူသစ် အခွင့်ထူးခံတွေနဲ့ စနစ်ဆိုး ဟာ ပုံစံပြောင်း အသားတောင် ကျစပြုနေပြီ ဖြစ်တဲ့ အတွက် လူအများ နဲ့ ဗမာ့ စာနယ်ဇင်း ဟာ အဝါရောင် စာနယ်ဇင်း သဘော လူ ဗဟိုပြုမှု အသားပေးကနေ အခြေခံရင်းမြစ် စနစ်တခုလုံး ကို ပြုပြင်စွမ်းနိုင်၊ ချေဖျက်စွမ်းနိုင်တဲ့ Investigative Journalism Approach လမ်းကြောင်းမှု ကို ယခုထက်ပိုလို့ အားသွန်ခွန်စိုက် ရှေးရှုသင့်ပြီ ဖြစ်ကြောင်း မိုးမခ စာဖတ် ပရိသတ် အတွက် ထပ်မံ ဆွေးနွေး တင်ပြလိုက်ပါတယ်။
ငြိမ်းချမ်းအေး
၀၆၊ အောက်တိုဘာ၊ ၂၀၁၃
(photo – CNN news)
Comments