Tu Maung Nyo - Facing the Tatmadaw Leaving People Behind

အုပ်စိုးသူ၏ အကျိုးစီးပွားကို  မျက်နှာမူလို အုပ်စိုးခံပြည်သူများ၏ အကျိုးစီးပွားကို ကျောခိုင်းရမည်သာ
တူမောင်ညို (၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်)

“ကျော်ဝင်း” က သူ၏တုန့်ပြန်ချက်ကို ဤသို့ အဆုံးသတ်ထားလေ၏။ “အရှေ့ကို မျက်နှာမူလိုလျှင် အနောက်ကို ကျောခိုင်းရ မည်သာဖြစ်ပါသည်” တဲ့။
သဘာဝကျပေ၏၊ ကျော်ဝင်းသည် အမှန်ကိုပြော၏။ ရိုးသားပေ၏။ ကောင်းလေစွ။
အုပ်စိုးသူ၏ အကျိုးစီးပွားကို  မျက်နှာမူလိုလျှင် အုပ်စိုးခံပြည်သူများ၏ အကျိုးစီးပွားကို ကျောခိုင်းရမည်သာဖြစ်ပေသည်။
“ကျော်ဝင်း၏ အရွှေ့” ဆိုသည်မှာ ဤအချက်ပင်ဖြစ်ပေ၏။

ကျော်ဝင်းသည် သူ၏“အမြင်အရွေ့”ကို “မဟာဗျူဟာပုစ္ဆာ ၅ ရပ်”နှင့်အညီ တိတိကျကျဖော်ပြခဲ့ပေ၏။ ဤသို့ဖော်ပြလိုက် သောအခါ သူ၏အတ္တနောမတိများမှာပိုပေါ်လွင်ထင်ရှားသွား၏။ “မဟာဗျူဟာပုစ္ဆာ ၅ ရပ်” ဆိုသည်မှာ သူ၏ ရှေ့ဆောင်နွားလားကြီး များဖြစ်ပေသော သခင်တင်မြ၊ “နောက်ဆုံးနေ့” ဘခက်၊ မောင်စူးစမ်း၊ ကိုကိုမောင်ကြီး (အညမည ဦးချစ်လှိုင်) တို့၏ ကြောင်းတူ သံကွဲ သာလျှင်ဖြစ်သည်။ ဒီလမ်းကို လျှောက်ပြီဆိုတော့ ဒီစကားတွေကို သံယောင်လိုက်ပြောတာ ဘာမျှ မဆန်းကျယ်လှပါ။
“ဆိုဗီယက်ပြိုကျ၊တရုတ်ပြည်ကြီးအရောင်ပြောင်း၊ ဒီမိုကရေစီလှိုင်းလုံးကြီးများနှင့် ကြုံလိုက်ရသောအခါ” ကျော်ဝင်း၏ ယုံကြည်မှုသည် အဖတ်ဆယ်၍ မရတော့လောက်အောင် ကျေမွပြိုကွဲသွားလေတော့၏။ “သြော် - ကျော်ဝင်းယုံကြည်မှုသည် ဤသို့ပါကလား” ဟု သာစုတ်သပ်မိပါ၏။ ဤသို့သောယုံကြည်မှုမျိုးကို “အရမ်းအကန်းဇွတ် မှိတ်ယုံကြည်နေ၍ မရတော့ပေ”။ “အညှာမလွယ်ဖို့၊ အစွဲကင်းဖို့ ” “ဦးနှောက်မုန်တိုင်းဆင်ဖို့” မုချလိုပေလိမ့်မည်။
လူတိုင်းသူ နှစ်သက်ရာကို လွတ်လပ်စွာ ယုံကြည်ခွင့်၊ ယူဆခွင့်ရှိ၏။ မယုံကြည်ခွင့်လည်းရှိ၏။ ယခုယုံကြည်မှုတစ်ခုမှ အခြား ယုံကြည်မှုတစ်ခုကို ကူးပြောင်းယုံကြည်ခွင့်လည်းရှိပါ၏။ ယခင်က “ယုံကြည်ခဲ့တယ်”။  ယခု “မယုံကြည်တော့ပါ” ဟု ပြောပိုင်ခွင့်ရှိ၏။ ယခင်က“ယုံကြည်မှု”ကို စွန့်လွှတ်ကြောင်း၊ ကင်းရှင်းပြတ်စဲကြောင်း၊ ကြေညာပိုင်ခွင့်လည်းရှိပါ၏။ ဤသည်တို့မှာ သက်ဆိုင်ရာလူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါသည်။
မယုံကြည်ရကောင်းလားဟု ရန်တွေ့နေခြင်း/ ရန်လုပ်နေခြင်းသည် ကလေးဆန်လှပေ၏။ ထိုနည်းတူပင် (တချိန်က မိမိသက်ဝင် ယုံကြည်ခဲ့ဖူးပြီး) ယခုအခါ မိမိမယုံကြည်တော့သော အယူအဆနှင့်ပတ်သက်ပြီး ယုံကြည်မြဲ/ ယုံကြည်ဆဲရှိသူများကို စိန်ခေါ်စော်ကား၊ ရေးသား၊ ထေ့ငေါ့နေမှုများသည်လည်း လူကြီးလူကောင်းမဆန်လှပါ။ မိုက်မဲညံ့ဖျင်းသည့် အတွေးအခေါ်နှင့် လုပ်ဟန်ပင်ဖြစ်ပါသည်။
အစွယ်ကျိုးအဆိပ်မဲ့မြွေတစ်ကောင်  “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်” ထဲမှနေ၍  အလမ္မာယ်ဆရာ အလိုကျ မာန်ဖီ အမောက်ထောင်နေသည်နှင့်တူပဲ၊ တူလှသေးတော့သည်။
ကျော်ဝင်းယုံကြည်မှုပြောင်းခြင်း/ မပြောင်းခြင်းသည် ကျော်ဝင်း၏ရွေးချယ်မှုသာ ဖြစ်ပါသည်။ ကျော်ဝင်း၏ဒီမိုကရေစီအခွင့်အရေး သာဖြစ်သည်။ ဘာမှမှတ်ချက်ပေးရန်မရှိပါ။ စိတ်မဝင်စားပါ။
 အဓိကတုန့်ပြန်နေကြသည်မှာ “၂၀၀၈ အခြေခံဥပဒေ”၊ “ဖက်ဒရယ် ပြည်ထောင်စု”တို့နှင့် ပတ်သက်၍လက်ရှိ အုပ်စိုးသူများ ဘက်မှ အသေအလဲခုခံကာကွယ်ပြောဆိုနေသည့် ပြောဆိုရေးသားနေသော ကျော်ဝင်း၏ အမြင်သဘောထားများကို လိုအပ်သလို ဝေဖန်၊ ဆန့်ကျင်၊ ဖွင့်ချနေခြင်းသာဖြစ်သည်။
“ကျော်ဝင်း”  ရေးထားသည့်အတိုင်းအတိအကျပင်ဖြစ်သည်။ ဖုံးကွယ်နေစရာမရှိပါ။
“အခြေခံဥပဒေအသစ်ရေးတာထက်၊ ပြင်ရေးက လက်တွေ့ကျမယ်၊ တပ်မတော် ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို အဆောတလျင် မကိုင်သင့်” ဆိုသော “ကျော်ဝင်း၏ သဘောထားများ” ကို ခပ်ပြင်းပြင်း သမနေရခြင်းဖြစ်သည်။
 တစ်ချိန်က “မစားကောင်းသောအသီး” ဟူ၍ “ကျော်ဝင်း” နှာခေါင်းရှုံ့ကြောက်လန့်နေခဲ့သောအသီးကို ကျော်ဝင်းသည် ယခု အခါမြိန်ရှက်စွာ ကိုက်ခဲစားသောက်နေသည်ကို တွေ့မြင်နေရသော်လည်း ကျနော်အနေဖြင့် နည်းနည်းကလေးမျှ မနာလိုမရှုစိမ့် မဖြစ်ရိုး အမှန်ပါ။ ရိုးရိုးသားသားပြောပါရလျှင် အားမကျမိပါ။
ထို့အပြင် --- ယခင်တပ်မတော်အစိုးရ ကိုယ်တိုင် စတင်လမ်းဖွင့်ပေးလိုက်သော “အထက်မှလာသည့် အပြောင်းအလဲပုံစံ” ဖြစ် သည်။ “ရှစ်လေးလုံး အရေးအခင်း”၊ “ရွှေဝါရောင်အရေးအခင်း” များမှ အတွေ့အကြုံများကို သင်ခန်းစာ ယူပြီး “ပြေလည်ရေးလမ်းစ” ကို ဖော်ထုတ်လိုက်သည် ဖြစ်၍ ထိုစဉ်ကနိုင်ငံတော်အကြီးအကဲ(ဗိုလ်သန်းရွှေ)၏ အမြော်အမြင်ကို အသိအမှတ်ပြုရပါလိမ့်မည် -- ဟူသော ကျော်ဝင်း ၏ ရဲရင့်သော ရပ်တည်ချက်/အမြင်သဘောထားများအပေါ် ဖက်ပြိုင်ငြင်းခုန်နေရန် အကြောင်းမရှိပါ။
  အုပ်စိုးသူ၏အကျိုးစီးပွားကို တည့်တည့်မျက်နှာမူနေသောသူထံမှ အုပ်စိုးသူများ၏ အကျိုးစီးပွားကို  အနည်းနည်းအဖုံဖုံခုခံ ကာကွယ်ပေးမည့် ဆင်ခြေဆင်လက်များ (သို့မဟုတ်) မဟာဗျူဟာမြောက် ခံခုကာကွယ်မှုများကိုသာ ကြားနေ ဖတ်နေရပါလိမ့်မည်။
“အရှေ့ကို မျက်နှာမူလိုလျှင် အနောက်ကို ကျောခိုင်းရ မည်သာဖြစ်ပါသည်”
အုပ်စိုးသူ၏ အကျိုးစီးပွားကို  မျက်နှာမူလိုလျှင် အုပ်စိုးခံပြည်သူများ၏ အကျိုးစီးပွားကို ကျောခိုင်းရမည်သာ ဖြစ်ပေသည်။
“ကျော်ဝင်း၏ အရွှေ့” ဆိုသည်မှာ ဤအချက်ပင်ဖြစ်ပေ၏။

အညွှန်း - ကျော်ဝင်း၊ ဗွိုက်စ် ဂျာနယ်၊ ၊ မဟာဗျူဟာပုစ္ဆာများနှင့် စဉ်းစားမိသည်များ