Woman shot dead in DC running away from police



အိမ်ဖြူတော်ဆီ ကားနဲ့မောင်းဝင်ရန် ကြိုးစားတဲ့ အမျိုးသမီးကို ရဲက ပစ်ခတ်ဖမ်း
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၄၊ ၂၀၁၃
အောက်တိုဘာ ၃၊ ၀ါရှင်တန်ဒီတီမြို့တော် စံတော်ချိန် နေ့ခင်း ၂ နာရီ ကျော်ခန့်၊ သမ္မတအိမ်ဖြူတော် ၀င်ပေါက်က လုံခြုံရေးအတားအဆီးတွေကို ကားနဲ့ အတင်းမောင်းဝင်ရန် ကြိုးစားတဲ့ အမျိုးသမီးကို မြို့တော် ရဲအဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးကြရာမှာ ကားမောင်းပြေးသူ အမျိုးသမီးကို မြို့လယ်ခေါင်တနေရာမှာ လွှတ်တော်အဆောက်အဦအနီး ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ရဲကားတစီးပျက်စီးပြီး ရဲတပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဘတ်ဂျက်အရေး အကြိတ်အနယ်ဆွေးနွေးနေတဲ့ မြို့တော်က လွှတ်တော်နဲ့ အစိုးရအဆောက်အဦတွေအားလုံး အလုပ်တွေ ရပ်ဆိုင်းကုန်ပြီး၊ လုံခြုံရေးတွေနဲ့ ပိတ်ဆို့ ကာကွယ်ခဲ့တာ တနာရီလောက် ကြာမြင့်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ ကားထဲမှာ ၁၈လသားအရွယ် ကလေးတဦးလည်း ပါပြီး သူ့ကို ရဲတပ်ဖွဲ့က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းလက်ကို အပ်ပြီး စောင့်ရှောက်မှုပေးထားပါတယ်။
 
ဖြစ်စဉ်မှာ သမ္မတအိမ်ဖြူတော် အရှေ့ဝင်ပေါက်ကနေ မောင်းဝင်ဖို့ ကြိုးစားတဲ့ ကားတစီးကို ရဲက တားမြစ်ပြီး ပြန်လှည့်ခိုင်းခဲ့ပါတယ်။ အဲသည်နောက် အခြားရဲကားတွေက စုံစမ်းဖို့ ရပ်တန့်ရာမှာ ကားမောင်းပြေးလို့ ရဲကားတွေက နောက်က အတင်းလိုက်ပြီး တားဆီး ဖမ်းဆီးကြပါတယ်။ တနေရာမှာ ရဲကားတွေနဲ့ ပိတ်ဆို့ ဖမ်းရာမှာ ကားမောင်းသူအမျိုးသမီးက ရဲကားတွေကို တိုက်ပြီး မောင်းပြေးပြန်ပါတယ်။ အဲသည်မှာ ရဲတွေက သေနတ်နဲ့ လှမ်းပစ်ခဲ့ကြပါတယ်။ နောက်မိနစ်ပိုင်းအတွင်း လွှတ်တော်အနီးက လမ်းဆုံမှာ ရဲကားတွေနဲ့ ပိတ်ဆို့ ဖမ်းဆီးရာမှာတော့ ကားမောင်းသူကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲသည်မှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသမီး သေဆုံးခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အာဖရိကန်မျိုးနွယ်ဖြစ်ပြီး Connecticut ကွန်နာတီကပ်ပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာအတွက်ကြောင့် အခုလို အမှုကို ကျုးလွန်တယ်ဆိုတာကို ရဲက မပြောနိုင်သေးပါဘူး။ သတင်းသမားတွေက အကြမ်းဖက်သမားလုပ်ရပ်လားလို့ မေးမြန်းတာကို ရဲက ဖြေကြားဖို့ ငြင်းပါတယ်။

အခုလို သွေးပျက်ဖွယ် သေဆုံးမှုမဖြစ်ခင်ကတည်းက ၀ါရှင်တန်ဒီစီမှာ အမေရိကန်တပြည်လုံးသာမက နိုင်ငံတာကပါ စောင့်ကြည့်နေရတဲ့ နိုင်ငံတော်ဘတ်ဂျက် နိုင်ငံရေးအကြပ်အတည်းဖြစ်ပွားနေပါတယ်။ အစိုးရ၀န်ထမ်းအများအပြားကို လစာမဲ့ အလုပ်လုပ်နေစေပြီး အစိုးမှာ ဘတ်ဂျက်မရှိလို့ တစိတ်တပိုင်း ရပ်ဆိုင်းထားရပါတယ်။ သည်အရေးအခင်းမှာ ၀င်ရောက်ဆောင်ရွက်သူ ရဲတော်တော်များများက furlough လို့ ခေါ်တဲ့ လစာမရဘဲ အရေးပေါ်အလုပ်လုပ်နေရသူတွေ ပါပါတယ်။ အစိုးရပုံမှန် မလည်ပတ်နိုင်ချိန်မှာ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေ ၀ါရှင်တန်မှာ ဖြစ်နေပါတယ်။ အစိုးရကို ပိတ်ဆို့နေတဲ့ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်ကတော့ အိုဘားမားအစိုးရကို အလျော့ပေး စေ့စပ်မယ့် ပုံ မရှိသေးပါဘူး။
(Photos - News Sources Online)

Comments