မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင် သီပေါမင်းတရားကြီး - အပိုင်း(၃)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၂၁၊ ၂၀၁၃
ထို့နောက်ဆင်ဖြူမရှင်မိဘုရားကြီးနှင့်ကင်းဝန်မင်းကြီးတို့အဖို့မင်းမိဘုရားနှစ်ပါးအပေါ်စိတ်ပျက်စရာများနှင့်ဆက်ကာဆက်ကာ တွေ့ခဲ့ကြရ သည်။မယ်တော်ဖြစ်သောမင်းတုန်းမင်းတရားကြီး၏အလယ်နန်းမတော်ဆင်ဖြူရှင်မိဘုရားကြီးသည်ဤသို့အကြံဖြစ်လေသည်။ ငါသည် သီပေါဘုရင်နှင့်သမီးဖြစ်သောတောင်ညာစံမိဘုရားကြီးကိုကြီးကျယ်မြင့်မြတ်သောမင်း၏အဖြစ်သို့ရောက်စေခြင်းငှာမင်းကြီးများနှင့်တိုင်ပင် ညှိနှိုင်း၍ကြံဖန်အားထုတ်သောကြောင့်မင်းမိဘုရားအဖြစ်သို့ရောက်ကြသည်။ယခုမင်းမိဘုရားအဖြစ်သို့ရောက်ကြလျှင် ငါ၏စကားကို လည်းနားမထောင်၊ဆယ်ပေါ်ငါးကျော်ဆိုဘိသကဲ့သို့သဘောရှိအတိုင်းကိုသာပြောဆိုနေထိုင်လုပ်ကိုင်ကြသည်။
ဤကဲ့သို့လုပ်ကိုင် နေထိုင်ခံစားကြလျှင်ငါအားထုတ်ရသောအကျိုးမရှိချေ။ ငါ၏စကားကိုနာယူ၍ငါ၏သြဇာရှိမှ သာလျှင် ငါကြံစည်အားထုတ်သောအကျိုးရှိချေမည်ဟုသဘောထားပြီးလျှင်အင်္ဂလိပ်မင်းတို့၏နိုင်ငံအတွင်း၌ရှိနေသော ညောင်ရမ်းမင်းသားကို ဆောင်ယူ၍သမီးအကြီးဖြစ်သောစုဘုရားကြီးနှင့်လက်ဆက်ပြီးလျှင်ထီးနန်းတင်ရသော်ငါ၏သြဇာနာခံယူဖွယ်ရာအကြောင်းရှိ၏ဟုမင်းကြီး များနှင့် တိုင်ပင်ညှိနှိုင်းသည့်အတွင်း ညောင်ရမ်းမင်းသားကြီးသည် မကျန်းမမာရောဂါဝေဒနာကပ်ရောက်ပြီးလျှင် စုတိကျ၍ဘဝပြောင်းလေ၏။ ညောင်ရမ်းမင်းသားကြီးမရှိသည့်နောက် ညီတော်ဖြစ်သောညောင်အုပ်မင်းသားကို ဆောင်ယူပြီးလျှင် သမီးအကြီးဖြစ်သောစုဘုရားကြီးကိုတောင်ညာတင်၍ ညောင်အုပ်မင်းသားကိုနန်းတင်ရလျှင်ကောင်း၏ဟု အကြံဖြစ်၍ မင်းကြီးများနှင့်တိုင်ပင်ပြန်လေသည်။
မင်းကြီးများကလည်းအရှင်သဘောတော်ကျလျှင်ကောင်းပါ၏ဟုတင်လျှောက်ကြသောအခါ ဆင်ဖြူရှင်မိဘုရားကြီးက ညောင်အုပ်မင်း သားထံတင်လျှောက်ရန် စာနှင့်တကွတဖန်စေလွှတ်လိုက်၏။ စသည်ဖြင့်အကျယ်တ၀င့်ဖော်ပြထားသည်။ ဂန္ဓာလစက္ကဇောတိဋ္ဌဒီပနီကျမ်း ကိုပြုစုသော ဗန်းမော်မြို့သိမ်တော်ဆရာတော် အရှင်အာစာရသည် သစ်ဆိမ့်ဆရာတော်၏တူဖြစ်၍ မင်းတရားကြီးပဉ္စမသင်္ဂါယနာ ကျောက်ထက်အက္ခရာတင်စဉ်က ကျောက်စာကြပ်အဖြစ်တာဝန်ယူခဲ့သောဆရာတော်ဖြစ်သည်။
ထိုအချိန်ကညောင်အုပ်မင်းသားမှာ ကာလကတ္တားမြို့၌စံနေတော်မူသည်။ သို့သော်ဆင်ဖြူမရှင်မိဘုရားကြီးပေးလိုက်သောစာသည် ညောင်အုပ်မင်းသားထံသို့မရောက်ဘဲ စလေဒင်လက်ထဲသို့ရောက်သွားသည်။ ဆင်ဖြူမရှင်နှင့်ကင်းဝန်မင်းကြီးတို့၏ နန်းတွင်းနိုင်ငံရေး လှည့်ကွက်ကို စလေဒင်သိရှိသွားခြင်းမှာ ဗမာ့အခက်သည် အင်္ဂလိပ်အချက် ဖြစ်ဖို့အကွက်ကောင်းဝင်သွားခြင်းပင်ဖြစ်သည်။
ထို့ကြောင့်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် အင်္ဂလိပ်တို့သည်ရန်ကုန်မြို့ဝန်ထောက် ဦးအုန်း၏သားမောင်ဘသန်းဆိုသူကို ညောင်အုပ် မင်းသားအသွင်ဝတ်ဆင်စေကာ အင်္ဂလိပ်သင်္ဘောအပေါ်၌ တင်ဆောင်ခေါ်ငင်လာခဲ့သည်။ ကင်းဝန်မင်းကြီးထံသို့လည်း ညောင်အုပ်ကိုယ် တော်ကြီးချီတက်လာပြီဖြစ်ကြောင်း အကြောင်းကြားထားသည်ဟူသည်။
ထိုအချိန်က ညောင်ရမ်းမင်းသား သို့မဟုတ် ညောင်အုပ်မင်းသားသည် အင်္ဂလိပ်စစ်တပ်များနှင့်အတူ မန္တလေးရွှေမြို့တော်သို့ပါလာသည် ဟူသောသတင်းမှာ ထိပ်တန်းလျှို့ဝှက်နိုင်ငံရေးသတင်းအဖြစ်ဖြင့် နန်းတော်တွင်း၌ပျံ့နှံ့နေဟန်တူသည်။ အင်္ဂလိပ်တို့၏လက်သို့ သီပေါဘု ရင်ပါတော်မူ၍ သင်္ဘောပေါ်သို့ရောက်ရှိနေသည့်တိုင်အောင် ထိုသတင်းသည်အချို့နန်းတွင်းသူ နန်းတွင်းသားများအဖို့ ဇဝဇဝါဖြစ်နေတုန်း ပင်ရှိသေးသည်ဟုယူဆရသည်။ အဘယ်ကြောင့်ဆိုသော်-
သီပေါဘုရင်သည်ရေဆိပ်သင်္ဘောပေါ်တွင်ရှိနေစဉ် ပင်းယမင်းသမီးကအခြားသင်္ဘောတစ်စီးစီးပေါ်တွင်ရှိသူမှာ ညောင်ရမ်းမင်းသားဟု ပြောကြကြောင်း။ သီပေါဘုရင်ကိုနန်းချပြီးညောင်ရမ်းမင်းသားနှင့်အတူ ထိပ်စုဘုရားကြီးကိုလက်ထပ်ပြီးနန်းတင်မည်ဟု ပြောကြားပါ ကြောင်းလျှောက်တင်လေ၏။ ထိုအခါသီပေါဘုရင်သည်ကိုယ်တော်တိုင်ထ၍ သင်္ဘောခန်းကိုတရုတ်ကပ်ကိုလှပ်၍ကြည့်ကာ နောင်တော်ညောင်ရမ်းမင်းမဟုတ်ပါဘူး၊ ငါ့နောင်တော်ငါသိပါတယ်၊ ဘယ်ကလူမှန်းမသိပါ ဟုမိန့်ဆိုတော်မူသည်ဟူ၍ အမျိုးသားပညာဝန်ဦးဖိုးကျားက သူ ၏ပါတော်မူအရေးတော်ပုံစာအုပ်၌ ဖော်ပြထားပေသည်။
ထို့နောက်ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် နန်းကျဘုရင်သီပေါမင်းတရားသည် ၁၉၁၆ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့ ညဥ့် သန်းခေါင်ယံ၁၂နာရီတွင် နတ်ရွာစံတော်မူလေသည်။ နတ်ရွာစံစဉ်က သက်တော်၅၈ နှစ်ပြီဖြစ်သည်။ နတ်ရွာစံတော်မူသည်မှ၃ရက် မြောက်တွင် ခေါင်းတော်သွင်းခဲ့ကြသည်။ ထိုစဉ်ကပထမသမီးတော်မှာ သူ့မိသားစုနှင့်အတူအဝေးရောက်နေကြသည်။ ဒုတိယသမီးတော် မှာခင်မောင်လတ်နှင့်ဘုံဘေသို့ မင်္ဂလာခန်းဝင်ပစ္စည်းများဝယ်ရန်သွားနေကြသည်။ အနားတွင်အရှင်နန်းမတော်စုဘုရားလတ်၊ တတိယသ မီးတော်၊ စတုတ္ထသမီးတော်နှင့် အခြွေအရံများသာရှိကြသည်။ အလောင်းတော်ကိုမီးသွေး၊ ပရုပ်ထည့်၍သံဖြူခေါင်းတွင်သွင်းသည်။ သံဖြူ ခေါင်းကိုသစ်သားခေါင်းတွင်ထပ်မံသွင်းကာ ရွှေမှိုကြီးများရိုက်ပြီးခေါင်းရင်းတော်က ကမ္ဗည်းတော်ထည့်သည်။ တံဆိပ်တော်ကိုအရှင်နန်းမ တော်ဘုရားကရိုက်နှိပ်လိုက်သည်။ တစ်ပြည်တစ်ရွာတွင်သံဃာတော်များမရှိသဖြင့် အလောင်းတော်ကိုသရဏဂုံတင်ခြင်းမပြုနိုင်ချေ။ နတ်ရွာစံညီမတော်ရမည်းသင်းစုဘုရားကလေးခေါင်းတော်နှင့်အတူယှဉ်၍ စံအိမ်တော်အောက်ခန်းတစ်ခန်းတွင်ထားလိုက်သည်။ ညီမ တော်စုဘုရားကလေးမှာ ၁၉၁၂ခုနှစ်၊ ဇန်န၀ါရီလ ၂၅ရက်နေ့တွင် နတ်ရွာစံခဲ့လေသည်။ တစ်နေ့မြန်မာပြည်သို့ပြန်ရပါက ရွှေနန်းရှင်ဘုရား နှင့် ညီမတော်တို့အလောင်းတော်များကိုသယ်သွားမည်ဟု နန်းမတော်ဘုရားအကြံတော်ရှိပုံရသည်ဟုဆိုကြသည်။ မသာတော်အတွက် အစိုးရထံ ရူပီး ၅ဝဝဝ တင်ပြတောင်းခံထားရာ မပေး၍နှစ်လကြာမျှစောင့်ဆိုင်းနေရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စတုတ္ထသမီးတော်၏ အရေးတော်ပုံစာတမ်း စာမျက်နှာ ၄ တွင်-
အလောင်းတော်ကိုမွမ်းမံရန် အစိုးရပေးငွေနောက်ကျ၍ ကိုယ်ပိုင်အ၀တ်အစားများရောင်းချရ၏။ငွေအဖြစ်ရရန် အစိုးရကအစီအမံမ ထားခြင်း ကိုအံသြမိ၏။
ကျွန်ုပ်မှာအပြင်မှအကူအညီမရသဖြင့် ဘုရားကိုတလျက်ခမည်းတော်အလောင်းကိုသာ ပိုက်ဖက်ကိုကြွေးနေရ၏ ဟုရေးသားထားလေ သည်။
ထိုရုပ်ကလာပ်နှစ်ခုကို ၁၉၁၉ ခု မတ်လတွင် ဂူသွင်းသဂြိုဟ်သည်အထိ နန်းတော်ထဲတွင်ထားရှိခဲ့သည်။ ထိုရုပ်ကလာပ်နှစ်ခုကို နန်းမ တော်စုဘုရားလတ်နှင့်တော်ဝင်မိသားစုများရတနာဂီရိမှာ ဖေဖော်ဝါရီလ၂၃ရက်နေ့တွင်မထွက်ခွာမီ ၁၉၁၉ခုဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် စုဘုရားလတ်နှင့်သမီးတော်များရှေ့မှောက်၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးက ဗုဒ္ဓဘာသာအခမ်းအနားဖြင့်ဂူသွင်းရန် အစိုးရကဆုံးဖြတ်သည်။ဂူသွင်းခြင်းမပြုမီသက်သေများအရှေ့တွင်ခေါင်းများကိုဖွင့်ကြည့်ရန်ဖြစ်သည်။သက်သေများကနတ်ရွာ စံသွား သည့် သီပေါမင်းရုပ်ကလာပ်ဟုတ်မဟုတ်ကို စစ်ဆေးအတည်ပြုရန်နှင့် ရုပ်ကလာပ်များသည်ခေါင်းထဲရှိသည်ဟု စာဖြင့်ရေး၍ထောက်ခံအတည်ပြုပြုရန်ဖြစ်သည်။ သဘောမှာသီပေါမင်း၏ရုပ်ကလာပ်သို့မဟုတ် ရုပ်ကလာပ်တစ်စိတ်တဒေသကို မြန်မာပြည်သို့သယ်ဆောင်ခြင်းမပြုရန်လွတ်လပ်ရေးကိုလှုံ့ဆော်သည့်အထိမ်းအမှတ်တစ်ခုအဖြစ်အသုံးမချနိုင်ရန်ရည်ရွယ် ခြင်းဖြစ် သည်။စုဘုရားလတ်ကထိုရုပ်ကလာပ်များကိုမိမိနှင့်အတူမြန်မာပြည်သို့သယ်ဆောင်ခွင့်မပြုလျှင် ရတနာဂီရိမှထွက်ခွာ ခြင်းမပြုနိုင်ဟု ထုတ်ဖော်ကြေညာခဲ့သည်။
သီပေါမင်း၏အလောင်းကိုစစ်ဆေးရန် အမိန့်ထွက်လာသည့်အခါ၌ သီပေါမင်း၏မိသားစုသည် မြန်မာပြည်သို့ပြန်ရန်စီစဉ်မှုများကို ခပ်ဆိုင်း ဆိုင်းလုပ်ကာ ဆန့်ကျင်သည့်သဘောကိုပြလာသည်။
ဤအကြောင်းကို သမိုင်းဆရာဒဗလျူအက်စ်ဒေဆိုင်းက သူ၏ Deposed King Thibaw of Burma in India 1885-1916 စာအုပ်၌-
မြန်မာမင်းမျိုးတို့တွင် ရုပ်ကလာပ်များကို မြေအောက်တွင်မြုပ်သောထုံးစံမရှိချေ။ မြေကြီးပေါ်မှအောက်ခံအုတ်ခုံတွင် ဂူတည်ထားခြင်းဖြစ် သည်။ ထို့နောက်ဂူကိုနံရံကပ်ပြီး ထိုအပေါ်မှဘုရင်၏အမှတ်တံဆိပ်ထွင်းထုထားသည့် မုခ်ခုံးကိုပြုလုပ်သည်။ ထိုနောက်မှဂူပေါက်ထဲသို့ တလားကိုသွင်းပြီးဂူကိုပိတ်လိုက်ခြင်းဖြစ်သည် ဟုရေးခဲ့သည်။
ကောလိပ်တော်အရာရှိက မိဘုရားခေါင်ကြီးကတလားကို ဖွင့်လှစ်ရန်ငြင်းဆန်နေသည့်အတွက် တလားကိုချိတ်ပိတ်ကာ နေ့ရောညပါရဲအ စောင့်အရှောက်ချထားရမည်ဟု လက်ထောက်ကောလိပ်အရာရှိကို ကြေးနန်းဖြင့်ညွှန်ကြားသည်။
နောက်ဆုံး၌မှန်းထားသည့် ဖေဖော်ဝါရီလ၂၁ရက်နေ့တွင်မဟုတ်ဘဲ မတ်လ၂၁ရက်နေ့တွင် တလားများကိုဂူတစ်ဂူထဲတွင် ဗုဒ္ဓဘာသာထုံး တမ်းစဉ်လာအတိုင်းမြုပ်နှံခဲ့သည်ဟု သမိုင်းဆရာဒေဆိုင်းကရေးသားသည်။
စုဘုရားလတ်မှာသဂြိုဟ်သည့်အခမ်းအနားသို့တက်ရောက်ခြင်းမပြု။ သို့ရာတွင် သမီးတို့တက်ရောက်ကြသည်။ ဂူပေါ်မှကျောက်ဖြူသား တွင် အင်္ဂလိပ်ဘာသာဖြင့်အောက်ပါစားတမ်းရေးထိုးထားသည်-
ON this Tomb On the 19th March 1919 were deposited the mortal remains of Thibaw, The last king of Upper Burma
Who was deposed in the 1st December 1885 and was removed to Ratanagiri where he died on the 15th December 1916
At the age of 58, also the remains of Taik Su Paya Gale Thibaw’s minor Queen, who died in Ratanagini on the 25th January 1912, aged 50
ဗြိတိသျှအစိုးရမှတ်တမ်းပါရက်စွဲနှင့် ဂူပေါ်တွင်ရေးထိုးထားသည့်ရက်စွဲတို့လွဲနေသည်။ အစိုးရမှတ်တမ်း၌ဂူသွင်းသည့်ရက်မှာ မတ်လ၂၁ ရက်ပါဟုပါပြီးဂူပေါ်တွင်ရေးထိုးထားသည့်ရက်စွဲမှာမတ်လ၁၉ရက်နေ့ဖြစ်နေသည်။စုဘုရားလတ်၏အိမ်တွင် တာဝန်ကျသူရှန်ကာ ပါဝါကမူမတ်လ၂၁ရက်နေ့ဖြစ်ကြောင်း။မူလက၁၉ရက်နေ့တွင်သတ်မှတ်ထားသဖြင့်ကျောက်ပြားကို၁၉ရက်နေ့ကြိုတင်ရေး ထိုးခြင်း ဖြစ်ကြောင်းဖြင့်အတည်ပြုသည်။ သီပေါမင်း၏ဂူနှင့်ကပ်လျက် သီးသန့်ဝင်းငယ်အထဲတွင် ပထမသမီးတော်၏ဂူရှိသည်။ ပထမသမီးတော်မှာ၁၉၄၇ခုနှစ်က ရတနာဂီရိတွင် ကံကုန်ခဲ့ခြင်းဖြစ်သည်။ပထမသမီးတော်၏ရုပ်ကလာပ်ကိုမူ မီးသဂြိုဟ်ခဲ့သည် ဟုဆိုသည်။
စုဘုရားလတ်နှင့်တော်ဝင်မိသားစုသည် သီပေါမင်းတရားအားဂူသွင်းပြီးနောက် ၁၉၁၉ခုဧပြီလ ၁ဝရက်နေ့တွင် ရတနာဂီရိမှသင်္ဘောဖြင့် ထွက်လာခဲ့သည်။ ဧပြီလ ရက်နေ့တွင် ရန်ကုန်သို့ရောက်ရှိပြီး ချာချီလမ်း(ကိုယ်မင်းကိုယ်ချင်းလမ်း)အမှတ်၂၃(ကီးတော်ကျန်စားသောက် ပိုင်ရှင် ဦးထင်လင်းအိမ်)တွင်နေထိုင်သည်။ သူတို့၏စားဝတ်နေရေးအတွက် ရန်ကုန်ပုလိပ်မင်းကြီးကတာဝန်ယူရသည်။
ယင်းအိမ်ကြီးမှာခြံ၏ကုန်းမြင့်ရာတည်ထားပြီး မိဘုရားကြီးနေထိုင်စဉ်က အတွင်းဆောင်များကို သစ်သားပန်းပုပန်းကနုတ်များဖြင့် မွမ်းမံ ထားသည်ဟုဆိုသည်။ အပေါ်ထပ်မှရွှေတိဂုံစေတီတော်ကြီးကိုဖူးမြော်နိုင်သည်။ ယင်းခြံနှင့်တိုက်အိမ်ကြီးကို အင်္ဂလိပ်အစိုးရက မိဘုရား ကြီးအားငှားပေးထားခြင်းဖြစ်သည်။ ထိုကာလက ထိုနေရာများမှာလူနေအိမ်ခြေနည်းပါးသေး၍ ဆိတ်ငြိမ်သည်။ ချမ်းသားသောအိန္ဒိယလူ မျိုးနှင့် ဂျူးလူမျိုးများသာနေထိုင်သော အလားတူတိုက်ခြံများသာရှိသည်။ မိဘုရားကြီးခြံနှင့်မလှမ်းမကမ်းဖြစ်သော ယနေ့ဝင်္ကဘာလမ်းရှိ စာပေစိစစ်ရေးရုံး၊ ရုပ်ရှင်ဗဟိုကောင်စီ၊ ဇီဝိတသံဃာဆေးရုံစသော နေရာများတွင် မိဘုရားကြီး၏ခြွေရံသင်းပင်းများနေကြသည်။
လက်ရှိအိမ်ကြီးကိုအနေအထားကိုကြည့်ရှု၍ မိဘုရားကြီးသည်ထိုကာလက နိုင်ငံခြားသားတစ်ဦးနေထိုင်သည့် တိုက်အိမ်မျိုး၌သာ စံမြန်း နေထိုင်ခဲ့ရသည်ကို ခန့်မှန်းနိုင်လေသည်။ မိဘုရားကြီးသည်ကိုယ့်နိုင်ငံကိုယ်ပြန်လည်ရောက်ရှိသော်လည်း အင်္ဂလိပ်အစိုးရကပေးသော ကျဉ်းမြောင်းသည့်လွတ်လပ်ခွင့်နှင့် မလောက်ငှသောထောက်ပံ့ကြေးဖြင့်နေထိုင်ရခြင်း စသည်များကြောင့်စိတ်တော်မရွှင်မလန်း စံမြန်းခဲ့ရ ပေမည်။ မည်မျှပင်လောကဓံလှိုင်းအပုတ်ခတ်ခံရသော်လည်း မိဘုရားကြီး၏နယ်ချဲ့ကိုမနှစ်မြို့ အလျှော့မပေးသောစိတ်ဓာတ်များမှာ နတ် ရွာစံချိန်အထိ ခိုင်မြဲစွာရှိကြောင်းမှတ်သားရသည်။ ဘဝပေးအခြေအနေအရ မိဘုရားကြီးသည်တရားဓမ္မကိုနှလုံးသွင်း၍ တတ်စွမ်းသမျှ ကုသိုလ်များကို ပြုလုပ်နေထိုင်ခဲ့သည်။
မိဖုရားကြီးမြန်မာပြည်ပြန်ရောက်ချိန်၌ မိဘုရားကြီး၏ကောင်းမှု မန္တလေးမြတောင်ကျောင်းတိုက်ကြီးတွင် တတိယမြောက်ဆရာတော်သီ တင်းသုံးလျှက်ရှိသည်။ မိဘုရားကြီးသည် ရန်ကုန်မှနေ၍မြတောင်ဆရာတော်ထံနေ့စဉ်ဆွမ်းအုပ်ပို့သည်။ (မီးရထားဖြင့်တင်ကြို၍ အဆက် မပြတ်ပို့ပေးဟန်ရှိသည်)။ဆရာတော်လည်းမိဘုရားကြီးထံ မကြာခဏကြွလာလေ့ရှိသည်။ ရန်ကုန်ရှိဆရာတော်သံဃာတော်များကိုလည်း စံအိမ်သို့ပင့်၍ဆွမ်းကျွေးတတ်သည်။ ဆွမ်းလောင်းရာတွင် သံဃာတော်များအား ကိုယ်တိုင်လောင်းလှူသည်။ ရွှေတိဂုံစေတီတော်ကြီးကို ကြည်ညိုပုတီးစိပ်၍လည်း ကုသိုလ်ပွားသည်။ မိဘုရားကြီးသည် စံအိမ်တွင်အဖြူရောင်၊ သို့မဟုတ် ယောဂီရောင်များကိုသာဆင်မြန်း၍ လောကဓံတရားကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြောင်းသိရသည်။
အမျိုးသားစိတ်ထက်သန်ဆရာလွန်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)သည် မိဘုရားကြီးထံမကြာခဏအခစားဝင်သည်။ ဆရာလွန်းမလာ တာကြာပါကလည်း မိဘုရားကြီးက ဟဲ့မောင်လွန်းခေါ်ချေကြစမ်း ဟုအခေါ်လွှတ်သည်။
နန်းမတော်မိဘုရားခေါင်ကြီးစုဘုရားလတ်သည် ၁၉၂၅ခု နိုဝင်ဘာလ ၂၄ရက်(အင်္ဂါနေ့) မနက်၅နာရီတွင် နတ်ရွာစံခဲ့လေသည်။ မိဘုရားခေါင်ကြီး၏မသာစရိတ်အဖြစ်ဗြိတိသျှအစိုးရကငွေနှစ်သောင်း၊ညောင်ရွှေစော်ဘွားက ၁၂ဝဝကျပ်၊ သီပေါစော်ဘွားက၁ဝဝဝကျပ်နှင့် အခြား စော်ဘွားများ၏ထည့်ဝင်ငွေပေါင်းလိုက်လျှင် စုစုပေါင်းငွေ(၂၃၂၇၅)ကျပ်ရသည်။
စုဘုရားလတ်၏ဈာပနာနှင့်ပတ်သက်၍ ဆရာမြသန်းတင့်က တောင်သမန်ရွှေအင်းကလေညှင်းဆော်လေတော့ စာအုပ်တွင် အောက်ပါအ တိုင်းရေးသားထားလေသည်။
မသာတော်အစီအစဉ်တွင် ပတ္တမြားသုံးရစ်တော်စီရွှေခေါင်း၊ ညောင်စောင်းတော်၊ ပတ္တမြားသုံးရစ်စီသလွန်တော်၊ ရွှေအိုးရွှေခွက်၊ ရွှေ ညောင်ရွက်ဆွဲထီးဖြူတော်၉လက်၊ ဖိနပ်တော်၊ ပတ္တမြားသုံးရစ်စီ ရွှေမျက်နှာဖုံး၊ ရွှေလက်ဖုံး၊ ရွှေခြေဖုံး၊ နေရာဖန်တော်ကတ္တီပါဖဲမွှမ်း၊ သင် ဖြူးကတ္တီပါကွပ်ပေါ်တွင် အလောင်းတော်တင်သည်။
မသာတော်ချမည့်လမ်းတလျှောက်ဖြစ်သော ချာချီလမ်း(ကိုယ့်မင်းကိုယ်ချင်းလမ်း) ထိုမှကန်တော်ကြီးအနောက်ဘက်၊ ထိုမှဦးထောင်ဗိုလ် လမ်း၊ ထိုမှဘုရင်မပန်းခြံ(နောင်တွင်ကန်တိုမင်ပန်းခြံ၊ ဦးဥတ္တမပန်းခြံဟုခေါ်ပြီး ယခုကန်တော်မင်္ဂလာပန်းခြံ)၌ သင်္ချိုင်းတော်သို့ပို့ရန်ဖြစ် သည်။ လမ်းတလျှောက်တွင်ဓါတ်ရထားနှင့်လန်ချားတို့ကိုလမ်းပိတ်ထားလိုက်သည်။
မသာတော်ကိုနေ့လည်၁နာရီစံအိမ်တော်မှထုတ်သည်။ လူထုပရိသတ်များက ၁၁နာရီလောက်ကတည်းက လမ်းမများပေါ်တွင်ရောက်နေ ကြသည်။ မသာတော်ထွက်သည့်အခါတွင် သေနတ်အချက်၃ဝပစ်ဖောက်၍အလေးပြုသည်။
မသာတော်ရှေ့နောက်အစီအစဉ်မှာ
(၁) ရှေ့ဆုံးမှမြင်းစီးပုလိပ်များ၊
(၂) မိဘုရားခေါင်ကြီး၏သက်စေ့ဘုန်းကြီးများအတွက် လှူဒါန်းရန်ဝထ္ထု ပစ္စည်းတင်လှည်း၆၆စီး၊
(၃) စည်တော်၊
(၄) ရွှေချသည့်အရိုးအိုးကိုင်၊
(၅) ရွှေသိုင်း ငွေသိုင်း၊
(၆) ရွှေကျိုင်း ငွေကျိုင်း၊
(၇) ရွှေယပ်မား ငွေ ယပ်မား၊
(၈) ရွှေခက်ရင်း ငွေခက်ရင်း၊
(၉) ရွှေပခြုပ် ငွေပခြုပ်၊
(၁၀) ရွှေတကောင်း ငွေတကောင်း၊
(၁၁) ရွှေမြူတာ ငွေမြူတာ၊
(၁၂) ရွှေချပြီး ထင်းတစ်ချောင်းစီတင် ရွှေကလပ်၂ခု၊
(၁၃) တလား၊
(၁၄) ရွှေညောင်စောင်း၊
(၁၅) ညောင်စောင်းခံ၊
(၁၆) ငှက်ချေးခံဗိမာန်မျက်နှာကြက်၊
(၁၇) သန်လျင်း (တညင်း)အုပ်၊ မသာတော်တို့ဖြစ်သည်။
မသာတော်တို့ စန္တားယကြိုးများနှင့်သမီးတော်နှစ်ပါးဦးဆောင်ကာ ဆွေတော်မျိုးတော်အရင်းအချာတို့က ဆွဲယူရသည်။ သမီးတော်များက အလောင်းတော်နှင့်အနီးဆုံးနေရာတွင်နေရာယူကြသည်။ သမီးတော်တို့သည်ဘေးမှရွှေထီးမိုးပြီးလိုက်ကြသည်။ အလောင်းတော်ကိုမူထီး ဖြူ၈လက်မိုးထားသည်။ အလောင်းတော်ကို ဆွေတော်မျိုးတော် ၁၆ယောက်တို့ကထမ်းချရသည်။ ၎င်းတို့ဘေးမှရာဇ၀တ်ဝန်ကလေးဦးဘ ရီနှင့် ဦးအုန်းခိုင်တို့ကပုလိပ်၂၅ယောက်နှင့်အတူလိုက်ပါရသည်။
ဆွေတော်မျိုးတော်များနှင့် အဆောင်ကိုင်အားလုံး ပိတ်ဖြူတစ်ကိုယ်လုံးဝတ်ဆင်ပြီးလိုက်ကြရသည်။ အလောင်းတော်၏နောက် အိမ်တော် အစေပါးများက မိဘုရားခေါင်ကြီး၏ပစ္စည်းများကိုကိုင်ဆောင်၍လိုက်ကြသည်။ ထို့နောက်မှ မသာတော်ကော်မတီဝင်များ၊ ထို့နောက်မသာ တော်ပိုဆောင်သူများ၊ ထို့နောက်မှတီးမှုတ်သူများလိုက်ပါကြသည်။
ဘုရင်မပန်းခြံကိုရောက်သည့်အခါတွင် စောင့်ဆိုင်းနေကြသည့်မြန်မာပြည်ဘုရင်ခံဆာဟာကုတ်ဘတ္တလာနှင့်အခြွေအရံများ ညောင်ရွှေ စော်ဘွားကြီးဆားစောမောင်၊ ၀က်မစွတ်ဝန်ထောက်၊ ပွဲစားကြီးဦးဖိုးသာ စသူတို့ကဆီးကြိုကြသည်။ ပန်းခြံသို့ရောက်သည့်အခါတွင် အိန္ဒိ ယစစ်တပ်ကအမြောက်ပစ်ဖောက်ရန် အလေးပြုသည်။ ရုပ်ကလာပ်ကိုလောင်တိုက်သုံးပတ်ရစ်ပတ်ပြီး သံဃာအပါး၉ဝ နှင့် သရဏဂုံတင် သည်။
ရုပ်ကလာပ်ကိုသရဏဂုံတင်ပြီးနောက်တွင် ရုပ်ကလာပ်ကိုမီးသဂြိုဟ်ဟန်ပြုပြီး အုတ်ဂူအတွင်းသို့သွတ်သွင်းလိုက်သည်။ ဝက်မစွတ်ဝန် ထောက်မင်းနှင့်မသာတော်ကော်မတီက ယင်းမှာအန္တိမဈာပနမဟုတ်၊ နောက်ဆုံးသဂြိုဟ်ခြင်းမဟုတ်ကြောင်း၊ တဒင်္ဂသဘော၊ ယာယီသ ဘောသာဖြစ်ကြောင်းဖြင့်ထုတ်ဖော်ပြောဆိုကြသည်။ ဒီးဒုတ်ဂျာနယ်ကမူ ထိုယာယီသည် ကမ္ဘာတည်မည့်ယာယီဟုလှောင်ပြောင် ဝေဖန် ရေးသားခဲ့သည်။
မင်းတုန်းမင်းတရားကြီးသည် မိဘုရားကြီးစကြာဒေ၀ီနတ်ပြည်စံစဉ်က မိဘုရားခေါင်ကြီးအလောင်းတော်ကို စကြာဝတေးမန္ဓတ်မင်းတို့၏ မိ ဘုရားခေါင်ကြီးအလောင်းတော်ကို သဂြိုဟ်သည့်နည်းဖြင့် ခမ်းနားကြီးကျယ်စွာသဂြိုဟ်ခဲ့သည်။
သီပေါမင်း၏မိဘုရားခေါင်ကြီးစုဘုရားလတ်မှာမူ ကံကုန်စဉ်ကမောင်တော်ဘုရားလည်းမရှိတော့ပါ။ စုဘုရားလတ်၏ဈာပနသည် သရဖူ ဆောင်းဘုရင်တစ်ပါး၏ မဟေသီတစ်ပါး၏ဈာပနမဟုတ်တော်မူ၍ နန်းကျမဟေသီတစ်ပါး၏ မုဆိုးမဈာပနတစ်ခုသာဖြစ်ပေသည်။ ထို့ ကြောင့်ဆရာကြီးသခင်ကိုယ်တောင်မှိုင်းက အသျှင်နန်းမတော်မိဖုရားခေါင်ကြီး နတ်ထီးကြဌန်းစံမြန်းတော်မူစဉ်က သံဝေဂလေးချိုးကြီးကို ရေးဖွဲ့၍ ပူဇော်ကန်တော့ခဲ့လေသည်။ ဆရာကြီးဖွဲ့ဆိုခဲ့သောလေးချိုးကြီးမှာအောက်ပါအတိုင်းဖြစ်သည်-
အသျှင်နန်းမတော်မိဖုရားခေါင်ကြီး နတ်ထီးကြဌန်းစံမြန်းတော်မူကြောင်းဖွဲ့ဆိုသောလေးချိုးကြီး
မန်းပလ္လင်ခေတ် သာတဲ့သမိုင်းတွင်မှ
ကမ္ဓဋ္ဌာန်းဝင် ဖြစ်စရာအတိုင်းပေပေါ့ဘန်း
ယဉ်ယဉ်ချစ်စရာ ကသိုဏ်းတွေနှင့်၊ မစ္စတာမှိုင်းရယ်လို့
တဂိုဏ်းတည်ကာဖန်၊ (အိုကွယ်)
အသစ်မြန်မာဆိုင်းမဟဲ့လို့၊ မြစ်အညာစစ်ကိုင်းရယ်နှင့်၊တလိုင်းပြည်မှာစံ။ ။
(သြော်) ဗဟန်းကြွပြန်တော့၊ ဆွမ်းအမ၊ ကွမ်းအမကြီးပေါ့၊
စန်းလရ၀ိတဆောင်နေခြည်ပမာသို့
နန်းမမိဘုရားခေါင်ဒေ၀ီ ရတနာမဖြင့်
ရွှေပြည်မြန်မာမျှို့ဟိတ်အားပေးပေပေါ့၊ ကေသီမာလာထပ်ထားပေလို့၊
စိတ်များမှာသစ္စာအစဉ်ကြောင့်၊ အမရာပလ္လင်ဦးကင်အောင်ဆီသို့၊
ဆရာအရှင် အဖူးအမြင်ရောက်စဉ်က
အရာရာတွင်ဦးထိပ်တင်လို့လျှောက်ပြန်သနဲ့
အနောက်ပြည်မဒရပ်ကြငှန်းတွင်မှ၊ ဓာတ်နန်းစံတော်မူတော့၊
ကံချော်သူငါတို့မောင်နှမ နှစ်ပါးမှာဖြင့်၊ (သြော်)တမှောင့်တမီး-မဖြောင့်နည်းမှာတော့၊
အတောင့်မကြီးအသီးမမာ
သမီးရတနာများရယ်နှင့်
အချုပ်ကျသဟာကို ဒုက္ခဗျာပါပွားပုံနှင့်၊
ကုလားပြည်အ၀င်နယ်မဖြင့်၊ အပြင်ကျယ်ပင်လယ်ကွန်းပေပေါ့၊
သူ့ကျွန်းရတာနာဂီရိတွင်မှ ကြမ္မာလှည့်ရာ
တဖန်စံရတော့၊ ဓမ္မက္ခန်ပဟိုရ်ရွှေစည်ဆော်ခဲ့တဲ့
နေပြည်တော်ဒေါင်းအလံအောက်တွင်မှ
ကျောင်းကန်တွေကို
ဘောင်းလန်အောင်မှမဆော့ခဲ့ရလေဘူးလို့၊ တောက်ခေါက်ကာတခါတခါညဉ်းရာက
ရာထီးပိုင်ပူရှာချင်တော့
မနူဟာဘုရင်ပုဂံရောက်ပုံနှင့် စံထောက်ကာရှု
ဘရားငယ်လို့
စုဖုရားတင်သဟာနှင့် သင်္ခါရကမ္ဘာကြီးတွင်မှ
ဗျာမီး
ဆည်တော်မူ၍
ပြည်တော်သူရဟန်းရှင် လူအပေါင်းကိုဖြင့်
ဆုတောင်းကာပတ္ထနာခြွေတဲ့ပြင်
မာပါစေ မေတ္တာပို့ရာက
ရွှေမြို့တော်တောင်သမန်းဆီသို့
ရောင်ရမ်းကာ တခါတခါဖြစ်တော့
မဟာဝင်ဗြဟ္ဓာက စခဲ့တဲ့
မြန်မာများအခါအကြောင်း မတော်သမို့
ရှုံးရသော်လဲ့၊ သာသနာဒါယကာ
အလောင်းတော်တို့ ထုံးရယ်နှင့်
ကျင့်သုံးစာဂီမကြာမီ ပြည့်အောင်ပ၊
အမြင့်ဆုံး ၀ါသနာအတည်
ပါရမီဖြည့်ရာက ရတနာဂီရိတခွင်
တောင်တော်အမြင့်ကုန်းတွင်မှ
မြန်မာပြည်အရှင် မောင်တော်ဖြင့်ဆုံးခဲ့ပေါ့လို့၊
နှလုံးတော်အဖြေခက်ရှာသထင့်၊
ရွှေမျက်ရည် တလယ်လယ်နှင့် အရွယ်မနော်
မျိုးချစ် ဒယာမတို့လွမ်းလောက်ပါရဲ့၊
တဆယ်ကျော်ကိုးနှစ်က
စွန်းပုံနှင့်၊ ညွှန်းပိမ့်သာပြန်တယ်နော်ကွယ်၊
လွမ်းတစိမ့်စိမ့်၊
သွန်းမနိမ့်ရယ်က၊ (သြော်)ခွန်းမိန့်ဗျာသံ။
အလောင်းတော်ရုပ်ကလာပ်အကြွင်းကိုဖြင့်၊
မကောင်းတကောင်းနော် အုတ်ပြာသာဒ်သွင်းခဲ့ရ၊
အရှုပ်ဇာတ်ရှင်းမယ်လို့ ညာမိရည်ရော်ကြီး၊
သာကိအတည်နော် စံစရာအခွင့် မသင့်မရာထား၊
(သြော်) ဇာတိ ပြည်တော်ပြန်မှာဖြင့်
မပင့်သာတကား။
မြန်းလို့ချီလာ၊ နန်းမြို့တည်ရာသို့၊
မမှီသာကံမစပ်ပုံက
ဆံဓာတ်တော်ကေသီလှူတဲ့၊
ရေကြည်ယမုံ သောင်ငွေကမ်းရယ်နှင့်
ရွှေပြည်ဒဂုံတောင်ခြေ စခန်းတွင်မှ၊
အောင်မြေဗဟန်းမှာ တသိမ်ညှိုးစေဘို့၊
အိမ်ဆိုးငယ်ငယ် အပေါ်မဖွယ်သနော်
စံရတဲ့အပြင်၊
ဘယ်သော်ကံဘယ်ဝဋ်ကြွေးလေသိ၊
ပေးဆက်သဟာ အသပြာ
မလောက်မငကလေးရယ်နှင့်
အေးကွက်မသာ အရာရာအောက်ကျနောက်ကျ
တွေးတွေးပြီး၊
နောင်ဘ၀အရေး မှန်းမျှော်ညွှတ်ပါလို့၊
ဆွမ်းတော်ဝယ်
မလှမပလောင်းရတော့၊ အစစအကြောင်း
သံဝေဂယူလို့မို့၊
ဟံပြေသူစောရှင်ပုတို့ကို၊
စံမြေအတူဇော်ဘဝင်ရှုပါလို့၊
ရတနာဒဂုံကို အာရုံပြုတော့သတဲ့၊
မဒုသီဟာပလ္လင် ညီလာခွင်မှာကြားရတော့
မအေ့ပမာကို
ရသေ့ဆရာကလည်း သနားတာနှင့်၊
အများသော တပည့်ရင်း ဒါယကာ
သတင်းစာအသင်းတွေရဲ့ပြင်၊
အင်္ဂလိပ်သခင် သခင်အခါမှာ တမင်္ဂလာပေါ့၊
အင်ပါယာစတိုင်လ်သစ်ကယ်နှင့်၊ ဒိုင်ခေတ်မှာ
သမ္ဘာကြည်လို့၊ ဘာမထီအများဘောင်မှာ
ကြွားနေကျ၊
အာဇာနည်ငါးထောင်စားတွေနှင့်၊
အားရှိအောင် မဆောင်စွမ်းနိုင်တော့၊
တောင်နန်းဘမရာကို
အောင်ပန်းမာလာ ဆက်ချင်သနှင့်၊
အထက်မြန်မာရပ်တွင်မှ
ဆွာရတ် ဒေသနာကဖြင့်၊ ပြေရွာကိုလှည့်ကာ
ဟောမယ်လို့
ဘေဒါကေသာ မိကလျာအချောတို့နှင့်
တပည့်တကာပေါသဟာ
တောအညာတက်ခဲ့တော့၊ အသက်တရန်ရွယ်တဲ့၊
အန္တရာယ်ရောဂါအတွက်ကယ်နှင့်
အစောခမျာမှာ
မောရှာမဲ့အချက်တွင်မှ၊
ပြောကာဟောကာသြသဓာမှ
မဆက်ရတဲ့ပြင်၊ (သြော်) အထက်ကြွခဲ့မိလို့၊
မဆက်မရမူ၍၊ အဂ္ဂမဟေသီကို၊
အသက်ကမှကဝေမမှီလိုက်စေဘို့၊
အခိုက်အခါမဟုတ်ပြီလို့၊
ဒုက္ခတော်ဝဋ်ဇာတ်သိမ်းကာပ၊
လွတ်လပ်ငြိမ်းဝယ် ဘယ်ဝယ်မျှော်၍၊
တကယ်သော်
မယ်တော်ဖြင့် မြန်းရော့မယ်လို့၊
တောင်ညာရှောင်ခွာလို့၊
အလွမ်းတွင်မှ၊ နတ်ပြည်မှာ
ဓာတ်စည်ဖြင့်ရွမ်းပေလိမ့်၊
ဘယ်ဆီရွယ်ရည်လို့ မှန်းရပါ့၊
(အမယ်မင်း) မန်းနာဂရဆီက
ဗန်းများစေတီအလားပေးပေါ့
(သြော်) ကမ္မဋ္ဌာန်းပြခဲ့တဲ့ ဗဟန်းကနန်းမဒေ၀ီ
သနားသနားပြီ။
(အိုဆွမ်းအမကြီးရဲ့) တနွမ်နွမ်းတလျလျရယ်နှင့်
(သြော်)တမှန်းမှန်း တတပြီး၊ လွမ်းရချေပြီဘုရား။ ။
သို့ရာတွင်မိဘုရားခေါင်ကြီးစုဘုရားလတ်ဈာပနသည် ပြည်သူတို့ကချဆောင်သော ပြည်သူ့ဈာပနတစ်ခုသာဖြစ်သည်။ မြန်မာတို့၏နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေးစိတ်ဓါတ်နှင့် ဇာတိမာန်စိတ်ဓါတ်တို့ကို စောစီးစွာပြသခဲ့သော သင်္ကေတတစ်ခုလည်းဖြစ်ပါသည် ဟူ၍ရေး သားဖော်ပြထားသည်။
သီပေါမင်းတရား၏မိဘုရားများ
သီပေါမင်းတရား၏ မိဘုရားခေါင်မှာ သုသီရိပဘာရတနာဒေ၀ီဘွဲ့ခံ စုဘုရားလတ်ဖြစ်သည်။ စုဘုရားလတ်ကိုမင်းတုန်းမင်းတရားနှင့် အလယ် နန်းဆင်ဖြူမရှင်မိဘုရားတို့မှ ၁၈၅၉ခု ဒီဇင်ဘာလ၁၃ရက်နေ့တွင် ဖွားမြင့်ခဲ့သည်။ စုဘုရားလတ်သည် သီပေါမင်းနန်းတက်စ အသက်၁၉နှစ် အရွယ်တွင်မိဘုရားခေါင်ဖြစ်လာသည်။ ပါတော်မူစဉ်သီပေါမင်းနှင့်အတူ အိန္ဒိယနိုင်ငံရတနာဂီရိသို့လိုက်ပါခဲ့ရပြီး သီပေါမင်းနတ်ရွာစံပြီး နောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိနေထိုင်ခဲ့သည်။ ၁၉၂၅ခု နိုဝင်ဘာလ ၂၄ရက်နေ့တွင် ရန်ကုန်မြို့၌ နတ်ရွာစံခဲ့သည်။
သီပေါမင်း၏အခြားထင်ရှားသောမိဘုရားနှစ်ပါးမှာစုဘုရားလတ်၏အစ်မရင်းမိုင်းနောင်စုဘုရားကြီးနှင့် ညီမရင်းရမည်းသင်းစုဘုရား ကလေးတို့ ဖြစ်ကြသည်။ မိုင်းနောင်စုဘုရားကြီးကို ၁၈၅၄ခု၊ ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ၁၈၇၈ခု နိုဝင်ဘာလ ၁၈ရက်နေ့တွင် သီပေါမင်းတရားသည် မိုင်းနောင်မြို့စားသုသီရီရတနာမင်္ဂလာဒေ၀ီဘွဲ့ခံ စုဘုရားကြီးနှင့် လက်ထပ်ထိမ်းမြားစဉ် ညီမတော်စုဘုရားလတ်က စုဘုရားကြီးအနီးတွင် ရဲဝံ့စွာဝင်ထိုင်ကာ မိဘုရားခေါင်အရာကိုရယူခဲ့သည်။
သို့ဖြင့်သီပေါမင်းသည် မိုင်းနောင်စုဘုရားကြီးနှင့်လက်ဆက်ခဲ့သော်လည်း မြတောင်မိဘုရားခေါ် စုဘုရားလတ်ကသာလျှင် တရားဝင်မိဘုရား ဖြစ်လာသည်။ မိုင်းနောင်စုဘုရားကြီးသည် သီပေါမင်းပါတော်မူပြီးနောက် မယ်တော်ဆင်ဖြူမရှင်နှင့်အတူ ထားဝယ်မြို့သို့လိုက်ပါခဲ့ရပြီးမကြာမီပင်သီလရှင်ဝတ်သွားသည်။ ၁၉၁၂ခု၊ ဖေဖော်ဝါရီလ၂၆ရက်နေ့တွင် မင်းကွန်း၌မိုင်းနောင်စုဘုရားကြီး သီလရှင်ဝတ်ဖြင့်ပင် ကံကုန်ခဲ့ လေသည်။
ရမည်းသင်းစုဘုရားကလေးကို၁၈၆၂ခုနှစ်တွင်မန္တလေးမြို့၌ဖွားမြင်ခဲ့သည်။သီပေါမင်းပါတော်မူခါနီး၌ ရမည်းသင်းစုဘုရားနှင့်လက်ဆက်ခဲ့ သည်။ ရမည်းသင်းစုဘုရားကလေးမှာ အိန္ဒိယနိုင်ငံရတာဂီရိမြို့၌ ၁၉၁၂ ခု ဇန်န၀ါရီလ၁၂ရက်နေ့တွင် နတ်ရွာစံခဲ့သည်။ သီပေါမင်းနှင့်ပတ် သက်ခဲ့ဖူးသူ အခြားမိဘုရားငယ်တစ်ပါးမှာ ဒိုင်းခင်ခင်ဖြစ်သည်။ ဒိုင်းခင်ခင်သည်ခန်းပတ်ဝန်ကြီးဦးရွှေမောင်၏မြေး၊ ဒိုင်းအတွင်းဝန်ပုဂံမြို့စားကြီး မဟာမင်းခေါင်နန္ဒကျော်ထင်ဦးဘိုးကြီး၏သမီးဖြစ်သည်။ (ဒိုင်းဝန်ကတော်ကြီး၏မောင်မှမွေးသော တူမကိုသမီးအဖြစ်မွေးစားထားသည်ဟူ၍လည်းအဆိုရှိသည်။)သို့သော်မိဘုရားကြီးစုဘုရားလတ်၏သြဇာအာဏာကိုမလွန် ဆန်နိုင်မှု ကြောင့်၁၈၈၂ ခုနှစ်ခန့်တွင် ဒိုင်းခင်ခင်စီရင်လုပ်ကြံခံခဲ့ရသည်။ လုပ်ကြံခံရစဉ်ကအသက်၁၈နှစ်သာရှိသေးသည်။
သီပေါမင်းတရားကြီးနှင့်မိဘုရားကြီးတို့၌ သားတော်သမီးတော် ခုနှစ်ပါးထွန်းကားရာ သားတော်ကြီးတစ်ပါးနှင့်သမီးတော်နှစ်ပါးငယ်က လွန် သဖြင့် သမီးတော်လေးပါးသာကျန်ရစ်သည်။ သမီးတော်လေးပါးမှာအောက်ပါအတိုင်းဖြစ်သည်။
(၁) ထိပ်စုမြတ်ဘုရားကြီး
ထိပ်စုမြတ်ဘုရားကြီးခေါ် ပထမသမီးတော်ကို ခရစ်နှစ်၁၈၈၂ခု အောက်တိုဘာလ၂၇ရက်နေ့တွင် မန္တလေးရတာပုံနေပြည်တော်၌ ဖွားမြင် ခဲ့သည်။ ပါတော်မူစဉ်က ၄နှစ်အရွယ်မျှသာရှိသေးပြီး ရတနာဂီရိ၌ အိန္ဒိယနိုင်ငံသားဂိုပယ်ဘာဥရောင်စာဝပ် (Gopal Bahuroa Sawant) စုံဖက်ကာ သမီးတော်တုတုကိုဖွားမြင်ခဲ့သည်။ ထိပ်စုမြတ်ဘုရားကြီးသည် ၁၉၄၇ခု ဇွန်လ ၃ရက်နေ့တွင် ရတနာဂီရိ၌ကံကုန်ခဲ့သည်။ သမီး တော်တုတုသည် အိန္ဒိယနိုင်ငံသားရှန်ကာပိုဝါ(Shankar Powar) နှင့်အိမ်ထောင်ကျခဲ့သည်။
(၂) ထိပ်စုမြတ်ဘုရားလတ်
ထိပ်စုမြတ်ဘုရားလတ်ခေါ် ဒုတိယသမီးတော်၁၈၈၃ ခု အောက်တိုဘာလ၄ရက်နေ့တွင် မန္တလေးရတာနာပုံ၌ ဖွားမြင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၌ နေထိုင်စဉ်အတွင်း ၁၉၁၆ခု အောက်တိုဘာလ၁၁ရက်နေ့တွင် သီပေါမင်းတရား၏အမှုထမ်းတစ်ဦးဖြစ်သူ ဦးခင်မောင်လတ်(လတ်သခင်) နှင့်ခိုးရာလိုက်ပြေးခဲ့သည်။ ခင်မောင်လတ်(လတ်သခင်)၏ဖခင်မှာ မန္တလေးရတနာပုံခေတ် မြန်မာအမြောက်တပ်မှူးဖြစ်ပြီး တိုင်းတာမင်း ကြီးဦးဖိုး၏မြစ်တော်စပ်သူဖြစ်သည်။ ဒုတိယသမီးတော်နှင့် ခင်မောင်လတ်ဆိုသူဖြစ်သည်။ ဒုတိယသမီးတော်နှင့်ခင်မောင်လတ်တို့သည် ၁၉၁၇ခု ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် တရားဝင်လက်ထပ်ခဲ့ကြသည်။ သားသမီးမထွန်းကားခဲ့ချေ။လတ်သခင်နှင့်ဒုတိယသမီးတော်ဇနီးမောင်နှံသည်ကလင်ပုံမြို့၌နို့စားနွားမများမွေးမြူအသက်မွေးဝမ်းကျောင်း ပြုနေထိုင်ခဲ့ကြသည်။ ထို့နောက်ဒုတိယသမီးတော် ထိပ်မြတ်စု ဘုရားလတ်သည် အိန္ဒိယနိုင်ငံကလင်ပုံမြို့တွင် ၁၉၅၆ခု ဧပြီလ၄ရက်နေ့တွင်ကံကုန်ခဲ့သည်။
(၃) ထိပ်စုမြတ်ဘုရား
တတိယသမီးတော်ခေါ် ထိပ်စုမြတ်ဘုရားသည် အိန္ဒိယနိုင်ငံတွင်ဖွားမြင်ခဲ့သည်။ ခမည်းတော်သီပေါမင်းတရားကြီးနတ်ရွာစံပြီးနောက် မယ်တော်မိဘုရားခေါင်ကြီးစုဘုရားလတ်၁၉၁၉ခုတွင်ရန်ကုန်သို့ပြန်လာစဉ်မယ်တော်နှင့်အတူ၁၉၂၂ခုနှစ်တွင် ကနောင်မင်းသား၏ မြေးဖြစ်ပြီးကနောင်မင်းသားကြီး၏သမီးတော်ထိပ်တင်ခေါင်အေးနှင့် မောင်မောင်ဘ(၀န်းသိုစော်ဘွားကြီး၏တူတော်)တို့၏သားဖြစ်သူ တို့ဗမာအစည်းအရုံးဥက္ကဋ္ဌထိပ်တင်ကိုယ်တော်ကြီးနှင့်လက်ဆက်ခဲ့သည်။ သို့သော်နိုင်ငံရေးပယောဂနှင့်စိတ်သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် ၁၉၂၈ ခုနှစ်တွင်ကွာရှင်းပြတ်စဲကာ ရခိုင်အမျိုးသားဝတ်လုံဦးမြဦးနှင့်ထပ်မံလက်ဆက်ခဲ့သည်။ ဒုတိယခင်ပွန်းသည် လူပျိုလူလွတ်မဟုတ်ပေ။ ဟင်္သာတသူဒေါ်စောမူနှင့်ပထမအိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ကွဲခဲ့သောတစ်ခုလပ်ဖြစ်သည်။ ဦးမြဦးသည်ဂျပန်ခေတ်၁၉၄၃ခု၊ဇူလိုင်လစစ်ကိုင်းမှန်ကျောင်းတွင်ကွယ်လွန်သွားသည်။ ပထမအိမ်ထောင်နှင့်သမီးတော်ထိပ်စုဘုရားကြီး ကိုထွန်းကားခဲ့သည်။ ထို့နောက် ၁၉၆၂ခု ဇူလိုင်လ၂၁ရက်နေ့တွင် မေမြို့(ပြင်ဦးလွင်)၌ ကင်ဆာရောဂါဖြင့်ကံကုန်ခဲ့သည်။
(၄) ထိပ်စုမြတ်ဘုရားကလေး
စတုတ္ထသမီးတော်ခေါ်ထိပ်စုမြတ်ဘုရားကလေးကို အိန္ဒိယနိုင်ငံရတနာဂီရိ၌ ၁၈၈၇ ခု မတ်လ၂၅ရက်နေ့တွင်ဖွားမြင်ခဲ့သည်။ သမီးတော် လေးပါးအနက် အထွေးဆုံးဖြစ်သည်သာမက အထက်မြက်ဆုံးလည်းဖြစ်သည်။
ထီးကျိုးစည်းပေါက်သူ့ကျွန်ဘ၀ရောက်ကာ ၁၈၈၅ ခု နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပါတော်မူစဉ်က စတုတ္ထသမီးတော်ကို မဖွားမြင်ရသေး ပေ။ ပါတော်မူအရှင်နှစ်ပါးနှင့် ရံရွှေတော်များအားရတနာဂီရိသို့မပို့မီ မဒရပ်မြို့တွင်ခဏနေစေခဲ့သည်။ မဒရပ်မြို့တွင်လေးလမျှနေပြီး အက်စ်အက်စ်ကလိုက်သင်္ဘောအမည်ဖြင့် ဘုံဘေမြို့တော်ဘက်မိုင်၁၂၀ခန့်ဝေးကွာသော ပင်လယ်ထဲရှိရတနာဂီရိကျွန်းသို့ပို့လိုက်သည်။ ရတနာဂီရိသို့ရောက်ပြီးတစ်နှစ်အကြာတွင် အရှင်ထိပ်စုမြတ်ဘုရားကလေးအမည်ခံ စတုတ္ထသမီးတော်ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ ရတနာဂီရိ တွင်ကြီးပြင်းလာသောစတုတ္ထသမီးတော်အား စံအိမ်တော်တွင်ပင်ဂျီအမ်မက်ဒိုင်ယာမစ်အမည်ရှိအမျိုးသမီးက အိမ်တွင်းမှုသိပ္ပံပညာကို သင်ကြားပေးခဲ့သည်။ အင်္ဂလိပ်အမျိုးသမီးညီအစ်မနှစ်ဦးကလည်း စတုတ္ထသမီးတော်ကလေးနှင့်အတူ အဖော်အဖြစ်နေထိုင်ပေးခဲ့သည်။
သမီးတော် ၄ပါးအနက် အလိုက်အသိဆုံး၊ အကင်းအပါးဆုံး၊ အလိမ္မာဆုံး၊ ဥာဏ်ရည်အထက်ဆုံးမို့ ခမည်းတော်သီပေါမင်းတရားနှင့်မယ် တော်တို့၏ သမီးချစ်တစ်ဦးဖြစ်ခဲ့သည်။ အိမ်တော်ဝေယျာဝစ္စကို သူကပင်သော့ကိုင်အဖြစ် ထိန်းသိမ်းကွပ်ကဲရသည်။
ခမည်းတော်နတ်ရွာစံလွန်ပြီးနောက် မယ်တော်မိဘုရားခေါင်ကြီးနှင့်အတူ ရန်ကုန်မြို့သို့ပြန်လာပြီးနောက် ဗဟန်းမြို့နယ်အတွင်းရှိ ချာချီ လမ်း(ကိုယ့်မင်းကိုယ်ချင်းလမ်း) ခြံအမှတ်၂၃ ဘီတွင်နေထိုင်ခဲ့သည်။ ထို့နောက် ၁၉၂၂ခုနှစ်၌ ပိုမိုကျယ်ဝန်းသော အမှတ်၂၃ စံအိမ်တော် (ယခုကီးတော်ကျန်စားသောက်ဆိုင်ပိုင်ရှင် ဦးထင်လင်း၏နေအိမ်)သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် မယ်တော်ကိုယ်တိုင် ရွေးချယ်ပေးစားသော ပါဠိပါရဂူဘုန်းကြီးလူထွက် ကိုကိုနိုင်ဆိုသူနှင့်လက်ထပ်ခဲ့သည်။ ကိုကိုနိုင်သည်မကွေးမြို့နယ် ရှားပင်လှရွာဇာတိ သားဖြစ်သည်။
ငယ်စဉ်ကသာမဏေဘ၀မှ ရဟန်းဘောင်သို့သုံးဆယ်မြို့နေ ရဟန်းအစ်မဒေါ်စောဥ၏ ပစ္စယနုဂ္ဂဟဖြင့်ရောက်ရှိခဲ့သည်။ ထို့နောက်အိန္ဒိ ယသို့သွားရောက်၍ ပါဠိနှင့်သက္ကတဘာသာရပ်များဆည်းပူးခဲ့သည်။ အိန္ဒိယနိုင်ငံ၌ပညာသင်ယူစဉ်မှာပင် အရှင်နှစ်ပါးနှင့်အဆက်အသွယ် ရှိသည်။ ကိုကိုနိုင်နှင့်သားတော်လေးပါး၊ သမီးတော်နှစ်ပါးထွန်းကားခဲ့ရာ သားသမီးများမှာ တော်ဘုရားကြီး၊ ထိပ်စုဘုရားကြီး(စုစုခင်)၊ တော်ဘုရား၊ တော်ဘုရားငယ်၊ တော်ဘုရားကလေး(အောင်ဇေ)၊ ထိပ်စုဘုရားထွေးတို့ဖြစ်ကြသည်။
စတုတ္ထသမီးတော်မယ်တော်မိဘုရားခေါင်ကြီးစုဘုရားလတ် ၁၉၂၅ခု နိုဝင်ဘာလ ၂၄ ရက်နေ့တွင် နတ်ရွာစံပြီးနောက်မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မန္တလေးတွင်နေထိုင်စဉ်အတွင်း ပတ္တမြားငမောက်အပါအ၀င် နိုင်ငံပိုင်နန်းစဉ်ရတနာများနှင့် ခမည်းတော် မယ် တော်တို့၏ ကိုယ်ပိုင်နန်းစဉ်ရတနာများ၊ ရေနံတွင်းများ၊ မြေယာများကိုတိကျသည့်စာရင်းနှင့်တကွ အင်္ဂလိပ်အစိုးရထံမှပြန်တောင်းဆို သည့် သမိုင်းဝင် စတုတ္ထသမီးတော်၏အရေးတော်ပုံစာတမ်းကို ဘိလပ်ရှိဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရထံသို့ ၁၉၃၁ခု ဒီဇင် ဘာလ ၁၅ ရက်စွဲဖြင့်ပေးပို့ခြင်းဖြစ်သည်။ အဆိုပါစာတမ်းကိုအင်္ဂလိပ်အစိုးရတားဆီးထားသည့်ကြားကပင် နိုင်ငံပေါင်းချုပ်အသင်းအပါအ ၀င် အခြားနိုင်ငံများသို့ဖြန့်ချိခဲ့သည်။ ယင်းလုပ်ရပ်ကြောင့်စတုတ္ထသမီးတော်ကို သူပုန်မင်းသမီး(Rebel Prince) သတ်မှတ်ကာ အစိုးရက ထောက်ပံ့နေသည့် ပင်စင်လစာငွေများကိုပါရပ်ဆိုင်းထားလိုက်သည်။ ထို့နောက်မန္တလေးတွင်သူပုန်ထနိုင်သည်ဟုဆိုကာ အင်္ဂလိပ်အစိုးရ ကမော်လမြိုင်သို့ အကျယ်ချုပ်နှင့်၁၉၃၂ခု မေလတွင်ပို့လိုက်လေသည်။
မော်လမြိုင်မြို့တွင်စတုတ္ထသမီးတော်မိသားစုအား ဒေါင်းမင်းရပ်ကွက်ရှိ ကုလားသူဌေးမစ္စတာချောင်ဒရီ(နောင်ဝဏ္ဏကျော်ထင်ဦးစိန်ဝင်း) ပိုင်နေအိမ်တွင်ထားရှိသည်။
စတုတ္ထသမီးတော်သည် မော်လမြိုင်မြို့တွင်နေထိုင်ပြီး ၄ နှစ်အကြာ ၁၉၃၆ခု မတ်လ၃ရက်နေ့ညနေ၄နာရီခွဲအချိန်တွင် မော်လမြိုင်စံအိမ်၌ ပင်ကံကုန်ခဲ့သည်။
ကြွင်းကျန်သောရုပ်ကလာပ်ကိုမိသားစုက မန္တလေးနန်းတွင်းသို့ပို့ဆောင်သဂြိုဟ်ချင်သော်လည်း အစိုးရကခွင့်မပြုသဖြင့် ငါးလအကြာ ၁၉၃၆ခု သြဂုတ်လ ၂၃ ရက်နေ့တွင်မှ မော်လမြိုင်နာဂ၀ီသတောင်ပေါ် ကျိုက်သလ္လံစေတီတော်ကြီးနှင့် မဟာမြတ်မုနိဘုရားခြေတော်ရင်း ၌ အုတ်နန်းပြသာဒ်တော်သွင်း၍သဂြိုဟ်ထားသည်။
စတုတ္ထသမီးတော်၏ ဈာပနအုတ်နန်းပြသာဒ်တော်၌ ရေးထိုးထားသောကျောက်စာမှာ-
မြန်မာနိုင်ငံ အရှင်ဘ၀ရှင်သီပေါမင်းတြားကြီး၏ အသျှင်နန်းမတော်မိဘုရားခေါင်ကြီးမှ ၁၂၄၈ခု နှောင်းတန်ခူးလဆန်း၂ရက်နေ့၌ ဖွားမြင် သော စတုတ္ထသမီးတော်၊ ကိုကိုနိုင်၏ကြင်ယာတော် အသျှင်ထိပ်စုမြတ်ဘုရားကလေးသည် ၁၂၉၇ ခု တပေါင်းလဆန်း၁၂ရက်နေ့ သက် တော်၄၉နှစ်တွင် မော်လမြိုင်၌နတ်ရွာစံတော်မူ၍ ၁၂၉၈ ခု တော်သလ္ဆန်း ၈ ရက်နေ့ ဈာပနအုဋ်ဂူသွင်းထားတော်မူသည်။ (ကျောက်စာပါ သတ်ပုံအတိုင်းဖော်ပြထားခြင်းဖြစ်သည်။
ကုသိုလ်တော်များ
သီပေါမင်းတရားကြီး ကုသိုလ်တော်များကား မာရ်အောင်ရတနာစေတီတော်၊ မဟာစံလွှတ်ဝေယံကျောင်းတော်နှင့် အခြားဂူကျောင်းများ ဖြစ်သည်။
သီပေါမင်တရား၏ ပိဋကတ်တိုက်
သီပေါမင်းတရားသည် မိမိ၏ခမည်းတော်ဖြစ်သော ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးထံမှ ထီးမွေ နန်းမွေကိုသာမက၊ ပိဋကတ် တိုက်တော်ကြီတည်းဟူသော ဓမ္မစေတီပညာဘဏ်တိုက်အမွေတော်ကိုလည်းရလိုက်လေသည်။ ရတနာပုံနေပြည်တော်ရွှေနန်းတော်အ တွင်း ပိဋကတ်တိုက်တော်သည် မင်းတုန်းမင်းတရားကြီးနှင့် ၎င်း၏မိဘုရားခေါင်ကြီးဖြစ်သော ပိဋကတ်ကျမ်းတတ် စာတတ် ပေတတ် က ဗျာတတ်သည့် စကြာဒေ၀ီမိဘုရားကြီးတိ့ကိုယ်တိုင်က ပိဋကတ်တိုက်စိုးအား စုဆောင်းသိုမှီးထားရှိစေကာ နန်းမတော်ဦးယမ်ကို ကတ်တ လောက်စာပေစာရင်းလုပ်ခိုင်းခြင်းဖြင့် စနစ်တကျတည်ထောင်သိုမှီးထားခဲ့သော ပိဋကတ်တိုက်တော်ကြီးဖြစ်သည်။
ဆာဟင်နရီယူး(Sir Henry Yule)၏မှတ်တမ်းကြီးတွင်-
အင်္ဂလိပ်သံအဖွဲ့ကိုကြီးမှူးအုပ်ချုပ်၍ မိမိထံရောက်ရှိလာသော သံမှူးဆာအာသာဖဲရာ(Sir Arthur Phayre) အားမင်းတုန်းမင်းသည် အ မြတ်တနိုးအဖိုးတန်လက်ဆောင်အနေနှင့် မူမှန်မူသန့်ဖြစ်သော ပိဋိကတ်အစုံပေစာထုပ်များကို လက်ဆောင်ပေးသည့်အပြင်၊ မြန်မာရာဇ ၀င်နှင့်ငါးရာ့ငါးဆယ်ဇာတ်ဝထ္ထုများကိုလည်း လက်ဆောင်ပေးလိုက်ကြောင်းဖော်ပြထားသည်။
သက္ကရာဇတ် ၁၂၄၇ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက် (ခရစ် ၁၈၈၅ခု၊ နိုဝင်ဘာလ၂၉ရက်) တနင်္ဂနွေနေ့တွင် ရွှေနန်းရှင်သီပေါ မင်းတရားသည်အိန္ဒိယပြည်ရတနာဂီရိမြို့သို့ ရတနာပုံနေပြည်တော်မန္တလေးမြို့မှ ပါတော်မူသွားရာ ရွှေနန်းတော်တွင်နန်းတွင်း ပိဋကတ်တိုက် တော်မှ ပေစာထုပ်များကိုတစ်ထုပ်ပြီးတစ်ထုပ် ဆုတော်ငွေပေးရန်ရောင်းချနေသည်ကို မန္တလေး၌ရုံးစိုက်ရသော အင်္ဂလိပ်သံရုံးအရာရှိ ဂျိမ်းကိုလ်ဗက်(James Colbeck)က တားဆီးပေးရလေသည်။
မန္တလေးရွှေမြို့တော်ကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် ထိုစဉ်ကမန္တလေးမြို့၌ရုံးစိုက်ရသော အင်္ဂလိပ်သံအမတ်ဂျိမ်းကိုလ်ဗက်သည် မန္တ လေးရွှေနန်းတော် ပိဋိကတ်တိုက်ကို သိမ်းပိုက်စောင့်ရှောက်ခွင့်ကို ရထူးအားလျော်စွာ လက်ခံရရှိလိုက်သည့်အတိုင်း ထိုပဋိကတ်တိုက် တော်ကြီးကို မပျက်မစီးမပျောက်ရှရအောင် မိမိဆောင်ရွက်ပုံကို ခရစ်နှစ် ၁၈၈၆ခုနှစ်တွင် ယင်းအင်္ဂလိပ်သံအရာရှိရေးသားစာမှ အောက်ပါအတိုင်းသိရတော့၏။
`ယခုအခါ ကျွန်တော်သည်ရွှေနန်းတော်အတွင်းရှိ မြန်မာဘုရင်၏ပိဋကတ်တိုက်ကိုစိုးမိုးအုပ်ချုပ်လျက်ရှိပါပြီ။ ဤရာထူးကိုလက်ခံပြီးလျှင် ပြီးခြင်း စာထုပ်စာရင်းကိုလက်ငင်းပြုလုပ်ပါသည်။ ပိဋကတ်တိုက်ကြီး ပျက်စီးပြိုကွဲပျောက်ရှခြင်းတည်းဟူသော ဘေးရန်မှကာကွယ်လိုက် ခွင့်ရပြီးရပြီးဖြစ်ချေသည်။ ဤရာထူးကိုကျွန်တော်လက်မခံမီက ရွှေနန်းတော်တွင်းပိဋကတ်တိုက်တော်ရှိ ပေစာထုတ်များကိုတစ်ခုပြီးလျှင် တခုရောင်းချနေကြပါသည်။ ရောင်းရသောငွေကို ဆုတော်ငွေအနေနှင့်ချီးမြှင့်ပေးကမ်းဖို့ဖြစ်ချေသည်။ ဤကဲ့သို့ပေစာထုပ်များကို ခွဲထုတ် ရောင်းချခြင်းကိုမပြုဘဲ အင်္ဂလန်ပြည်ရှိကျွန်တော်တို့၏တက္ကသိုလ်များအား လက်ဆောင်ကောင်းအနေနှင့် သိမ်းဆည်းပေးပို့လိုက်ပါမူ လူ သာဓုခေါ် နတ်သာဓုခေါ်မည့် မင်္ဂလာကောင်းမှုဖြစ်ပါလိမ့်မည်ဟု စစ်သေနာပတိချုပ်ဗိုလ်ချုပ်ကြီးပရင်ဒါဂတ်ထံအစီရင်ခံရာ ကျွန်တော်၏ အလိုဆန္ဒကိုလိုက်လျောသောအားဖြင့် ဗိုလ်ချုပ်ကြီးကချက်ချင်းပင်သဘောတူလိုက်လေသည်။ လန်ဒန်မြို့ရှိအိန္ဒိယအုပ်ချုပ်ရေးအတွင်း ၀န်ရုံးပိဋကတ်တိုက်က ရွှေနန်းတော်ပိဋကတ်တိုက်ပေစာထုပ်များကို မြန်မာနိုင်ငံမှပို့ပေးလျှင်လက်ခံသိမ်းယူမည် မယူမည်ကိုကား ယခုအ ထိမသေချာသေးပါ……။
ဤသို့လျှင်မန္တလေးမြို့နေ အင်္ဂလိပ်သံအရာရှိက အစီရင်ခံထားခဲ့ချေသည်။
မြန်မာများနောက်ဆုံးဘုရင်မင်းမြတ်ကို နန်းချခေါ်ဆောင်သွားပြီးသောအခါ အချို့သောအင်္ဂလိပ်အာဏာပိုင်များက စစ်ရှုံးနိုင်ငံကပိုင်ဆိုင် သောပစ္စည်းမှန်သမျှကို ရန်သူပိုင်ပစ္စည်းဟုသဘောထားကာ အားလုံးတခုမကျန်သိမ်းဆည်းယူငင်လိုက်ခြင်းကို မလိုလားမနှစ်သက်ကြ ငြားသော်လည်း ရတနာပုံနေပြည်တော်ကို သိမ်းယူရရှိခြင်းကြောင့် အင်္ဂလိပ်များ၏လက်သို့ ရွှေနန်းတွင်းပိဋကတ်တိုက်တော်ကြီးရောက်ရှိ သွားရာဝယ် မန္တလေးမြို့၌ရုံးစိုက်သော အင်္ဂလိပ်သံအရာရှိကစာရင်းလုပ်၍အပြီးတွင် သုံးစုခွဲလိုက်ပြီးသောပေစာထုပ်ပုံနှိပ်စာအုပ်စုတစ်စု ကို ရန်ကုန်မြို့ရှိဘားနဒ်ပိဋကတ်တိုက်၌ထားစေ၏။ အချို့သောပေစာထုပ်နှင့်စာအုပ်များကို ယိုးဒယားဘုရင်ထံလက်ဆောင်အနေနှင့်ပို့ စေ၏။ တတိယတစ်စုကို လန်ဒန်မြို့ရှိ(The India Office Library)ဟုခေါ်သော အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန်ရုံးရှိ ပိဋကတ်တိုက်သို့ပို့ စေလိုက်လေသည်။
ခရစ်နှစ် ၁၈၉၆ ခုနှစ်တွင် ဂျာမန်ပါမောက္ခဖော့စ်ဗော(Professor V. Fawsboll)သည် အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်ရုံးရှိပိဋကတ်တိုက်၌ ပိဋကတ်တိုက်စိုးရာထူးကိုရရှိလေရာ စာအုပ်စာရင်းကတ်တလောက်ကိုပြုစုရေးသားလေသည်။ ပါမောက္ခဖော့စ်ဗောသည် ပါဠိဇာတ်အဌ ကထာကို ရောမအက္ခရာဖြင့်ပြန်ဆိုရေးသားတည်းဖြတ် ပုံနှိပ်ထုတ်ဝေသူ၊ ဓမ္မပဒပါဠိတော်ကို လက်တင်ဘာသာဖြင့်ဘာသာပြန်ဆိုသူ ကမ္ဘာကျော်ပါဠိပါရဂူဖြစ်သည်။ ယင်းသည်မိမိပြုစုရေးသားထားသော အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန်ရုံးရှိ ပိဋကတ်တိုက်စာအုပ်စာရင်း၏နိ ဒါန်းတွင် ပိဋကတ်တိုက်နှင့်ပတ်သက်၍ အောက်ပါအတိုင်းဖော်ပြထားသည်။
မန္တလေးမြို့မှရောက်ရှိလာသော မြန်မာဘုရင်မင်းမြတ်၏ ပိဋကတ်တိုက်ကပိုင်ဆိုင်သော ပေစာထုပ်အားလုံးသည် အစုစုပေါင်းနံပါတ်ဂ ဏန်းထိုးထားချက်အရ အကြီးဆုံးသောနံပါတ်ဂဏန်းကို ကျွန်တော်တွေ့မြင်သိရှိရသည့်အတိုင်း ၁၁၄၄ဖြစ်၏။ အချို့သောပေစာထုပ်တို့၌ နံပါတ်ဂဏန်းမပါရှိ၍ ကျွန်တော်အလုံးစုံကိုတစ်ခုမကျန်ရေတွက်ကြည့်ရာ စာထုပ်ပေါင်း ၁၁၅ဝပြည့်ဖြစ်ပါတသည်။ ဤ၁၁၅ဝတို့အနက် ကျွန်တော်စာရင်းတင်စဉ်က ပေစာထုပ်ပေါင်း၈ဝဝတို့သည်မရှိတော့ပြီ။ ပျောက်ကွယ်၍နေချေပြီ။ မြန်မာနှင့်အင်္ဂလိပ်တတိယအကြိမ်စစ် ဖြစ်စဉ်က စစ်၏ဘေးဒဏ်ကိုခံလိုက်ရ၍လည်းမသိ။ သို့တည်းမဟုတ် မြန်မာနိုင်ငံအင်္ဂလန်ပြည်သို့ စာထုမ်များကိုပို့ရာတွင်ထို ၈ဝဝသော ပေထုပ်တို့ကို ဌားရမ်းလိုက်လေသလားမသိ ဟု၍ဖွင့်ဆိုဖော်ပြထားလေသည်။
ပုဂံဝန်ထောက်မင်းဦးတင်ရေးသားပြုစုခဲ့သော မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းပဉ္စမတွဲ စာမျက်နှာ၁၀၆-၁၁ဝတို့၌လည်း သီပေါမင်းပါတော်မူ ပြီးနောက် မြန်မာမင်းလက်ထက်ကပုရပိုက်များ၊ ပေစာများ၊ ပုံနှိပ်စာအုပ်မျာ၊ လွှတ်တော်ရုံးအမှတ်အသားများ ရန်ကုန်မြို့ရှိအတွင်းဝန်ကြီး ရုံးသို့ ရောက်ရှိလာပုံအကြောင်းကို အောက်ပါအတိုင်းရေးသားဖော်ပြထားပေသည်။
မြန်မာမင်းလက်ထက်ကပုရပိုက်စသောအမှတ်အသားများသည် ရန်ကုန်မြို့သို့ရောက်သည်ဆိုသော်လည်း ရောက်သင့်သမျှအကုန်ရောက် တော့သည်မဟုတ်။ ရောက်တန်သမျှသာရောက်ရတော့သည်။ ရောက်တန်သမျှဆိုသည်မှာလည်းရာဇဋ္ဌာနီလွှတ်ရုံး ငါးရပ်ဟုခေါ်သော ငါး ဌာနက အစေ့အငရောက်သည်မဟုတ်။ လွှတ်တ်ာဌာန၊ ဗြဲတိုက်ဌာနနှင့် နန်းတော်အတွင်းကကြွင်းကျန်သမျှသာရောက်ရတော့သည်။ သို့ ရာတွင်ထိုကဲ့သို့မီးရှို့ကြခြင်း၊ ယူငင်ချင်းများမှာလွန်စွာတာရှည်လှသည်မဟုတ်။ စိတ်အထင်မှန်းခြေအားဖြင့် ခုနှစ်ရက် တစ်ပတ်လောက် ကြာဟန်တူသည်။ ၁၂၄၇ခု၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့မှာ နန်းတော်အတွင်းသို့အင်္ဂလိပ်စစ်သည်တော်များဝင်ရောက်သည်။ တန် ဆောင်မုန်းလဆုတ် (၁၅)ရက်နေ့မှစ၍မီးရှို့ခြင်း၊ စစ်သားများအရပ်သားကူလီများယူခြင်းရပ်စဲရန် ကာနယ်ဘီအီးစလေဒင် (Col.E.B.Sladen) မင်းကြီးကအမိန့်ထုတ်ရသည်။ ထိုအခါမှာကင်းဝန်မင်းကြီးလည်းမရှိသေးပေ။ ရှင်ဘုရင်မိဘုရားသမီးတော်များနှင့်အ တူ ရန်ကုန်သို့ပါသွားလျက်ရှိသည်။
ရွှေနန်းတော်ကြီးး၏ရင်ပြင်တခုလုံး၌ ပုရပိုက်တို့သည်ဖရိုဖရဲပြန့်ကျဲ၍နေသည်။ အချို့နေရာတို့၌ ပုရပိုက်များကိုစုကာပုံကာ အချို့အစုအပုံ တို့ကိုအမှိုက်ရှုပ်သည်ဟုယူကာ မီးတင်ရှို့ကြလေသည်။ နန်းတော်သို့ရောက်လာသူတို့ မည်သူမဆို ဘာမဆို ပုရပိုက်တစ်ဆူ နှစ်ဆူ စသည်ဖြင့် လိုချင်သလိုကောက်ယူသွားနိုင်၏။ ဤသို့မဖွယ်မရာဖြစ်နေသည်ကို လက်ပိုက်၍မကြည့်နေနိုင်သော တောင်ခွင်မင်းကြီးသည် လွှတ်ရုံးစာရေးဦးမြဲကို စလေဒင်မင်းကြီးထံစေလွှတ်ကာ အဆိုပါဖျက်ဆီးဖျောက်ဖျက်မှုတို့ကို ရပ်စဲလိုက်ရအောင်ဆောင်ရွက်စေ အရေးဆို စေလေသည်။ ခရစ်နှစ်၁၈၈၅ ခု၊ အောက်တိုဘာလ၃ရက်နေ့တွင် မြန်မာဘုရင်၏မှူးကြီးမတ်ရာ ဝန်ကြီး ဝန်ငယ် ဝန်ထောက်အသွယ်တို့ သည် ပြန်လည်ဝင်ရောက်ကာ အင်္ဂလိပ်အစိုးရ၏လက်အောက်တွင် ဆက်လက်အမှုထမ်းကာ မိမိတို့အသီးသီးဆိုင်ရာဆိုင်ရာ ဝတ္တရားများ ကို စတင်ဆောင်ရွက်ကြခြင်းကြောင့် ဌာနအသီးသီးဆိုင်ရာ အမှုတွဲပုရပိုက်များကို တတ်နိုင်သမျှမိမိတို့လက်လှမ်းမီသမျှ ပြန်လည်ရရှိစု ဆောင်းမိကြပြန်လေသည်။ ခရစ်နှစ် ၁၈၈၅ခု၊ ဒီဇင်ဘာလမှအစပြု၍ ၁၈၈၉ခု၊ မတ်လအထိ ကျွန်ုပ်နှင့်အရာရှိအမှုထမ်းအားလုံးတို့သည် လခပြည့်ပြည့်ဝဝရကြပါသည်။ သို့ရာတွင်ခရစ်နှစ် ၁၈၈၉ခု၊ ဧပြီလမှစ၍ ကျွန်ုပ်မှတစ်ပါးအခြားအားလုံးသော ဝန်ကြီး ဝန်ငယ် မှူးမတ်အသွယ်သွယ် အရာရှိကြီးငယ်တို့ကိုအင်္ဂလိပ်အစိုးရက ရာထူးလျော့ချလိုက်လေသည်။ ထိုအခါကျွန်ုပ်သည် ရုံးအမှုထမ်းဦးလွင်၏ အကူအညီဖြင့် မန္တလေးရွှေနန်းတော်အတွင်းမှလည်းကောင်း၊ လွှတ်တော်မှလည်းကောင်း၊ ပုရပိုက်များအားလုံးကိုရန်ကုန်စက္ကရီတေရီရုံး ခေါ် ရန်ကုန်ရှိအတွင်းဝန်များရုံးအတွင်းရှိ အင်္ဂလိပ်ကော်မရှင်နာမင်းကြီးရုံးသို့ ရွှေ့ပြောင်းလာခဲ့ရပါသည်။ လှည်းအစင်း(၄ဝ)ကျော် အ ပြည့်ပမာဏပုရပိုက်များရှိကြသည်။ ခရစ်နှစ် ၁၉၂၁ ခု၊ ဇန်န၀ါရီလမှအစပြု၍ ယင်းနန်းတွင်းပုရပိုက် လွှတ်တော်ပုရပိုက်များကို အမျိုးအ စားခွဲခြားရှင်းလင်းစီစဉ်ကာ နံပါတ်စဉ်ဂဏာန်းတပ်၍ ကျွန်ုပ်သည်မြန်မာမင်းအုပ်ချုပ်ပုံစာ တမ်းကိုရေးသားရာဝယ် ပုရပိုက်အစုအပေါင်း ၂၁၈၆ဝ တို့ကိုအသုံးပြုပါသည်။ ယင်းစာတမ်းသည် အတွဲအားဖြင့် ၅တွဲဖြစ်ရာ အပိုင်(၆) အ ခန်းကြီး(၁၃) အခန်းငယ် (၆၆) အ၀ှန်းဂဏန်းစဉ် (၆၂)ခုပါရှိသည်။ အဆိုပါမြန်မာမင်းအုပ်ချုပ်ပုံစာတမ်း (၅)တွဲသည် ခရစ်နှစ်၁၉၂၂ခု၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်စီရင်၍ အပြီးသတ်ခဲ့ပါတည်း....ဟူ၍ ပုဂံမင်းဦးတင်က ရေးသားဖော်ပြထားသည်။