ပီမိုးနင်း နှင့် ကျော်သက် ဘယ်သူ့ကို ပိုချစ်နိုင်ကြမလဲ

ပီမိုးနင်း နှင့် ကျော်သက် ဘယ်သူ့ကို ပိုချစ်နိုင်ကြမလဲ
ဖိုးထက်၊ နိုဝင်ဘာ ၃၊ ၂၀၁၃
လူတစ်ယောက်၏ ဘ၀ အောင်မြင်ခြင်း မအောင် မြင်ခြင်းကို ဘာနဲ့များ ကျွန်တော်တို့က တိုင်းတာနေကြပါသလဲ။ ရာထူး နေရာနဲ့လား။ ငွေကြေး ဥစ္စာပိုင်ဆိုင်မှုနဲ့လား။ လုပ်ပိုင်ခွင့် အာဏာနဲ့လား။ ကြိုက်တဲ့ ပေတံနဲ့ ကြိုက်သလို မှတ်ချက်ပေးလို့ရပါလိမ့်မည်။ သို့သော် ရေပုံးပေါက်တာ မလိုချင်ဘူး ရေပါတယ်ဘဲ လိုချင်တယ်ဆိုသည့် မှတ်ချက်မျိုးနဲ့ကတော့ ဂုဏ်သိမ်ကင်းမဲ့သည့် အောင်မြင်မှုကို ရနိုင်ပေလိမ့်မည်။
            ကျွန်တော်က အောင်မြင်မှု၊ ကျဆုံးမှုတွေကို စဉ်းစားပြီဆိုလျှင် ဆရာကြီး ပီမိုးနင်းနှင့် ကျော်သက်ဆိုသည့် မိတ်ဆွေလေး တစ်ယောက်ကို အမြဲ သတိရနေတတ်သည်။ ဆရာကြီး ပီမိုးနင်းက တက်ကျမ်းတွေ၊ အတုယူစရာ ၀ထ္တုတွေ အများကြီး ရေးသားခဲ့သော သူ။ လက်တွေ့ဘ၀မှာတော့ ဆရာကြီးက ဘ၀ကို ပေါ့ပေါ့ပါးပါး ကိုယ်ပျော်သလို နေပြီး ဖြတ်သန်းသွားခဲ့သည်။ မြန်မာပြည်မှာ ထင်ရှား အောင်မြင်သော စာရေးဆရာကြီး ဘွဲ့ကြီး တစ်ခု ရခဲ့ပေမယ့် စီးပွားရေး၊ ငွေရေးကြေးရေးမှာတော့ တန်ဖိုးမထားသော လူ။
            ကျော်သက်…
စာဖတ်သူကို ကျွန်တော်က ကျော်သက်နဲ့ မိတ်ဆက်ပေးစမ်းပါရစေ။ လူ့ဘ၀ နှစ်ခုကို နှိုင်းယှဉ်ဖို့ X ၀င်ရိုးမှာ ခုနှစ် သက္ကရာဇ် အချိန်။ Y ၀င်ရိုးမှာ အောင်မြင်မှု၊ ငွေရေး ကြေးရေး မဟုတ်တောင်မှဘဲ လုပ်ငန်းကိုင်ငန်း ပိုင်ဆိုင် လည်ပတ်လာနိုင်မှုတွေ ထားပြီး Graph တစ်ခု ရေးပြီး ယှဉ်ကြည့်သင့်သည်။ ကျွန်တော့်ဘ၀နှင့် ကျော်သက် ဘ၀ကို အဲဒီလို နှိုင်းယှဉ်လိုက်လျှင် ကျွန်တော့်ကို ကိုယ်စားပြုသော မျဉ်းက အနိမ့်အမြင့် အတက်အကျများစွာ ရှိနေသည်ကို တွေ့ရမည်။ ကျော်သက်ရဲ့ မျဉ်းကြောင်းကတော့ တက်ရိပ်တလူလူနဲ့ အပေါ်ကိုဘဲ အမြဲ ထောင်တက်နေတာ တွေ့ရပေမည်။
            ကျွန်တော်တို့က ကိုယ့်ကိုယ် ကိုယ် ခေတ်ပညာတတ်၊ လူငယ်ကွလို့ ဂုဏ်မောက်၊ လ္ဘက်ရည်ဆိုင်မှာ လေပေါ၊ စစ်တုရင်ထိုး၊ ဘောလုံးပွဲ ဂျာနယ်ဖတ်ကာ အချိန်ဖြုံးတတ်သည်။ ကျော်သက်က ကျွန်တော်တို့ စတည်း ချနေကျ လ္ဘက်ရည်ဆိုင်လေးမှာ စားပွဲထိုး၊ လူယုံဘဲ ဆိုပါတော့။ ဆိုင်သန့်ရှင်းရေး တံမျက်စည်းလဲ ရေခပ်၊ ရေဖြည့်တာက အစ ပလာတာ ကြော်ဖို့ ဂျုံနယ်တာအထိ ပါသည်။ ဆိုင်လေးကလဲ မကြီး မသေး မိသားစု ဆိုင်ဆိုတော့ အလုပ်ပြီးရင် ကျော်သက်က ကျွန်တော်တို့ ၀ိုင်းမှာ လာလာ ထိုင်သည်။ လာထိုင်တိုင်းလဲ သူ့လက်ထဲမှာ ဖတ်လက်စ စာအုပ် တစ်အုပ် အမြဲပါသည်။ လ္ဘက်ရည်ဆိုင် လုပ်သားလေးက မိုဗီဒစ် ကို ဖတ်သည်။ ပင်လယ်ပြာနှင့် တံငါအိုကို ဖတ်သည်။ အရှေ့က နေ၀န်းထွက်သည့် ပမာ စာအုပ်ကို ဂျုံနယ်ရင်း ရှေ့မှာ ထောင်ပြီး ဖတ်သည်။ တဂိုးသိသည်။ မောင်ခိုင်မာ သိသည်။ ကဗျာတွေ မခံစားတတ်ဘူးဗျာလို့ ကျွန်တော်တို့ကို ပြောသည်။  ပြီးတော့ မြန်မာ့ နိုင်ငံရေးက လူဆိုး လူကောင်း ခွဲခြားသိသည်။
            နောက်ပြီး နိုင်ငံရေး သတင်းတွေကို ကျွန်တော်တို့ ခေတ်ပညာတတ် အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်ဘွဲ့ရ အဖွဲ့က သူပြောသမျှ နားထောင်ရသည်။ မေးရ မြန်းရသည်။ ဘီဘီစီ နားထောင်သည်။ RFA နားထောင်သည်။ ဘောလုံးပွဲ အလွန်ကြိုက်သည်။ ဘယ်ပွဲက ဘယ်သူ နိုင် နိုင်တယ်ဆိုတာ အစွဲကင်းကင်း ခွဲခြမ်း စိပ်ဖြာသည်။ အိမ်ကပိုက်ဆံ ထိုင်တောင်းပြီး ဘောလုံးပွဲ လောင်းနေကြသော ကျွန်တော်တို့ကို အကြံပေးသည်။ သူကတော့ လုံးဝ လောင်းကစားမလုပ်။
“ကျွန်တော်က အရူးမှ မဟုတ်တာ အစ်ကိုရ။ ရတဲ့ လစာမှ တစ်သောင်းတောင် မပြည့်ဘူး။ နိုင်လဲ ဆက်ပြီး လောင်းချင်မှာ။ ရှုံးလဲ ကျွန်တော် တစ်လလုံး သူများဆီမှာ အလုပ် လုပ်ပေးထားသမျှ ကုန်မှာဗျ။ အစ်ကိုတို့ ဘ၀နဲ့ ကျွန်တော်က တူတာ မဟုတ်ဘူး။ ကိုင်းပါ..ကျွန်တော် ပြောတာ လောင်းစမ်းပါ။ နိုင်ပါတယ်”ဆိုပြီး တားလဲ လောင်းကစားလုပ်မယ့် ကျွန်တော်တို့ကို မြှောက်ပေးရှာသည်။ ရှုံးသည့် အခါလဲ ရှိ။ နိုင်သည့် အခါများလဲ ရှိသည်။ သူ့စကားကို သံသယမထားဘဲ လိုက်ပြီး လောင်းကစားလျှင် ရှုံးသည် ဆိုအုံးတော့ ပက်ပက်စက်စက် ဘယ်တော့မှ မရှုံးတတ်တာ သူ့ရဲ့ အတွေးရှင်းတွေကြောင့်ဘဲ ဖြစ်မည်။
            နောက်ပြီး ရပ်ကွက် စာဖတ်အသင်းက စာအုပ်တွေ မှန်သမျှ ကျော်သက် မမွှေဘူး၊ မဖတ်ဘူးသော စာအုပ် မရှိ။ သူက နည်းနည်းတော့ ရွေးဖတ်သည်။ တက်ကျမ်းတွေ ဖတ်သည်။ ကိုယ့်ဒူး ကိုယ်ချွန်စာအုပ်တွေ ဖတ်သည်။ စစ်ပညာ၊ တိုက်ပွဲ စာအုပ်တွေ ဖတ်သည်။ “လေရူးသုန်သုန်တို့၊ စစ်နှင့် ငြိမ်းချမ်းရေး စတဲ့ စာအုပ်ကြီးတွေကိုတော့ လုံးဝ လာမပေးနဲ့ဗျာ။ အဲဒီလောက် အရှည်ကြီးတွေ ဖတ်ဖို့ အချိန်မရှိဘူးဗျ” လို့ ဆရာကြီးလုပ် ဖတ်ဖို့ တိုက်တွန်းသော ကျွန်တော်တို့ကို ငေါက်လွှတ်တတ်သည်။
            ကျွန်တော်တို့က နိုင်ငံခြား ထွက်မှာလိုလို၊ ပြည်တွင်းမှာဘဲ အလုပ် ကြီး အကိုင်ကြီး လုပ်တော့မှာလိုလို လုပ်နေစဉ်မှာ ကျော်သက်က အခွင့်အလမ်းကို အမြဲ ကြည့်နေသည်။ သူ့အိပ်မက်က ကိုယ်ပိုင် လ္ဘက်ရည်ဆိုင်လေး တစ်ဆိုင် ထောင်ချင်သည့် အိပ်မက်။ ကျွန်တော်တို့ကတော့ အိပ်မက်တွေများ၊ စိတ်ကူးတွေ တစ်ထောကြီး အရည်လေး တစ်ထွေထွေဖြင့် သူ အလုပ်လုပ်သည့် ဆိုင် ပိတ်ခါနီး ညစာ သွားစားကြလျှင် သူက စာအုပ်တစ်အုပ်နဲ့ ဆိုင်စောင့်နေတတ်သည်။ ပြုံးပြုံး ပြုံးပြုံးနှင့် ကျွန်တော်တို့ မှာသမျှ ရစ်သမျှကို မငြီးမငြူ ထပြီး ပြင်ဆင်ပေးသည်။ သူ့အကျင့်စာရိတ္တကလဲ အလွန်ကောင်းသည်။ ဆိုင်ပိုင်ရှင်က အလုပ် မအားလျှင် သူနဲ့ဘဲ ဆိုင်ကို လွှဲထားတတ်သည်။ သူနဲ့ ရွယ်တူ ဆိုင်လုပ်သားလေးတွေကတော့ သူ့ဦးဆောင်မှု အောက်မှာ အလုပ်ကြိုးစားကြတာက လွဲလို့ ဘာအိပ်မက်မှကောင်းကောင်းရှိပုံမရ။ နေ့ခင်း အလုပ်လုပ်။ ညနေ ဆိုင်ပိတ်ချိန် ဘောလုံးပွဲကြည့်။ တစ်ခြား လ္ဘက်ရည်ဆိုင် လိုက်ထိုင်။ တစ်ခါတစ်ရံ အရက်ကလေး ဘာလေး သောက်တတ်ကြသေးသည်။
            ဒီလိုနဲ့ ကျွန်တော်တို့ ပြည်ပနိုင်ငံအသီးသီးမှာ ရည်ရွယ်ချက် အသီးသီးနဲ့ အလုပ် လုပ်ဖို့ ထွက်လာခဲ့ကြသည်။ ဆယ်စုနှစ် တစ်ခု မက ကြာလာချိန်မှာ ငွေရေးကြေးရေးအရ မကြပ်တည်းတော့တာ မှန်သော်လည်း လက်ဆုပ်လက်ကိုင် ဘာမှ ပြစရာမရှိ။ ကိုယ်ပိုင် လုပ်ငန်း စမယ်၊ ကိုယ်ပိုင် အလုပ် လုပ်မယ်လို့ ကြွေးကြော် ကြရင်း ထားရာနေ စေရာသွား လခစား ၀န်ထမ်းဘ၀မှာဘဲ ပျော်အောင် နေကြရသည်။
            ဟိုးတစ်လော သင်္ကြန်မတိုင်ခင်လေး ကျွန်တော် မြန်မာနိုင်ငံ ပြန်သွားခဲ့သည်။ ကျော်သက်တို့ လ္ဘက်ရည်ဆိုင်နားက ကျွန်တော်တို့ စတည်းချခဲ့သော အဆာင်လေးကို သွားပြီး လည်သည်။ နိုင်ငံခြား မထွက်ခင် နေလာခဲ့သော အဆောင်လေးကို ကျွန်တော်တို့က သံယောဇဉ် ပြတ်သည် မရှိကြ။ အချိန်ရရင် ရသလို တစ်ခဏလေးဘဲ ဖြစ်ဖြစ် သွားပြီး လည်ကြ ပါတ်ကြသည်။ ဘယ်ကောင်ကြီး ဘယ်တုံးက လာသွားတယ်။ ဖောလာတယ်။ ဘာဖြစ်နေတယ်။ ဘယ်မှာ ရှိတယ်ဆိုသည့် သတင်းတွေ စုံစုံလင်လင်ရနေတာလဲ ပါသည်။
            အဆောင်က အစ်ကို တစ်ယောက်နဲ့ လ္ဘက်ရည်ဆိုင် သွားမယ်ဗျာဆိုပြီး ထွက်လာတော့ ကျော်သက် အလုပ် လုပ်သည့် ဆိုင်ကို မသွားဘဲ တစ်နေရာကို ဦးတည်သည်။ “ကျော်သက်ကို တွေ့ရအောင်ပါဗျ။ အဲဒီဆိုင်ဘဲ သွားမယ်လေ” လို့ တိုက်တွန်းတော့ “လာစမ်းပါ။ ကျော်သက် တွေ့ရရင် ပြီးရောမို့လား” တဲ့လေ။
            နောက်တော့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် အစားအစာအစုံနီးပါး ရသော လ္ဘက်ရည်ဆိုင်လေးကို ကျွန်တော်တို့ ရောက်သွားသည်။ လ္ဘက်ရည်ဖျော်ခုံကနေ ကျွန်တော်တို့ ရှိရာကို အပြေးအလွှားထွက်လာသူက ကျော်သက်။ နည်းနည်း ၀လာတာက လွဲပြီး ဘာမှ အပြောင်းအလဲ မရှိ။ ကျွန်တော်တို့အပေါ် အသားလွတ်ကြီး ရိုသေနေသေးသည်။ “ဒါမင်းဆိုင်လား” ဆိုတော့ “ဟုတ်တယ် အစ်ကိုရ…ကြည့်မြင်တိုင်ဈေးနားမှာ တစ်ဆိုင် ရှိသေးတယ်။ အဲဒါတော့ ယောက်ဖနဲ့ လွှဲထားတယ်။ ညနေဆို အဲဒီဆိုင်သွားတယ်လေ” လို့ ဖြေသည်။
            စိတ်ကြည်နူး ချမ်းမြေ့ဖို့ ကောင်းလေစွပါ တကား။ သူ့အိပ်မက်တွေ အကောင်အထည်ပေါ်နေပြီဘဲ။ သူကိုယ်တိုင် ဖျော်ပေးသော ပေါ့စိမ့် လ္ဘက်ရည်တစ်ခွက်နဲ့ လ္ဘက်ထမင်း ကို စားပြီး ကျွန်တော်က သူ့ကို အင်တာဗျူးနေမိသည်။
            ကျွန်တော်တို့ နိုင်ငံခြားကိုစထွက်လာချိန်မှာ ကျော်သက်မှာ ကောင်မလေး တစ်ယောက်ရှိနေပြီတဲ့။ ဒါကိုတော့ ကျွန်တော်တို့ မသိလိုက်။ အတော် သွက်သောကောင်ပါပေ။ နောက်တော့ ကောင်မလေးကို သူက ခိုးပြေးသည်။ သူ့မှာလဲ ဆိုင်လုပ်သားဘ၀နဲ့ စုထား ဆောင်းထားတာလေး မများပေမယ့် အထုပ်နဲ့ အထည်နဲ့ ရှိနေပြီ။ လင်မယားနှစ်ယောက် ဆိုင်ဖွင့်ဖို့ အခန်းလေး လိုက်ရှာတော့ ရပ်ကွက်ထဲက သူရိုးသား၊ ကြိုးစားတာကို သိထားကြသူများ ပီပီ အစွမ်းကုန် အကူအညီပေးကြသည်။
            လူတစ်ချို့ကတော့ စားပွဲထိုးကောင်က ဆိုင်ဖွင့်ချင်၊ ဆိုင်ခန်းငှားချင်တယ်ဆိုတယ် ဆိုပါလား ဟေ့ဆိုပြီး မလိုမုန်းထား စကားတွေ ပြောကြသည်။ သို့သော်လည်း ရပ်ကွက် လူကြီးသူမတွေက ယဉ်ကျေးသော သူ့ကို ကူညီပေးကြသည်။ ဒီလိုနဲ့ ဆိုင်ဖွင့်ဖို့ နေရာလေး တစ်နေရာ ရသည်။ သူများ အဆောက်အဦးဘေးမှာ အဖီလေးဆွဲပြီး စားပွဲ လေး၊ ငါးလုံးလောက်နဲ့ ဖွင့်လို့ရသော နေရာ။ ကျော်သက်က စိတ်မပျက်။ ကြိုးစားသည်။ စားသုံးသူတွေအပေါ် စေတနာထားသည်။ သန့်သန့်ရှင်းရှင်း သပ်သပ် ရပ်ရပ် ရှိအောင် ကြိုးစားသည်။ ဆက်ဆံရေး ကောင်းသည်။ အစ်ကို၊ အမ၊ ဦးဦး ၊ ဒေါ်ဒေါ် အားလုံးကို အောက်ကျို့သည်။ ဒီလိုနဲ့ ဆိုင်က သေးပေမယ့် လူက ပြတ်သည် မရှိ။ အောင်မြင်သည်။
            ဆိုင်အောင်မြင်တော့ မြေပိုင်ရှင်က လောဘတက်လာပြန်သည်။ သူမပေးနိုင်သော ဈေးတောင်းပြီး စာချုပ်ထပ်ချုပ်သည်။ ဘယ်လိုမှ ညှိမရ။ နောင်မှ သိရတာက မြေပိုင်ရှင်က သူ့အသိ မိတ်ဆွေကို အောင်မြင် အခြေကျပြီးသော ကျော်သက် ဆိုင်လေးကို လက်လွှဲပေးလိုခြင်းသာ ဖြစ်သည်။ ကျော်သက်ကလဲ ဘယ်လိုမှ မပေးနိုင်။ နောက်ဆုံးတော့ သူဆိုင်နေရာ ပြောင်းရသည်။ ဒီလိုနဲ အရင်ဆိုင်နေရာနဲ့ မနီးမဝေး လက်ရှိ ဆိုင်နေရာလေးကို ရောက်လာသည်။ မိတ်ဆွေတွေက ကျော်သက် ဆိုင်ကိုဘဲ လိုက်ပြီး အားပေးသည်။
            အခုတော့ ကျော်သက်မှာ လ္ဘက်ဆိုင်ကလေး သုံးဆိုင်လောက်ရှိပြီ။ ဒီဆိုင်က သူ့ပင်ရင်းဆိုင်။ ကျွန်တော်တို့ ထိုင်နေစဉ် နေ့ခင်း လူပါးသော အချိန်မှာပင် သူက အားရသည် မရှိ။ သူ့ဖျော်ဆရာကို အနားပေးထားလို့ ထထပြီး လ္ဘက်ရည် ဖျော်ပေးနေရသည်။ သူ့မိန်းမက ကိုယ်ဝန်ကြီးနဲ့ ထမင်း ရောင်းနေသည်။ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်။ ကျွန်တော်တို့ ထပြန်တော့ စားထားသမျှ ပိုက်ဆံ မပေးပါနဲ့ ဆိုလို့ မနည်းကြီး တောင်းပန်ခဲ့ရသည်။ နောက်ရက်မှာ ဆိုင်ပိတ်မှာ ဖြစ်ကြောင်း။ သူ့ဆိုင်တွေက ကောင်လေးတွေကို အားလုံးစုပြီး ချောင်းသာ လိုက်ပို့မယ်လို့ ကျွန်တော့်ကို လှမ်းပြောနေသည်။
            သူ့ဆိုင်တွေ အရင်းအနှီး လည်ပါတ်ငွေ မများနိုင်ဘူးလို့ဘဲ စာဖတ်သူ မိတ်ဆွေက ထင်ချင် ထင်မှာပါ။ ဟုတ်မှာပါဘဲ။ သူ့ဆိုင်လေး သုံးဆိုင်က ဘာဝင်ငွေရမှာလဲလို့ တွေးချင်လဲ တွေးစရာပါဘဲ။ ကျွန်တော် တွေးမိတာကျတော့ ဒီလို မဟုတ်။ လေးတန်းတောင် ကောင်းကောင်း မအောင်သော ကောင်လေး တစ်ယောက်၏ ဖြူစင် သန့်ရှင်းသော ဘ၀ကို အားကျမိသည်။ လေးစားမိသည်။
            အဆိပ်အတောက် မရှိသော ဘ၀။ လူ့လောကကြီးကို အပိုအလုပ်တွေ မပေးဘဲ သူနဲ့ သူ့ပါတ်ဝန်းကျင် မိသားစုကိုဆွဲတင်နေသော ဘ၀။ တစ်မြန်မနေ့က သတင်း ဖတ်လိုက်ရသည်။ ကျွန်တော်တို့၏ အချစ်တုံး စာဖတ်သူကြီး သတိမေ့မြောနေတယ်ဆိုသည့် သတင်း။ အင်တာနက်ပေါ်က ပညာတတ်ဆိုသူတွေပင် “ကောင်းတယ်။ ချက်ချင်း မသေစေချင်သေးဘူး။ တဖြည်းဖြည်း ဝေဒနာတွေ ခံစားပြီး တမျှင်းမျှင်းနဲ့ သေရမှာ” ဟု သဘောထားတွေ ပေးကြသည်။
            လူဆိုး၊ လူ့အန္ဓတွေအတွက် ပညာတတ် သဘောထားကြီးရင့်ပါသည် ဆိုသည့် လူတွေ၏ သဘောထားသည်ပင်လျှင် သိပ်ကြောက်ဖို့ ကောင်းနေသေးသည်။ လူပီသသော သဘောထားတွေပါဘဲလေ။ လူဆိုတာမျိုးက ဘယ်လိုမျိုးနေ၊ဘယ်လိုမျိုး သဘောထားကြဆိုတာ ဘုရားရှင်တွေက ရှင်းရှင်းလင်းလင်း ဟောပြောကြသော်လည်း ကျွန်တော်တို့က လူတွေဘဲလေ။ ပေဖြစ်တုံးခံ၊ တူဖြစ်တုံး နှံချင်ကြသော လူတွေပါဘဲ။
            ကျွန်တော်တို့ လ္ဘက်ရည်ဆိုင်က ထွက်လာတော့ အဖော်လိုက်လာသည့် အဆောင်က အစ်ကို ကို ကျွန်တော် မေးကြည့်လိုက်သည်။ “အစ်ကို…ပီမိုးနင်းနဲ့ ကျော်သက်နဲ့ စာဖတ်နေတဲ့ လူကြီးနဲ့..ဘယ်သူ့ကို အချစ်ဆုံးလဲဗျ”။ ကျွန်တော်တို့ရဲ့ အစ်ကို လို လေးစားရတဲ့ အစ်ကိုက ပါးစပ်ထဲမှစားလက်စ  ကွမ်းတံထွေးကို လမ်းဘေးသို့ ထွီခနဲ့ ထွေးထုတ်လိုက်ပြီး “မင်းမို့မေးရက်တယ်ကွာ…အသံကိုမကြားချင်ဘူးကွာ…ပီမိုးနင်းနဲ့ ကျော်သက်ဆိုရင်လဲ ကျော်သက်ကို ပိုချစ်တယ်ကွ။ ဘာလို့လဲ ဆိုတော့ ကျော်သက်က ငါထမင်းသွားစားတိုင်း ဟင်းတွေ ပိုပိုထည့်ပေးတယ်ကွ…ဟား..ဟား..ဟား” ဟု အားရ ပါးရအော်ရီရင်း အဖြေပေးသည်။ ခက်ပါရောလား။ ပီမိုးနင်းထက် ပိုပြီး ချစ်ဖို့ ကောင်းတဲ့ လူတွေ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ ရှိနေပါရော့လား။


ဖိုးထက်