ခုနှစ်ဆယ့်ငါးနှစ်မြောက်ထောင့်သုံးရာပြည့် အရေးတော်ပုံ
သန်းဝင်းလှိုင်
နိုဝင်ဘာ ၁၅၊ ၂၀၁၃
၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကြီးကား မြန်မာ့သမိုင်းတွင် စာတင်ရလောက်အောင် ဖြစ်ခဲ့လေသည်။ အကယ်၍သာ ရေနံမြေမှ အလုပ်သမားများ၏ သပိတ်တပ်ကြီး ရေနံမြေမှ ရန်ကုန်သို့ မိုင်(၄ဝဝ) ခရီးကို ခြေလျင်ချီတက်ပွဲကြီး (ဝါ) ၁၃ဝဝပြည့်နှစ် အရေးတော်ပုံကြီးကို မဆင်နွှဲနိုင်ခဲ့လျှင်၊ ဆင်နွှဲသည့်တိုင် အရင်းရှင် ရေနံကုမ္ပဏီများနှင့် အစိုးရတို့ ပူးပေါင်း၍ သပိတ်တပ်ကြီးကို ဖြိုခွဲရာ၌ အလုပ်သမားတို့က အရှုံးပေးခဲ့လျှင် ဗြိတိသျှနယ်ချဲ့သမားတို့ ဤမျှလောက် မြန်မြန် ပြည်တွင်းမှ ထွက်ပြေးစရာ မရှိပေ။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည်လည်း ယခုထက် စောစီးစွာ ရနိုင်ဖွယ်မရှိဟု ဆိုသော် ဆိုနိုင်ပေသည်။
အဘယ့်ကြောင့်ဆိုသော် ရေနံမြေအလုပ်သမားများသည် အရင်းရှင်တို့ ခြောက်သော်လည်း မကြောက်၊ ဇွဲမလျှော့၊ ဖိသည်ကိုလည်း တန်ပြန်ကြွခဲ့သောကြောင့် အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားများ ပထမဆုံးအကြိမ် ပေါင်းစည်းမိပြီး ပြည်သူလူထုနှင့်တကွ နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုကြီးကြီးထွားလာကာအုံကြွတိုက်ပွဲဝင်သောကြောင့်လည်းကောင်း၊ နိုင်ငံတကာရေးရာများ နှင့် ဆက်စပ်၍ လည်းကောင်း မြန်မာပြည်လွတ်လပ်ရေး ရလာခြင်း ဖြစ်လေသည်။
ရေနံမြေတွင် အရင်းရှင်က သပိတ်ကို ရေရှည်အောင်လုပ်သည်။ ရေနံအလုပ်သမားများ၏ တောင်းဆိုချက်များကို (၁၈)လတိုင်အောင် တစ်လုံးတစ်ပါဒမျှ လိုက်လျောခြင်းမပြုဘဲ အလုပ်သမားများ ဒုက္ခနှင့် ရင်ဆိုင်ရအောင်လုပ်သည်။ အလုပ်မပေးဘဲထားသည်။ သပိတ်မှောက် အလုပ်သမားများ၏နေရာတွင် တောကလူများခေါ်၍ အလုပ်ခန့်သည်။ သပိတ်မှောက် အလုပ်သမားများကို အလိုတော်ရိ သစ္စာဖောက်များမှတစ်ဆင့် သပိတ်ပြိုကွဲအောင် အမျိုးမျိုးလုပ်ဆောင်ခဲ့သည်။
ဤကာလအတွင်းသပိတ်မှောက်အလုပ်သမားများမှာအငတ်ငတ်အပြတ်ပြတ် ဒုက္ခခံကြရ သည်။ သို့သော်လည်း ရေနံအလုပ်သမားများက ဇွဲမလျှော့ပေ။ အရင်းရှင် ဘီအိုစီက သပိတ်ရေရှည်ပြီး အငတ်ငတ် အပြတ်ပြတ် ဖြစ်လာသောအခါ သပိတ်ကြီး ပြိုကွဲလာလိမ့်မည် ဟူသော ရည်ရွယ်ချက်ဖြင့် သပိတ်ကိုကြောက်လာအောင် လုပ်ခြင်း ဖြစ်သော်လည်း ရေနံအလုပ်သမားများက မကြောက်ခဲ့ချေ။
အကယ်၍ အရင်းရှင်ဘီအိုစီနှင့် နယ်ချဲ့များက မကြောက်လျှင် မကွေးတွင် ပုဒ်မ (၁၄၄)ထုတ်ပြီး တားလိမ့်မည် မဟုတ်ပေ။ ချောက်မြို့တွင် ဆိုလျှင် သပိတ်တား အမျိုးသမီးများကို အတင်းဆွဲ အတင်းခွဲ ရိုက်နှက်ကန်ကျောက်သည်။ ဆံပင်ဆွဲ၍ ကားပေါ်အတင်းတင်သည်။ ရေပိုက်နှင့် တရကြမ်းပက်၍ နှိမ်နင်းသည်။ အတင်းဝင်ဖမ်းပြီး ထောင်ချပစ်သည်။ သို့သော်လည်း တက်ကြွနေသော စိတ်ဓာတ်ကိုကား ဖြုံ၍မရပေ။
မကွေးတွင် ရေနံသပိတ်တပ်ကြီးကို ပုဒ်မ ၁၄၄ ထုတ်ထားသည့်အပြင် နောက်မဆုတ်ဘဲ ရှေ့တိုးနေသော အလုပ်သမားများကို လှံစွပ်နှင့်တားသည် မရ။ နံပါတ်တုတ်နှင့်ရိုက်သည် မရ။ မြင်းတပ်နှင့် နှိမ်နင်းသည်။ လဲသူလဲ၊ ကွဲသူကွဲသည်။ သို့သော်လည်း နောက်မဆုတ်ခဲ့ပေ။ အရင်းရှင်စနစ် တိုက်ဖျက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ပြင်းထန်သော အလုပ်သမားများကို ပြည်သူလူထုက အားပေးကူညီကြလေသည်။
ဤသို့လျှင် ရေနံအလုပ်သမားများသည် အရင်းရှင်တို့၏ ဖိနှိပ်သွေးစုပ်မှုကို မခံနိုင်၍ ချီတက်လာကြရာ တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်များကလည်း ရေနံအလုပ်သမား သပိတ်တပ်ကြီးနှင့်အတူ ပါဝင် ဆင်နွှဲလာခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင်များလည်း ပါဝင်ဆင်နွှဲကြသည်။ ဤတွင် အမျိုးသားလွတ်လပ်ရေး နယ်ချဲ့ဆန့်ကျင်ရေး ရေစီးကြောင်းထဲသို့ အလုပ်သမား၊ လယ်သမား၊ သခင်များနှင့် ကျောင်းသားများ ပေါင်းစည်းမိကြလေတော့သည်။
သို့ကလို သပိတ်အင်အားကြီးမားလာသောအခါ ဗြိတိသျှ နယ်ချဲ့သမားများက အလုပ်သမားခေါင်းဆောင်များကိုဖမ်းဆီးထောင်ချသည်။သခင်ခေါင်းဆောင်များ၊ ကျောင်းသားခေါင်း ဆောင်များကို ဖမ်းဆီးထောင်ချပြီး နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး အင်အားစုကြီးကို ဖြိုခွဲလေသည်။
လယ်သမားများကလည်း ရန်ကုန်သို့ ချီတက်လာကြသည်။ နယ်ချဲ့သမားများ၏ လုပ်ရပ်ကို တစ်ပြည်လုံးမခံမရပ်ဖြစ်လာပြီး အလုပ်သမားသပိတ်တွေ များပြားလာသည်။ ကျောင်းသားသပိတ်များ မြန်မာပြည်တစ်ဝန်းတွင် ပေါ်ပေါက်လာသည်။ ထိုကာလသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖိနှိပ်မှုတော်လှန်ရေး အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ အပြင်းထန်ဆုံးကာလ ဖြစ်လာလေသည်။
သပိတ် သပိတ် ….. မှောက်မှောက်၊
မီးတုတ် မီးတုတ် ….. ရှို့ရှို့၊
သူပုန် သူပုန် ….. ထထ၊
သခင်မျိုးဟေ့ ….. တို့ဗမာ၊
ဓနရှင်တွေ ….. ပျက်စီးပါစေ၊
အရေးတော်ပုံ ….. အောင်ပါစေ။
ဟူသော ကြွေးကြော်သံများသည် တစ်ပြည်လုံးသို့ ပဲ့တင်ထပ် ရိုက်ခတ်သွားလေတော့သည်။
သို့ကလို အရင်းရှင် ကုမ္ပဏီ၏ သွေးစုပ်ခံရမှု ဆန့်ကျင်ရေးတိုက်ပွဲမှ အမျိုးသားလွတ်လပ်ရေး ဆန့်ကျင်ရေးတိုက်ပွဲကြီးသို့ ကူးပြောင်းသွားစေခဲ့သော အကြောင်းအရင်းမှာ ဤသို့တည်း။
ချောက်၊ ရေနံချောင်း၊ လမ်းရွာ၊ ရေနံချပ်၊ တယော်ကုန်း၊ ပိုလာစသည့် ရေနံမြေအလုပ်သမားများမှာ လူချင်းတူတူ၊ သူချင်းမျှမျှ နေရသူများ မဟုတ်ပေ။ မသေရုံပေး၊ မသေရုံကျွေးသည့် ရေနံကုမ္ပဏီ၏ အမြတ်ထုတ်သွေးစုပ်မှုကို အလူးအလဲခံကြရသူများ ဖြစ်လေသည်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတို့တွင် အနိမ့်ဆုံးလူတန်းစားများ ဖြစ်သည်။ ထိုစဉ်က အနိမ့်ဆုံးလခမှာ (၂ဝ)ကျပ်ကျော် ဖြစ်၍ အမြင့်ဆုံးလစာမှာ ဗိုလ်လွတ် (၄၅)ကျပ်သာ ဖြစ်လေသည်။
ဘီအိုစီအရင်းရှင်ကုမ္ပဏီသည် ၁၉၄၇ခုနှစ်ချုပ် စာရင်းအရ ငွေပေါင်း (၇)ကုဋေ (၅)သန်းခန့် သပိတ်ဝင်အိတ်ဝင် မြတ်စွန်းလေ၏။ သွေးနှင့်ချွေးနှင့်ရင်းရသည့် အလုပ်သမားများအတွက်ကား တစ်နှစ်လျှင် ငွေငါးသန်းမျှသာ လုပ်ခအဖြစ်ပေးရသည်။ အလုပ်သမားများကမူ ဘီအိုစီအတွက် အမြတ်ငွေ (၇) ကုဋေရဖို့လည်း လုပ်ရသည်။ လခငွေ (၅)သန်း ရဖို့လည်း လုပ်ရသည်။ ထိုငွေအားလုံးထဲမှ အလုပ်သမားအတွက်ရသည့် ဝေစုကို တွက်ရလျှင် (၁၆)ပုံ (၁)ပုံသာ ဖြစ်သည်။ နာရီနှင့်တွက်လျှင် အလုပ်သမားအဖို့ တစ်နေ့လျှင် အလုပ်ချိန် (၈)နာရီခွဲမှာ အလုပ်သမားများအပေါ် ကုပ်သွေးစုပ် အမြတ်ထုတ်နေသော ကုမ္ပဏီအတွက် အလုပ်လုပ်ပေးရသော အချိန်ဖြစ်လေသည်။
ရေနံမြေအလုပ်သမားများအဖို့ သွေးနှင့်ချွေးနှင့် အသက်နှင့်ရင်းရသည်ကို ကြည့်ပါဦး၊ ရေနံတွင်းစက်ရုံအလုပ်သမားများမှာ အင်မတန် ပူပြင်းလှသည့် နေပူရှိန်အောက်တွင် အလုပ်လုပ်ကြရသည်။ ရေနံမြေဒေသမှာ မိုးခေါင်ရေရှား ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သည်။ ရေနံမြေအလုပ်သမားများမှာ တောင်ကုန်းတောင်ချိုင့်များကြားတွင် နေပူကျဲကျဲအောက်၌ သံပိုက်လုံးများ၊ သံထည်ပစ္စည်းများထမ်း၍ အလုပ်လုပ်ကြရသည်။ နေပူဒဏ်၊ ရေနံငွေ့ရိုက်သည့်ဒဏ်၊ လေးလံသည့်ဝန်ကို ထမ်းရသည့်ဒဏ် အမျိုးမျိုးကို အလုပ်သမားများ ခံစားခဲ့ရသည်။
ထိုမျှမက ရေနံတွင်းအလုပ်သမားများကို လွင်တီးခေါင်သို့ထွက်၍ အလုပ်မလုပ်ရစေကာမူ တွင်ခုံ၊ ဖောက်စက်ခုံ၊ ပန်းပဲနှင့် သံရည်ကျို၊ လက်သမားလုပ်ရသူများသည် သွပ်မိုးသွပ်ကာရုံကြီး အတွင်း၌ နေပူရှိန်ကြောင့် ပူပြင်းသည့်ဒဏ်ကို ခံရရုံသာမက ပန်းပဲဖိုမှ မီးအရှိန်ကိုလည်း ခံရသည်။ စက်တူမကြီး ထိခိုက်မိ၍ ခြေကျိုး လက်ပဲ့ရသူများ၊ တွင်ခုံစက်ထိ၍ လက်ပြတ်ခံရသူများ၊ မျက်စိထဲ သံစဝင်၍ မျက်စိပျက်ရသူများလည်း မနည်းလှချေ။
ဓာတ်ဂဟေ၊ ခဲဂဟေ၊ လေဂဟေဌာနများ၌ အလုပ်လုပ်ရသူမှာလည်း အပူဓာတ်၊ အလင်းဓာတ်လွန်သောကြောင့် အရွယ်မတိုင်မီ မျက်စိပျက်ရခြင်းများလည်းရှိသည်။ ရေနံ၊ ဖယောင်းနှင့် အခြားရေနံမှ ထွက်ကုန်တို့ကို နေ့စဉ်နှင့်အမျှ အလုပ်သမားများ ထိခိုက်ကိုင်တွယ် နေကြရသဖြင့် အရေပြားရောင်ရောဂါ၊ အသားရောင်ရောဂါ၊ အသားတိုးရောဂါများ ဖိစီးခံရသေးသည်။ လေကောင်းလေသန့်ကို လုံလောက်စွာ မရှူရှိုက်ရသဖြင့် အဆုတ်ရောဂါ ဖိစီးခံရသည်။
၁၉၃၈ခုနှစ် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ ရေနံကုမ္ပဏီတွင် အလုပ်လုပ်သူ အလုပ်သမားတစ်ဦးလျှင်(၁ဝ)ပေပတ်လည်အခန်းကလေးတစ်ခန်းသာရသည်။ တန်းလျားကြီး တစ်ခုတွင် ထိုသို့ (၁ဝ)ပေပတ်လည် အခန်းကလေးများ ဖွဲ့၍ ပေးထားသည်။ ထိုအခန်းမှာလည်း တစ်ထပ်တန်းလျား၊ အခန်းကလေးသာဖြစ်လေသည်။ ထိုတစ်ထပ်ခန်းကလေးတွင်ပင် ဧည့်ခန်း၊ ထမင်းစားခန်း၊အိမ်ထောင်ပစ္စည်းထားခန်း၊အိပ်ခန်းဟူ၍ ရေလဲသုံးကာ ငါးပိငါးချဉ်သိပ်နေရသော်လည်း ဥရောပတိုက်သား မျက်နှာဖြူအရာရှိများ အတွက်မူကား စတုရန်းပေပေါင်း (၁ဝဝဝ)ခန့်ကျယ်သည့် နှစ်ထပ်အိမ်ကြီးနှင့် ဇိမ်ကျကျနေကြရလေသည်။ ထိုသို့ အိမ်ကြီးအိမ်ကောင်းနှင့်နေရသည့်ပြင် ထမင်းချက်၊ စားပွဲထိုး၊ မော်တော်ကားမောင်းသူ၊ ခြံစောင့်များလည်း ပေးထားသေးသည်။
နယ်ချဲ့ဗြိတိသျှအရင်းရှင် အစိုးရသည် ဤသို့ ဖိနှိပ်သွေးစုပ် ချယ်လှယ်နေသည်ကို အားမရသေးဘဲ ၁၉၃၈ခုထဲတွင် ဘီအိုစီကုမ္ပဏီသည် နှစ်စဉ်ပေးနေကျဖြစ်သော ဘာသာရေး အလုပ်ပိတ်ရက် (၁ဝ)ရက် အစား (၇)ရက်သို့ လျှော့ချလိုက်သည်။ ကုမ္ပဏီ၏ အဆိုအရမူ ဘာသာရေးပိတ်ရက်ကို လျှော့ချသော်လည်း လုပ်ခမပျက်ခွင့်ရက်ကို (၁ဝ)ရက်အထိ အလုပ်သမားများ လိုသည့်အခါတွင် ယူခွင့်ပြုမည်ဟု ဆိုသည်။
သို့ရာတွင် ရေနံမြေအလုပ်သမားများသည် တစ်နှစ်လျှင် ဘာသာရေးခွင့် (၁ဝ)ရက်နှင့် လစာမပျက် ခွင့်ရက် (၂ဝ)ပင် မရရှိသည် တစ်ကြောင်း၊ အလုပ်သမားများမှာ ဘာသာရေးပိတ်ရက် (၁၀)ရက်ကို မူလရရှိပြီးသား အခွင့်အရေးဖြစ်ပါလျက် ယခုမူ မတရားလျှော့ချခံရခြင်း ဖြစ်သည်တစ်ကြောင်း၊ ဤကဲ့သို့ ဘာသာရေးရက်များကို အကြောင်းမဲ့ လျှော့ချလိုက်ခြင်းသည် ဘာသာရေးအရ ဖိနှိပ်ခြင်း ဖြစ်သည်။ လူမျိုးပျောက်၊ ဘာသာပျောက်အောင် ဖန်တီးခြင်းဖြစ်သည်ဟု ယူဆကြသည်တစ်ကြောင်းကြောင့်လုပ်သားထုအစည်းအဝေးကျင်းပ၍အပြင်းအထန် ကန့်ကွက်အရေး ဆိုခဲ့ကြလေသည်။
ထို့ပြင် ဘီအိုစီကုမ္ပဏီ စာရေးစာချီများ ရရှိခံစားနေသည့်အတိုင်း တစ်နှစ်လျှင် ဘာသာရေးခွင့်ရက် (၁ဝ)ရက်၊ လစာမပျက်ခွင့်ရက် (၂ဝ) စုစုပေါင်း (၃ဝ)ခွင့်ပြုရန်နှင့် အစိုးရ၊ ကုမ္ပဏီ၊ အလုပ်သမားကိုယ်စားလှယ် ပါဝင်သောအဖွဲ့က အုပ်ချုပ်ရန် တောင်းဆိုကြသည်။ သို့သော် ဘီအိုစီကုမ္ပဏီက လိုက်လျောခြင်း မရှိခဲ့ချေ။
ဤအတောအတွင်း ရေနံမြေလုပ်သားထုက ဘီအိုစီကုမ္ပဏီသို့ တောင်းဆိုချက် (၁၂)ချက်ကို တင်သွင်း တောင်းဆိုကြသည်။ မလိုက်လျောပါက ပြင်းထန်စွာ တိုက်ပွဲဝင်မည့်အကြောင်း ဆန္ဒပြသည့် အနေဖြင့် စတိ သပိတ် (၃)ရက် မှောက်ကြသည်။
တောင်းဆိုချက် (၁၂)ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အလုပ်သမားတန်းလျား နေအိမ်များကို နေလောက်အောင် ဆောင်ရွက်ပေးရန်။
(၂) အလုပ်သမားတန်းလျားများကို လျှပ်စစ်မီးများ တပ်ဆင်ပေးရန်။
(၃) အလုပ်သမားတန်းလျားနှင့် ရပ်ကွက်များ၌ သောက်သုံးရေ လုံလောက်စွာပေးရန်။
(၄) အလုပ်သမား သားသမီးများကို အခမဲ့ပညာသင်ကြားပေးရန်နှင့် ကျောင်းများပြည့်စုံစွာ ဆောက်လုပ်ပေးရန်။
(၅) အလုပ်သမားများ၏ ဇနီးသားမယားများ၏ ကိုယ်ဝန်ဆောင်ကို ဆေးရုံဆရာဝန်က ဂရုစိုက်အချိန်ပြည့် စောင့်ရှောက်ကုသပေးရန်နှင့် ဆေးရုံတက်ခွင့်ပေးရန်။
(၆) အလုပ်သမားများအား လစာမပျက် နှစ်ပတ်လည် ခွင့်ရက်များ ပေးရန်။
(၇) အလုပ်ဌာနတိုင်း အလုပ်ခွင်တိုင်း၌ သောက်သုံးရေများ လုံလောက်အောင် ထားပေးရန်၊ ထမင်းစားခန်းများ ထားပေးရန်။
(၈) အလုပ်သမားများ အပန်းဖြေနိုင်ရန်နှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နိုင်ရန် အလုပ်သမားရိပ်သာများ ဆောက်လုပ်ထားပေးရန်။
(၉) အလုပ်သမားများ ကျန်းမာရေးအခြေအနေအရ နေထိုင်မကောင်းသည့်အခါ ဆေးရုံတက်နေစဉ် လစာမပျက် ခွင့်ရက်ပေးရန်။
(၁ဝ) ခွင့်သွားသောအလုပ်သမားနေရာတွင် အလုပ်ခွင်ရှိ အလုပ်သမား တက်ရောက် လုပ်ကိုင်ခွင့်ပေးရန်နှင့် ခွင့်ယူသွားသော အလုပ်သမား၏ လစာအဆင့်အတန်း (Acting Pay) အတိုင်းပေးရန်။
(၁၁) အလုပ်ခွင်တွင် အလုပ်လုပ်နေသော အလုပ်သမား သေဆုံးသွားပါက သို့မဟုတ် အလုပ်မှ နုတ်ထွက်သွားပါက အပြင်လူများ မခန့်ထားဘဲ အလုပ်ခွင်တွင်းမှ အလုပ်သမားများကို လုပ်သက် အရည်အချင်းအလိုက် ခန့်ထားပေးရန်။
(၁၂) အစည်းအရုံးဝင် အလုပ်သမားများကို မတရားနှိပ်စက်ညှင်းပန်းခြင်း၊ ဖိနှိပ်ခြင်းမပြုလုပ်ရန်တို့ ဖြစ်သည်။
အထက်ပါ တောင်းဆိုချက် (၁၂)ချက်အနက် ဘီအိုစီကုမ္ပဏီက (၃)ချက်သာ လိုက်လျောပြီး ကျန်အချက်များကို မလိုက်လျောခဲ့ချေ။ သို့ဖြင့် ၁၉၃၈ခု၊ ဇန်နဝါရီလ (၈)ရက် (စနေနေ့)တွင် စတင်၍ ချောက်ရေနံမြေသပိတ်ကြီးမှောက်လေသည်။ ဤသပိတ်ကား မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် မေ့ပျောက်၍ မရသည့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး ဖြစ်လေသည်။ ဤသပိတ်မှာ အနှစ်နှစ်အလလက ဖိနှိပ်ညှင်းပန်းမှုများကြောင့် အုံကြွပေါက်ကွဲလာသော သပိတ်ကြီး ဖြစ်သည်။ သပိတ်သည် (၁၁)လမျှသာ ကြာသည့်တိုင် ပြေလည်မှု မရခဲ့ပေ။ ထို့ကြောင့် သပိတ်မှောက်ရေနံလုပ်သားထုက ရန်ကုန်အရောက် ခြေကျင်ချီတက်၍ အရေးဆိုသည့်နည်းဖြင့် ဆက်လက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ကြပြီး ၁၉၃၈ခု၊ နိုဝင်ဘာ (၃ဝ)ရက်နေ့တွင် ချောက်မြို့မှ ရေနံလုပ်သားတပ်ကြီး စတင်ချီတက်သည်။ အာဠာဝက သခင်ဖိုးလှကြီး ဦးဆောင်သော အလုပ်သမား ခေါင်းဆောင်များ၊ သခင်များက ဦးဆောင်ကာ ချီတက်ကြရာ ၁၉၃၈ခု၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် မကွေးမြို့သို့ရောက်သည်။ ချောက်မှ စထွက်စဉ် ရေနံတပ်သား တစ်ထောင်ကျော်မျှသာ ရှိသော်လည်း မကွေးသို့ရောက်သောအခါ ရေနံတပ်သားပေါင်း (၁၅ဝဝ)ခန့်အထိ တိုးလာသည်။ ရေနံလုပ်သားတပ်ကြီး မကွေးတွင် တပ်စခန်းချနေစဉ် တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ မကွေးသို့ရောက်လာပြီး အလုပ်သမားခေါင်းဆောင်များနှင့် ပူးပေါင်းကာ တရားပွဲများ ကျင်းပကြသည်။ ရေနံတပ်ကြီး ရန်ကုန်အရောက် အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ရေးအတွက် လုံးပမ်းကြသည်။ အစိုးရဘက်မှလည်း ရေနံတပ်ကြီး ရန်ကုန်သို့ ဆက်လက်ချီမတက်နိုင်ရန် အောက်ပါနည်းများဖြင့် ကြိုးစားကြသည်။ အလုပ်သမားခေါင်းဆောင်များ၊ သခင်ခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ ဥပဒေဖြင့် တားမြစ်ခြင်း၊ ပုလိပ်တပ်ဖွဲ့ဖြင့် ဟန့်တားခြင်း၊ ဖျောင်းဖျပြောဆိုခြင်းတို့ ဖြစ်သည်။ ထိုသို့ အစိုးရက အမျိုးမျိုး ဟန့်တားဖိနှိပ်သည့်ကြားမှပင် ၁၉၃၈ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ရေနံတပ်ကြီးသည် မကွေးမြို့မှ ရန်ကုန်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။
ရေနံတပ်ကြီး မကွေးမှချီတက်လာရာ ၁၉၃၈ခု၊ ဒီဇင်ဘာလ (၂ဝ)ရက်နေ့တွင် ပြည်မြို့သို့ ရောက်သည်။ ရေနံတပ်ကြီး ပြည်မြို့သို့ရောက်သည့်နေ့တွင် ရန်ကုန်၌ တတိယ တက္ကသိုလ်ကျောင်းသား သပိတ်ဖြစ်ပွားသည်။ မကွေးမြို့ရောက် ရေနံတပ်ကြီးကို တရားဟောသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုဗဟိန်းနှင့် ကိုဗဆွေတို့ မကွေးတွင် အဖမ်းခံရပြီး ထောင်နှစ်နှစ်အပြစ်ပေးခံရသည်ကို မကျေနပ်၍ တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ကာ ရန်ကုန်ရှိကျောင်းသားများကအတွင်းဝန်များရုံးကြီးကို ဝိုင်းကြသည်။ သပိတ်မှောက်ကျောင်းသားထုက မကွေးတွင်အဖမ်းခံရသောကျောင်းသားခေါင်းဆောင်များအမြန်လွှတ်ပေးရေး၊ ရေနံသပိတ်၏တောင်း ဆိုချက်များလိုက်လျောရေး၊ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများရုပ်သိမ်းရေးတို့ကို တောင်းဆိုဆန္ဒပြ ကြသည်။ ယင်းကျောင်းသားသပိတ်ကို နယ်ချဲ့အစိုးရက ရက်စက်စွာ နံပါတ်တုတ်များဖြင့်ရိုက်၊ မြင်းနှင့်တိုက်၍ လူစုခွဲသဖြင့် ကျောင်းသားအချို့ ဒဏ်ရာရပြီး ဂျပ်ဆင်ကောလိပ်ကျောင်းသား ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည်။ထိုအခါတစ်နိုင်ငံလုံးရှိကျောင်းသားများကပါ သပိတ်မှောက်သော ကြောင့် အထွေထွေကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့သည်။
ရေနံတပ်ကြီးက ရန်ကုန်သို့ ချီတက်နေစဉ် ရန်ကုန်၌ ကျောင်းသားများ သပိတ်မှောက်နေစဉ် အတွင်းမှာပင် ပဲခူး၊ ဖြူး၊ လှည်းကူး၊ ဝေါ၊ သထုံ၊ သနပ်ပင်၊ သာယာဝတီ၊ အင်းစိန်တို့မှ တောင်သူလယ်သမားများကလည်း ယင်းမြို့တို့၏ နစ်နာချက်များ တင်ပြရန်နှင့် ရေနံလုပ်သားတို့၏ သပိတ်ကိုကူရန် ရန်ကုန်သို့ ချီတက်လာကြသည်။ ချောက်မှချီတက်လာသော ရေနံတပ်နှင့် တောင်သူလယ်သမားတပ်တို့သည် ၁၉၃၉ခု၊ ဇန်နဝါရီလ (၈)ရက်နေ့တွင် ရန်ကုန်သို့ တစ်နေ့တည်းအတူ ဝင်ရောက်ခဲ့ကြသည်။ ရေနံတပ်ကြီးသည် ချောက်မှ ရန်ကုန်အထိ မိုင် (၄၀၀)ကျော် ခရီးကို ရက်ပေါင်း (၄၀)ဖြင့် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် အလုပ်သမား၊ တောင်သူလယ်သမားများနှင့် ကျောင်းသားများ ရန်ကုန်ရွှေတိဂုံစေတီတော်ကြီး၌ ပေါင်းစုံမိကြပြီး လူထုအစည်းအဝေးပွဲများ ကျင်းပကြသည်။ အလုပ်သမားအရေးမှစခဲ့သော ဤအရေးတော်ပုံသည် တဖြည်းဖြည်းနှင့် တောင်သူလယ်သမား၊ ကျောင်းသားနှင့် ပြည်သူလူထုပါ ပါဝင်လာပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအထိ ကျယ်ပြန့်လာသည်။ အရေးတော်ပုံအတွင်းမှာပင် ‘ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး’ နှင့် ‘ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး’ တို့ကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးကို လူတန်းစားအခြေခံဖြင့် စည်းရုံးလှုပ်ရှားလာသည်ကိုလည်း တွေ့ရသည်။
ရန်ကုန်ရွှေတိဂုံစေတီတော်တွင် လူထုအစည်းအဝေးပွဲများ ကျင်းပနေစဉ်မှာပင် ရန်ကုန်မြို့ပေါ်ရှိ စက်ရုံ၊ အလုပ်ရုံများ စတင် သပိတ်မှောက်ခဲ့ကြသည်။ ထို့နောက် တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၏ အထွေထွေသပိတ်များ ဆက်တိုက်ပေါ်ပေါက်လာသည်။ မန္တလေးတွင်လည်း ကျောင်းသားနှင့် ရဟန်းရှင်လူ အတူလက်တွဲ၍ သပိတ်တိုက်ပွဲများ ဆင်နွှဲကြသည်။ မန္တလေးသပိတ်တွင် နယ်ချဲ့အစိုးရ၏ ရက်စက်မှုကြောင့် ကျောင်းသားများနှင့် ရဟန်းရှင်လူ အာဇာနည် (၁၇)ဦး ကျဆုံးခဲ့ရသည်။ ထိုအခါ နိုင်ငံတစ်ဝန်းလုံးတွင် လူတန်းစားပေါင်းစုံ ပါဝင်သည့် သပိတ်များ ဆက်လက်ဖြစ်ပွားခဲ့သည်။
ဤသို့ဖြင့် ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကြီးဟူ၍ သမိုင်းတွင်ခဲ့လေသည်။ အရေးတော်ပုံ၏ လတ်တလော အကျိုးသက်ရောက်မှုမှာ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အလုပ်သမားနှင့် တောင်သူလယ်သမားတို့၏ နစ်နာချက်အချို့ကို ဘီအိုစီ ကုမ္ပဏီနှင့် အစိုးရတို့လိုက်လျောခဲ့ရလေသည်။ အရေးတော်ပုံကြီးကျေးဇူးကြောင့် ရေနံလုပ်သားများ၏ လုပ်အားခတိုးလာခြင်း၊တန်းလျားများကောင်းမွန်လာခြင်း၊လယ်သီးစားဥပေဒေများ ပြင်ဆင်ပေးခြင်း တို့ဖြစ်သည်။ ထို့ပြင် အရေးတော်ပုံကြီးကြောင့် ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံရေးအသိ နိုးကြားလာမှုနှင့် စည်းလုံးမှု ရရှိလာခဲ့သည်။ ဤအမျိုးသားစည်းလုံးညီညွတ်မှုနှင့် နိုင်ငံရေးနိုးကြားမှုက လွတ်လပ်ရေးအတွက် များစွာ အထောက်အကူပြုခဲ့သည်။ ထို့ကြောင့် ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံကြီးသည် အလုပ်သမားလှုပ်ရှားမှုနှင့် အရင်းရှင်နယ်ချဲ့ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သည့် လူထုအုံကြွမှုအဖြစ် ထင်ရှားလာကာ အမျိုးသားလွတ်မြောက်ရေး၏ ထင်ရှားသော သင်္ကေတတစ်ခုလည်းဖြစ်ခဲ့လေသည်။ယခုလာမည့် ၂ဝ၁၄ခုနှစ်ဇန်နဝါရီလ၈ရက်နေ့ သည်၁၃ဝဝ ပြည့်အရေးတော်ပုံကြီး၏၇၅နှစ်ဖြစ်သောကြောင့်နိုင်ငံရေးအနှစ်သာရအပြည့်အဝဖြင့် ကျင်းပရန်နိုင် ပါတီများ၊နိုင်ငံရေးအဖွဲ့ အစည်းများကပြင်ဆင်လျက်ရှိပေသည်။
----------------------------
စာကိုး
၁။ (က) ရေနံမြေသခင်ဗတင်၊ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံမှတ်တမ်း။
(ခ) မောင်သစ်လွင် (လူထု)၊ ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ၊ မန္တလေးကြီးပွားရေး ပုံနှိပ်တိုက်၊ ပကြိမ် ၁၉၆၇။
(ဂ) မြဟန်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန၊ တကြိမ် ၁၉၉၉။