လူ့အခွင့်ရေးကြောင့် နိုင်ငံသားအခွင့်ရေးများ ဆုံးရှုံးရတော့မည်လော
ဒေါက်တာဓမ္မပိယ (ITBMU)
နိုဝင်ဘာ ၂၃၊ ၂၀၁၃
ဒီမိုကရေစီအသွင်ကူးပြောင်းစ မြန်မာနိုင်ငံမှာ … ။ လူတွေဟာ လူ့အခွင့်ရေးစကားတွေကို များများပြောလာကြတယ်။ နိုင်ငံရေးအကြောင်းပြောရင်လဲ ဒီလူ့အခွင့်အရေးကို ရှေ့တန်းတင်ပြောကြတယ်။ ပညာရေး အကြောင်းကိုပြောရင်လဲ ဒီလူ့အခွင့်အရေးကိုပဲ ရှေ့တန်းတင်ပြောကြတယ်။ ဘာသာရေးအကြောင်း ပြောရင်လဲ ဒီလူ့အခွင့်အရေးအစ်ရှုးက ရှေ့တန်းမှာ ပါဝင်နေစမြဲဖြစ်တယ်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးစနိုင်ငံဖြစ်လို့ လူ့အခွင့်ရေးစကားကို များများပြောနေကြပေမဲ့ အမေရိကန် နိုင်ငံတို့လို ဒီမိုကရေစီစနစ်ကို ခိုင်မြဲစွာ ကျင့်သုံးနေတဲ့ နိုင်ငံမျိုးတွေမှာတော့ ဒီမိုကရေစီစကားကို များများ မပြောပဲ ဒီမိုကရေစီနည်းကျတဲ့ အလုပ်တွေကို များများကြိုးစားလုပ်ကိုင်နေကြတာကို သတိပြုမိခြင်းပါ။ ဒီလို ကွာခြားချက်များ ရှိနေလေတော့ လူ့အခွင့်အရေးစကား များများပြောနေတဲ့ ပြည်သူတွေကို သူတို့သိနေတဲ့ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာ သိချင်လို့ စူးစမ်းကြည့်မိတယ်။ စူးစမ်းကြည့်တဲ့အခါ လူ့အခွင့်ရေးနှင့် နိုင်ငံသားအခွင့်ရေး ဒီအရေးနှစ်ရေးကို ကွဲကွဲပြားပြားသိသူက လူအနည်းစုဖြစ်နေတာကိုတွေ့ရတယ်။
ဒီအခြေအနေများကြောင့် လူ့အခွင့်ရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးတင်ပြချင်တယ်။ လူ့အခွင့်အရေးဆိုတာ လူသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်ရေးဖြစ်ပြီး၊ ကမ္ဘာပေါ်မှာရှိတဲ့ လူသားမျိုးနွယ်ဝင်များအတွက် ဖေါင်းဒေရှင်းသဖွယ်ဖြစ်တဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ လူသားများရသင့်၊ ရထိုက်တဲ့ အခွင့်အရေးကို ပြောဆိုခြင်းဖြစ်တယ်။ ဒီလိုအခွင့်အရေးမျိုးကို အများက ဟယူးမင်း ရိုက်တ် (Human Rights) (လူ့အခွင့်ရေး)လို့ ခေါ်ဝေါ်သုံးစွဲ ပြောဆိုကြတယ်။ ဒီလူ့အခွင့်ရေးကို ကျင့်သုံးရာမှာ ဆင်းရဲလို့၊ ချမ်းသာလို့၊ ရာထူးရှိလို့၊ ရာထူးမဲ့လို့ စသည်ဖြင့် ကွဲပြားခြားနားမှုမရှိစေပဲ လူတိုင်းလူတိုင်း တန်းတူရပိုင်ခွင့်ရှိတဲ့ အခွင့်ရေးမျိုးဆိုတာကို ပြည်သူများ သိထားဖို့လိုတယ်။
ဒါကလဲ ကုလသမဂ္ဂအဖွဲ့ကြီက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေး ကျေညာစာတမ်းကို နိုင်ငံတကာက ကိုးကားပြီး ပြောဆိုနေကြခြင်းဖြစ်တယ်။ ထိုလူ့အခွင့်ရေး ကျေညာစာတမ်း အပိုဒ် (၁၅)မှာ ဖွင့်ဆိုထားတာက - ̏လူတိုင်းသည် နိုင်ငံတစ်ခုရဲ့ နိုင်ငံသား (တိုင်းရင်းသား) အဖြစ်ကို ခံယူခွင့်ရှိသည်။ အခြားနိုင်ငံတစ်ခု၏ နိုင်ငံးသား (တိုင်းရင်းသား) ဖြစ်လိုကလည်း သင့်အား မည်သူမျှ ပိတ်ပင်တားဆီးခြင်း မပြုနိုင်˝တဲ့။ (Article 15. Everyone has the right to a nationality. No one shall be arbitrarily deprived of his nationality nor denied the right to change his nationality.) သေသေချာချာ ဖတ်ကြည့်ရင် သိပ်ကို ကောင်းမွန်တဲ့ နိုင်ငံရေးသီအိုရီဖြစ်ပြီး လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကို အလေးအနက် ဖေါ်ညွှန်းပြဆိုထားခြင်းဖြစ်တယ်။ သို့သော် ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကို လူတိုင်း (သို့မဟုတ်) နိုင်ငံတိုင်းက လက်ခံကျင့်သုံး ကြသလားလို့ မေးသူရှိလာခဲ့ရင် အဖြေက ̏Yes˝ နှင့် ̏No˝ တစ်မျိုးမျိုး ဖြစ်မှာပါ။
ဥပမာ၊ မလေးရှားနိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာ မြန်မာနိုင်ငံမှ အလုပ်သမား အကျဉ်းသားဦးရေပေါင်း (ဂ၀၀)ကျော်ထိ ရှိနေသေးကြောင်း သီတဂူ မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအဖွဲ့ဝင်တစ်ဦးအား အင်တာဗျူးလုပ်တဲ့အခါက ကြားလိုက်ရခြင်းပါ။ ထိုအကျဉ်းသားများဟာ လူသတ်မှု၊ ခိုးမှုစသော ပြစ်မှုများ ကျုးလွန်၍ ထောင်ထဲသို့ ကျရောက်ရခြင်းမျိုးမဟုတ်ပဲ ̏အိုဗာစတေး˝ (ထိုနိုင်ငံအတွင်း၌ နေခွင့်ပါမစ် ကုန်ဆုံးသွားခြင်း) ကြောင့် ထောင်ထဲကျရောက်နေရခြင်းပါ။ အလားတူပင် စင်္ကာနိုင်ငံမှာနေတဲ့သူများ (သို့မဟုတ်) အလုပ်လုပ်နေသူများ ̏အိုဗာစတေး˝ ဖြစ်သွား၍ ကျောပြင်၌ တစ်သက်မပျောက်နိုင်တဲ့ ကြိမ်ဒဏ် နှစ်ချက် (ပထမအကြိမ်)၊ ကြိမ်ဒဏ်လေးချက် (ဒုတိယအကြိမ်) အရိုက်ခံရခြင်းပါ။ ထိုအပြစ်ဒဏ်ပေးခံရခြင်း၏ အကြောင်းရင်းကို စိစစ်ကြည့်တဲ့အခါ လူသားတိုင်းသည် (သို့မဟုတ်) နိုင်ငံသားတိုင်းသည် ထိုလူ့အခွင့် ရေးကျေညာစာတမ်းကို ကမ္ဘာ့လူသားများအတွက် ကောင်းမွန်စွာ လိုက်နာခြင်းမရှိသည်ကို တွေ့မြင်နေရခြင်းပါ။
ထိုလူ့အခွင့်အရေး ကြေညာစာတမ်းအရ ရွှေမြန်မာတို့အတွက် ̏အခြားနိုင်ငံတစ်ခု၏ နိုင်ငံးသားဖြစ်လို ကလည်း သင့်အား မည်သူမျှ ပိတ်ပင်တားဆီးခြင်း မပြုနိုင်˝ဆိုတဲ့ အဆိုအတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင် ထိုနိုင်ငံများ၌ ထောင်ထဲသို့ ကျရောက်ဖို့လဲ အကြောင်းမရှိ၊ ရွှေမြန်မာတို့ရဲ့ကျောပြင်၌ ကြိမ်ဒဏ်များ ကျရောက်လာနိုင်စရာ အကြောင်းလည်းမရှိ။ ဒီလောက်တော့ သိထားနိုင်ကြဖို့ပါ။ ထိုနိုင်ငံများ၌ မြန်မာနိုင်ငံ သားတို့အတွက် နိုင်ငံသားဖြစ်နိုင်ဖို့ နေနေသာသာ ကြိမ်ဒဏ်ခံရသူက ခံရ၊ ထောင်ထဲကျသူက ကျနှင့် ဆုံးရှုံးလိုက်တဲ့ လူ့အခွင့်အရေးတွေ။ ဒီအဖြစ်တွေကို ဘယ်သူတွေက ကယ်လို့၊ ဘယ်သူတွေကို သံတော်ဦး တင်ရမယ်ဆိုတာ ရွှေမြန်မာတို့အတွက်ေ၀၀ါးနေဆဲပါ။ ဤကဲ့သို့ လူ့အခွင့်အရေးများ ဆုံးရှုံးနေမှုအတွက် ဘယ်သူတွေကမှားလို့ ဘယ်မူတွေကို ထောက်ပြသင့်တယ်ဆိုတာ လူ့အခွင့်ရေးအဖွဲ့ကြီးကို မေးခွန်းပေါင်း များစွာဖြင့် မေးခွန်းထုတ်လိုခြင်းပါ။
နောက်တစ်ခု ဥပမာပြုချင်တာက အမေရိကန်နိုင်ငံနှင့် လူ့အခွင့်အရေးစနစ်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့လူတွေ အမေရိကန်နိုင်ငံကို အလည်သွားချင်သူ၊ နေဖို့အခွင့်အရေး ရမယ်ဆိုရင် နေချင်သူတွေက ဒုနှင့်ဒေးပါ။ အမေရိကန်ကို ရောက်လာသူတိုင်း၊ သို့မဟုတ် နေချင်သူတိုင်းကို အမေရိကန်အစိုးရက နေခွင့်ပါမစ် (Green Card)ကို ထုတ်ပေးသလားလို့ မေးခဲ့ရင် အဖြေက ̏No˝ ဆိုတဲ့အဖြေပါ။ ဒီလိုဆိုရင် အမေရိကန်နိုင်ငံ ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ကျေညာထားတဲ့ လူ့အခွင်းအရေး ကျေညာစာတမ်းကို မလိုက်နာကြဘူးလားလို့ မေးလာခဲ့ရင် ̏No˝လို့ပဲ ဖြေရမှာပါ။
တကယ်ဆိုရင် လူ့အခွင့်ရေးနှင့်ပတ်သက်ပြီး စကားပြောလာကြရင် ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံကို စံထားပြီး ပြောဆိုကြရခြင်းပါ။ ဒီလိုဆိုရင် အမေရိကန်နိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်များဟာ လူအခွင့်အရေး ကျေညာစာတမ်း အပိုဒ် (၁၅)ကို ဖတ်မထားကြဘူးလားလို့ မေးလာခဲ့ရင် ဖတ်ရုံတင်မကဘူး၊ ခေါင်းထဲမှာ စွဲမြဲနေအောင် မှတ်ထားကြသူတွေ ဖြစ်မှာပါလို့ ဒီလိုပဲ ဖြေကြရမှာပါ။ ဒီလိုဆို အပိုဒ် (၁၅)မှာ ဖေါ်ပြထားတဲ့တိုင်း အမေရိကန်နိုင်ငံကို ရောက်လာပြီး၊ အမေရိကန်နိုင်ငံမှာ နေချင်သူတိုင်းကို ဘာကြောင့် နိုင်ငံသားဖြစ်ခွင့် မပေး နိုင်ကြသလဲ။ မေးသူများလဲ ရှိနေခြင်းပါ။
အဖြေကား အမေရိကန်နိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်များသည် နိုင်ငံသားအခွင့်အရေးကို လူ့အခွင့် အရေးထက် ပို၍ အလေးထားသောကြောင့် အမေရိကန်နိုင်ငံအတွင်း ရောက်လားသူတိုင်းကို အမြဲနေခွင့်ကဒ် (Green Card)၊ နိုင်ငံသားကဒ် (Citizenship Card) ကို လူတိုင်းအား ထုတ်မပေးခြင်းဖြစ်သည်ဟု နားလည် နိုင်ဖို့ပါ။ တိုင်းပြည်နှင့် လူမျိုးအတွက် နေရာတိုင်းမှာ လူ့အခွင့်အရေးချည်း ကြည့်နေ၍ မရနိုင်ပါ။ နိုင်ငံသား အခွင့်အရေးနှင့် နှိုင်းယှဉ်လာလျှင် အမျှော်အမြင်ကြီးသော နိုင်ငံခေါင်းဆောင်များသည် ပါးပါနပ်နပ်ဖြင့် နိုင်ငံနှင့် လူမျိုးအတွက် အလေးထား၍ စဉ်းစားပေးကြရခြင်းပါ။ ထိုသို့ပြုလုပ်ပေးရမည့်တာဝန်မှာ တိုင်းပြည်က လေးစား သော နိုင်ငံခေါင်းဆောင်များ ပြုလုပ်ပေးလေ့၊ ပြုလုပ်ပေးထရှိတဲ့ အလေ့အကျင့်ကောင်းတစ်ခုဆိုတာ ထိပ်တန်း ရောက် ကမ္ဘာ့ခေါင်းဆောင်များသာ သိနိုင်တဲ့ နိုင်ငံရေးလျှို့ဝှက်ချက်တစ်ခုလို့ ဆိုရမှာပါ။
စီတီဇင် ရိုက်တ်စ် (Citizen Rights) သို့မဟုတ် စီဗီးလ် ရိုက်တ်စ် (Civil Rights) ဆိုတာ ဘာကို ပြောပါလိမ့်။ ဒါလဲ သိသင့်တဲ့အချက်ပါ။ နိုင်ငံသားအခွင့်အရေးကို စီတီဇင် ရိုက်တ်စ် ဆိုတဲ့အနေနှင့် ခေါ်ဝေါ် သုံးနှုံးထားခြင်းပါ။ ဆိုလိုတာက နိုင်ငံသားတိုင်း ရရှိထားသင့်တဲ့ အထူးအခွင့်အရေးမျိုးပါ။ ဥပမာ၊ နိုင်ငံတိုင်းတွင် နိုင်ငံသားတိုင်း ကိုယ့်နိုင်ငံအတွင်း၌ နေကြရာဝယ် အကြောက်တရားကင်းမဲ့စွာဖြင့် လုံလုံခြုံခြုံနေနိုင်ဖို့ နိုင်ငံတော်အစိုးရက ဥပဒေများကို ပြဌာန်း၍ ကာကွယ်ပေးခြင်း၊ လူနေမှုဘ၀များ စိတ်ချလုံခြုံပြီး၊ လူနေမှုအဆင့်အတန်းများ မြင့်မားအောင် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ နိုင်ငံသားများအတွက် ဘ၀အာမခံချက်ရှိသော ပညာရေးစနစ်များကို ဥပဒေပြု၍ ပြဌာန်းပေးခြင်း၊ လူ့အခွင့်အရေထက် နိုင်ငံသားအခွင့်ရေးကို ဦးစားပေးဆောင်ရွက်ပေးခြင်း စသော နိုင်ငံသားတစ်ယောက် ရသင့်၊ ရထိုက်သော အခွင့်အရေးမျိုးကို နိုင်ငံသားအခွင့်အရေးဟု သိထားနိုင်ကြဖို့ပါ။
သို့သော် ယခုအခါ၌ ဘူးသီးတောင်၊ မောင်တောဒေသများနှင့် ရခိုင်ပြည်နယ်ဒေသ အတော်များများ၌ နိုင်ငံသားများသည် ကိုယ့်ဌာနေသို့ ကိုယ်မပြန်ရဲလောက်အောင် အကြောက်တရားနှင့်နေရခြင်း၊ လူနေမှု ဘ၀များ လုံခြုံမှုမရှိခြင်း။ ဒီမိုကရေစီစနစ်မို့ ဘ၀အဆင့်တန်းများ မြင့်ဖို့နေနေသာသာ ကိုယ်ပိုင်ဆိုင်ထားသော အိုးအိမ်များပေါ်မှာပင် ပြန်၍မနေရဲခြင်း၊ ကိုယ်ပိုင်ဆိုင်ထားသော လယ်ယာမြေများပေါ်မှာလဲ ပြန်၍ မထွန်ယက် မစိုက်ပျိုးရဲပဲ ရှိနေခြင်းပါ။ ထိုကြောင့် ဖြစ်ဖြစ်ခဲ့သမျှသော အကြောင်းတွေဟာ ရခိုင်ပြည်သူတို့ရဲ့ ကံကြမ္မာပဲလို့ ဆိုရတော့မှာလား။ သို့မဟုတ် မဆုံးရှုံးသင့်တဲ့ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေခြင်းလို့ ဆိုရတော့မှာလား။ ဒါတွေကို ဝေခွဲနိုင်အောင် နိုင်ငံတ်ာအကြီးအကဲများအား ထိုအဖြစ်မှန်များကို သိရှိနားလည်းအောင် သံတော်ဦး တင်ရမည်လော။ သို့မဟုတ် ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီးထံ အစီရင်ခံရမည်လောဆိုတာ အမျိုးချစ်သူများ၊ နိုင်ငံချစ်သူများ ကူညီဝိုင်းလို့ ကယ်မတော်မူကြပါလို့သာ ဟစ်အော်လိုက်ချင်စမ်းပါဘိ။
ဖြစ်သင့်တာကတော့ ရခိုင်ဌာနေ ပြည်သူများအားလုံးအတွက် (ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများ၊ မြန်မာမူစလင်များ၊ မြန်မာဟိန္ဒူဘာသာဝင်များ၊ ဌာနေရခိုင်တိုင်းရင်းသားများအပါအ၀င်၊ ထိုသူများအတွက်) နိုင်ငံတော်မှ အထူးစီမံကိန်းများ ချမှတ်လျက် ပြည်သူများရဲ့ဘ၀များ လုံခြုံမှုရှိအောင်၊ မိမိတို့ မွေးဖွားရာဒေသ များ၌ အကြောက်တရား ကင်းရှင်းစွာဖြင့် နေနိုင်အောင် ဆောင်ရွက်ပေးဖို့ အထူးပင် လိုအပ်လျှက်ရှိကြောင်း တိုက်တွန်းပြောကြားလိုခြင်းပါ။
ဒီမိုကရေစီစနစ်ဆိုတာ အကြောက်တရားကင်းဝေးအောင် ဆောင်ရွက်ပေးတဲ့စနစ်ပါ။ အကြောက် တရားတွေကို တိုးပွားအောင် ဖန်တီးပေးတဲ့ စနစ်မဟုတ်ပါ။ ဒီမိုကရေစီစနစ်ဆိုတာ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ မျှတမှုရှိ၊ မရှိကို ပြည်သူလုထုအတွက် တိုင်းပြည်ခေါင်းဆောင်များက ဝေဖန်သုံးသပ်နိုင်ဖို့ပါ။ ကန့်ကွက်သူမရှိပါက အတည်ပြု။ ကန့်ကွက်သူရှိလာပါက မဲနှင့်ဆုံးဖြတ်။ ဒီပရိုစီးဂျားအတိုင်း ဆောင်ရွက် နိုင်ကြဖို့ပါ။ အသက်ငင်နေတဲ့ ရခိုင်ပြည်သူများအတွက် တာဝန်ရှိသူများက ခေါင်ဆောင်ပီပီ တိုင်းပြည်အတွက် အလုပ်မလုပ်နိုင်ကြဘူးဆိုလျှင် သင်တော်သောနေရာမှာ သဘောထားကြီးကြီးဖြင့် နေထိုင်နိုင်ကြဖို့ပါ။
စာရေးသူအမြင်ကတော့ ဒီမိုကရေစနစ်ကို ကျင့်သုံးခါမှ အအိပ်ကောင်းခြင်းမအိပ်ရ၊ အစားကောင်းခြင်း မစားရ။ ဤကဲ့သို့ ဖြစ်နေခြင်းအတွက် တိုင်းပြည်အုပ်ချုပ်ရေးစနစ်မှာ တစ်ခုခုတော့ လွဲချော်နေပြီဟု ထင်မြင် သုံးသပ်မိခြင်းပါ။ နောက်တစ်ခု စာရေးသူ ရှုမြင်သုံးသပ်မိသည်မှာ နိုင်ငံသားအခွင့်ရေးကို လူ့အခွင့်ရေးနှင့် တန်းတူထား၍ ကျင့်သုံးနေသမျှကာလပတ်လုံး ပြည်သူတွေရဲ့ရင်မှာ ကိန်းအောင်းနေတဲ့ အကြောက်တရား ဆိုတာ ဘယ်သောခါမှ ကင်းဝေးနိုင်မည်မဟုတ်ပါ။ ဒီအချက်ဟာ စာရေးသူတစ်ဦးတည်း ယုံကြည်ထားတဲ့ ယုံကြည်မှုမျိုး မဟုတ်ပဲ၊ ရခိုင်ပြည်သူတွေအပြင် နိုင်ငံသားများအားလုံးက ယုံကြည်ထားတဲ့ ယုံကြည်ချက် ဆိုတာ ရဟန်းရှင်လူ ပြည်သူများအားလုံး သိပြီးဖြစ်မှာပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။