Than Win Hlaing - U Ne Win 5







အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း - အပိုင်း(၅)
သန်းဝင်းလှိုင် ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၃
ပထစ အစိုးရအကြပ်အတည်း
            ထို့နောက် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါလီမန် ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ မဲဆန္ဒနယ် ၂၅ဝ ရှိသည့်အနက် သန့်ရှင်းဖဆပလ က ၂ဝ၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တည်မြဲ ဖဆပလ က ၃၉ နေရာ အနိုင်ရရှိခဲ့သည်။ ပမညတသည် ရေးမြို့ တစ်နေရာသာ အနိုင်ရရှိခဲ့သည်။
            ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် သန့်ရှင်းဖဆပလ အဖွဲ့ချုပ်သည် မတ်လ ၁၇ ရက်နေ့၌ ပြည်လုံးကျွတ်ညီလာခံ ကျင်းပပြီး ဥက္ကဌ ဦးနုက “ဒီမိုကရေစီဘဝ ထူထောင်ရေးဟာ ကျွန်တော်တို့အတွက် အဓိက အရေးဆိုတာ ထင်ရှားစေချင်တဲ့အတွက်  ဖဆပလ အဖွဲ့ဟောင်းကို ဖျက်သိမ်းပြီး ပြည်ထောင်စု အဖွဲ့သစ်ကို ကျွန်တော်တို့ ဖွဲ့စည်းခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ သန့်ရှင်း ဖဆပလ အဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့ (ပထစ) ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။
            ထို့နောက် ဝန်ကြီးချုပ် ဦးနုသည် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ်အတွင်း ပြောကြားခဲ့သော “မိမိသာ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကို အနိုင်ရခဲ့လျှင် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်ပေးမယ်” ဟူ၍ ကတိပြုသည့်အတိုင်း ဝန်ကြီး အစည်းအဝေးတစ်ခု၌ အောက်ပါအတိုင်း ပြောကြားခဲ့သည်။ -
(၁) ယခုအခါမှာဆိုလျှင် လွှတ်တော်တစ်ခုလုံး၏ အမတ်ဦးရေ သုံးပုံနှစ်ပုံကျော်သည် အစိုးရ၏ လက်ထဲတွင် ရှိနေကြောင်း၊ ထိုကဲ့သို့ ရှိနေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ယခုအချိန်သည် အကောင်းဆုံးအချိန်ပင်ဖြစ်ကြောင်း၊
(၂) ဤကဲ့သို့ အကောင်းဆုံးအချိန် ဖြစ်နေသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ချင် ပါသလဲဟု ပြည်နယ်အစိုးရ အဖွဲ့များကို မေးချင်ကြောင်း၊
(၃) ပြည်နယ်အစိုးရအဖွဲ့များက တင်ပြသော အဆိုပြုလွှာများကို ရှေးဦးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် နှီးနှောဖလှယ်ပွဲ (Seminar) ခေါ်ယူ၍ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များ ၊ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ၊ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်များကိုပါ ဖိတ်ကြားမည်ဖြစ်ကြောင်း၊
(၄) ယင်းနှီးနှောဖလှယ်ပွဲတွင် မိသားစုများ ဆွေးနွေးတင်ပြသည့်အတိုင်း ဆွေးနွေး၍ အများသဘောတူ လက်ခံနိုင်မည့် အဆိုများကို ရွေးချယ်ကာ အကောင်အထည် ဖော်ပေးမည်။ အဖြေရှာ၍ မရသေးသည့် အဆိုများကို ဆက်လက် ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း၊
            ဤအတိုင်း လုပ်ပေးလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ယခုထက်ပို၍ စည်းလုံး ညီညွတ်လာမည်ဟု မိမိယုံကြည်ကြောင်း၊ မိမိနိုင်ငံရေးလောကက မထွက်သွားခင် အမျိုးသား ညီညွတ်ရေး လုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက်သွားချင်သည်ဟူ၍ ၀န်ကြီးချုပ် ဦးနုက တင်ပြသွားခဲ့လေသည်။ ၀န်ကြီးချုပ် ဦးနု၏ တင်ပြခဲ့သည့် အချက် (၄) ချက်စလုံးကို ဝန်ကြီးများ အားလုံးက သဘောတူခဲ့သောကြောင့် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲအတွက် လိုအပ်သည့် အစီအစဉ်များပြုလုပ်ရန် တရားရေးဌာနဝန်ကြီး ဒေါက်တာဧမောင်ကို တာဝန်လွှဲအပ်ခဲ့သည်။
            ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး အဖွဲ့အစည်းကို ကျင်းပ၍ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ရေးဆွဲတင်သွင်းသော ဖက်ဒရယ်မူကိစ္စကို ပြည်သူ့လွှတ်တော်တွင် မဆွေးနွေးဘဲ အမျိုးသားညီလာခံ၌ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။
            ထို့ကြောင့် ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်၌ ပြည်ထောင်စုမူ ဆွေးနွေးပွဲကြီးကို စတင်ကျင်းပကြသည်။
            ထိုဆွေးနွေးပွဲတွင် ၀န်ကြီးချုပ်ဦးနုက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲသို့ နိုင်ငံတော်အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာဘဦး (သမ္မတဟောင်း)၊ ဦးသိမ်းမောင်၊ ဦးစံညွှန့် နှင့် ဦးချစ်သောင်း၊ ပထစမှ သခင်တင်၊ ဒေါက်တာဦးဧမောင်၊ ဗိုလ်တင်မောင်ကြီး၊ ဦးစောလူးလူ၊ ဦးဘမောင်နှင့် ဦးချစ်ဖေ၊ တည်မြဲဖဆပလမှ ဦးကျော်ငြိမ်း၊ မန်းမြစိန်၊ သခင်သာခင်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးရှိန်ထန်း၊ ပမညတမှ ဝိဓူရသခင်ချစ်မောင်၊ ဗိုလ်မြသွေး၊ ဗိုလ်အောင်နိုင်၊ ဦးထွန်းအောင်ကျော်၊ ဦးကျော်ငြိမ်းနှင့် ဦးအောင်မြင်တို့ တက်ရောက်ခဲ့သလို ပြည်နယ်ကိုယ်စားလှယ်များကလည်း မိမိတို့ တိုင်းရင်းသား ရိုးရာဝတ်စုံများကို ၀တ်ဆင်၍ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ် ဦးနု၏ အဖွင့်မိန့်ခွန်း
         ဖက်ဒရယ်မူ ဆွေးနွေးပွဲ အခမ်းအနားအစီအစဉ်ကို အခမ်းအနားမှူး ပါလီမန်အတွင်းဝန် ဦးသိန်းစိန်က ကြေညာပြီးနောက် အခမ်းအနား အစီအစဉ် (၃) အရ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက မိန့်ခွန်းပြောကြားရာတွင် …
            “လူကြီးမင်းများခင်ဗျား… ဒီကနေ့ ဒီနေရာမှာ ကျွန်တော်တို့ စုဝေးကြတာဟာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က တင်ပြတဲ့ ဖက်ဒရယ်မူကို ဆွေးနွေးကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမူနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားတယ်ဆိုတာကို ထုတ်ဖော်ပြောပြဖို့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။
            ဒါပေမဲ့ ကျွန်တော်ပြောပြဖို့ အချိန် မရောက်သေးတဲ့အတွက် ကျွန်တော့်သဘောထားကို ဒီကနေ့ ကျွန်တော် ထုတ်ဖော်မပြောသေးပါဘူး။ ကျွန်တော်ထုတ်ဖော်ပြောဖို့ အချိန်ရောက်လာတဲ့အချိန် ကျွန်တော် ပြောပါ့မယ်။
            လူကြီးမင်းများခင်ဗျား… ဆွေးနွေးပွဲကို ကျွန်တော်တို့ ဒီလိုစီစဉ်ထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစည်းအဝေး အဖွင့်မိန့်ခွန်းကို ပြောပြီးတဲ့နောက် ရှမ်းပြည်နယ် ဥက္ကဌ စပ်ခွန်ချိုက ဖက်ဒရယ်မူကို တင်သွင်းပါလိမ့်မယ်။
            ဒီဖက်ဒရယ်မူကို (၁) ဒူးဝါးဇော်လွန်း၊ ကချင်ပြည်နယ် ကိုယ်စားလှယ်၊ (၂) ကပ္ပတိန် မန်းတုံးနုံး၊ ချင်း အထူးဝိသေသတိုင်းကိုယ်စားလှယ်၊ (၃) ဦးထွန်းမြင့် (တောင်ကြီး)၊ ရှမ်းပြည်နယ်ကိုယ်စားလှယ်၊ (၄) ဦးစိန် (ကယားပြည်နယ် ကိုယ်စားလှယ်)တို့က ထောက်ခံကြပါလိမ့်မယ်။
            ဒီမိန့်ခွန်းနှစ်ရပ်ကို ပြောကြားပြီးတဲ့နောက် ဆွေးနွေးပွဲကို မတ်လ ၁ ရက် ကြာသပတေးနေ့၊ ညနေ ၆ နာရီအထိ ရွှေ့ဆိုင်းထားပါမယ်။ ဒီလိုရွှေ့ဆိုင်းထားတာဟာ အခြားကြောင့် မဟုတ်ပါဘူး။ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး ပြည်နယ်ဥက္ကဌကြီး စပ်ခွန်ချိုနဲ့ ဒူးဝါးဇော်လွန်း၊ ကပ္ပတိန် မန်းတုံးနုံး၊ ဦးထွန်းမြင့်၊ ဦးစိန်တို့ တင်ပြ ပြောကြားသွားတဲ့ အချက်တွေကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ခေါင်းဆောင်များနဲ့၊ နိုင်ငံတော် အစိုးရ အတိုင်ပင်ခံ အဖွဲ့ဝင်များက သေသေချာချာ လေ့လာနိုင်ဖို့အတွက် အချိန်ပေးချင်တာကြောင့် ဖြစ်ပါတယ်။
လူကြီးမင်းများခင်ဗျား… မတ်လ ၁ ရက်၊ ကြာသပတေးနေ့၊ ညနေ ၆ နာရီ ဒီနေရာမှာပဲ အစည်းအဝေးကို ပြန်စတဲ့အခါ (၁) ပမညတ၊ (၂) ဖဆပလ၊ (၃) ရပလဖ၊ (၄) ပထစအဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တစ်ဦးစီက အခုဖော်ပြထားတဲ့ အစီအစဉ်အတိုင်း ဖက်ဒရယ်မူနှင့် ပတ်သက်ပြီိး ထားရှိတဲ့အဖွဲ့ရဲ့ သဘောထားများကို  တင်ပြပါလိမ့်မယ်။
ဒီနိုင်ငံရေး အဖွဲ့များရဲ့ ကိုယ်စားလှယ်များ ပြောကြားပြီးတဲ့နောက် အစိုးရအတိုင်ပင်ခံ အဖွဲ့ရဲ့ ကိုယ်စား အဂ္ဂမဟာသီရိသုဓမ္မ ဒေါက်တာ ဘဦးက အတိုင်ပင်ခံ အဖွဲ့ရဲ့ သဘောထားကို တင်ပြပါလိ့မ်မယ်။
လူကြီးမင်းများခင်ဗျား… ဒီကိုယ်စားလှယ်ကြီးများ ပြောလို့ပြီးတဲ့အခါ (၁) ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ်ခြောက်ဦး၊ (၂) ပမညတ ကိုယ်စားလှယ်သုံးဦး ၊ (၃) ဖဆပလ ကိုယ်စားလှယ်သုံးဦး၊ (၄)ရပလဖ ကိုယ်စားလှယ်သုံးဦး၊ (၅) ပထစ ကိုယ်စားလှယ် သုံးဦးနဲ့ (၆) အတိုင်ပင်ခံ အဖွဲ့ဝင် လူကြီးများပါဝင်တဲ့ ကော်မတီတစ်ခုကို ဖွဲ့ပေးပါတယ်။
ဒီကော်မတီမှာ ကျွန်တော်က နာယက လုပ်ပါမယ်။ လူကြီးမင်းများခင်ဗျား.. အဲဒီကော်မတီက ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးစရာ ရှိတဲ့အချက်တွေကို ဆွေးနွေးပြီးတဲ့အခါ ရရှိတဲ့ သဘောတူညီချက်တွေကို ဒီဆွေးနွေးပွဲမှာ အစီရင်ခံပါလိမ့်မယ်။ စေ့စပ်လို့မရနိုင်တဲ့ သဘောကွဲလွဲချက်များ ရှိရင်လည်း ဒီဆွေးနွေးပွဲမှာပဲ အစီရင်ခံပါ့မယ်။
လူကြီးမင်းများ ခင်ဗျား… ဒီအစီရင်ခံစာကို ကြည့်ပြီးမှပဲ နောက်ထပ် ဘာတွေဆက်ပြီး လုပ်သွားကြမယ် ဆိုတာကို ဒီဆွေးနွေးပွဲမှာ ဆက်လက်ပြီး တိုင်ပင်ဆွေးနွေးကြပါမယ်” ဟု ပဏာမ ပြောကြားခဲ့သည်။ ထို့နောက် ဦးနုက ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးပုံကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
“ဒီနေ့ကစပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် ပြဿနာဟာ တခြားမဟုတ်ပါဘူး။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးပဲ ဖြစ်ပါတယ်။ ဒီပြဿနာကြီးကို ပြည်ထောင်စုကြီး စတင်တည်ထောင်ခဲ့တဲ့ ကျွန်တော်တို့ တစ်တွေရဲ့ လက်ထက်မှာမှ ကျေကျေလည်လည် ဖြေရှင်းသွားအောင် ကျွန်တော်တို့ မဖြေရှင်းနိုင်ဘူး ဆိုရင် နောက်လက်ထက်တွေမှာတော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် တထစ်ချ ယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးပြီဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒီပြည်ထောင်စုကြီးသာ ပြိုကွဲသွားမယ်ဆိုရင် ပြည်နယ်သားတွေ အတွက်ရော၊ ပြည်မသားတွေ အတွက်ရော၊ ဘယ်သူ့အတွက်မှ အမြတ်ထွက်မှာ မဟုတ်ဘူး။ အရှုံးသာ ထွက်မယ်လို့ ကျွန်တော် တထစ်ချ ယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးပြီဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒီလောက် အရေးကြီးတဲ့ ပြဿနာများကို ဖြေရှင်းတဲ့အခါမှာ ပြည်ထောင်စုကြီးကို စတင်ထူထောင်ခဲ့တဲ့ ကျွန်တော်တို့ တစ်တွေဟာ ကျွန်တော်တို့အပေါ်မှာ ကျရောက်နေတဲ့ တာဝန်ကြီးတွေကို အမြဲတမ်း မျက်ခြည်မပြတ်ဖို့ ကျွန်တော် သတိထားလိုပါတယ်” ဟု သတိပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် ဆွေးနွေးမည့် ပုံစံနှင့် ပတ်သက်၍လည်း -
“ဆွေးနွေးပွဲဆိုတာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စား ရှိပါတယ်။ တစ်မျိုးကတော့ ရန်သူအချင်းချင်း ဆွေးနွေးပွဲဖြစ်ပြီး၊ တခြားတစ်မျိုးကတော့ မိသားစုချင်း ဆွေးနွေးပွဲ ဖြစ်ပါတယ်။ မိသားစု ဆွေးနွေးပွဲ ဆိုတာ ရန်သူအချင်းချင်း စားပွဲခုံမှာ ထိုင်ပြီး ဆွေးနွေးပွဲမျိုးနဲ့ မတူပါဘူး။ မိသားစုအချင်းချင်း ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးက ဒီမိသားစုထဲမှာ ပါကြတဲ့ ညီအစ်ကို မောင်နှမတစ်တွေဟာ ကိုယ်လိုတာတွေ ကိုယ်တင်ပြကြတယ်။ အဲဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေ ရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် အပေးအယူလုပ်ပြီး သဘောကွဲလွဲချက်တွေကို ညှိနှိုင်းကြတယ်။
အခုဆွေးနွေးပွဲဟာ မိသားစုဆွေးနွေးပွဲ ဖြစ်ရမယ်။ ပြည်ထောင်စု မိသားစုထဲမှာ ပါနေကြတဲ့ လူကြီးမင်းတို့ ကျွန်တော်တို့ အသီးသီးဟာ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို အကုန်လုံးထုတ်ပြီး တင်ပြကြတာပေါ့။ အဲဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေကို ကျွန်တော်တို့ရဲ့ အကျိုး၊ ကျွန်တော်တို့ နောင်လာနောက်သား ကလေးတွေရဲ့အကျိုး၊ ပြည်ထောင်စုကြီးရဲ့ အကျိုးကို မျှော်ကိုးပြီး သဘောတူညီချက် မရရအောင် ညှိနှိုင်းကြရမှာပဲ။
လူကြီးမင်းများနဲ့ လက်တွဲပြီး ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးတည်တံ့ ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေးတွေကို အမှန်တကယ် အကျိုးဖြစ်စေနိုင်တဲ့ နည်းကောင်းလမ်းကောင်းတွေကို ကျွန်တော်တို့ ရှာချင်ပါတယ်။
ဒီနည်းကောင်းလမ်းကောင်းတွေကို ရှာတဲ့အခါမှာ ပြည်မသားတွေရော၊ ပြည်နယ်သားတွေပါ မျက်ခြည်မပြတ်သင့်တဲ့ အချက်ကြီးတစ်ချက်ကို ကျွန်တော်ပြလိုပါတယ်။ ဒီအချက်ကတော့ တခြားဟာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှာဖွေတဲ့ နည်းလမ်းတွေဟာ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေး ဆိုတဲ့ လောကပါလ တရားသုံးပါးနဲ့ ပြည့်စုံနေတဲ့ နည်းလမ်းတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီးနောက် အောက်ပါစကားဖြင့် ဦးနုသည် ၎င်း၏ မိန့်ခွန်းကို နိဂုံးချုပ်လိုက်သည်။
“အချုပ်အခြာအာဏာပိုင်နေတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ကျွန်တော်တို့အားလုံးရဲ့ မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘ၀ကို ပြန်ရောက်မသွားရလေအောင် ကျွန်တော်တို့ အားလုံး ကိုယ်စွမ်းရှိသရွေ့ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားကြပါစို့”
ဝန်ကြီးချုပ် ဦးနုက မိန့်ခွန်းပြောကြားပြီးသောအခါ ဝန်ကြီးစပ်ခွန်ချိုက ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဥက္ကဌအနေဖြင့် ဖက်ဒရယ်မူတွင် တင်သွင်းသည့် မိန့်ခွန်းကို ပြောကြားခဲ့သည်။ စပ်ခွန်ချိုက ဖက်ဒရယ်မူတင်သွင်းရာတွင်  လက်ရှိပြည်ထောင်စုကြီး ဖြစ်ပေါ်လာပုံကို ၁၉၄၇ တွင် ပင်လုံညီလာခံမှစ၍ ဇာတ်ကြောင်းပြန်ကာ ပြောကြားခဲ့သည်။ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ (၁) တန်းတူညီမျှ အခွင့်အရေးရှိခြင်း၊ (၂) တောင်တန်းဒေသများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိခြင်း၊ (၃) လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း ဆိုသည့် အချက်သုံးချက်အပေါ် အဓိကထား၍ ပြည်ထောင်စုကြီး တည်ဆောက်ရေးကို ပင်လုံညီလာခံ၍ သဘောတူခဲ့ခြင်းဖြစ်ကြောင်း၊ ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့က စုံစမ်းမှုများ ပြုလုပ်စဉ်ကလည်း အထက် အချက်သုံးချက်အပေါ် အခြေခံ၍ ပြည်ထောင်စုကြီး တည်ဆောက်ရန် ထွက်ဆိုခဲ့ကြောင်း ၊ ၁၉၄၇ မေလတွင် ကျင်းပသော ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင်လည်း လူမျိုးစုများ တန်းတူရရှိရေးမူနှင့် ထိုတန်းတူရေးအပေါ် အခြေခံသည့် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး လမ်းစဉ်ကို ချမှတ်ခဲ့ကြောင်းနှင့် တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေကိစ္စ စဉ်းစားကြစဉ်က ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လမ်းညွှန်ချက် ခုနှစ်ချက်ကို  အကျဉ်းချုပ်၍ ဝန်ကြီး စပ်ခွန်ချိုက ပဏာမ ပြောကြားခဲ့သည်။

ထို့နောက် ၁၉၄၇ အခြေခံဥပဒေကို လက်ခံအတည်ပြုခဲ့ရသည့် အခြေအနေကို ဝန်ကြီး စပ်ခွန်ချိုက -
ဒီအချိန်အခါမှာ နိုင်ငံရေးအခြေအနေတွေကလည်း ရှုပ်ထွေးပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်များဟာ လုပ်ကြံသတ်ဖြတ်ခြင်း ခံရတဲ့အတွက် တစ်ပြည်လုံး ယူကျုံးမရ ၀မ်းနည်းကြေကွဲ ဖြစ်နေရတဲ့အချိန်ဖြစ်တော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုမှာ စိတ်မချမ်းမသာစရာလေးတွေ ဖြစ်လာတာကြောင့်မို့ ကိုယ့်တိုင်းပြည်ရဲ့ အခြေကို တိုင်းတစ်ပါးက ၀င်ရောက်မစွက်ဖက်နိုင်အောင် ကာကွယ်ကြမှာပဲဆိုပြီး ခပ်မြန်မြန်နဲ့ တိုင်းပြည်ပြုလွှတ်တော်မှာ အခြေခံဥပဒေကို အငြင်းပွားမှုမထားဘဲ အလျင်စလို လက်ခံလိုက်ခြင်း ဖြစ်ပါတယ်။
ပြည်နယ်တွေအားလုံး ယုံကြည်ကိုးစားခဲ့တဲ့ မြန်မာပြည်လွတ်လပ်ရေး ရတော့မယ်၊ လွတ်လပ်ရေးရပြီးရင်ဖြင့် တို့တစ်တွေဟာ မိမိကံကြမ္မာ မိမိဖန်တီးပြီး တိုးတက်တဲ့ပြည်နယ်တွေ ပေါင်းထားတဲ့ ပြည်ထောင်စု ဖြစ်လာတော့မယ် ဆိုတာတွေဟာ ကျွန်တော်တို့ ပြည်နယ်သားတွေ လူမျိုးစုများ အားလုံးတွေရဲ့ ၀မ်းထဲ ကိန်းအောင်းပြီး အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။
ဒါပေမဲ့ လွတ်လပ်ရေးခေတ် ၁၄ နှစ်ခရီး၊ ပြည်မက နောင်တော်တွေနဲ့ လက်တွေ့လျှောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ အပြည့်အဝမရှိမှန်း သိလာခဲ့ရပါတယ်။
ကျွန်တော်တို့တိုးတက်ဖွံ့ဖြိုးရေးကိုအစွမ်းကုန်ကျွန်တော်တို့ မလုပ်ဆောင်နိုင်ကြောင်း သိသာခံစား နေရပါတယ်။
ကျွန်တော်တို့ပြည်ထောင်စုကြီးဟာ ကျွန်တော်တို့ ပြည်နယ်များအပေါ် ကိုယ်စားပြုတာ မဟုတ်တော့ဘဲ ပြည်မလို့ခေါ်တဲ့ ဗမာပြည်ဒေသတွေကို အဓိက ကိုယ်စားပြုလာတာ တွေ့မြင် လာကြရပါတယ်။
ပြည်နယ်များကတော့ ပြည်မနဲ့ ညီမျှမှုမရှိခဲ့တဲ့အတွက် စွမ်းအားရှိသလောက် လုပ်ကိုင်နိုင်ခွင့်မရှိခဲ့လို့ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ဒီလိုဘာကြောင့် ဖြစ်ခဲ့သလဲဆိုရင် ပြည်ထောင်စုရယ်လို့ စုပေါင်းဖွဲ့စည်းကြတဲ့အခါ ပြည်နယ်ရသင့်ရထိုက်တဲ့ လူမျိုးစုများကို ပြည်နယ်အင်္ဂါနဲ့အညီ ဖွဲ့စည်းပြီး ရှမ်းပြည်နယ်လူထုအတွက်  ရှမ်းပြည်နယ်၊ ကယားပြည်နယ်ရှိကြသလို ပြည်မလူထုအတွက်လည်း ပြည်နယ်တစ်နယ် ဖွဲ့စည်းပြီးတော့ တန်းတူညီတူ အခြေခံအပေါ် ဖွဲစည်းထားခြင်း မရှိလို့ဘဲ ဆိုတာ သက်သေပြနေပါတယ်။
ပင်လုံညီလာခံရဲ့ အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်ချက်များကို အဓိကထားပြီး တန်းတူညီတူ ဖွဲ့စည်းစုပေါင်းရန် အကောင်အထည်ဖော်လာကြရင် ပြည်ထောင်စုအစိုးရဟာ ပြည်နယ်များ အားလုံးကို ကိုယ်စားပြုတဲ့ အစိုးရပဲ ဖြစ်ရမှာပါပဲ။ 
အခုတော့ ပြည်မလူထုအတွက် ပြည်နယ်တစ်နယ် ဖွဲ့စည်းရေးမကြိုးစားဘဲ ပြည်မအဖြစ် ဆိုပြီးထားလေတော့ ပြည်မရဲ့ အခွင့်အာဏာနဲ့ ပြည်ထောင်စုရဲ့ အခွင့်အာဏာ ရောထွေးစုပေါင်းပြီး စိုးမိုးအုပ်ချုပ်လာတော့ကာ ပြည်ထောင်စုအဖြစ်က လျှောကျလာပြီး တစ်ပြည်ထောင်စိုးမိုးမှုစနစ်ကို တရွေ့ရွေ့ ကူးပြောင်းလာတာ တွေ့ရှိရပါတယ်။ သည်အကြောင်းအရာကြောင့်လည်း ကျွန်တော်တို့ ပြည်နယ်များဟာ တစ်နေ့တစ်ခြား တာဝန်ရှိတဲ့ပြည်မက ပြည်မအစိုးရအပေါ်မှာ သံသယရှိရှိ လာပါတယ်။ ဒီသံသယာတွေဟာ ထုနဲ့ထည်နဲ့ ဝင်ဝင်လာလို့ ကနေ့ ပြည်နယ်များဟာ ပြည်မအပေါ် မကျေမနပ် ဖြစ်တဲ့အကြောင်း ထုတ်ဖော်လာကြရပါတယ်။ ကနေ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စု ပုသဏ္ဌန်ဟာ ပြည်နယ်များရဲ့ အမျိုးသား ညီညွတ်ရေး တည်ဆောက်နိုင်မယ့် ပုံစံမျိုး၊ ညီမျှသော ပြည်ထောင်စု စနစ်မျိုး မဟုတ်ကြောင်းကိုလည်း တွေ့မြင်လာခဲ့ကြရပါတယ်။
လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနိဒါန်း အဲဒီနိဒါန်းကို အခြေပြုပြီး ရေးဆွဲပြဋ္ဌာန်းထားတဲ့ နောက်ပိုင်းတွေ နှိုင်းယှဉ်ကြည့်ပြီး စိစစ်လိုက်ပါရင် ရှေ့နဲ့နောက် မကိုက်ညီတာတွေ တော်တော်များများ တွေ့ရပါလိမ့်မယ်။ အခြေခံဥပဒေထဲက အကြောင်းပြချက် တစ်ချက်အနေနဲ့ ဖော်ပြရမယ်ဆိုရင် အခြေခံဥပဒေပုဒ်မ ၂၂၂ ပြည်မက အခြားပြည်နယ်များနည်းတူ ပြည်ထောင်စုအဖွဲ့ဝင် တစ်ခုဖြစ်ပေမယ့် အခြေခံဥပဒေပုဒ်မ ၈ အရ အခြားသော ပြည်နယ်များအပေါ်မှာ ပြည်ထောင်စုအနေနဲ့ စိုးမိုးအာဏာလွှမ်းလာလို့ ပြည်နယ်များဟာ တကယ်ဘဲ မကျေမနပ် ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ ဒီပုဒ်မရဲ့ အတွင်းအနှစ်သာရဟာ ပြည်မဟာ နယ်တစ်နယ်အဖြစ် ပြည်ထောင်စုအဖွဲ့ဝင် တစ်ဦး ဖြစ်ပေမဲ့၊ ပြည်မဟာ ပြည်ထောင်စုအာဏာများလက်ဝယ်ရရှိပြီး၊ အဲဒီအာဏာတွေနဲ့ ပြည်နယ်များအပေါ်မှာ စိုးမိုးလွှမ်းခြုံလာတယ်လို့ ပြည်နယ်များက ယုံကြည်ကြပါတယ်ဟု လည်းကောင်းနောက်ဆုံးအချက်မှာ ပြည်နယ်များ ညီညွတ် ရေးအဖွဲ့ကိုယ်စား ကျွန်တော်တို့ လိုလားသော ပြည်ထောင်စုစနစ် ဖွဲ့စည်းပုံ ပုံသဏ္ဌန်ကို တင်ပြအစီရင်ခံရပါရင်-
(၁) ပြည်မကို ပြည်နယ်တစ်နယ် ဖွဲ့စည်းရေး၊
(၂) လွှတ်တော်နှစ်ရပ် အာဏာအတူပေးရေး၊
(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းပြည်နယ်တိုင်း တူညီသော ကိုယ်စားလှယ်ပေးရေး၊
(၄) ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သော အာဏာများကို ပြည်ထောင်စု ဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေး ဖြစ်သည်ဟု တင်ပြသွားသည်။ ၀န်ကြီး စပ်ခွန်ချိုတင်သွင်းသည့် ဖက်ဒရယ်မူကို ပထမဆုံး ထောက်ခံဆွေးနွေးသော ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက -
“လွတ်လပ်ရေးမရမီအချိန်နဲ့ လွတ်လပ်ရေး အရယူပြီးသော စပ်ကူးမတ်ကူး အချိန်တွင် တောင်တန်းဒေသ လူနည်းစုများဖြစ်သော ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ လူနည်းစုများက လွတ်လပ်ရေးရတဲ့အခါ ဘယ်လိုပြည်ထောင်စုမျိုးကို ဖွဲ့စည်း၍ နေထိုင်လိုကြောင်း ဗမာ့ခေါင်းဆောင်များကို မိမိတို့ ဆန္ဒအကြိမ်ကြိမ် ထုတ်ဖော်ခဲ့သော ပြည်ထောင်စုဖွဲ့စည်းပုံနဲ့ အမှန်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုဖွဲ့စည်းပုံမှာ အတော်ကွဲလွဲနေခြင်းကြောင့် တစ်ကြောင်း၊ ၀မ်းနည်းဖွယ် မကျေနပ်မှုအမျိုးမျိုး ပေါ်လာခဲ့ပါတယ်။ ၁၉၄၇ ဖေဖော်ဝါရီလ တောင်ပိုင်းရှမ်းပြည် ပင်လုံမြို့၌ ကျင်းပတဲ့ အမျိုးသားညီလာခံ၌ ဗိုလ်ချုပ်ခေါင်းဆောင်သော အမျိုးသားခေါင်းဆောင်များနဲ့ လူနည်းစုခေါင်းဆောင်များတွေ့ဆုံ၍ လွတ်လပ်ရေးရလာတဲ့အခါ တန်းတူညီမျှရေးကို အဓိက အခြေခံထား၍ ပြည်ထောင်စုဖွဲ့စည်းရေး ဆွေးနွေးနားလည်မှု ရရှိခဲ့ကြပါတယ်။ ၎င်းအပြင် ၁၉၄၇ ခုနှစ်၊ ဧပြီလ မေမြို့မှာ မစ္စတာရီး (စ်) ဝီလျံ (Lt.Col. D. R. Rees Williams) ခေါင်းဆောင်သော နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ ရှေ့မှောက်တွင်လည်း  ရှမ်း၊ ကချင်ကိုယ်စားလှယ်များက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ပါဝင်သော ပြည်ထောင်စုအတွင်း၌ မိမိတို့ ပြည်နယ်များအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိရန် ဆန္ဒရှိကြောင်း ၊ သို့သော်အများနှင့် သက်ဆိုင်သော ဌာနအချို့ကို ပြည်ထောင်စု ဗဟိုအစိုးရသို့ လွှပ်အပ်ရန် သဘောတူကြောင်း စသည်ဖြင့် ရှမ်း၊ ကချင်များ၏ လိုအင်ဆန္ဒကို ပြခဲ့ကြပါတယ်။ တောင်တန်းသား လူနည်းစုများရဲ့ လိုအင်ဆန္ဒအရဆိုလျှင် ပြည်ထောင်စု စစ်စစ် ဖွဲ့စည်းရန်ပင် ဖြစ်ပါတယ်” ဟူ၍ တင်ပြခဲ့သည်။
            ထို့နောက် ဒူဝါးဇော်လွန်းက ၎င်း၏ မိန့်ခွန်းကို အောက်ပါအတိုင်း နိဂုံးချုပ်စကားဖြင့် အဆုံးသတ်လိုက်သည်။
            “ကျွန်တော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စု စစ်စစ် ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးနေခြင်း မဟုတ်ပါ။ Confederation ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေးဆိုခြင်းလည်း မဟုတ်ပါ။ အမျိုးသားစည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စု စစ်စစ်ကို ဖွဲ့စည်းခြင်းဟာ မှန်ကန်သည်ဟု ယုံကြည်ကြခြင်း ဖြစ်သည့်အတွက် တင်ပြရခြင်း ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပြည်ထောင်စုသဘော သက်ရောက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို  တင်ပြစဉ်က ကျွန်တော်တို့အားလုံး လွယ်လွယ်ကူကူနဲ့ ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ထောင်စု သဘောထားများနဲ့အညီ လက်ခံကျင့်သုံးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ထားခဲ့ ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။
            လွတ်လပ်ပြီးစအခါ ရပြီးလို့ ၁၄ နှစ် အတောအတွင်း၌ ကျွန်တော်တို့ ဆန်းစစ်ကြည့်လိုက်တော့ ပြည်နယ်တောင်တန်းဒေသတွေရဲ့ မူလကိုယ်ပိုင် ပြန်ဌာန်းခွင့်တွေဟာ ပျောက်ကွယ်ရတော့မလို ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ မြင်တာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကြတဲ့ အခါမှာ ပြည်ထောင်စုစနစ်ကြီး ပီပီသသ ဖြစ်အောင် ပြင်ဆင်ရေးဆွဲကြစေလိုပါတယ်။ ဒီလိုမှ မပြင်ဆင်ရင် ထပ်တလဲလဲ ပြဿနာတွေ ဖြစ်လာဦးမှာပဲ။ အခု ကျွန်တော် တင်ပြသလို ပြည်နယ်အချင်းချင်း စုပေါင်းတဲ့မူကို လက်ခံမှ အုပ်ချုပ်မှုအာဏာ ၊ တရားစီရင်မှုအာဏာ ၊ ဥပဒေပြုမှုအာဏာဆိုတဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အာဏာသုံးရပ်ကို တန်းတူမျှတမှုရှိအောင် ခွဲဝေပြီး ဗဟိုပြည်ထောင်စုကို သင့်လျော်တဲ့ အာဏာတွေ သတ်မှတ်ပေးထားခြင်းဖြင့် စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟူ၍ ထောက်ခံတင်ပြသွားသည်။
            ဖက်ဒရယ်မူကို တတိယမြောက် ထောက်ခံဆွေးနွေးသူ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) ကလည်း “ကျွန်တော်တို့ တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်ရဲ့ အနှစ်သာရဟာ ဘာလဲဆိုရင် တန်းတူရေးပဲ ဖြစ်ပါတယ်။  ကျွန်တော်တို့ လိုလားချက်ကို အရှင်းဆုံးစကားလုံးနဲ့ ဖော်ပြရရင်  ကျွန်တော်တို့ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင် ၊ ကယား၊ မွန်၊ ရခိုင် ညီအစ်ကို မိသားစုတွေဟာ တန်းတူညီတူ ဆက်ဆံကြပါစို့၊ တန်းတူညီတူ ခံစားကြပါစို့လို့ ဆိုလိုက်ခြင်းပင် ဖြစ်ပါတယ်။
            ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးတဲ့နောက် ဆက်လက်ရေးဆွဲကြတဲ့အခါမှာ အခြေခံဥပဒေဟာ ဗိုလ်ချုပ်လိုလားတဲ့ အခြေခံဥပဒေမျိုး မဟုတ်တော့ဘူး။ ဗိုလ်ချုပ်မူနဲ့ ကွဲလာတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ဖဆပလ ပဏာမညီလာခံက ရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းနဲ့  ယှဉ်တွဲဖတ်ကြည့်ရင် ကွဲပြားမှုတွေ တစ်ပြုံတစ်ခေါင်းကြီး တွေ့ရပါမယ်။
            ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့နောက် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုအမှူးပြုတဲ့ ဗမာခေါင်းဆောင်တွေ အပေါ် ကျွန်တော်တို့ဟာ ဆက်လက်ပြီး ယုံကြည်ကိုးစားခဲ့ပါတယ်။ အခြေခံဥပဒေမှာ ပါရှိတဲ့ ပြဌာန်းချက်တွေအပေါ် ကျွန်တော်တို့ အလွန်အမင်း အလေးအနက် မထားခဲ့ပါဘူး။ ကောင်းကောင်းလည်း နားမလည်ခဲ့ကြပါဘူး။ အခုအထိ အခြေခံဥပဒေမှာ ချို့ယွင်းချက်တွေ ရှိသည့်တိုင်အောင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သကဲ့သို့  Letter and Spirit of the constitution ဥပဒေစကားလုံးနဲ့ စိတ်စေတနာ ခွဲခြားနားလည်ပြီး ကျင့်သုံးသွားရင်ဖြင့်  အောင်နိုင်မှာပဲလို့ ယုံကြည်စိတ်ချ နေခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ အဲဒိလို စိတ်ထား ၊ အဲဒီလို ယုံကြည်စိတ်နဲ့ ဒီအခြေခံဥပဒေကြီးကို သဘောတူ လက်ခံကြခြင်း ဖြစ်ပါတယ်။
            ကျွန်တော်တို့ ရပိုင်ခွင့်ရှိတဲ့ အခွန်တော်ငွေကိုပဲ ထောက်ပံ့ကြေးဆိုပြီး နှစ်စဉ်လက်ဖြန့်ခံ တောင်းနေရတာလည်း အမောပဲ။ အချိန်မီမရလို့ ပြည်နယ်များ အုပ်ချုပ်ရေးမှာ အခက်အခဲကြုံရပေါင်းလည်း မရေမတွက် နိုင်တော့ပါဘူး။ အဲဒီထောက်ပံ့ကြေးပေးရတာနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်အချို့က ကျွန်တော်တို့ ပြည်နယ်တွေကို မီးရထားကုန်တွဲကြီးတွေလို သဘောထားကြတယ်။ ဗမာပြည်မက အလွန်တရာ အနစ်နာခံပြီး ပင်ပန်းကြီးစွာနဲ့ ကျွန်တော်တို့ကို ဒရွတ်တိုက်ဆွဲနေသလို ယူဆကြတယ်။ အဲဒီပုဂ္ဂှိုလ်တွေကို ကျွန်တော် အစီရင်ခံလိုပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ကို ဒီလောက်ပင်ပန်းကြီးစွာနဲ့ ဒရွတ်တိုက်ဆွဲမနေစေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဖြုတ်ပစ်ခဲ့ပါ။ ခင်ဗျားတို့ ၁၃ နှစ်လုံးလုံး ဆွဲခဲ့တဲ့ ကျွန်တော်တို့မှာ ခရီးထင်သလောက် မပေါက်ပါဘူး။ ကိုယ့်စွမ်းအင် ကိုယ့်လုံ့လနဲ့ပဲ သွားပါရစေ။
            တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုတဲ့ စကားပုံကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် ပါတီတစ်ခုရဲ့ စိတ်စေတနာအပေါ် ယုံကြည်ကိုးစားနေလို့ မရတော့ပါဘူး။  လူဆိုတာ သင်္ခါရပါ။ ပါတီအဖွဲ့ကြီးလည်း မတည်မြဲပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခွင့်အရေးတွေကို အဖြူအမည်း ခွဲခြားပြီး ရေပက်မ၀င်အောင် ရေးဆွဲထားဖို့ လိုအပ်တယ်လို့ ကျွန်တော်နားလည်ပါတယ်” ဟူ၍ ဦးထွန်းမြင့်က တင်ပြခဲ့သည်။ ထို့နောက် အာဏာခွဲဝေရေးနှင့် ပတ်သက်၍လည်း  ၎င်းက “ကျွန်တော်တို့ရဲ့ လက်ရှိပြည်ထောင်စုဟာ ပြည်ထောင်စုစစ် မဟုတ်ဘဲ ကနေဒါလို အပျော့စား ဖြစ်နေပါတယ်။ အဲဒီ ကနေဒါနည်းဖြစ်တဲ့ အာဏာခွဲဝေရေးပုံစံကို ကျွန်တော် စမ်းသပ်ခဲ့တာ ၁၃ နှစ် ရှိလာပါပြီ။ ဒီပုံစံမျိုးကို ကျွန်တော်တို့ မလိုလားတော့ပါဘူး။ ဒါကြောင့် ဆွဇ်ဇာလန်၊ သြစတြေးလျ၊ ဆိုဗီယက် ယူနီယံ ပြည်ထောင်စုများမှာကဲ့သို့ ဗဟိုကို အာဏာသတ်မှတ်ပေးပြီး ကျန်အာဏာများကို ပြည်နယ်များသို့ လွှဲအပ်ရန် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
            လွှတ်တော်နှစ်ရပ်ထားရတဲ့ မူလအကြောင်းအရင်းက ဘာလဲဆိုရင်၊ လွှတ်တော်တစ်ရပ်က တစ်ရပ်ကို ထိန်းကွပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သဘောတရားအရ အာဏာတူပေးဖို့ လိုလာပါတယ်။
            ပြည်ထောင်စုနိုင်ငံမှာတော့ လွှတ်တော်နှစ်ရပ် မထားလို့ မဖြစ်ပါဘူး။ လူဦးရေနဲ့ နယ်အကျယ်အဝန်းချင်း မတူညီတဲ့ ပြည်နယ်တွေ ပေါင်းစည်းထားတဲ့အတွက် လွှတ်တော်နှစ်ရပ်ဟာ လိုအပ်နေပါတယ်။ ပြည်ထောင်စုမှာ ထားရှိတဲ့ လွှတ်တော်နှစ်ရပ်ကျတော့ တစ်ရပ်နှင့်တစ်ရပ် ထိန်းကွပ်ရုံ မကတော့ဘူး။ ပြည်နယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်တွေလည်း ပါလာပါတယ်။ ပြည်ထောင်စုထဲမှာ လူဦးရေ အင်မတန်များတဲ့ ပြည်နယ်၊ လူဦးရေ နည်းတဲ့ ပြည်နယ်တွေ ပါဝင်နေတဲ့အတွက် လူဦးရေအပေါ် အခြေတည်တဲ့ ဒီမိုကရေစီ သဘောတရားတစ်ခု တည်းထားလျှင် လူဦးရေများတဲ့ ပြည်နယ်ကြီးက ခေါင်းဆောင်တွေ စိတ်ထားမကောင်းရင် ပြည်နယ်ငယ်တွေအပေါ် အစဉ်အမြဲ အနိုင်ကျင့် လက်ဝါးကြီးအုပ်နေမှာ မလွဲဘူး။ ဒါကြောင့် နောက်လွှတ်တော်တစ်ရပ် ဖွဲ့စည်းတဲ့အခါမှာ  လူဦးရေ အချိုးအစားအလိုက် ဖွဲ့စည်းလို့ မဖြစ်ပါဘူး လူဦးရေနည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ်စားလှယ်အရေအတွက်  အညီအမျှနဲ့ ဖွဲ့စည်းရပါတယ်” ဟူ၍ တင်ပြသွားသည်။
            ဦထွန်းမြင့်က ဖက်ဒရယ်မူကို ထောက်ခံဆွေးနွေးပြီးနောက် ဖက်ဒရယ်မူကို နောက်ဆုံး ထောက်ခံဆွေးနွေးသူမှာ ကယားဦးစိန်ဖြစ်သည်။ ၎င်းက -
            “ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဆရာကြီး ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်းတို့ရဲ့ သွေးနဲ့ ချွေးနဲ့ မလျော့သောလုံ့လနဲ့ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး အခြေခံအုတ်မြစ်ချပြီး တည်ဆောက်တဲ့ ပြည်ထောင်စုကြီးဟာဖြင့် စစ်မှန်ခြင်း မရှိတော့တဲ့ မစစ်မမှန်တဲ့ ပုံပန်းသဏ္ဌာန်မျိုးသို့ ပြောင်းလဲလာနေပြီဆိုတာကို ဥာဏ်မျက်စိဖြင့်  ကြည့်ဖို့ပင် မလိုတော့ပါဘူး။ သာမာန်မျက်စိနဲ့ပဲ ကွင်းကွင်းကွက်ကွက် မြင်နေကြရလို့ ဝန်ကြီးချုပ် အမိန့်ရှိသလို ပြည်ထောင်စုကြီး ပြိုကွဲတော့မလား၊ ပျက်စီးတော့မလား ဆိုတာ ကျွန်တော်တို့နဲ့တကွ ပြည်ထောင်စုသားတိုင်းက ယူကျုံးမရ စိုးရိမ်ကြောင့်ကြပူပင်သောက ဖြစ်နေကြရပါတယ်” ဟု ပြောကြားခဲ့ပြီးနောက် ကယားဦးစိန်က ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် မြတ်စွာဘုရား၏ သာသနာတော်ကြီး ပျက်စီးမည့်အခြေအနေများ ပေါ်ပေါက်လာသည့်အတွက် မြတ်စွာဘုရားပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် သုံးလအတွင်းမှာပင် ပထမ သင်္ဂါယနာတင်ခဲ့ပုံ၊ ထို့နောက်လည်း ချွတ်ယွင်းချက်ရှိတိုင်း မူရင်းကို ထိခိုက်လာတိုင်း သာသနာ့ ဒါယကာအမည်ခံမင်းများက ဦးစီး၍ သင်္ဂါယနာတင်ခဲ့ကြသည်မှာ မင်းတုန်းမင်းတရားကြီး လက်ထက်အထိ ငါးကြိမ်ရှိခဲ့ပြီး ၀န်ကြီးချုပ် ဦးနု လက်ထက်တွင်လည်း ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည့် သာဓကများရှိပုံကို ကယားဦးစိန်က ရှင်းလင်းတင်ပြပြီးနောက် -
            “မြတ်စွာဘုရားရဲ့ အဆုံးအမကို ပိဋကတ်တော်ကို ဆေးကြောသုတ်သင် သင်္ဂါယနာတင်ခဲ့သလို ကျွန်တော်များရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ခေါင်းဆောင်ကြီးများ ချမှတ်ထားတဲ့ ပြည်ထောင်စု စစ်စစ်မူအတိုင်း တိကျမှန်ကန်အောင်စိစစ်လျက် ပြည်မပြည်နယ်အသီးအသီးမှ ခေါင်းဆောင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားပေးပါလို့ ပန်ကြားလိုပါတယ်” ဟူ၍ တင်ပြသွားသည်။ ကယားဦးစိန်က ဖက်ဒရယ်မူကို ထောက်ခံဆွေးနွေးပြီးသောအခါ ထိုနေ့ ဆွေးနွေးပွဲ နောက်ဆုံးအစီအစဉ်အရ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်တော်ကြီးများသည် ခေါက်ဆွဲနှင့် ကော်ဖီတို့ကို သုံးဆောင်ခဲ့ကြသည်။
            ဖက်ဒရယ်မူဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ် ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ည ၆ နာရီတွင် ပြန်လည်ကျင်းပခဲ့သည်။ ဒုတိယနေ့ဆွေးနွေးပွဲ၌ သဘာပတိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ပြောကြားရာတွင် ယခုနှီးနှောဖလှယ်ပွဲတွင် ပြောကြားမည့်စကားများသည် အလွန်အရေးကြီးသည့် စကားများဖြစ်၍ တစ်နေ့တည်းနှင့် အပြီးပြောလိုက်လျှင် အကျိုးရှိမည် မထင်ကြောင်း၊ ကိုယ်စားလှယ်တော်များ ပြောမည့် စကားများကို နားထောင်နေကြသည့် အခြားကိုယ်စားလှယ်တော်ကြီးများနှင့် တိုင်းပြည်ကပါ အချိန်ယူ၍ လေ့လာရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့တွင် ပမညတနှင့် ဖဆပလမှ ကိုယ်စားလှယ်တစ်ဦးစီသာ ပြောကြားရန်နှင့် လာမည့် မတ်လ (၇) ရက်နေ့တွင် နှီးနှောဖလှယ်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသွားသည်။ ထို့နောက် အစီအစဉ်အရ ပထမဆုံး အလှည့်ကျသည့် ပမညတ ကိုယ်စားလှယ် ဝိဓူရ သခင်ချစ်မောင်က ၎င်း၏ တစ်နာရီကြာ မိန့်ခွန်းကို -
            ပြည်ထောင်စုဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့သည့် လူမျိုးပေါင်းစုံ ချစ်ကြည်သွေးစည်းရေး ဗိမာန်ကြီး၏ လက်ရှိအခြေအနေသည် အတော်ပင် ယိုင်နဲ့လျက် ရှိနေပြီ။ လူသားတို့ရဲ့ ခေတ်တစ်ခေတ်ဆိုတဲ့ နှစ်ပေါင်းနှစ်ဆယ်အစိတ်မျှပင် ဆက်လက် မထိန်းနိုင်တဲ့အတွက် မိဘအမွှေကို မရိုသေတတ်တဲ့ သားဆိုး သမီးဆိုးများအဖြစ်နဲ့ ကျွန်တော်တို့ အားလုံးဟာ ရာဇ၀င်မှာ တာဝန်မကင်းဖြစ်နေကြရပါပြီ။  ထိုတာဝန်ကို အချိန်မီ ပြန်လည်ထမ်းဆောင် နိုင်ကြရန်အတွက် ယခုလို လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကို ကြီးစွာသော နောင်တ ၊ နက်နဲသော မိသားစုစိတ်ဓါတ်နှင့် ကျင်းပရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ လှိုက်လှဲစွာ ခံယူပါတယ်။ ပြည်ထောင်စု ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးပေါင်းစုံ ချစ်ကြည်သွေးစည်းရေးကို ကျွန်ခေတ်မှာ နယ်ချဲ့ကို ရန်သူထားပြီး ရှာဖွေတည်ဆောက်ခဲ့ပါတယ်။ ဂျပန်ဖက်ဆစ်တို့ခေတ်မှာ ဖက်ဆစ်ဝါဒကို ရန်သူထားပြီးတည် ဆောက်ခဲ့ပါတယ်။ စစ်ကြီးပြီးသည့်နောက် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကြီးမှာ ဗြိတိသျှနယ်ချဲ့ သမားကို ရန်သူထားပြီး အပြင်းအထန် ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ရန်သူကို ရန်သူလို အခြေခံပြီး အဖြေမှန်ရှာဖွေခဲ့ကြခြင်းရဲ့ အောင်ပွဲ အထွတ်အထိပ်ဟာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့ကြတဲ့ ရာဇဝင်ကျော် ပင်လုံစာချုပ်ကြီးပဲ ဖြစ်ပါတယ်။ ရန်သူမှန်းသိတဲ့အချိန်မှာ အဖြေမှန် ထွက်တယ်ဆိုတဲ့ ရာဇဝင်သင်ခန်းစာကြီးတစ်ရပ်ပါပဲ။
            ရန်သူကို ရန်သူလိုသိတဲ့ ယနေ့နိုင်ငံတကာမှာရှိတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကို နယ်ချဲ့သမားဟာ ခဏခဏ လုပ်ကြံသတ်ဖြတ် နေကြသကဲ့သို့ နယ်ချဲ့သမားနဲ့ နယ်ချဲ့ လက်ပါးစေများဟာလည်း လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများကို ဦးဦးဖျားဖျား လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။
            လေဘာအစိုးရက ဗမာပြည်လွတ်လပ်ရေး ဥပဒေကြမ်းကို ဘိလပ်ပါလီမန်မှာ တင်စဉ်က ကမ္ဘာ့နယ်ချဲ့ခေါင်းဆောင်ကြီး ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဆာဝင်စတန်ချာချီက ဗမာပြည်ကို လွတ်လပ်ရေးပေးခြင်းဟာ ဗမာပြည်သူပြည်သားများအား သွေးချောင်းစီးစေခြင်းပဲ ဖြစ်လိမ့်မယ်လို့ အတိအလင်း နိမိတ်ဖတ် ကြိမ်းဝါးခဲ့တာကို ကျွန်တော်တို့ ယခုတိုင် ကြားယောင်နေကြပါလိမ့်ဦးမယ်။ နယ်ချဲ့သမားတို့ရဲ့ စီမံကိန်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့တဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ပွဲဟာ လူမျိုးပေါင်းစုံ ခုတ်ထစ်သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ပွဲကြီး အဖြစ်နဲ့ ဒီကနေ့တိုင်အောင် သွေးချောင်းစီးနေကြရခြင်း ဖြစ်ပါတယ်။
            ကျွန်တော်တို့ဟာ အဲဒီအချိန်ကစပြီး ရန်သူပျောက်ခဲ့ကြပါပြီ။ အချင်းချင်းကို ရန်သူထင်ခဲ့ကြပါပြီ။ ရန်သူပျောက်လေ အချင်းချင်းရဲ့ သွေးကို သောက်လို့ မ၀နိုင်ကြလေဖြစ်ပြီး၊ နောက်ဆုံးဇာတ်တူသား စစ်ခင်းသတ်ဖြတ် ဟင်္သာကိုးသောင်းဇာတ်ကို ခင်းနေကြတဲ့ဘ၀ကို ကျွန်တော်တို့လုံးဝ ရောက်နေကြရပါပြီ. ခေတ်သစ်နိုင်ငံရေး ကျမ်းဂန်များအရလည်း ဒီမိုကရေစီအစိုးရတိုင်း တိုင်းပြည်ကို တာဝန်ခံရမယ်ဆိုတဲ့ ကျင့်ထုံးအတိုင်း အစိုးရဟာ တာဝန်အရှိဆုံး ဖဆပလ အစိုးရအတွက် ပြည်တွင်းစစ် ဗလောင်ဆူနေတဲ့ ကာလမှာ ရန်သူကို မိတ်ဆွေထင်၊ မိတ်ဆွေကို ရန်သူထင်ပြီး တစ်ပါတီအာဏာရှင်နည်းရော၊ စစ်ဝါဒနည်းရော နည်းမျိုးစုံ အထွေထွေဖိနှိပ်ရေး လုပ်ငန်းကြီး ခပ်ကြမ်းကြမ်းကြီးပင် ဆောင်ရွက်ခဲ့ပါတယ်။
            စီးပွားရေး၊ လူမှုရေးတွေမှာလည်း ငါနဲ့မတူ၊ ငါ့ရန်သူတွေကို ဘေးချိတ်ပြီး ငါနဲ့တူတဲ့ ငါ့လူတွေသာ ပြည်နယ်ပြည်မ မရွေး အခွင့်ထူးခံ လူတန်းစားတစ်ရပ်အဖြစ်နဲ့ ပြောင်ပြောင်ကြီး ဖန်တီးခဲ့ကြပါတယ်။ ထို့နောက် ၀ိဓူရသခင်ချစ်မောင်သည် အမေရိကန်ပြည်ထောင်စုနှင့် ဆွဇ်ဇာလန်နိုင်ငံ၏ သမိုင်းကြောင်းကို အကျဉ်းချုပ်၍ ရှင်းပြသည်။
            (အမေရိကန် ပြည်ထောင်စုသည်) မူလကတည်းက အချုပ်အခြာအာဏာပိုင် ပြည်နယ်များအဖြစ် စတင်ခဲ့တယ်။ ထို့နောက် Confederation ဖွဲ့ခဲ့တယ်။ သို့သော်လည်း ထိုဘဝနဲ့ မလုံလောက် မကိုက်ညီတဲ့အခါမှာ တစ်ဆင့်လျှော့ချပြီး Federation ဆိုတာ ဖွဲ့ခဲ့ရတယ်။ ရာဇဝင် ဖြစ်စဉ်အတွင်းမှာဘဲ decentralization က centralization ကို (လျော့ရဲသော ဗဟိုချုပ်ကိုင်မှုမှ တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုသို့) တဖြည်းဖြည်းဦးတည်လာတာကို တွေ့ရမယ်။ အာဏာပိုင် သမ္မတစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက် ဖြစ်လာတယ်။ ပြည်ထောင်စုတိုင်းမှာ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေး စုစည်းချက်အတွက် တစ်စုံတစ်ခုသော အမာခံ အနှစ်သာရဟာ တပ်ဆင်ပါရှိရစမြဲ ဆိုတာ အလေးအနက် လက်ခံယုံကြည်ဖို့ လိုပါတယ်။
            (ဆွဇ်ဇာလန်ပြည်ထောင်စုသည်) သီးသီးခြားခြား အချုပ်အခြာအာဏာပိုင် ပြည်နယ်လေးများ အဖြစ်နဲ့ အစပြုခဲ့ကြတယ်။ ဘုံရန်သူများကို စုပေါင်းခုခံရေးအတွက်သာ Confederation ခေါ် ပြည်နယ်ပေါင်းချုပ် တစ်ခုကို စတင်မွေးဖွားစေခဲ့ကြတယ်။ သို့သော်လည်း ဆွစ်ဇာလန်နိုင်ငံရဲ့ မိမိတို့ရဲ့ မူလဘူတ အချုပ်အခြာအာဏာပိုင် ပြည်နယ်ခွဲခြားစိတ်ဟာ ရာဇ၀င်နဲ့ချီပြီး ပြင်းထန်လေတော့ မအောင်မြင်ခဲ့ပါဘူး။ အလွန်လျော့လျော့ရဲရဲ ဖွဲ့စည်းထားတဲ့ confederation တစ်ခုပါပဲ။ ၁၈၄၈ ခုနှစ်မှာ ဒိုင်းယက်ဟာ ယနေ့အခြေခံဥပဒေကြီးကို စတင်ရေးဆွဲစေခဲ့တာပဲ။ အဲဒီအခြေခံဥပဒေဟာလည်း ရှေးမူနဲ့ ခေတ်သစ်စုစည်းရေး မူနှစ်ခုကို စေ့စပ်ဖြန်ဖြေထားတဲ့ ဥပဒေပါပဲ။ confederation နဲ့ federation ကို စေ့စပ်ရောမွှေပြီး သူတို့ရဲ့ ရာဇဝင်ဘဝဖြစ်စဉ်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာလည်း Swiss Confederation ဟာ အစကတည်းက အချုပ်အခြာအာဏာပိုင် ပြည်နယ်တွေအဖြစ်နဲ့ စတင်ဖွဲ့စည်းခဲ့ရာမှ တဖြည်းဖြည်း Centralization ဆိုတဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေး စုစည်းချက်ဆီသို့ ရွေ့လျောလာတာကို ကောင်းစွာ တွေရပါလိမ့်မယ်။ ထို့နောက် နိဂုံးချုပ်စကား မပြောမီ ပြည်ထောင်စုစစ်စစ်မူနှင့်အညီ ပြည်ထောင်စုကြီးကို ပြင်ဆင်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ပမညတ၏ သဘောထား အနှစ်ချုပ်ကို ဝိဓူရသခင်ချစ်မောင်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။
(၁) ယနေ့ ပြည်တွင်းပြည်ပ အခြေအနေအရ ပြည်ထောင်စုစစ်စစ်ဆိုသည့်မူကို ထူထောင်လျှင် confederation ဆန်ဆန်ဖြစ်လာပြီး ပြည်ထောင်စုညီညွတ်ရေးထက် တစ်စတစ်စအားဖြင့် ပြည်ထောင်စု ပြိုကွဲရေးကိုသာ အားပေးရာ ရောက်ပါလိမ့်မည်။ ဒါကြောင့် ကျွန်တော်တို့ သဘောမတူနိုင်ပါ။
(၂) ယနေ့ ပြည်ထောင်စုဖွဲ့စည်းခဲ့တဲ့ ၁၄ နှစ် သက်တမ်းအတွင်းမှာ နယ်ချဲ့သမားများ၏ ပယောဂ၊ အုပ်စိုးသူများရဲ့ သဘောထားမှား လုပ်ဆောင်ချက် မှားတွေကြောင့် ပြည်နယ်လူမျိုးစုများအတွင်း ပြည်သူများအားလုံးနဲ့အတူ များစွာ နစ်နာနေရသည်ကို ကျွန်တော်တို့ အထူးလှိုက်လှဲစွာ အသိအမှတ်ပြု ပါသည်။ အလေးအနက် နာကျည်းပါသည်။ ၎င်းအတွက် ယခုပြည်ထောင်စု ဖွဲ့စည်းပုံ ပုံစံအတွင်းမှာပဲ အစွမ်းကုန်လိုက်လျောညှိနှိုင်းခြင်း ပြင်ဆင်ပေးရန် ကျွန်တော်တို့ လုံးဝ သဘောတူညီပါသည်။
(၃) အရင်းရှင်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစစ်စစ်ဆိုသည်မှာ ပုံစံအားဖြင့်သာရှိ၍ အနှစ်သာရမှာ အတုသာဖြစ်ကြောင်း ၊ ထို့ကြောင့် ပြည်ထောင်စုစစ်စစ်ကို ပုံစံရော အနှစ်သာရပါ အမှန်တကယ် အလိုရှိပါလျှင် မြန်မာပြည်ထောင်စု ဆိုရှယ်လစ်သမ္မတနိုင်ငံတော် ထူထောင်ရေးသို့ ဦးတည်ချီတက်ကြရန် အလေးအနက် တိုက်တွန်းပါသည်။
(၄) ယခုကျင်းပလျက်ရှိနေသည့် လူမျိုးပေါင်းစုံ ညှိနှိုင်းဖလှယ်ရေးပွဲကြီးကို လွတ်လပ်စွာ အပြန်အလှန် ညှိနှိုင်းဖလှယ်ပွဲ အဖြစ်သာ အသိအမှတ်ပြုပါရစေ။ တစ်ဦးနှင့်တစ်ဦး အကျပ်ကိုင်ပြီး တစ်စုံတစ်ခုသော အဆုံးအဖြတ်ကို ဆုံးဖြတ်သည့်ပွဲအဖြစ် လက်မခံနိုင်ပါ။
(၅) ယခုဆွေးနွေးညှိနှိုင်းချက်များကို ဆိုင်ရာတို့က ပြန်လှန်သုံးသပ်ကြပြီး အစုံအညီ တက်ရောက်မည့် ပြည်ထောင်စုညီညွတ်ရေး ညီလာခံသဘင်ကြီးကို ၁၉၆၃ ခုနှစ် နှစ်ဦး၌ ခေါ်ယူကာ ထပ်မံညှိနှိုင်းပြီးမှသာ ဆုံးဖြတ်ချက်များ ချမှတ်သင့်ပါသည်။
            ဝိဓူရသခင်ချစ်မောင်က ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပမညတအဖွဲ့၏ သဘောထားကို တင်ပြပြီးနောက် ဖဆပလ၏ သဘောထားကို ဦးဗဆွေက ဆက်လက်ပြောကြားခဲ့သည်။
            “ပြည်ထောင်စု စနစ်မှာလည်း ယေဘုယျအားဖြင့် မူနှစ်မူ ရှိပါတယ်။ ပြည်ထောင်စုဗဟိုအစိုးရရဲ့ အာဏာကို ကန့်သတ်ချုပ်ချယ်ထားပြီး ပြည်နယ်တွေကို ကြွင်းကျန်တဲ့ အာဏာတွေ ကန့်သတ် ချုပ်ချယ်ထားပြီး ပြည်နယ်တွေကို ကြွင်းကျန်တဲ့ အာဏာတွေ အတောမသတ်ပေးထားတဲ့ မူကတစ်မူ၊ ပြည်နယ်အာဏာတွေကို အကန့်အသတ်နဲ့ ပြဌာန်းထားပြီးတော့ ပြည်ထောင်စု ဗဟိုအစိုးရကို အတောမသတ် ကြွင်းကျန်တဲ့ အာဏာတွေ ပေးထားတဲ့မူက တစ်မူ.. ပထမ မူအရဆိုရင် ဗဟိုအစိုးရအားနည်းပြီး ပြည်နယ်အစိုးရတွေက အာဏာပိုရှိတယ်။ ဒုတိယမူအရဆိုရင် ပြည်နယ်အစိုးရတွေက အားနည်းပြီး ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ဗဟိုအစိုးရက အင်အားတောင့်တင်းခြင်း ရှိပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ ရှိရှိသမျှ ပြည်ထောင်စုစနစ်နိုင်ငံတွေကို လေ့လာကြည့်တဲ့အခါမှာ ပထမပြည်ထောင်စု အမျိုးအစားက ဒုတိယပြည်ထောင်စု အမျိုးအစားဘက်ကို အခြေခံဥပဒေပြင်တဲ့နည်း၊ တရားလွှတ်တော်ချုပ်များရဲ့ စီရင်ဆုံးဖြတ်ပေးတဲ့ နည်း၊ လုပ်ထုံးလုပ်နည်း အစဉ်အလာနည်းတွေနဲ့ သိသိသာသာကြီး ပြောင်းလဲလာတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အင်အားတောင့်တင်းအောင် ပြည်ထောင်စု ဗဟိုအစိုးရကိုသာ  အင်အားဖြည့်တင်း ပေးနေတဲ့ အချိန်အခါဖြစ်တယ်ဆိုတဲ့ဟာကို တွေ့ရပါလိမ့်မယ်။ အဲဒါဟာ လူတွေ အမြင်မှန်ရလာပြီး တစ်ကမ္ဘာလုံးက လက်ခံပြောင်းလဲလာတဲ့ မှန်ကန်တဲ့ ပြည်ထောင်စုလမ်းစဉ် ဖြစ်ပါတယ်။ ခုခေတ်ဟာ နိုင်ငံတိုင်းက တစ်မျိုးသားလုံး စီးပွားဥစ္စာတိုးတက်ရေးနဲ့၊ တစ်မျိုးသားလုံးရဲ့ လုံခြုံရေးကို အဓိကဦးစားပေးနေရတဲ့ ခေတ်ဖြစ်ပါတယ်။  အဲဒါကြောင့် တစ်ပြည်ထောင်စနစ်ဖြစ်ရင်လည်း  ဖြစ်ရမယ်။ ပြည်ထောင်စုစနစ်ဖြစ်ရင်လည်း ပြည်ထောင်စုဗဟိုအစိုးရက ထိထိရောက်ရောက် အလုပ်လုပ်ဖြစ်အောင် ပြည်နယ်များက လိုလိုချင်ချင်နဲ့ ဗဟိုအစိုးရကို အင်အားဖြည့်တင်းပေးနေရတဲ့ ခေတ် ဖြစ်ပါတယ်။
            အမေရိကန်ပြည်ထောင်စုကို အစပျိုးခဲ့တဲ့ ကိုလိုနီပြည်နယ် ၁၃ ပြည်နယ်ဟာ ၊ ငါ့ဟာမှ ငါ့ဟာ၊ ငါ့ဒေသသာ အချုပ်အခြာဖြစ်ရမယ်၊ ငါ့ဒေသလုပ်ချင်တိုင်း လွတ်လွတ်လပ်လပ် လုပ်ရမှ ကောင်းမယ်ဆိုတဲ့ သဘောနဲ့ အမေရိကန်ပြည်ထောင်စုကြီးကို စထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုအခါ အမေရိကန် ပြည်ထောင်စုနိုင်ငံမှာ အခြေအနေအရ အမေရိကန် သမ္မတကြီးကို သူ့သက်တမ်းလေးနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ အာဏာရှင်ဆန်ဆန်ဖြစ်အောင် အပြောင်းအလဲ ဖြစ်လာပါတယ်။ တနည်းအားဖြင့် လျော့ရိလျော့ရဲ ပြည်ထောင်စုစနစ်ဘ၀မှ လက်တွေ့မှာ ဗဟိုက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်နိုင်တဲ့ တစ်ပြည်ထောင်စုစနစ် ဆန်ဆန် ဖြစ်လာတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံ အသီးသီးက သိသိသာသာကြီး ယခုအခါ ပြောင်းလဲနေပါတယ်။ ခေတ်ကို ကျွန်တော်တို့ ဆန့်ကျင်ပြီး ခေတ်ကို နောက်ပြန်မဆွဲသင့်တော့ပါဘူး” ။
            ထို့နောက် ၎င်း၏ မိန့်ခွန်းကို နိဂုံးမချုပ်မီ ဦးဗဆွေက ခွဲထွက်ခွင့် ကိစ္စနှင့်ပတ်သက်၍ -
            “ညီတော်နောင်တော်များခင်ဗျား… ပြည်ထောင်စုမှ ခွဲထွက်နိုင်တဲ့ အခွင့်အကြောင်းကိုလည်း ကျွန်တော်အနည်းငယ် ပြောလိုပါတယ်။ အဲဒီအခွင့်အရေးကို အမေရိကန်ပြည်ထောင်စုကြီး တည်ထောင်စဉ်က လက်ခံခဲ့ပေမယ့် ယခုအခါ ခေတ်မမီတော့ပါဘူး။ အဲဒီမူမမှန်တဲ့ သဘောတရားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်းဟာ ခွဲထွက်ရေးဝါဒကို ဖောက်ဖျက်သူ ဖြစ်ပါတယ်။ စစ်အကြီးအကျယ်တိုက်ပြီး တိုက်ဖျက်ခဲ့ပါတယ်။ အဲဒီလို မူမမှန်တဲ့ ခွဲထွက်ရေးဝါဒကို တိုက်ဖျက်ခဲ့တာကြောင့် အေဘရာဟင်လင်ကွန်းဟာ ရာဇ၀င်ကျော် ပုဂ္ဂိုလ်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခြင်း ခံနေရပါတယ်။ ကျွန်တော် ခုလို တင်ပြနေခြင်းဟာ အခြေခံ ဥပဒေရေးဆွဲကာ အတည်ပြုခဲ့တဲ့ မူတစ်ခုကို ဖျက်ပစ်ရမယ်လို့ တောင်းဆိုနေခြင်း မဟုတ်ပါဘူး။ ပြည်တည်ခါစက ပေးပြီးသား အခွင့်အရေးတွေကို မူအားဖြင့် ဘယ်အခွင့်အရေးကိုမှ မရုပ်သိမ်းထိုက်ဘူးလို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။
            ကျွန်တော်တို့ဟာ မိသားစုများအနေနဲ့ ပြန်လည်လက်တွဲပြီး လုပ်ကိုင်ခွင့်ရခဲ့တာဟာ ၁၄ နှစ်ခန့် ရှိခဲ့ပါတယ်။ အဲဒီလို ပေါင်းသင်းလုပ်ကိုင်ခဲ့တဲ့ နေရာမှာ အထင်အမြင် အယူအဆ လွဲမှားမှုတွေလည်း ရှိသင့်သလောက် ရှိခဲ့ပါတယ်။ အဲဒီထင်မြင်လွဲမှားမှုတွေကို ကျွန်တော်တင်ပြခဲ့တဲ့အတိုင်းပဲ၊ ကျွန်တော်တို့တစ်တွေဟာ မိသားစုနည်းနဲ့သာ ဖြေရှင်းရင် မပြေလည်နိုင်တဲ့ ပြဿနာဆိုလို့ ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ အလုပ်လုပ်ခဲ့ကြတဲ့အခါမှာ အမှားတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်းဆက်ဆံပုံ ဆက်ဆံနည်းတွေ မမှန်ကန်တာ၊ ညံ့ဖျင်းတာ ၊ မယဉ်ပါးမလိမ္မာတာတွေလည်း ရှိသလောက် ရှိမှာပါပဲ။ ဒါပေမဲ့ အဲဒီလို လိမ္မာရေးခြား မရှိတဲ့ တိုင်းရင်းသားညီအရင်းအကိုလို မဆက်ဆံတတ်တဲ့ ငါးခုံးမတွေကြောင့် ကျွန်တော်တို့တစ်တွေ မိသားစုစိတ်ဓာတ်တွေနဲ့ နည်းလမ်းရှာဖွေပြီး ခြေမမကောင်း ခြေမ ဆိုသလို မကောင်းသူတွေကို သွန်သင်သင့်တာ သွန်သင်၊ ဆုံးမသင့်တာ ဆုံးမ၊ အရေးယူသင့်တာ အရေးယူသွားရင် ပြည်ထောင်စုအတွင်းမှာ အထင်အမြင်လွဲမှားမှုတွေဟာလည်း ပပျောက်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ညီတော် နောင်တော်များခင်ဗျား… ကျွန်တော်တို့ ပြည်နယ်ခပ်များများဟာ မတိုးတက် မဖွံ့ဖြိုးဘဲ အောက်တန်းနောက်တန်း ကျနေပါသေးတယ်။ အဲဒီအောက်တန်းနောက်တန်းကျပြီး မဖွံ့ဖြိုးသေးတဲ့ နေရာဒေသအားလုံးနဲ့ ညီတူ တိုးတက်လာအောင် ကျွန်တော်တို့ လက်တွဲပြီး ကြိုးစားကြရင် မအောင်မြင်နိုင်စရာ အကြောင်း ဘာမှ မရှိပါဘူး” ဟု ပြောကြားသွားသည်။
            ဆွေးနွေးပွဲတွင် ဦးဗဆွေ ပြောကြားပြီးသောအခါ သဘာပတိ ၀န်ကြီးချုပ် ဦးနုက ဝမ်းသာအားရစွာ နိဂုံးချုပ် စကားပြောကြားသည်။ ဆွေးနွေးပွဲကိုလည်း မတ်လ ၇ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပါကြောင်းလည်း ကြေညာခဲ့သည်။
            ထို့နောက် တရားရေးဝန်ကြီး ဒေါက်တာဦးမောင်၊ ရှေ့နေချုပ် ဦးဘဆွေ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင် သာမောင်၊ ဗိုလ်ခင်မောင်ကလေးတို့က ၀ိဓူရသခင်ချစ်မောင် အနီးဝိုင်းလာကြပြီး ချီးကျူးစကား ပြောကြားကြသည်။ ထိုသို့ ချီးကျူးစကားပြောကြရာတွင် ဦးကျော်ငြိမ်းက “ခင်ဗျားတို့ ကွန်မြူနစ်တွေမှာလည်း လူမျိုးကြီး ၀ါဒရှိသကိုးဗျ” ဟူ၍လည်းကောင်း၊ ဗိုလ်ခင်မောင်ကလေးနှင့် ဦးကျော်ငြိမ်းတို့က “မိန့်ခွန်းကတော့ ကောင်းပါတယ်ဗျာ၊ ဒါပေမဲ့ ထုံးစံအတိုင်း ကျွန်တော်တို့ကို ဆော်တာနှက်တာ ပါသေးတာပဲဗျ” ဟူ၍ လည်းကောင်း၊ ရယ်စရာမောစရာများ ပြောခဲ့ကြသည်။ ထိုအခါ သခင်ချစ်မောင်က “သြော်… ဒါကတော့ဗျာ ၊ ဒီလိုဖြစ်ကြရတာ၊ ကျွန်တော်တို့ ပြည်မဘက်က ခြောက်ပြစ်ကင်း လုပ်လို့ ဘယ်ဖြစ်မလဲ ၊ အမှားရှိရင် ဝန်ခံလိုက်တာ အကောင်းဆုံးပေါ့ဗျာ” ဟု ပြန်လည်ချေပရာ၊ သခင်ချစ်မောင်၏ ချေပချက်ကို ဦးဗဆွေက ဝင်ရောက်ထောက်ခံလေသည်။ ယင်းနောက် ကိုယ်စားလှယ်ကြီးများ ဧည့်ခံဆောင်သို့ ကူးကာ ခေါက်ဆွဲနှင့် ကော်ဖီများ သုံးဆောင်ကြသည်။ ည ၈ နာရီခွဲခန့်တွင် ကိုယ်စားလှယ်တော်ကြီးများ အသံလွှင့်ရုံကြီးမှ ထွက်ခွာခဲ့ကြသည်။