ဖိုးလပြည့်ကိုဝေဖန်သည့် သူရိယနေဝန်း ဂျာနယ် အရောင်းအသွက်ဆုံးဖြစ်နေ
နော်အဲ
နိုဝင်ဘာ ၁ဝ၊ ၂ဝ၁၃
လူအများ စိတ်ဝင်စားသည့် သူရိယနေဝန်း ဂျာနယ်သည် စာနယ်ဇင်းဈေးကွက်တွင် အရောင်းအသွက်ဆုံးဖြစ်နေကြောင်း သိရှိရသည်။

တခြားဂျာနယ်များ တစ်စောင်လျှင် ကျပ် ၅၀၀ နှုန်း ပေါက်ဈေး ရှိနေချိန်တွင် စာနယ်ဇင်းအရောင်းဆိုင်၊ လက်ပွေ့အရောင်းသမား အများအပြားက သူရိယနေဝန်း ဂျာနယ်ကို ယခုရက်ပိုင်းမှ စတင်ပြီး တစ်စောင်လျှင် အနည်းဆုံး ၇၀၀ နှုန်းဖြင့် ရောင်းချနေသည်ကို တွေ့နေရသည်။
ထိုဂျာနယ်သည် မကြာသေးမီက ရပ်တန့်သွားသည့် သူရိယအလင်းကို အမည်သစ်ဖြင့် ဆက်ထုတ်နေခြင်း ဖြစ်သည်။
သူရိယအလင်း ဂျာနယ်တိုက်ကို ဖိုးလပြည့် ဆိုသူ ဦးဆောင်သည့် လူတစုက ပစ္စည်းများ ၀င်ရောက်သိမ်းပြီးနောက်တွင် ဂျာနယ် ရပ်တန့်သွားသည်ဟု ဆိုသည်။
ပြီးခဲ့သည့်လက စတင် ထွက်ပေါ်ခဲ့သော သူရိယနေဝန်းဂျာနယ်တွင် ဖိုးလပြည့် ဆိုသူကိုဝေဖန်သည့် အိတ်ဖွင့်ပေးစာ အပါအ၀င် ဂျာနယ်တွင် ဖော်ပြနေသော ဆောင်းပါးတချို့ကြောင့် နာမည်ကြီးလျက်ရှိသည်။
ဖိုးလပြည့် မည်သူဖြစ်ကြောင်း တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏မြေး ဖြစ်မည်ဟု အများက ယူဆနေကြသည်။
စစ်အစိုးရခေါင်းဆောင်ပိုင်းနှင့်နီးစပ်ခဲ့သော လုပ်ငန်းရှင်များအကြောင်း ဖွင့်ချမည်ဟု ယူဆနေကြသော သူရိယနေဝန်း အရောင်းသွက်နေသဖြင့် တခြားသော ဂျာနယ်တို့ပင် အနည်းငယ် အရောင်းကျသွားကြောင်း ရန်ကုန်မြို့ ၄၆ လမ်း၊ ရွှေဂုံတိုင်၊ သမိုင်း စသည့် ဂျာနယ်ဖြန့်ချိရေး ရပ်ကွက်များထံမှ သိရှိရသည်။
အရောင်းသွက်လွန်းသော သူရိယနေ၀န်းသည် စာနယ်ဇင်းလက်ပွေ့အရောင်းသမားများထံ အလိုရှိသလောက် ရောက်မလာဟု ဆိုသည်။
စောင်ရေ တသိန်းဝန်းကျင်ရှိမည်ဟူ ဈေးကွက်တွင် ယူဆနေကြသော သူရိယနေ၀န်းသည် စောင်ရေ တိုးထုတ်ဖွယ်ရှိသည်ဟုလည်း အရောင်းသမားတချို့က မျှော်လင့်နေသည်။
စာနယ်ဇင်းကျင့်ဝတ်နှင့် ညီညွတ်ခြင်းမရှိ ဟူသော ဝေဖန်ချက်မျိုးနှင့် ရင်ဆိုင်နေရသော၊ အငြင်းပွားဖွယ် ဖြစ်နေသော၊ စာဖတ်သူအများအပြားက စိတ်ဝင်တစား အားပေးနေကြသော သူရိယနေ၀န်းသည် ဖြန့်နှုန်းမှာ တခြားသော ပြိုင်ဘက်များနည်းတူ တစောင်လျှင် ကျပ် ၄ဝဝ ဝန်းကျင်နှုန်းဖြစ်သည်ကို တွေ့ရသည်။ ၀ယ်လိုအားနှင့် ရောင်းလိုအား မျှတခြင်း မရှိသောကြောင့် ဈေးကွက်ထဲရောက်မှ အဆင့်ဆင့် ဈေး တက်သွားခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။