လူ့အခွင့်ရေးများဖြင့် ခြိမ်းခြောက်ခံနေရသော မြန်မာပြည် (Ashin Dhamma Piya)


 လူ့အခွင့်ရေးများဖြင့် ခြိမ်းခြောက်ခံနေရသော မြန်မာပြည်
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဒီဇင်ဘာ ၁၆၊ ၂၀၁၃
            “မုန်းတိုင်းကထန်ထန် တိုင်းပြည်ကနုနု↔ဆိုရတော့မလို ဖြစ်နေပြီ။ ယနေ့ မြန်မာပြည်တစ်ဝှမ်းမှာ ပဲ့တင်သံတွေနှင့် လွှမ်းနေတယ်။ အဲဒီပဲတင်သံတွေကတော့ ဟယူးမင်းရိုက်တ် (Human Rights) လို့ခေါ်တဲ့ လူ့အခွင့်ရေးတောင်းဆိုသံတွေပါ။ ဘာကြောင့်များ ဒီအသံတွေ ကျယ်လောင်လာပါလိမ့်။ စိတ်ဝင်စားမိတယ်။
            စာရေးသူနားလည်ထားတဲ့ လူ့အခွင့်ရေးဆိုတာ လူသားမျိုးနွယ်ဝင်များအတွက် ဖေါင်းဒေးရှင်းသဖွယ် ဖြစ်တဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ လူသားများရသင့်၊ ရထိုက်တဲ့ အခွင့်အရေးကို အလေးအနက်ထားပြီး ဖေါ်ညွှန်းပြဆိုထားတဲ့ စကားဖြစ်တယ်။ ဒီလို လူသားများရဲ့ ရပိုင်ခွင့်ကို ကုလသမဂ္ဂ အဖွဲ့ကြီးက အကြီးအမှူးပြုပြီး ကမ္ဘာနှင့်အ၀ှမ်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ဟယူးမင်း ရိုက်တ် (လူ့သားများ ရပိုင်ခွင့်ရှိတဲ့ အခွင့်ရေးများ) လို့ ခေါ်တဲ့ စကားအသုံးအနှုံးကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြခြင်းဖြစ်တယ်။
            ပြည်သူတွေက ထိုဟယူးမင်းရိုက်တ်ကို အခွင့်အရေးတစ်ရပ်အနေနှင့် အလွန်အကျွံ တောင်းဆိုလာကြ တဲ့အခါ လူနည်းစုဖြစ်တဲ့ ပြည်သူတွေကလည်း မိုင်နော်ရတီ ရိုက်တ် (minority rights) လူနည်းစုများ ရပိုင်ခွင့် ရှိတဲ့ အခွင့်အရေးဆိုပြီး တောင်းဆိုလာကြတယ်။ အမျိုးသမီးများကလည်း အမျိုးသမီးများအခွင့်ရေးကို အကြောင်းပြပြီး ၀ူးမင်းရိုက်တ် (women’s rights) အနေနှင့် အမျိုးသမီး အခွင့်ရေးများကို တောင်းဆိုလာကြ ပြန်တယ်။ ထိုပြင် ဘာသာဝင် လူနည်းစုကလည်း သူတို့ရပိုင်ခွင့်ရှိတဲ့ ဘာသာဝင်လူနည်းစုအခွင့်ရေး၊ လူမျိုးစု တွေကလည်း သူတို့ရပိုင်ခွင့်ရှိတဲ့ လူမျိုးစု အခွင့်ရေး-စသည်ဖြင့် လူ့အခွင့်ရေးတွေကို အမည်နာမတွေ အမျိုးမျိုးတပ်ပြီး တောင်းဆိုလာခဲ့ကြတယ်။  စဉ်းစားမိတာကို တင်ပြခြင်းဖြစ်တယ်။
            ဒီလို အကြောင်းကြောင်းတွေကြောင့် ထင်ပါရဲ့ လွန်ခဲ့သောလက (၃၀၊၁၁၊၁၃ နေ့က) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်ကျောင်းဝင်းတွင်းမှာရှိတဲ့ စိန်ရတုသဘင်ခမ်းမကြီး၌ “တည်ငြိမ် အေးချမ်းသည့် နိုင်ငံတော်တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ↔ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့တဲ့ ညီလာခံကြီးမှာ နိုင်ငံတော်သမ္မတကြီးက - အမြင်မတူသူတွေ၊ ၀ါဒမတူသူတွေနှင့် မတူကွဲပြား ခြားနားမှုတွေ ရှိနေတာကြောင့် ယနေ့ မြန်မာနိုင်ငံကြီးဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာကို ကြားလိုက်ရတယ်။ သတိပြုစရာ အချက်တစ်ခုပါ။  
            ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းထားတဲ့ မြန်မာနိုင်ငံတော်ကြီးကို အလျှင်အမြန် တည်ငြိမ် အေးချမ်းမှုများ ရရှိနိုင်ရန် နိုင်ငံခေါင်းဆောင်များ၊ အမျိုးသားရေးစိတ်ရှိတဲ့ ခေါင်းဆောင်များ၊ နိုင်ငံချစ်စိတ်ဓာတ်၊ လူမျိုးချစ်စိတ်ဓာတ်ရှိသူများ၊ ဘာသာ သာသနာစိတ်ရှိသူများသည် စွမ်းနိုင်သမျှ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံ ကြီးတစ်ခု ဖြစ်လာနိုင်ဖို့် စုပေါင်းပြီး ၀ိုင်းဝန်းပြုလုပ်နေကြခြင်းကို လူတိုင်းနီးနီး သိကြမှာပါ။ ထိုကဲ့သို့ပြုလုပ်ရ ခြင်း၏ အဓိကအကြောင်းကတော့ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းတဲ့အသွင်နှင့်ရှိနေမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ တိုင်းပြည်တွင်းမှာ ပိုမိုများပြားလာနိုင်မှာဖြစ်တယ်။ ဒီလိုယုံကြည်ထားတဲ့ တိုင်းပြည်ခေါင်းဆောင်များနှင့် လုပ်ငန်းရှင်ကြီးများက တိုင်းသူပြည်သားများအတွက် အလုပ်အကိုင်များ ပေါများလာပြီး တိုင်းပြည်ကြီး အလျင် အမြန် တိုးတက်လာနိုင်စေရန်နှင့် အိမ်နီးချင်းနိုင်ငံများရဲ့ စီးပွားရေးအရှိန်အဟုန်ကို အမှီလိုက်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပြည်သူတွေပြောသမျှကို နားထောင်ပြီး လုပ်သင့်တာများကို အလျင်အမြန်လုပ်နိုင်ဖို့ ၀ိုင်းဝန်း ကြိုးစား နေကြခြင်းဖြစ်တယ်။  
            သို့သော် တိုင်းပြည်တွင်းမှာ ဆူပူမှုတွေက များလွန်းနေသေးတော့ ထင်တဲ့အတိုင်း ဖြစ်မလာသေးပါ။ ဒီလိုသာ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဆန္ဒထုတ်ဖေါ်မှုတွေနှင့် နေတိုင်းလိုလို ဖြေရှင်းပေးနေရမယ်ဆိုရင် အိမ်နီးနားချင်းနိုင်ငံများရဲ့ စီးပွားဖွံ့ဖြိုးမှု အနေအထားမျိုးသို့ အမှီလိုက်နိုင်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်နိုင် သေးပါ။ ဘာကြောင့်လဲဆိုရင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်တဲ့ ဆန္ဒထုတ်ဖေါ်မှုတွေက နိုင်ငံနှင့်မမျှအောင် များပြားလွန်းနေတော့ စီးပွားလုပ်လိုသော လုပ်ငန်းရှင်ကြီးများအတွက် ဒီလိုနိုင်ငံမျိုးအတွင်း ရင်းနှီး မြှုပ်နှံလိုစိတ်တွေ ကုန်ခမ်းသွားမယ်ဆိုတာ  သံသယဖြစ်ဖွယ်မရှိပါ။   
            ယနေ့မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းများကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ဒီမိုကရေစီစနစ်ကိုကျင့်သုံး ခဲ့တဲ့ ဒီသုံးနှစ်အတွင်းမှာ ဘယ်သူတွေက အခွင့်ထူးခံတွေဖြစ်ပြီး၊ ဘယ်ဝါတွေက တိုင်းပြည်ရဲ့ အခွင့်အရေး များကို ရနေသလဲ၊ သို့မဟုတ် ယူနေသလဲလို့ လေ့လာကြည့်တဲ့အခါ ဒီမိုကရေစီစနစ်ကို ကူးပြောင်းစ နိုင်ငံဖြစ်ပြီး မျိုးချစ်စိတ်၊ ပြည်ချစ်စိတ် ရှိသူများသည် စနစ်ကို ပီပီပြင်ပြင် လည်ပတ်လာနိုင်စေရန် စုပေါင်းပြီး ကြိုးစားနေချိန်မှာ ဘယ်သူမှ လူ့အခွင့်ရေးများကို ဟုတ်တိပတ်တိ ရယူနေသည်ဟူ၍ မမြင်မိပါ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍကအစ လုံခြုံရေးကဏ္ဍများအထိ ဘယ်ပြည်သူတွေဖြင့် ဘယ်အခွင့်အရေးမျိုး တွေကို ယူနေကြသည်ဟူ၍လည်း မကြားမိပါ။ (မြင်ခဲ့၊ ကြားခဲ့ရင်လဲ တိုင်းပြည်အတွက် ထောက်ပြပေးကြပါ) သို့သော် သုံးနှစ်ထက်အလွန်က သမိုင်းများကို ပြန်လှန်သုံးသပ်ပြမယ်ဆိုရင်တော့ ပေါက်ပင်ဘာကြောင့် ကိုင်း ရတဲ့ သမိုင်းရှည်ကြီးတစ်စောင် ထွက်လာနိုင်တာကိုတော့ ၀န်ခံရမှာပါ။ ဒါပေမဲ့ အခုအချိန်မှာ ဖြစ်သင့်တာက ဒီမိုကရေစီစနစ်ကို ကူးပြောင်းစ အချိန်ဖြစ်နေလို့ ပြည်သူတွေက တိုင်းပြည်နှင့် လူမျိုးအတွက် ရယူဖို့ထက် ပေးဆပ်ဖို့ကို များများစဉ်းစားပေးရမဲ့ အချိန်အခါမျိုးဖြစ်တယ်ဆိုတာ အကြံပြုလိုခြင်းပါ။
            ဒီနေရာမှာ အမေရိကန်သမ္မတ ဂျွန်ကနေဒီရဲ့ စကားလေးက ဒီမိုကရေစီနိုင်ငံသစ်ကို တည်ထောင် လိုသူတို့အတွက် မှတ်သားလိုက်နာဖို့ကောင်းတဲ့စကားပါ။ ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် ဆောင်ရွက် နေရဆဲဖြစ်တဲ့ အချိန်အခါမျိုးမှာ အမေရိကန်နိုင်ငံ ပြည်သူ၊ ပြည်သားများကို ဂျွန်ကနေဒီပြောခဲ့တဲ့ မိန့်ခွန်းက - “ပြည်သူ၊ ပြည်သားများဟာ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် တိုင်းပြည်က ငါအတွက် ဘာလုပ်ပြီး ပြီလဲ မမေးပါနဲ့၊ ငါက တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီလဲ မေးပါ↔ဆိုတဲ့ မိန့်ခွန်းပါ။ လေးစားလိုက်နာ ဖို့ကောင်းတဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့ မွန်မြတ်တဲ့စေတနာစကားပါ။ ဒီနေရာမှာ လူ့အခွင့်အရေးတွေကို တောင်းဆိုနေကြတဲ့ ပြည်သူတွေကို မေးချင်ပါတယ်။ ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်ကို ထူထောင်နိုင်ဖို့ ကြိုးစား နေချိန်မှာ အခွင့်ရေးတောင်းနေသူများဟာ တိုင်းပြည်နှင့်လူမျိုးအတွက် ဘာတွေများ လုပ်ပေးပြီးကြပြီလဲ-ဆိုတာလောက်တော့ မေးခွင့်ပြုပါ။   
            တကယ်တော့ ယနေ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အကြောင်းပြချက်တွေနှင့် ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံလို့ ဆိုရမှာပါ။ တည်ထောင်စ ဒီမိုကရေစီနိုင်ငံဖြစ်လေတော့ တိုင်းပြည်အတွက် လုပ်စရာတွေက အများကြီးပါ။ ပြည်သူ ပြည်သားတွေ ကောင်းစားဖို့ တိုင်းပြည်ကို တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ကြီးပွား ချမ်းသာအောင် စုပေါင်းပြုလုပ်ပေးကြရမည့်အချိန်အခါမျိုးပါ။ ဒီလိုမှမလုပ်နိုင်ကြသေးပဲ တိုင်းပြည်ထံမှ မိမိတို့ ရယူလိုသော ဆန္ဒများကို ထုတ်ဖေါ်လိုသည့်အနေနှင့် ဆက်လက်အော်နေကြဦးမည်ဆိုလျှင် တိုင်းပြည်၏ အနာဂတ်အရေးသည် ရင်လေးစရာများ ဖြစ်လာနိုင်ခြင်းပါ။ တကယ်ပြောရမည်ဆိုလျှင် အသွင်ကူးပြောင်းစ ဒီမိုကရေစီ နိုင်ငံသစ်အတွက် လိုအပ်ချက်တွေကို တောင်းဆိုနေကြမည်ဆိုလျှင် ထိုတောင်းဆိုသံများသည် (၂၄) နာရီလုံးလုံး အသံစဲနိုင်စရာအကြောင်းမရှိပါ။
            အမှန်တကယ်သိထားဖို့က ဆန္ဒထုတ်ဖေါ်တဲ့အသံများသည် မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ ကမ္ဘာ့ လူသားများ၏ (အထူးသဖြင့်) စီးပွားရင်းနှီးမြှုပ်နှံလိုသူတို့၏ သံသယစိတ်များကို ပိုမိုတိုးပွားနိုင်စေတယ်ဆိုတာ နိုင်ငံသူ၊ နိုင်ငံသားများ သိထားနိုင်ဖို့ပါ။ ထိုကြောင့် လူမျိုးစုများရဲ့ လူ့အခွင့်အရေးတောင်းဆိုသံတွေ၊ ဘာသာရေး အမြတ်ထုတ်လိုသူတို့ရဲ့ လူ့အခွင့်ရေးတောင်းဆိုသံတွေ၊ လူ့အဖွဲ့အစည်းများရဲ့ ဆန္ဒထုတ်ဖေါ် တောင်းဆိုသံတွေ အပြင် နိုင်ငံရေးအကျဉ်းသားများအခွင့်ရေး၊ အမျိုးသမီးများအခွင့်ရေး၊ ကလေးများအခွင့်ရေး၊ လူမျိုးစုများ အခွင့်ရေး စတဲ့ အခွင့်ရေးတောင်းဆိုသံများကို အချိန်ကာလတစ်ခုအတွင်း လျှော့ချနိုင်သမျှ လျှော့ချပေးကြဖို့ပါ။
            အဖြောင့်ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံသို့ လာရောက်ပြီး စီးပွားရင်းနှီးမြှုပ်နှံချင်သူတွေ၊ ပညာရေး အတွက် ရင်းနှီးမြှုပ်နှံချင်သူတွေ၊ အသေးစား၊ အကြီးစား စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံလိုသူတွေစတဲ့ လုပ်ငန်းရှင်ကြီးများဟာ မတည်ငြိမ်သေးတဲ့ တိုင်းပြည်မျိုးမှာ (အထူးသဖြင့်) စီးပွားရေးအတွက် အရင်းအနှီးများ အင်တိုက်အားတိုက် မြှုပ်နှံမထားရသေးတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့အတွက်  သူတို့ ၀န်လေးနေကြမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။
            ဒီအချက်ကို လူ့အခွင့်ရေးတောင်းဆိုနေကြသူများ သတိထားနိုင်ကြမည်မဟုတ်ပါ။ ဘာမှ လုံချြုံမှု မရှိသေးတဲ့နိုင်ငံအတွက် တည်ငြိမ်အေးချမ်းမှုများ ရရှိလာနိုင်စေရန် တိုင်းသူပြည်သားများကိုယ်တိုင်က ဆောင် ရွက်ပေးနိုင်သူများ မဖြစ်ခဲ့ကြဘူးဆိုရင် ဒီလိုတိုင်းပြည်မျိုးအတွက် ဘယ်သူတွေကလာပြီး (သို့မဟုတ်) ဘယ်နိုင်ငံသားတွေကလာပြီ ဆောင်ရွက်ပေးနိုင်မလဲဆိုတာ လွယ်လွယ်လေးနဲ့ သိနိုင်တဲ့အဖြေမျိုးမို့  လေးလေး နက်နက် စဉ်းစားနိုင်ကြဖို့ပါ။
            ပညာဉာဏ်ကြီးသူများ သတိပြုရန်အချက်တစ်ခုမှာ - ဗုဒ္ဓစ်စ်ဖီလိုဆိုဖီကို လေ့လာကြည့်တဲ့အခါ အကျိုး တရားများ ဖြစ်ပေါ်လာနိုင်ဖို့ဆိုတာ အကြောင်းတရားရှိမှ ဖြစ်ပေါ်လာနိုင်ခြင်းပါ။ အကြောင်းတရားသည်ပင် တစ်ခုတည်းမဟုတ်ပဲ အကြောင်းများစွာ ပေါင်းဆုံပါမှ အကျိုးတရားဆိုတာ ဖြစ်ပေါ်လာနိုင်ခြင်းဆိုတဲ့အချက်ပါ။ ဒီသီအိုရီနှင့်စပ်၍ ဆွေးနွေးလိုတာက - အချို့သောအရာများသည် မပေးလို့ မရနိုင်တာမျိုး ရှိနေတတ်သလို၊ ပေးလျှက်နဲ့ မယူလို့ မရနိုင်တာမျိုးလည်း ရှိနေနိုင်ခြင်းပါ။
            ယနေ့ ကမ္ဘာ့လူထုများအကြား အမျိုးသမီးအခွင့်အရေးစကားကို များများပြောလာကြသည်ကို သတိပြုမိခြင်းပါ။ ကြိုဆိုပါသည်။ သို့သော် … ။ လွန်ခဲ့တဲ့ သုံးလခန့်က အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ နှင့်အဖွဲ့ မြန်မာပြည်ကို ရောက်လာပြီး၊ မြန်မာပြည်သူလူထုရဲ့ အသံကို နားထောင်ခဲ့ကြတယ်။ သူတို့ နားထောင်တဲ့လူထုအသံထဲမှာ အမျိုးသမီးအခွင့်ရေးနှင့်စပ်တဲ့ အသံကိုလည်း သူတို့နားထောင်ခဲ့ကြတယ်။ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့တဲ့အခါ သူတို့ မြန်မာနိုင်ငံအတွက် အမျိုးသမီးအခွင့်ရေးကို ထည့်သွင်း ပြောကြားခဲ့တယ်။ စာရေးသူက မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီးများ အလုပ်ခွင်မှာဖြစ်စေ၊ ပညာသင်ကြားရာမှာဖြစ်စေ၊ ရာထူးတိုးမြှင့်ရာမှာဖြစ်စေ၊ တန်းတူအခွင့်ရေးရရှိကြောင်း ပြောကြားခဲ့တယ်။ သို့သော် တချို့နေရာများ၌ ပေးလျှက်နှင့် မယူတတ်လို့၊ သို့မဟုတ် မယူကြလို့ မရနိုင်တာမျိုးတွေတော့ ရှိနေတယ်လို့ ပြောကြားခဲ့တယ်။ ဒါကို ရှင်းလင်းအောင် ပြောရမယ်ဆိုရင် -    အမေရိကန်နိုင်ငံမှာ သမ္မတပေါင်း (၄၆)ယောက် ရှိသွားပြီဖြစ်သော်လည်း အမျိုးသမီးသမ္မတ အခုအချိန်အထိ တစ်ယောက်မှ မရှိသေးကြောင်း ထောက်ပြပြောဆိုတဲ့အခါ ဂျင်မီကာတာက သင့်ခ်ယူ (THANK YOU) ဆိုတဲ့ အဖြေကို သူ့နှုတ်က ချက်ချင်းဆိုသလို တုန့်ပြန်ပြောဆိုခဲ့တယ်။ (အထက်လွှတ်တော်တွင် ဆိနိတ် (Senate) အမတ်ဦးရေ (၁၀၀) မှာ အမျိုးသမီးအမတ်ဦးရေက (၂၀)၊ အောက်လွှတ်တော်တွင် အမတ်ဦးရေ (၄၃၅) ယောက်မှာ အမျိုးသမီး အမတ်က (၈၀) ယောက်မျှသာ ရှိကြောင်းကိုတော့ အချိန်ကိုငဲ့၍ မပြောဆိုနိုင်ခဲ့ပါ)။
            ပြောလိုတာက တခါတရံမှာ ပေးပေမဲ့ မယူခဲ့ကြတဲ့အခါ နောက်ဆုံး ယူချင်ပေမဲ့ မရနိုင်တော့တာ မျိုးလည်း ဖြစ်သွားနိုင်ခြင်းပါ။ စနစ်တစ်ခုဟာ ခိုင်သွားခဲ့ပြီဆိုရင် တန်းတူအခွင့်အရေးကို လွတ်လွတ် လပ် လပ်ကြီး ပေးထားတဲ့ အမေရိကန်နိုင်ငံလို နိုင်ငံမျိုးမှာပင် လွှတ်တော်၌ အမတ်ဦးရေနဲပါးနေခြင်းဟာ မပေးလို့ အရနဲနေတာလား (သို့မဟုတ်) မယူလို့ အရနဲနေတာလားဆိုတာ အမျိုးသမီးဝါဒီများ မျှမျှတတ စဉ်းစားနိုင်ဖို့ပါ။
            သို့သော် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဘ၀အခက်အခဲများကို အချိန်နှင့် ရင်း၍၊ ဘ၀နှင့်ရင်း၍၊ စေတနာနှင့်ရင်း၍ ပေးဆပ်နိုင်ကြမည်ဆိုလျှင် ဘ၀ရဲ့အထွဋ်အထိပ်နေရာမျိုးတွေမှာ အမျိုး သမီးတိုင်း ရနိုင်တဲ့ ဆုလာဘ်မျိုးဆိုတာ ချွင်းချက်မထားပဲ ယုံကြည်ထားပြီးသားပါ။ အပြောကိုလျှော့၍ အလုပ်နှင့် သက်သေပြနိုင်ကြဖို့ပါ။
            အနှစ်ချုပ်ပြောရလျှင် လူ့အခွင့်ရေးစကားကို များများပြောဆိုနိုင်တဲ့ နိုင်ငံမျိုးဆိုတာ ကိုယ်တိုင်က နိုင်ငံ ရေးပါဝါ၊ စီးပွားရေးပါဝါ၊ ပညာရေးပါဝါများ အားကောင်းနေမှ လူ့အခွင့်ရေးစကားကို များများပြောနိုင်တာပါ။ မြန်မာနိုင်ငံမှာတော့ ထိုကဲ့သို့ ဘာပါဝါ၊ ညာပါဝါများ အားမကောင်းလှသေး၍ လူ့အခွင့်ရေးများဖြင့် ဆက်လက် ခြိမ်းချောက်ခံနေရဦးမည်ဆိုတာ ရဟန်းရှင်လူ ပြည်သူအများ သိထားနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင် ကြပါစေ။                                                                                  
 ဒေါက်တာဓမ္မပိယ (ITBMU)
(ဓာတ်ပုံ - မိုးမခ၊ နိုဝင်ဘာ ၁၈၊ ၂၀၁၃၊ ငါးကျမ်းပြန်ကျောင်းတိုက်၊ ရန်ကုန်မြို့)