ငြိမ်းချမ်းအေး - နှစ်ပြန်လိမ်တိုင်းပြည်ရဲ့ ကန္တာရနှစ်များ

နှစ်ပြန်လိမ်တိုင်းပြည်ရဲ့ ကန္တာရနှစ်များ
ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၇၊ ၂၀၁၃



ကိုးရီယား ရုပ်သံ ဇာတ်လမ်းတွဲ ခေတ်စားခါစက နယ်မြို့က အသိ အမျိုးသမီးကြီး တယောက် က သူ့ သမီး ကိုးရီးယား နဲ့ အိမ်ထောင်ကျတယ် ဆိုပြီး နည်းနည်း ကြွားသံနဲ့ ဆိုတယ်။  ခြင်ထောင်စောင့် ဥပဒေ မပေါ်ခင်ဆိုတော့ ဟုတ်လား ကောင်းတာပေါ့..၊ အခု ကိုးရီယား လိုက်သွားပြီလား မေးတော့၊ မဟုတ်ဘူး၊ အခု မြို့က ဈေးထဲမှာ လင်မယား နှစ်ယောက် ဆိုင်ဖွင့်ထားတယ် လို့ ဖြေတယ်။  အဖြေကြားတော့ စိတ်ထဲမှာ ပြန်ပြောမိတယ်၊ အင်း.. မြို့က ဈေးမှာ ဆိုင်လာဖွင့်တယ်ဆိုတော့ သူ့ဟာ က ကိုးရီးယားတော့ ကိုးရီးယား ပဲ၊ ဒါပေမယ့် မြောက်ကိုးရီးယား က ဖြစ်ရမယ်..။  အဲ့တုန်းက မြို့ရဲ့ မြစ်အနောက်ဘက်ခြမ်း လက်နက်စက်ရုံတွေမှာ ဥမင်လိုဏ်ခေါင်း ဖောက်နေတဲ့ မြောက်ကိုးရီးယားတွေကလည်း ရှိတာကိုး..။

အခုလည်း Head-to-Head Rule ကျင့်သုံးမှန်း မသိဘူးလို့ ဆိုတဲ့ ဗမာဘောလုံးနည်းပြ ကိုးရီးယား ဆရာ ကို အဲ့သလို ပြောရကိန်းဆိုက်နေပြီ..။  ကိုးရီးယားတော့ ကိုးရီးယား ပဲ၊ ဒါပေမယ့် မြောက်ကိုးရီးယားပဲ ဖြစ်ရမယ်..။

ဘာကိုးရီးယား ဖြစ်ဖြစ် သူဟာ တာဝန်ယူတတ်သူ၊ မိမိ အပြစ်ကို ဝန်ခံရဲသူ၊ ရှက်တတ်သူဖြစ်တာကြောင့် အမှားကို ဝန်ခံ၊ တပြည်လုံးကို တောင်းပန်ရင်း မိမိ ဂုဏ်သိက္ခာ ကိုတော့ တတ်နိုင်သမျှ ပြန်ဆည်သွားတယ်။  အမှားကို ဝန်မခံရဲသူ၊ မရှက်တတ်သူ၊ ဂုဏ်သိက္ခာ မရှိသူများကတော့ မျက်နှာပြောင်တိုက် ဆက်ကျန်နေပြီး ဗမာ့ဘောလုံးကို ဆက်လက် ဖျက်စီးကြဦးမှာပါပဲ။  ကြားနေကျ သတင်း၊ ဇာတ်လမ်းဟောင်းကြီးကို ခဏ ထားလိုက်ပါဦး..။

အခု Head-to-Head ကိစ္စ နည်းနည်း နောက်ကြောင်းလိုက် ရရင် ဒီ Rule ကို စကျင့်သုံးကြတာ အမှတ်မမှားရင် Euro 96 ကလို့ ဆိုရမယ်။

Euro 96 မှာ 94 World Cup သံယောဇဉ် နဲ့ အီတလီ ကို အားပေးခဲ့တယ်။  အားကစား စာစောင်တွေကလည်း ပေါပေါလောလော မဟုတ်သေး၊ အင်အား၊ တံခွန် တို့သာ တပတ်တခါ ရှိတာဆိုတော့ ကိုယ့်ဘာသာပဲ အသင်းတွေ ရဲ့ အနိုင်၊ အရှုံး ရလဒ် နဲ့ ရဂိုး၊ ပေးဂိုး တွေကို ကြည့်ပြီး အုပ်စုလိုက် ဇယားချ၊ ရပ်တည်တဲ့ အဆင့်တွေ တွက်ရတယ်။  အုပ်စုပွဲတွေပြီးတော့ အီတလီ ပါတဲ့ အုပ်စု မှာ ဂျာမဏီ (ပြိုင်ပွဲမှာလည်း နောက်ဆုံး ချန်ပီယံ ဖြစ်ခဲ့သူ) က အီတလီ ကို သရေ၊ ကျန်တဲ့ နှစ်သင်း ချက် နဲ့ ရုရှား ကို နိုင်ပြီး လွတ်လွတ်ကျွတ်ကျွတ် (၇) မှတ် ရ အုပ်စုဗိုလ် နဲ့ တက်တယ်။  အုပ်စု ဒု နေရကျ တပွဲ နိုင်၊ တပွဲ သရေ၊ တပွဲ ရှုံး စီ ဖြစ်နေတဲ့ အီတလီ နဲ့ ချက် နဲ့က ၄ မှတ် စီ တူနေတယ်။  ဒါနဲ့ပဲ ရဂိုး၊ ပေးဂိုး တွေ နဲ့ ဂိုးကွာခြားချက် တွက်ရတယ်။  တွက်တော့ ဂိုးကွာခြားချက် က အီတလီ က သာနေတယ်။  ဒါနဲ့ပဲ အေးအေးဆေးဆေးပဲ အီတလီ တက်ပြီပေါ့လို့ နေလိုက်တယ်။  

တကယ် တက်တော့ ချက် ဖြစ်နေတယ်။  နောက်မှ Head-to-Head Rule ပြောင်း သုံးကြောင်းသိခဲ့ရတယ်။  ချက်-အီတလီ နှစ်သင်း ထိပ်တိုက် တွေ့ခဲ့မှု ရလဒ် ကိုပဲကြည့်ပြီး ဆုံးဖြတ်ခဲ့တယ်။  အီတလီ က အုပ်စု ဒု ပွဲ အနေနဲ့ ချက် နဲ့ ကန်ရာမှာ ၂-၁ နဲ့ ရှုံးခဲ့တယ်။  ဒါကြောင့် World Cup 94 ဒုတိယဆုရ အီတလီ ဟာ Euro 96 မှာ ချက်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက် သာပေမယ့် အုပ်စုကပဲ လှည့်ပြန်ခဲ့ရတယ်။  တက်သွားတဲ့ ချက်ကလည်း နက်ဗတ်၊ ပိုဘောစကီ၊  ဘာကာ တို့နဲ့ ခြေစွာ စ အသင်းသစ်  ဆိုတော့ Euro 96 မှာ အုပ်စု က တက်ရုံမက ဗိုလ်လုပွဲ အထိပါ ရောက်သွားခဲ့တယ်။  အဲ့ဒီပွဲကစလို့ နောင်မှာ နိုင်ငံတကာအဆင့် ဘောလုံးပြိုင်ပွဲ အများစုနီးပါး  Head-to-Head ရလဒ် ကိုပဲ ယူကြတော့တာ သတိပြုမိခဲ့တယ်။

ည က မြန်မာ-အင်ဒို ပွဲ အကြောင်းကတော့ အားလုံးလည်း စိတ်ပျက်နေကြတာဆိုတော့ ပြောကို မပြောချင်ဘူးလို့ မနှဲလေး လေသံနဲ့ပဲ ဆိုရမယ် ထင်တယ်။  ဒါပေမယ့် ရေးလက်စ နဲ့ ဆိုတော့ စိတ်ထဲ ရှိတာတချို့ ရေးလိုက်ပါဦးမယ်။

လူပြောသိပ်မများတဲ့ ဘောလုံးနောက်ခံစကားပြော အစီအစဉ်တင်ဆက်သူ Commentators တွေ အကြောင်းက စရမယ်။  ကလေးဘဝ ၈၀ ခုနှစ် နှောင်းပိုင်း တိုင်းဘောပွဲတွေ ရုပ်သံက ကြည့်ရင် Commentator တွေ ဒဏ် မခံနိုင်လို့ အသံပိတ်ကြည့်ရတာ မှတ်မိတယ်။  မြန်မာ့အသံ ရေဒီယို က ပြောသူ က ပိုနာခံသာလို့ တီဗွီက အရုပ်ကြည့်ပြီး အသံကို ရေဒီယို က နားထောင်ရတယ်။  နောက်ပိုင်း ၉၀ ခုနှစ်များမှာ တော့ လေးပွင့်ဆိုင် ပွဲတွေကစလို့ ဗမာ အသင်းကန်တဲ့ နိုင်ငံတကာ ဘောပွဲတွေမှာ ဦးလှဝင်း က နှိပ်စက်လေ့ရှိတယ်။  အခု ဆယ်စုနှစ် တခုနီးပါး ဗမာ ဘောလုံးပွဲ မကြည့်ရာက ပြန်ကြည့်ဖြစ်တဲ့အချိန်မှာ ဗမာ ဘောလုံးပွဲ အစီအစဉ်တင်ဆက် နောက်ခံစကားပြောသူတွေရဲ့ အရည်အသွေး က ပိုကျသွားတာကို တွေ့ရတယ်။

ငယ်ငယ်က ဦးလှဝင်း ကို ကျောင်းသားပွဲတွေမှာ တွေ့တော့ ကျောင်းသားကလေးတွေက “ဟိုမှာ.. ဟိုမှာ.. တီဗွီ က ဘောလုံးပွဲတွေမှာ တလွဲတွေချည်းပြောတဲ့ သူကြီး” လို့ အော်ကြတော့ ရယ်ခဲ့ရတယ်။  ငယ်စဉ်တလျှောက် ဦးလှဝင်း ကို အပြစ်တင်ခဲ့မိသမျှ အခု တောင်းပန်ပါတယ်။  ဦးလှဝင်း နဲ့ နီးစပ်သူများ တောင်းပန်ပေးပါ။  အခု ဆရာများက ပိုသာဆိုး တယ် ဆိုတယ် သိရလို့ နောင်တ ရနေပါပြီ။

ခေတ်လူငယ် အသံလွှင့်သူများ ရဲ့ မြန်မာ စကား ကို ဗမာတွေ နားမလည်အောင် ပြောတတ်တဲ့ အကျင့်ကို ရန်ကုန် FM ရေဒီယိုလိုင်း ပေါ်လာကတည်းက အတော်ကျင့်သားခဲ့ရပါပြီ။  အခု ဆရာများကို အဲဒီ ကိစ္စ အတွက် အပြစ် မဆိုချင်ပါ။  ဒါပေမယ့် Commentator တယောက် လုပ်ရမယ့် အလုပ်တွေ တခုမှ မလုပ်တာကိုတော့ ထောက်ပြချင်တယ်။  

ဘောလုံး ကစားကွက် သုံးသပ်မှု က တကယ့် ပရိုဆန်လို့ အားနည်းနေသေးတာကို ခွင့်လွှတ်ရဦးမှာပါ။  အခုဟာက အချက်အလက် ရှာဖွေ စုစည်းပြီး ပြောလို့ရတဲ့ ကစားသမားတွေ ရဲ့ နောက်ခံ၊ အသင်းတွေ ရဲ့ ရာဇဝင်၊ အုပ်စု အခြေအနေ၊ ရှေ့အလားအလာ ဘာ တခုမှ မပြောသလောက်ပဲ။  Commentator အလုပ်မဟုတ်တဲ့ သန်းခြောက်ဆယ် သော ပရိသတ်ကြီး ရဲ့ မျှော်လင့်ချက် တို့၊ ချန်ပီယံ ဖြစ်ဖို့ ယုံကြည်ချက် တို့ကိုသာ အာပေါက်မတတ် နောက်ဆုံးမိနစ်အထိ ပြောသွားခဲ့တယ်။  ဘောလုံးပွဲ Commentator က အသင်းတသင်းသင်း ရဲ့ အားပေးသူ မဟုတ်ရဘူး၊ အသင်းနှစ်သင်း အကြောင်း၊ ကန်နေတဲ့ ဘောလုံးပွဲအကြောင်း ဝေဖန်သုံးသပ်တင်ပြရတဲ့ ကြားလူ သာ ဖြစ်တယ်။  ဗမာ့ရုပ်သံလိုင်းများ နောင်မှာ နိုင်ငံတကာ တန်းဝင်ချင်ရင်တော့ အစီအစဉ်တင်ဆက်သူတွေရဲ့ အရည်အချင်း၊ ဗဟုသုတ ကို မြှင့်တင်ဖို့ နဲ့ ခံယူချက်ကို ပြင်စေဖို့ လေ့ကျင့်သင်ကြားပေးသင့်တယ်။

ဘောလုံးပွဲ ရှုံးရခြင်း အကြောင်းကတော့ ဒွေးရောဥပါဒ်ပါ လို့ပဲ ဆိုရမယ်။  လက်ငင်းအကြောင်းတွေမှာ နည်းပြ ဆရာ ရဲ့ အားနည်းချက်လည်း ပါတယ်။  ဘောလုံးသမားတွေမှာ အိမ်ရှင်ဆိုတဲ့ ဖိအား၊ ပရိသတ်ရဲ့ မျှော်လင့်ချက် ဖိအားတွေ ဝင်နေတာလည်း ပါတယ်။  ပရိသတ်ကလည်း လက်ကျန် မိနစ်တွေ အများကြီး ကျန်နေသေးချိန်မှာက ပွဲကို စနှောင့်ယှက်ကြတော့ ပိုဆိုးသွားတယ်။  ဒါကလည်း ခံရပေါင်းများလို့ ရင်ဘတ်မှာလည်း အမာရွတ်ဟောင်းတွေ အပြည့်နဲ့ အံတိုနေပြီဖြစ်တဲ့ ပရိသတ်ဖြစ်လို့ နားလည်ခွင့်လွှတ်ရမလိုပါပဲ။  အတူထိုင်ကြည့်နေတဲ့ ဘောလုံးဝါသနာအိုး ကိုလံဘီယာ က ကောင်ကတော့ နှစ်သိမ့်ရှာတယ်။  ငါတို့ဆီလည်း အရင်တုန်းက ဒီ့ထက် ဆိုးပါတယ် ကွာ တဲ့..။

မင်းမဲ့စရိုက် အကြမ်းဖက် သောင်းကျန်းကြတာကတော့ နိုင်ငံတကာ ဘောလုံးပွဲတွေမှာလည်း မပြတ်မြင်နေရတာပါပဲ။  သီအိုရီ အရတော့ Hooliganism လို့ ခေါ်ကြတယ်။  ဘိလပ် က လူငယ် လူမိုက်ဂိုဏ်း တခုကို အစွဲပြုပြီး အသုံးတွင်ခဲ့တယ်လို့ ဆိုတယ်။  မလေးရှားကို အိမ်ကွင်း လုပ်ကန်ခဲ့ရတဲ့ အခြေအနေကနေ အခုလို ပြိုင်ပွဲကြီးတခုလုံး အိမ်ရှင်ဖြစ်ခွင့်ရတဲ့ အခါမှာ အခုကိစ္စ ဖြစ်တော့ အင်မတန်တော့ ရုပ်ဆိုးလှပါတယ်။

စိုးမြတ်မင်းတို့ စပါတဲ့ ဂျပန် ယူ-၁၆ ကလေး အသင်း နဲ့ ဗမာ ကလေးအဖေ အသင်း ကန်ကြတဲ့ ပွဲကိုတောင် သတိရမိပါရဲ့..။  ဂျပန်ကလေးတွေခမျာ တကယ့်ကို တုန်လှုပ်သွားခဲ့ရှာတာ..။  ဒို့ဗမာ နိုင်ပြီ.. သီချင်းကလည်း အင်တာဗယ်လ် မှာ ဖွင့်ခဲ့သေးတာကိုး..။

အခုနှစ်ပိုင်းမှာ ဗမာပြည်မှာ မီးခိုးနံ့တွေ မပြတ်သင်းတော့ နိုင်ငံခြားသား မိတ်ဆွေတွေက မေးတယ်။  “မင်းပြောတော့ ဗမာပြည်က ခန္တီစတရားကြီး ဆို ကွ..”။  အဲ့သလိုမေးတော့ သီအိုရီတွေ ထုတ်သုံးရတယ်။  

နောက်ခံအကြောင်းတွေလည်း အများကြီး ရှိတာပေါ့။  ပါဝင်ကြသူများထဲက သာမန်လူ Average Person တွေက အများနည်းတူ ပျမ်းမျှ သီလ၊ ကျင့်ဝတ်၊ အသိအမြင် နဲ့ ဥပဒေ ကို ရိုသေမှု ရှိကြပါတယ်။  ဒါပေမယ့် ဒါက အုပ်စုအပြုအမူ တုံ့ပြန်မှု Group Mentality နဲ့ ဆိုင်တယ်။  ဝန်းကျင် က  သက်ရောက်လွှမ်းမိုး မှု ကြုံလာတဲ့ အခါ သာမန်လူတယောက်ဟာလည်း အများနောက်လိုက် အုပ်စုဖွဲ့ ကျင့်ကြံ ပြီး အစုအဖွဲ့နဲ့ ရမ်းကားတဲ့ Mob Mentality စိတ်ဝင်သွားတတ်တာပါပဲလို့ ရှင်းရတယ်။

နောက်တခု ဗမာပြည်မှာက ဆွမ်းကြီးလောင်းချင်တဲ့ စိတ်အခံကလည်း ရှိတယ်။

ငယ်စဉ်က နယ်မြို့မှာ ကောင်းမောင်းစသင်တော့ အိမ်ရဲ့ ကားမောင်းဆရာ က ရပ်ကွက်တခု ကို ဖြတ်မောင်းနေရင်း သတိပေးတယ်။  မင်း ဒီရပ်ကွက်မှာ ယဉ်တိုက်မှု တခုခု ဖြစ်လို့ကတော့ ဘာမှ ဆင်းပြီး ဖြေရှင်းဖို့ မစဉ်းစားနဲ့ အရင် ဒီနေရာကနေ  မောင်းပြေး..၊ ပြီးမှ ကျန်တာ ငါတို့ ရှင်းမယ် လို့ သင်ပေးတယ်။  ဒီအရပ်မှာ တခုခုဖြစ်ရင် ဘာမှ မမေးမမြန်း၊ မစူးစမ်းဘဲ ဝိုင်းဘေကြတာက အရင်ပဲလို့ ရှင်းပြခဲ့တယ်။  ရပ်ကွက်က လူမိုက်ပေါတယ်ဆိုတဲ့ အရပ်မျိုးပေါ့။  ဘောပွဲတွေမှာဆို သူတို့ အင်မတန် လက်သံပြောင်ကြတယ်။

အုပ်စုသဘောမှာ တခုခုဆိုရင် အမှန်၊ အမှား၊ အကျိုး၊ အပြစ် ချင့်ချိန်ဖို့ထက် အများနောက်လိုက်ဓလေ့ က လူ့အဖွဲ့အစည်းမှာ စွဲနေတယ်။  

ဒါတွေ အပြင် အရင် ဆောင်းပါးတွေမှာ ဆိုခဲ့ဖူးသလိုပဲ ဗမာပြည်မှာ ဘောလုံးကွင်းဆိုတာက မကျေနပ်မှုတွေကို ပေါက်ကွဲတဲ့ နေရာလည်းဖြစ်တယ်။  ကွမ်းလေး တပြစ်ပြစ် ထွေးရင်း ဝါးရင်း အပြင်မှာ စနစ်ဆိုး၊ လူဆိုးတွေရဲ့ ဖိနှိပ်မှု၊ မတရားမှုတွေကို ဘာမှ  ပြန်မလုပ်နိုင် ငုတ်တုတ် ခံနေရတဲ့ အခြေအနေကို ဘောပွဲမှာ ဖြေလျှော့ကြရတယ်။  “ဆဲသူများနဲ့တညနေ” လုပ်ကြရတယ်။  ချစ်သူက မုန်း၊ ဖဲကရှုံး အခြေအနေမျိုးမှာ ဘောပွဲကပါ မနိုင်ရင် ပေါက်ကွဲမှုက အဆုံးစွန်  ဖြစ်သွားတတ်ကြတယ်။

ဒါ့အပြင် တိုင်းပြည်မှာက အုပ်စုတောင့်ရင်၊ အားရှိရင် အစိုးရ ဆိုသူက အစ ပြည်သူအပေါ် အင်အားသုံး အကြမ်းဖက် ရမ်းကားတတ်ကြတာကို လူထု ဟာ မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံရဖန်များတော့ မကောင်းမှုဓလေ့၊ မတရားမှု ထုံး၊ အကြမ်းဖက်မှုအကျင့် က လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းဖွယ် နက်နက်ရှိုင်းရှိုင်းကို စွဲထင် ကျင့်သားရနေတယ်။

ဒီလို နောက်ခံ၊ ဒီလို အခြေအနေ၊ ဒီလို ရာသီဥတုမျိုးမှာ အုပ်စုဖွဲ့ရမ်းကားမှု ဟာ တဦးချင်း သဘောသဘာဝ၊ လူတစု အပြုအမူ ဆိုတာထက် ဗမာပြည်မှာ ဓလေ့ ဖြစ်နေတာဟာ မဆန်းလှပါဘူး။  မှန်ကန်တဲ့ ရေရှည် ကုထုံးအများအပြား လိုတယ်။  ဆေးမြီးတိုတွေ နဲ့တော့ မရပါ။  (နောက် အကြောင်းတခု နဲ့ ဆက်စပ် ဆွေးနွေးပါ့မယ်။)

နောက် ရေးချင်တာကတော့ ဗမာ့အားကစား ရဲ့ အထွေထွေ အဆင့်အတန်း ပါပဲ။

ဒီမိုး၊ ဒီလေ၊ ဒီလူတွေ နဲ့ ဒီစနစ်ဆိုးမှာ အားကစားရယ်မှ မဟုတ် တိုင်းပြည်ရဲ့ ဘယ်ကဏ္ဍ တခုမှ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင်မြင် လူစဉ်မီမှာမဟုတ်လို့ပဲ ပြောနေကျ စကားကို စ ဆိုရပါမယ်။

ခင်ဗျား.. က လာပြီ..၊ ဘောပွဲရှုံးလို့ စိတ်ညစ်ရတဲ့ကြားထဲ ဟို ကမ္ဘာပြားဆရာကြီး တခုခုဆိုရင် ဘာလင်တံတိုင်းပြိုတာက အမြဲ စသလို ခင်ဗျားကလည်း စနစ်ကို ဆိုတော့မှာပဲလို့ စာဖတ်သူများ ပြန်ဆိုချင်မယ်ဆိုတာ နားလည်မိပါတယ်။

ဒါပေမယ့် ဒီစနစ် ကိုပဲ အဖြေရှာ အပ်ကြောင်းထပ် ထောက်ပြရဦးမှာပါပဲ။  လူကြီးလာရင် လမ်းဘေး ခွေးသေးပန်းတဲ့ ဓာတ်တိုင် ပါ မချန် ထုံးသုတ်ကာ အပေါ်ယံ ဟန်ပြလုပ်ပြတဲ့ စနစ်မပျောက်သရွေ့တော့ ဘယ်အရာမှ အောင်မြင်မှာ မဟုတ်ပါ။

ဗမာပြည်မှာ ထုတ်ကုန်နှစ်ဆ  တိုးမြှင့်ကြ ဟေ့… လို့ ဆိုခဲ့တယ်။  လူမှောင်ခိုများ သတိထား လို့ အော်ခဲ့တယ်။  ရေနက်ကွင်း ဆိုလည်း ကွင်း ခဲ့ကြတယ်။  စပါးငါးဟေ့.. စပါးငါး.. ဆိုလည်း လုပ်ခဲ့ကြတယ်။  သစ်ဆိမ့်ဆိုလည်း ဆိမ့်ခဲ့ကြတယ်။  ကြက်ဆူဆီ ဆိုလည်း ဆီခဲ့ကြတယ်။  လောင်စာတောင့်ဆိုလည်း တောင့် ခဲ့ကြရတယ်။

တကယ့်လက်တွေ့မှာတော့ ဘာထုတ်ကုန်မှ မနှစ်ဆ ခဲ့သလို ဗမာပြည်က ကလေးသူငယ်၊ မိန်းမငယ်များလည်း အိမ်နီးချင်းတိုင်းပြည်တွေမှာ ကျွန်ခံလျက်၊ လူထု အများစု မှာ ငတ်လျက်၊ မီးက ပျက်လျက်၊ လယ်ထဲ ကိုင်းထဲမှာ နွားနဲ့ဖက် ရုန်းရလျက်ပါပဲ။

ငယ်ငယ် ကျောင်းသားဘဝ မှာ ကြုံခဲ့ဖူးတဲ့ တိုင်းမှူးလား၊  ဝန်ကြီးလား လာစစ်တဲ့ ကြက်ဆူဆီ လောင်စာဆီ သရုပ်ပြပွဲကိုတောင် ရေးရင်း သတိရပါရဲ..။

ကြက်ဆူဆီကို တရုတ်စက် မှာ ထည့်ပြီး မောင်းပြ၊ လူကြီးက ကြည့်မယ်ပေါ့။  တကယ်မောင်းတော့ စက်က ဖွတ်ချက် ဖွတ်ချက် ဖြစ်ပြီး နှိုးမရဘူး။  လူကြီးကလည်း ရောက်နေပြီ။  ကြီးကြပ်တဲ့ ဗိုလ်မှူးက စက်မောင်းနေသူကို “ဟေ့ကောင်.. ခွေးမသား ဒီဇယ်လောင်း ထည့်လိုက်ပါတော့လား ဟ..” ဆိုပြီး လူကြီးမသိအောင် တိုးတိုး ကြိတ်ဆဲ၊ မောင်းခိုင်းတော့မှ စက်က နှိုးလို့ရသွားပြီး လူကြီးလည်း သဘောကျသွားခဲ့တယ်။  လူကြီးလည်း ဆွံ့အနားမကြားမှ မဟုတ်တာ သူ့ ရှေ့ ဘာလုပ်ပြနေတယ်ဆိုတာ သိတာပေါ့။  သိသိနဲ့ပဲ ကျေကျေ နပ်နပ် အလိမ်ခံတယ်။  သူ့အောက်က ကောင်က သူ့ကို လိမ်မယ်၊ သူကလည်း သူ့ထက်ကြီးတဲ့ ကောင်ကို ပြန်လိမ်မယ်၊ ဒီလို နဲ့ အလိမ် သံသရာ က ဆက်နေကြတယ်။

အာဏာရှင်စနစ်မှာ အလိမ် ဟာ “နှစ်လမ်းသွား” ဖြစ်တယ်။  အထက်က အောက်ကို လိမ်တယ်၊ အောက် က အထက်ကို လိမ်တယ်၊ အစိုးရ က ဝန်ထမ်း နဲ့ ပြည်သူ ကို လိမ်တယ်၊ ဝန်ထမ်း နဲ့ ပြည်သူကလည်း အစိုးရ ကို ပြန်လိမ်တယ်။

ဒီလို တိုင်းပြည်မျိုးမှာ လူနာ အတု၊ ခွဲစိတ်ခန်းအတု၊ ဆေးတု၊ လူထု အတု (ထောက်ခံပွဲတွေမျိုး)၊ ဘုန်းကြီးအတု (ထောက်လှမ်းရေး ဘုန်းကြီး) က နေ ရသုံးမှန်းခြေ အတု၊ ဂျီဒီပီ အတု အထိ ရှိတယ်။  ဗမာပြည် က ဂျီဒီပီ ဟာ တကမ္ဘာလုံး စီးပွားပျက်ကပ်ကြောင့် နာလန်မထူနိုင်ဖြစ်နေတဲ့ အချိန်မျိုးမှာတောင် ဂဏန်းနှစ်လုံး Two Digits ဖြစ်ဖူးတာတွေ ရှိခဲ့တယ်။

ဒီမိုကရေစီ စနစ်မှာတော့ အလိမ် ဟာ “တစ်လမ်းသွား” သာ ဖြစ်တယ်။  အစိုးရက ပြည်သူ ကို လိမ်ချင် လိမ်မယ်။  ဝန်ထမ်း နဲ့ ပြည်သူ ကလည်း အစိုးရ ကို လိမ်ချင် လိမ်မယ်။  ဒါပေမယ့် အပြန်အလှန် အလိမ် သံသရာ ဖြစ်စဉ်ကတော့ ရှားတယ်၊ အထက်-အောက် အမိန့်စီးဆင်းမှုက လွတ်လပ်တဲ့ အတွက် လိမ်တဲ့ အစိုးရ နဲ့ လူကြီး သက်ဆိုးမရှည်၊ လိမ်တဲ့ ပြည်သူ နဲ့ ဝန်ထမ်းလည်း ပြဿနာ တက်တာပဲ။

အခု ဗမာ့ အားကစားလည်း ဒီ အာဏာရှင် စနစ်ရဲ့ အလိမ် သံသရာ ဒဏ် ခံနေရတာ လို့ တိုတို ဆိုနိုင်တယ်။

၉၀ ခုနှစ်များက စလို့ ပြည်သူများအကြား သည်းခြေကြိုက် ပြန်ဖြစ်လာတဲ့ ဘောလုံး ကို မူတည်ပြီး အားကစား ကဏ္ဍ ကို အသုံးချ လူထု ကို စည်းရုံးရင်း လိမ်ပြခဲ့တယ်။  အခြေခံ ခိုင်မာ ပြုစု ပျိုးထောင်ရမယ့် ရေရှည်စီမံကိန်း ကို ဇောင်းမပေးဘဲ တပွဲတိုး အသက်လိမ်  အားကစားသမားတွေနဲ့ သက်တမ်းလိုက် ကလေး၊ လူငယ် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ရွှေတွေ ယူပြ၊ လူပြိန်းအများကို မျိုးချစ်စိတ်တွေ တည်ဆောက်ပြကာ စစ်ဗိုလ်ချုပ် ဘဘကြီးများ ရဲ့ အစွမ်း ဟု ဂုဏ်တင်ကာ ဗိုလ်ခင်ညွန်တို့ ပွဲတက်ခံ သက်သက် အားကစား ဟာ ဖြစ်ခဲ့တယ်။

တိုင်းပြည်ရဲ့ မြို့တိုင်း လမ်းတိုင်းမှာ ကာရာအိုကေ၊ စင်တင်၊ ဘီယာဆိုင်၊ အနှိပ်ခန်း ရှိနေပြီး စာကြည့်တိုက် နဲ့ အားကစားကွင်း မရှိဖြစ်နေတဲ့ အခြေခံ စနစ်ကို ပြင်ဖို့ကိုတော့ အခု အချိန်ထိ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူး။

ကျောင်းသားအားကစား ပွဲတွေလည်း လုပ်ခဲ့ပါရဲ့..၊ အမျိုးသားအားကစား ပွဲတော်တွေလည်း လုပ်ခဲ့ပါရဲ့..၊ ဗိုလ်ခင်ညွန့် သားတော်မောင် ဦးဆောင်ပြီး စစ်သမီးများလည်း တလွှားလွှားနဲ့ လေထီးတွေ ခုန်ပြခဲ့ပါရဲ့..၊  ရုပ်ရှင်မင်းသမီးများတောင် ပါခဲ့ပါသေးတယ်၊ ခမ်းနားကြီးကျယ်လှတဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲ မင်းခမ်းမင်းနား ပွဲလမ်းသဘင်ကြီးတွေလည်း ကျင်းပခဲ့ပါရဲ့..၊ တိုင်းပြည် ဥစ္စာ ငါ့ ဘဏ္ဍာ ထုံး နဲ လူထုဆီက ဓားပြတိုက်ယူထားတဲ့ ခရိုနီတွေရဲ့ ဓန ကို အသုံးချပြီး လက်ရွေးစင် အဆင့် အားကစား ကဏ္ဍ အသီးသီးကို ပံ့ပိုးခဲ့ပါရဲ့..။

ဒါပေမယ့် စာသင်ကျောင်း၊ ရပ်ကွက် လို အောက်ခြေအဆင့်မှာကျ အားကစား ဆက်စပ် အဆောက်အဦး၊ ပံ့ပိုးမှု က ကျီးနဲ့ ဖုတ်ဖုတ်သာ ဖြစ်ခဲ့တယ်။  နိုင်ငံတကာ အိုလံပစ် ပံ့ပိုးမှု အစီအစဉ် တွေ၊ ငွေကြေးတွေ ကျတော့ သက်ဆိုင်ရာ လူကြီးများက အလွဲသုံးစားပြုကြတယ်။  အိုလံပစ် စီမံကိန်း နဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အဦး တခု က ဖာခန်းတောင် ဖြစ်နေလေရဲ့..။

စစ်ဗိုလ်ကြီးများ ကြီးစိုးရာ အားကစား လောက ရဲ့ အကျင့်ပျက်၊ ခြစားမှုက ပြောမဆုံးပေါင်၊ တောသုံးတောင်၊ ကြုံဖူးမှ သိ၊ အတွင်းရေး အညှိအဟောက်များ က ထောင်းထောင်းထနေ၊ ထခဲ့တယ်။  တာဝန်ယူရတဲ့ အားကစား Event အလိုက် ခရိုနီ အချင်းချင်း ပြိုင်ချင်တော့ ကိုယ့် အားကစား အဖွဲ့ ဆီးဂိမ်းလို နိုင်ငံတကာ ပွဲကို ကိုယ့် ပိုက်ဆံနဲ့ ကိုယ် သွားပြိုင်ခွင့်ရဖို့ကို ဝန်ကြီး နဲ့ ဗိုလ်ချုပ်ကြီးများကို သိန်းရာချီ ကန်တော့ ရတာတွေလည်း ရှိသေးတယ်။  အရင်တုန်းက ဆီးဂိမ်းဝင်ရင် ကာလာဝင် (ဆုချိတ်) နိုင်တဲ့ အသင်းပဲ အစိုးရ အဖွဲ့ ကက်ဘိနက် က ရွေးလွှတ်တာဆိုတော့ စစ်အစိုးရ တဖွဲ့လုံးကို ခရိုနီများ လာဘ်ထိုးရတယ်။  အကျင့်ပျက်ခြစားမှုက တိုင်းပြည်ရဲ့ နေရာကဏ္ဍ အသီးသီးမှာ ဆိုတော့ ဒီလို ကိစ္စမျိုးက ဗမာပြည် အတွက် ရိုးနေပါပြီ။  ဗမာပြည်က ခရိုနီများ အတွက်ကလည်း ဒီလောက် ပိုက်ဆံက စာမဖွဲ့လောက်ပါဘူး။

ခရိုနီများ ထောင်မြင် ရာစွန့် လုပ်ပိုင်ခွင့်အတွက် အသုံးပြုတဲ့ ပိုက်ဆံ ဒေါ်လာ သန်းချီ တွေဟာ တကယ့် ရင်းမြစ်လိုက်ကြည့်ရင် စစ်ဗိုလ်ချုပ်ကြီးများ ပွဲတက်၊ ချီးမြှင့်ရာ နဲ့ အထက်ပိုင်း လက်ရွေးစင် အဆင့်တွေမှာပဲ အလဟဿ သုံးဖြုန်းခဲ့ကြတယ်။  အခြေခံ မြေဆီ၊ မြေလွှာ ကောင်းအောင် ပြုစု ပျိုးထောင် မှု ကင်းမဲ့တော့ အားကစားဟာ ရေရှည်အောင်မြင် ကြီးထွားမှု ကင်းမဲ့ နေရတယ်။  အခြေမခိုင်တော့ ယိုင်လဲ ချည့်နဲ့ ရတာဟာ ဓမ္မတာပဲ ဖြစ်တယ်။  “ဖွင့်ပွဲတုန်းက.. ဖွင့်ပွဲတုန်းက.. မြိုင်မြိုင်.. ဆိုင်ဆိုင်.. တံတားကြီးကို ပြန်ကြည့်လိုက်တော့ ယိုင်တိုင်.. ယိုင်တိုင်“ ဆိုတဲ့ တံတားဖွင့်ပွဲ သံချပ် က တိုင်းပြည် ရဲ့ အားကစား အပါအဝင် အရာရာ အားလုံးအတွက် မှန်နေတယ်။

အခုလည်း နိုင်ငံတော် အဆင့် ကျောင်းသားအားကစား၊ အမျိုးသားအားကစား ပွဲတော်တွေ ပြန်လုပ်မယ်ဆိုကာ ပြည်သူ့ အခွန်ဘဏ္ဍာ ကို သုံးဖြုန်းဖို့ ကြံစည်နေကြပြန်ပါပြီ။ ပေါင်က သေးစီးကြောင်းကို မသန့်စင်ဘဲ အပေါ်ယံ သနားခါးလိမ်း၊ ပန်းပန် လုပ်နေတဲ့ ဟိုတရက်ဆိုခဲ့တဲ့ ကြတ်ကုန်းတစပြင်နှယ် သူယောင်ပွဲ အပြုအမူ၊ အကျင့်၊ အကြံ၊ စရိုက် ကျင့်သုံးနေဆဲ စစ်အာဏာရှင်စနစ်ဆိုး တိုင်းပြည်မှာ အမြစ်ပြတ် မပြတ်သရွေ့တော့ ဘာလုပ်လုပ် အရာရာ ထမြောက် မှာ မဟုတ်လို့ပဲ ဆိုရပါမယ်။  ပညာ၊ ကျန်းမာ၊ စီးပွား၊ အနုသုခုမ၊ အားကစား က စလို့ အုပ်စုဖွဲ့ အကြမ်းဖက်တတ်တဲ့ အုပ်စု စာရိတ္တ ရေချိန် အထိ စနစ်ဆိုး မပျောက်သရွေ့ ဗမာ့လူ့အဖွဲ့အစည်းဟာ နိမ့်ပါးနေဦးမှာပဲဖြစ်တဲ့။  ဒါကြောင့် ဆေးမြီးတို ကုထုံးများ ရပ်ပြီး ရေရှည် အောင်မြင် ပြီးမြောက်တဲ့ စစ်အာဏာရှင်စနစ်ဆိုး ကို မျိုးဖြုတ်ဖို့ပဲ ထပ်မံ တိုက်တွန်းရပါမယ်။

နိဂုံးချုပ်ရရင်တော့ ဆရာကြီး တင်မိုးရဲ့..

ဤနှစ်များ.. ပျားတို့သည် မချို၊
မှိုတို့သည် မပေါက်၊
ယာတို့သည် ခြောက်ကုန်၏..။

ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံ မကြား၊
နားဝမှာ မချို၊
ကိုရင်တွေ မရှိ၊
စာအံသံ နတ္ထိ..၊

မြေကြီးလည်း..
မသီးဝံ့ဝံ့၊ အသီးဆွံ့၍
ရှက်ရွံ့အားနာသော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏..။

ရှိုက်သံပြောင်း၍
ခေါင်းလောင်းသံ ဘယ်ခါ ချိုမည်နည်း..။

ဆိုတဲ့ စစ်အာဏာရှင် စနစ်ဆိုးရဲ့ ဒဏ် ဆယ်စုနှစ်တခုကျော် ဖြတ်သန်းခဲ့ပြီးတဲ့ အချိန် ၁၉၇၆ မှာ ရေးခဲ့တဲ့ “ကန္တာရနှစ်များ” ကဗျာ တပိုင်းတစ ကို ရွတ်ဆိုရင်း  နှစ်ပြန်လိမ် စစ်အာဏာရှင် စနစ်ဆိုး တည်ရှိနေသမျှ ဗမာပြည်ဟာ အရာရာမှာ ရှိုက်သံမပြောင်း၊ ခေါင်းလောင်းသံ မချိုဖြစ်ရကာ ကန္တာရနှစ်များကို ဆက်လက် ဖြတ်သန်းနေရဦးမယ် ဖြစ်ကြောင်း မိုးမခ စာဖတ်ပရိသတ်အတွက် ထပ်လောင်း ဆွေးနွေး တင်ပြလိုက်တယ်။

ငြိမ်းချမ်းအေး

၁၇၊ ဒီဇင်ဘာ၊ ၂၀၁၃