အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) - ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် - အပိုင်း (၄)
ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် - အပိုင်း (၄)
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဒီဇင်ဘာ ၂၉၊ ၂၀၁၃
နံနက်ခင်း သည် ဤအရပ်၌ တစ်မျိုးတစ်ဘာသာ ။ နံနက်ခင်းသင်္ကေတကျေးငှက် တို့တေးသံနေရာတွင် လူသားတို့စကားသံက ဆူဆူညံ ညံ ။နောက်တညီတညာ ဘုရားရှိခိုးသံကပေါ်လာပြန်သည်။မြန်မာဘာသာမဟုတ်သော ဘာသာစကားတမျိုးဖြင့် ဘုရားရှိခိုးနေသော အသံကပါထွက်လာပြန်သည်။ မြန်မာတို့ရွတ်ဆိုသော ပါဠိသံကို သက္ကတ သံပါသော လေသံဖြင့်ရွတ်ဆို နေကြသည်။ ညကပြောစကားအရ ယိုးဒယားလူမျိုးများ ဖြစ်မည်ဟုခန့်မှန်းမိသည်။ဘုရားရှိခိုးအပြီးတွင် ငြိမ်သွားကြသည်။
“ပုံစံ’’
ကျယ်လောင်စွာ ဟစ်အော်လိုက်သော အသံက လူကိုအလန့်တကြားဖြစ်စေသည်။နေရာအသစ်၏ ထိတွေ့မှုအသစ်သည် အထိတ်တလန့် အော်မည်သံဖြင့် စတင်မိတ်ဆက်လိုက်သည် ။ ကမန်းကတန်း လေးယောက်သားထထိုင်လိုက်ပြီး မနေ့က ညကဝန်ထမ်း ပြောကြားသွားသည့်စကားအတိုင်း ထိုင်နေလိုက်သည်။
“မနက်ပုံစံအော်ရင် ထထိုင်ရမယ် ထိုင်ရင် တင်ပလ္လင်ခွေလိုက် ပြီးရင် ဒူးနှစ်ဖက်အပေါ် လက်တင်ထားမယ် ပြီးလက်သီး ကိုဆုပ်ထား ထိုင်ကြည့် ”
ဒီလိုပြောပြီး မှာကြားခဲ့သည်။ အခု လေးယောက်သား ထထိုင်လျှက်ရှိပြီ။ ဝန်ထမ်းက တခန်းချင်းလူလိုက်ရေနေသည် ။ နောက်တစ်ခေါက် ပြန်လျှောက်လာရင်းရေတွက်ပြန်သည်။
“အေးစေ”
အခန်တွေအဆုံးမှာ နောက်ထပ်အော်လိုက်သောအသံကို လူကိုသက်တောင့်သက်သာဖြစ်သွားစေသည်။ လူသံတို့လည်း ကြားလာရသည်။
“ဒေါင်ဒေါင်ဒေါင်-ဒေါင်”
တညလုံး၁၅မိနစ်တကြိမ်ကြားနေရသောသံချောင်းသံထက် အခုကြားလိုက်ရသောအသံက တမျိုးထူးနေသည်။ နောက် နေ့စဉ် ရက်ဆက် မကြားချင်လည်းကြားရမည်ဖြစ်သောအသံ။ ကြားနေကြ တုးံမောင်းသံနေရာ၌ဝင်ရောက်လာသည်က ထိုသံချောင်းသံ။ ထိုသံချောင်းသည်ပင် တစ်နေ့တာကို စတင်ဖို့ သော့ တို့၏ မည်မြည်ဟည်းသံကို ခေါ် ယူလာ ပြန်သည် ။ သံချောင်းသံတနေ့တာ ကိုဖွင့်လှစ်ဖို့ အချက်ပြ သင်္ကေတ ။
တာတမံကို ချိုး၍ ရေလွှတ်လိုက်သလို လူးအုပ်ကြီးသည် အပေါ်ထပ်မှ သွန်ချ ခြင်းခံလိုက်ရသည် ။ မြန်မာစကား မဟုတ်သော ဘာသာစကား တမျိုးကို ကျယ်လောင်စွာ ပြောဆိုလာကြရင်း အောက်ထပ်သို့ ပြိုဆင်းလာကြသည်။ ပြီးသူတို့ လက်ထဲ ယူဆောင်လာကြသည်ကပစ္စည်းမျိုးစုံ။ တစ်ချို့က ရေပုံ တစ်ချို့က ကျွတ်ကျွတ်အိပ်ထဲ ထည့်ထားသော အထုတ်များ၊ တချို့မှာ ရေသန့်ပုလင်းဗူးခွံတို့ကို ဆွဲလာကြသည်။ အားလုံး တူညီတာကတော့ အကြည့်တွေ၏ တစ်ခုတည်းသော ဆုံစည်းရာသည် ကိုယ့်အခန်းဖြစ်နေသည်ကိုတွေ့ရသည်။
‘နမ်ပလော”
ဘာသာစကား တမျိုးနှင့် လာရပ်နေသော လူငယ်လေးကိုငေးကြည့်နေမိသည်။ သူ့လက်ထဲတွင် ရေသန့်ဗူးကို ကြိုးဆွဲတပ်ပြီး ကိုင်ထား သည်။
အခန်းထဲရှိသူများ စူးစူးစိုက်ငေးမောမိသည့်အခိုက် သူ့ထံမှ နောက်ထပ်စကားတစ်ခွန်းထွက်လာပြန်သည်။
“အပ ရေနွေး’
သူရေနွေး လာပေးမှန်းသိလိုက်ရသည်။ လက်ကိုသံတိုင်အပြင်ထုတ်၍ ယူမည်အလုပ်နဘေးအခန်းမှ
“ဦးဇင်းဇဝန အဲ့ဒီရေနွေးကိုယူထားလိုက် ဦးဇင်းတို့သောက်ဖို့ ကျနော် ပို့ခိုင်းလိုက်တာ’’
ရေသန့်ဗူးနှင့်ထည့်ယူလာသော ရေနွေးကို ယူထားလိုက်သည် ။ ရေနွေးချည်း သောက်စရာခွက်မရှိ။ ခပ်စရာ လဘက်ခြောက်မရှိ။ အခန်းနံရံကပ်ပြီး ထားလိုက်သည် ။ အောက်ထပ်ရှိအခန်းများကို တခန်းချင်း လိုက်ဖွင့်ပေးသော သော့သံကိုကြားနေရသည်။
“မင်္ဂလာပါ”
ပလစတစ် ခွက် မျိုးစုံကိုယူလာသော သူတစ်ဦးက နှုတ်ဆက်သည်။
“မောနင်း” “မင်္ဂလာပါ”
လှိုက်လှဲမှုကို တွေ့မြင်လိုက်ရသည်။သူတို့နှုတ်ဆက်စကားက ရင်ထဲသို့ ကြည်နူးမှုကိုပါ လောင်ထည့်ပေးသည်။ ဖြတ်သွားသူတိုင်း၏ မျက်နှာတွင်မြင်တွေ့ရသော ပြုံးရွှင်မှုက ရင်ထဲသို့ တိုက်ရိုက်ထိမှန်စေသော မြားချက်တို့ပင်။ လူတိုင်းက တစ်မျိုးစီ ရင်ထဲကအသံနဲ့ နှုတ်ဆက်ကြသည်။ တချို့က အင်တုံ(နောက်မှ ထိုအရာကိုနာမည်တစ်မျိုးခေါ်မှန်းနောက်မှသိရသည်။) ကိုကိုင်ြ့ပီးမဖိတ်မစောင်းအောင်သယ်လာကြသည် ။ အောက်ထပ်ရှိ အခန်းများကို ဖွင့်ပေးပြီးဖြစ်သော်လည်း ကိုယ့် အခန်းကတော့ ပိတ်မြဲပိတ်လျှက် ။
“အန်ကယ်ဆန်ပြုတ် သောက်မယ်”
အရပ်ရှည်ရှည်လူငယ်လေး တစ်ယောက်က ပလပ်စတစ်ခွက်နဲ့အပြည့်ယူလာသော ဆန်ပြုတ်ကို လာပေးသည်။ တစ်ယောက်က အထုပ်လေး တစ်ထုပ် ကိုကိုင်ရင်းရောက်လာသည် ။
“ခုနပေးတဲ့ ရေနွေးထဲ လဘက်ခြောက်ခပ်လိုက်အန်ကယ် ”
အပေါက်ဝတွင်ရပ်နေသော ဦးဝင်းကြည်အား ကမ်းပေးရင်း ခပ်ငယ်ငယ် လူငယ်လေး တစ်ယောက် သံတိုင်အပြင်ဘက် အုတ်လှေခါးထက်ဖိနပ်ခုလို့ဝင်ထိုင်သည်။
“အန်ကယ် ရေနွေးဗူးကို အဝတ်နဲ့ပတ်ထားလိုက် အကြာကြီးခံတယ်”
သူကရေနွေး ကြာရှည်ခံအောင် ထားနည်းကို လာပြောပြနေသည်။ ပြုံးပြုံးရွှင်ရွှင် သူမျက်နှာထားက ခင်မင်စရာကောင်းလှသည်။
“နာမည်ဘယ်လိုခေါ်လဲ”
“သားလေးခေါ် စန်းမြိုင် ပါအန်ကယ်”
ဒီနာမည်ကို ကြားဖူးနေသည်။ မကြာသေးမီက စွဲစွဲထင်ထင် အမှတ်ထားမိသောနာမည်။ စိတ်အတွေးက မှတ်ဥာဏ်ခလုတ်ကို နှိပ်နေမိသည် ။
“မင်းလှည်းတန်းကလား”
သေချာအောင် သူ့ကိုဦးဇင်းမေးခွန်းတစ်ခုကိုမေးလိုက်သည်။ သူက ခေါင်းငြိမ့်ဖြေရင် ဘယ်လိုသိလဲဟုပြန်မေးသည်။ ၁၉၉၁- ဒီဇင်္ဘာလ-၁၀ရက်နေ့ ကမြင်ကွင်းသည် အတွေးခလုတ် နှိပ်မိရာက စိတ်ပိတ်ကားထက် ပြန်လည်ပေါ်လာသောမြင်းကွင်း တို့ဖြစ်နေတော့သည်။ သတင်းစာ ရှင်းလင်းပွဲတခုတွင် ဗိုလ်ခင်ညွန့် ပြောပြသွားသော နာမည်။ အင်န် အယ်လ်ဒီ လူငယ်များကပါ ကျောင်းထဲဆန္ဒပြသူများနှင့်ပူးပေါင်း ပါဝင် ခဲ့ပုံ။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိသည့် အထိမ်းအမှတ်။ ကမ္ဘာ့လူ့အခွင့်ရေးနေ့ ။ ကမ္ဘာကြီးကတခမ်းတနား အလေးဂရု ပြုနေချိန်တွင် စစ်အာဏာရှင်တို့၏ ရက်စက်ယုတ်မာမှုကို ကမ္ဘာကြီးက အောချ ယူရမည့် အခင်းအကျင်း အရာအားလုံးက စိတ်ထဲပေါ်လာသည်။
“သတင်းစာ ရှင်းလင်းပွဲထဲမှာ နာမည်ပါဘူးတယ်နော် မှတ်မိနေတယ်”
ခုနက ဆန်ပြုတ် လာပေးသော လူငယ်လေးပြန်ရောက်လာသည် ။ ယိုဒယားတွေဆီက တွေ့ရသော ပုံစံ ရှမ်းဘောင်ဘီကို ဝတ်ထားသည်။ သားလေးက နေရာအနည်ူငယ်ရွှေ့ပေးသည်။ သားလေးက
“သူနဲ့ကျနော်ကတခန်းတည်း သူလဲ 10-D ပဲ သူက စက်မှုတက္ကသိုလ်က နာမည်က အရှည်လေး”
သူပြောလိုက်သော 10-D ဆိုသောဝေါဟာရ သဘောမပေါက်မိ။ မရှင်းလင်းသောဝေါဟာရများ၊ နောက် ဝေါဟာရအသစ်များက တဖြေးဖြေးတိုးလာနေသည်။ ညကလည်း ဘာတဲ့-ဘာယာ---နောက်ဘာတွေထပ်တိုးလာဦးမည်မသိ။ နေရာအသစ်၏ နာမည် အသစ်ကဘာဆိုသောအဓိပ္ပါယ်ကိုဖေါ်မရသေး။
“ဦးတို့ ဂန်ဖလား တွေကို ချဖို့ခနနေသူတို့ဖွင့်ပေးမယ်ထင်တယ် အချုပ်ကာလကတော့ဒီလိုပဲ ကျနော်တို့တုန်းကဆိုလဲဒီအတိုင်းပဲ”
လာပြန်ပြီ စကားလုံးအသစ် ။ သူတို့ပြောသောဝေါဟာရနဲ့ အနေအထားအားလုံးကိုလိုက်မှီအောင် မနဲကြိုးစားရဦးမည်။ ဂန်ဖလားဆိုတာကဘာလဲနားမလည်။ပြောတာကိုတော့ နားထောင်ထားလိုက်သည် ။ တဖြေးဖြေးမေးယူရဦးမည်။ သူတို့နှစ်ယောက်ကို အခန်းထဲရှိ လူများနှင့်တစ်ယောက်ချင်း မိတ်ဆက်ပေးသည်။
“ဦးတို့ အမှုကဘယ်လိုဖြစ်တာလဲ”
ရှေ့မှာထိုင်နေသော ဦးဝင်းကြည်ကိုအရှည်လေးကမေးသည်။ တခုချင်းကိုသူက ရှင်းပြနေသည် ။ စိတ်ကတော့ သူရှင်းပြချက်နှင့် အတူ လိုက်ပါနေမိသည် ။ သူရှင်းပြ ချက်ထဲပါဝင်သော ကုလသမဂ္ဂ လူ့အခွင့်ရေးအရာရှိ ပါမောက္ခ ယိုဇိုယူကိုတာ လာစဉ်က ကိုယ်တိုင်ပါဝင်ခဲ့ရသော အနေထားများက အစီအရီ ပေါ်လာသည်။
“ ဒါနဲ့ ပြောတဲ့အထဲပါတဲ့ ဘိုဘို ဆိုတာရယ် မချိုနွယ် ဆိုတာရယ်က ရန်ကင်းကလား”
သူတို့အထဲကတစ်ယောက်က မေးသည်။ ဦးဇင်းကိုလှည့်ကြည့်သော ဦးဝင်ကြည်ကိုခေါင်းငြိမ့်ပြသည့်အခိုက်
“အော်… သူတို့က ဇာတ်လိုက်တွေကိုး”
စကားပြောသည်ကို လာနားထောင်နေကြသူသည် ၂ယောက်မတော့ အခန်းရှေ့ သံတိုင်အပြင်ဘက် တွင် စုပြုံလာကြသည်။ ထိုလာရောက်နားထောင်နေသူတွေထဲက တစ်ယောက်၏ မှတ်ချက်ချသံကို ကြားလိုက်ရသည်။
“မချိုနွယ်တို့ ဘိုဘိုတို့နဲ့ဆက်စပ်ပုံကို ပြောပြပါလား”
ထိုအခါ ဦးဝင်းကြည်က
“ဦးထက် ဆရာတော်က ပိုသိတယ်။ သူ့ကိုမေး”
အားလုံး၏ အကြည့်သည် ကိုယ့်ထံသို့ စုပြုံကျလာသည်။ နောက်နားကရပ်နေရာမှ သံတိုင်းနားတိုးပြီး စကားပြောရန်ပြင်လိုက်သည်။