ဝေလမင်းသား စာပေဆု
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၂၊ ၂၀၁၃
ကိုလိုနီခေတ်က ထင်ရှားခဲ့သော စာပေဆု တစ်ဆုကား ‘ဝေလမင်းသား စာပေဆု’ ပင်တည်း။ ၁၉၂၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ တိုင်းခန်းလှည့်လည် ရောက်ရှိလာသော ဝေလမင်းသားအား အကြောင်းပြုကာ ပေါ်ပေါက်လာသော စာပေဆု ဖြစ်သည်။
ဝေလမင်းသား (Prince of Wales) သည် နောင်တွင် နန်းစွန့်ဘုရင်အဖြစ် ထင်ရှားခဲ့သော အဋ္ဌမမြောက် အက်ဒွပ်ဘုရင် ဖြစ်လာသူ ဖြစ်သည်။ ဝေလမင်းသားကို ပဉ္စမဂျော့ဘုရင်နှင့် မိဖုရားကြီး မေရီတို့က ၁၈၉၄ ခု ဇွန် ၂၃ ရက်တွင် ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ပက်ထရစ်ဒေးဗစ် ဖြစ်သည်။ အသက် ၁၃ နှစ်အရွယ် ၁၉ဝ၇ ခုနှစ် မေလတွင် အောစကွန်ရှိ ရေတပ်မတော် ကောလိပ်ကျောင်းသို့ ဝင်ခွင့် ရရှိခဲ့သည်။ ၁၉၁ဝ မေ ၆ ရက်တွင် အဘိုးဖြစ်သူ သတ္တမမြောက် အက်ဒွပ်ဘုရင် နတ်ပြည်စံခဲ့ရာ ခမည်းတော်မှာ ပဉ္စမဂျော့ဘုရင် ဖြစ်လာခဲ့သည်။ သို့ဖြင့် သားကြီးဖြစ်သူ ပက်ထရစ်ဒေးဗစ်သည် ဝေလမင်းသားဘွဲ့ဖြင့် အိမ်ရှေ့မင်းသားအရာ ရရှိရာမှ ဝေလမင်းသား ဟု ကျော်ကြားခဲ့လေသည်။
ပဉ္စမမြောက် ဂျော့ဘုရင် နတ်ပြည်စံပြီးနောက် အဋ္ဌမမြောက် အက်ဒွပ်ဘုရင်အဖြစ် နန်းစံခဲ့သည်။ ဝေလမင်းသားသည် အိမ်ရှေ့စံ ဘဝက အိန္ဒိယတစ်ခွင်သို့ တိုင်းခန်းလှည့်လည်ရင်း မဒရပ်မြို့မှ ဒပ်ဖရင် အမည် ရှိ သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ စီးနင်းလိုက်ပါလာရာ ၁၉၂၂ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။ ထိုစဉ်က ဝေလမင်းသားသည် လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း) ထိပ်ရှိ လွစ္စလမ်း ဆိပ်ကမ်းတံတားမှတက်၍ ဘုရင်ခံအိမ်တော်သို့ ကြွမြန်းလာရာတွင် လမ်းတစ်လျှောက်လုံး၌ မြန်မာလူမျိုးတို့က ပန်းဆိုးတန်းရှိ ၎င်းတို့၏ မဏ္ဍပ်မှလည်းကောင်း ၊ ဆူးလေဘုရားလူကြီးတို့က ဆူးလေဘုရား တောင်ဘက်အဝရှိ ၎င်းတို့၏ မဏ္ဍပ်မှလည်းကောင်း ၊ တရုတ်လူမျိုးတို့က မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ် အောင်ဆန်းလမ်း) ရှိ ၎င်းတို့၏ မဏ္ဍပ်မှလည်းကောင်း ယူနီဘာစီတီ သိပ္ပံကျောင်းသားများက ကော်မရှင်နာလမ်း (ယခု မင်းရဲကျော်စွာလမ်း) ရှိ ၎င်းတို့၏ မဏ္ဍပ်မှလည်းကောင်း (ထိုစဉ်က ရန်ကုန်ယူနီဗာစီတီမှာ ကော်မရှင်နာ လမ်း ၌သာ ရှိသေးသည်) ဂျူးလူမျိုးတို့က ဂေါ်ဒဝင်လမ်း (ယခုမြို့မကျောင်းလမ်း) နှင် ဟယ်လပင်လမ်း (ယခု ပြည်ထောင်စုရိပ်သာလမ်း) ဒေါင့်ရှိ ၎င်းတို့၏ မဏ္ဍပ်မှလည်းကောင်း ၊ အာမေနီယန်လူမျိုးတို့က ဟယ်လပင်လမ်း ရှိ ၎င်းတို့၏ မဏ္ဍပ်မှလည်းကောင်း ၊ ကရင်လူမျိုးတို့က ဘုရင်ခံအိမ်တော်ဝင်းနှင့် ပေ ၆ဝဝ ကျော် ၇ဝဝ ခန့် အကွာအလုံမြို့ နယ် လိဒ်စ်လမ်း (ခရေပင်လမ်း) ရှိ ၎င်းတို့၏ မဏ္ဍပ်မှလည်းကောင်း အသီးသီး ကြိုဆိုကြသည်။
ဤကဲ့သို့ အလိုတော်ရိ တစ်စုတို့က သောင်းသောင်းဖြဖြ ကြိုဆိုကြသော်လည်း၊ ဂျီ၊စီ၊ဘီ၊အေ (မြန်မာအသင်းချုပ်ကြီး) ခေါင်းဆောင်သော ဝံသာနုများကမူ ကြိုဆိုမှုတွင် မပါဝင်ဘဲ သပိတ်မှောက်ခဲ့ ကြလေသည်။ ထိုအချိန်က မြန်မာပြည်ဘုရင်ခံမှာ မြန်မာ့သမိုင်း၌ ပြည်သူ့ချဉ်ဖတ်အဖြစ် နာမည်ကြီးခဲ့သော ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ ကရက်ဒေါက်စကင်း (Craddock Scheme) ကြောင့်လည်း မြန်မာတစ်နိုင်ငံလုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများမှာ ပြင်းထန်နေချိန် ဖြစ်သည်။
ဝေလမင်းသားမှာ ၁၉၂၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်မှ ၁ဝ ရက်အထိ ၉ ရက်တိုင်တိုင် မြန်မာနိုင်ငံအတွင်း နေထိုင်သွားစဉ်အတွင်း မန္တလေးမြို့လည်း သွားလိုက်သေးသည်။ သာစည်မြို့သို့ဝင်ကာ မိတ္ထီလာဒီဝီဇံတပ်၏ အလေးပြုခြင်းကိုလည်း ခံယူလိုက်သေးသည်။ ရန်ကုန်မြို့နေစဉ်အတွင်း၌ ဆရာတော် သံဃာတော် ၁၂ ပါး တို့ကိုလည်း ဆွမ်းကပ်လိုက်သေးသည်။ ရန်ကုန်ယူနီဗာစီတီ ကောလိပ်သို့လည်း လှည့်လည်ကြည့်ရှုခဲ့သည်။
ဝေလမင်းသား စာပေဆုကို ၁၉၂၂ ခုနှစ်မှ ၁၉၃၂ ခုနှစ်အတွင်း နှစ်စဉ် စိစစ်ရွေးချယ် ချီးမြှင့်ခဲ့လေသည်။ ဆုကြေးငွေမှာ ကျပ် ၁ဝဝဝ ဖြစ်သည်။ ထိုစဉ်က စာပေအတွက် အစိုးရက ဆုငွေချီးမြှင့်သည်ကို မြန်မာတို့ နားတွင် စိမ်း၍ နေသေးသဖြင့် ရဟန်းရှင်လူအပေါင်းတို့ကြား၌ တအံ့တသြ ဖြစ်ခဲ့ကြရ၏။ ဝေလမင်းသား ဆုငွေမှာ ကျင်ငွေ ၁ဝဝဝ ဖြစ်ရာ ကိုလိုနီခေတ်တွင် မျက်နှာငယ်လှသော မြန်မာစာပေ၏ အခြေအနေအရဆိုလျှင် ဆုငွေမှာ အတော်မြင့်မားသော ဆုငွေပင် ဖြစ်သည်။
သို့ကလို အခြေအနေအတွင်း မြန်မာစာပေ အရေးအဖွဲ့၌ ပိုင်နိုင်သူ ဆရာလွန်း (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) အား ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးမေအောင်သည် ဆရာကြီးထံ ချဉ်းကပ်၍ ဝေလမင်းသား ဧချင်းရေးပေးပါရန် ပြောဆိုတောင်းပန်လေသည်။ ထိုခေတ်က ငွေတစ်ထောင်ကျပ်သည် ရွှေ ၄ဝ ကျပ်သားနှင့် ညီမျှရာ ယခုခေတ် ငွေကြေးတန်ဖိုးအရဆိုသော် ကျပ်သိန်း ၂၄ဝ နှင့် ညီမျှလေသည်။ ထိုစဉ်ကဆရာကြီးသည်ချို့ချို့တဲ့တဲ့ဖြစ်နေရချိန်ဖြစ်ပြီး၊မိသားစုတာဝန်ကို မနည်းရုန်းကန်ကြိုးပမ်းနေရချိန်လည်း ဖြစ်သည်။
ဆရာကြီးက -
“ငါ့မှာ သားသမီးတွေ တာဝန်အတွက် ပြေးနိုင်၊ လွှားနိုင် ၊ ရေးနိုင်မှ ထမင်းအနိုင်နိုင် နပ်မှန်တယ်။ ငွေတစ်ထောင်ဆိုတာ ငါလည်း မကိုင်ဖူးဘူး။ ဒီလိုလွယ်လွယ်နဲ့ ရနိုင်မယ်လို့လည်း ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။ ငွေတစ်ထောင်ကိုတော့ မင်းစေတနာအရ ငါလိုချင်ပါတယ်။ ဒါပေမယ့် မောင်မေအောင်နှယ် ဟန်ကျနိုင်ပါ့မလား၊ ရွှေနားတော်သွင်း ဧချင်းဆိုတာ ထိုမင်းသား ဘုန်းကြီးကြောင်း၊ အင်ပါယာနိုင်ငံတော်ကို စိုးမိုးရမည့် အရှင်ဖြစ်ကြောင်း ၊ ကျက်သရေရှင်ကြီးဖြစ်ကြောင်း ကျွန်ုပ်တို့ ဗမာလူမျိုးတွေကို ကြာကြာ အုပ်စိုးနိုင်စေကြောင်း ၊ အင်ပါယာကြီး ပိုမိုကျယ်ဝန်းစေကြောင်းတွေ ၊ ဘာညာတွေ ချီးကျူးပြီး ရေးရမှာကွ၊ ငါမရေးပါရစေနဲ့ကွယ်၊ ငါ့ဥာဏ်က ဒီအလုပ်မျိုးကျတော့ ထွက်မှာ မဟုတ်ဘူး။ ငါ့ကို ငွေတစ်သိန်းပေးဦးတော့ မရေးနိုင်ပါဘူးကွယ်၊ တခြားလူကိုသာ ခိုင်းပါ မောင်မေအောင်ရယ်” ဟု ပြောဆိုကာ ငြင်းဆိုခဲ့ရာ ဦးမေအောင်မှာ စိတ်မကောင်းစွာဖြင့် အခြားမြန်မာပညာရှိ တစ်ဦးဖြစ်သူ ဆရာပွား ဆိုသူအား ဥာဏ်ပူဇော်ခငွေ တစ်ထောင်ပေးပြီး ရေးခိုင်းရလေသည်။ ဆရာပွားမှာ ထိုစဉ်က ရန်ကုန်ယူနီဗာစီတီကောလိပ်၌ မြန်မာစာပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဖြစ်သည်။
ဆရာပွား စီကုံးရေးဖွဲ့ခဲ့သော ဝေဝလမင်းသားအတွက် ဧချင်းကို ပေပေါ်တွင် ရေး၍ ဆက်သခဲ့ကြသည်။ ထိုဧချင်းကို ပေပေါ်တွင် ရေးသားထားလျက် ရွှေပန်းများ ရိုက်နှိပ်ထားသည့် ကတ္တီပါအ၀တ်ဖြင့် ဖုံးလွှမ်းကာ ထုပ်၍ ထားသည်။ ၎င်းဧချင်း ပေစာထုပ်ကို ယူနီဘာစီတီကျောင်းသား မောင်ကျော်အေးဆိုသူက ဝေလမင်းသားအား ဆက်ပြီးနောက် ၎င်းမောင်ကျော်အေးကပင် သြဘာစာဖတ်ပြန်သည်။ ၎င်း၏ သြဘာစာထဲတွင်
“ရှေးအခါက ထူးခြားပွင့်လင်း ၊ ဂုဏ်သတင်းဖြင့် အရည်အချင်းရှိကုန်သော မင်းညီမင်းသား၊ မင်းတရားတို့အား လင်္ကာဆရာတို့ ရေးသားဆက်သွင်းအပ်သော ထုံးစံဓလေ့အားလျော်စွာ ကျွန်ုပ်တို့၏ ဘာသာဖြင့် ကဗျာလင်္ကာ ဖွဲ့ဆိုရေးသား ဆက်သွင်းသည် ကိုလည်း လက်ခံသိမ်းပိုက်တော်မူပါ” ဟူသော စကားများပါရှိရာ ဝေလမင်းသားကို မြန်မာမင်းညီမင်းသားများကဲ့သို့ပင် သဘောထား၍ ဧချင်းဖြင့် ရွှေနားတော်သွင်းကြောင်း ထင်ရှားနေပေသည်။
ဝေလမင်းသားကလည်း ယူနီဗာစီတီကောလိပ်သို့ ရောက်ရှိလာသည့်အတွက် အထိမ်းအမှတ်တစ်ခု ကျန်ရစ်နေစေရန် ဝေလမင်းသား၏ စာပေဆု အမည်ဖြင့် ကျပ် ၁ဝဝဝ တန် စာပေဆုတစ်ဆု နှစ်စဉ်နှစ်တိုင်းပေးရန် ယူနီဗာစီတီ ဆီးနိတ်အဖွဲ့သို့ ခွင့်ပြုခဲ့သည်။
၎င်းဆုငွေကို (က) ပျို့ကဗျာ၊ လင်္ကာ၊ မြန်မာစာပေအတွက် သော်လည်းကောင်း (ခ) သိပ္ပံပညာရပ်တစ်ခုခုကို အခြားဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုသည့် အတွက်လည်းကောင်း ပေးရန် သတ်မှတ်ထား၍ ရန်ကုန်ယူနီဗာစီတီ ဆီးနိတ်အဖွဲ့မှ စီစဉ်ရွေးချယ်၍ ပေးရမည် ဖြစ်သည်။ နှစ်စဉ် မတ်လတွင် ၎င်းဆုကို ပေးရန်ဖြစ်သော်လည်း ယခုနှစ်အတွက် ပေးရန်ဆုကို လွန်ခဲ့သောနှစ်ကတည်းက ဆီးနိတ်အဖွဲ့မှ ဆုံးဖြတ်ပြီးစီးထားရမည် ဖြစ်သည်။
အထက်ပါစည်းကမ်းချက်များ အရ ဝေလမင်းသားစာပေဆုကို နှစ်စဉ် မတ်လ၌ ပေးလာခဲ့ရာ ဆုရရှိခဲ့သော ပုဂ္ဂိုလ်နှင့် စာမူစာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁၉၂၁-၂၂။ ဆရာပွား (မြန်မာစာ နည်းပြဆရာ၊ ရန်ကုန်ယူနီဗာစီတီ ကောလိပ်) ‘ဝေလမင်းသား နားတော်သွင်းဧချင်း’ ကို ရေးသားပြုစုသည့်အတွက် ချီးမြှင့်ခြင်း ခံရသည်။
၁၉၂၂-၂၃။ ထိုနှစ်တွင် ဆုငွေချီးမြှင့်နိုင်ခြင်းမရှိ။
၁၉၂၄-၂၅။ ဦးနီ (ဝိဇ္ဇာဘွဲ့ ၊ ဝတ်လုံတော်ရ) John Locke ရေးသည့် Civil Government ကို မြန်မာဘာသာပြန်ဆိုသော ‘မြို့ဘက် စီမံအုပ်ချုပ်ရေး’ စာမူအတွက် ချီးမြင့်ခြင်း ခံရသည်။
၁၉၂၅-၂၆။ ဦးဖေ (မန္တလေး) ‘ဝရုဏပျို့’ ကို ရေးသားပြုစုသည့်အတွက် ချီးမြှင့်ခြင်းခံရသည်။
၁၉၂၆-၂၇။ ထိုနှစ်တွင် ဆုချီးမြှင့်ခြင်း မရှိ။
၁၉၂၇-၂၈။ ထိုနှစ်တွင် ဆုချီးမြှင့်ခြင်း မရှိ။
၁၉၂၈-၂၉။ ဦးမြို့ (အဂ္ဂမဟာပဏ္ဍိတ) ‘တိပိဋကတ်’ (ပိဋကတ်သုံးပုံ) ကို ဘာသာပြန်ဆို ရေးသားသည့်အတွက် ချီးမြှင့်ခြင်း ခံရသည်။
၁၉၂၉-၃၀။ မောင်ဘသောင်း (သခင်ဘသောင်း) (အမှတ် ၃၃၊ တရုတ်ဥယျာဉ် ရေတာရှည်လမ်း၊ ဗဟန်း၊ ရန်ကုန်မြို့) Renount ၏ Outline of General History ကို မြန်မာဘာသာသို့ ပြန်ဆိုသော ‘ကမ္ဘာ့ရာဇဝင်ချုပ် ‘အတွက် ချီးမြှင့်ခြင်း ခံရသည်။
၁၉၃၀-၃၁။ ထိုနှစ်တွင် ဆုချီးမြှင့်ခြင်း မရှိ။
၁၉၃၁-၃၂။ အရှင်အာဒိစ္စဝံသ (အရှင်အာဒိစ္စ၀ံသကျောင်းတိုက်၊ ကန်တော်ကလေး၊ ရန်ကုန်(နောင် ဦးအောင်မြတ်ထွဋ်)၏ ‘အသောက ကျောက်စာ’ ကို မြန်မာပြန်ဆိုသည့်အတွက် ချီးမြှင့်ခြင်း ခံရသည်။
ဝေလမင်းသား စာပေဆုရသော အထက်ပါစာအုပ်များကိုကြည့်လျှင် စာအုပ်အမည်များကို မြင်ရုံနှင့် ‘ဝေလမင်းသား နားတော်သွင်းဧချင်း’ မှ တစ်ပါး ကျန်စာအုပ်များမှ နယ်ချဲ့အကျိုးပြုစာပေများ၊ နယ်ချဲ့ကို အလုပ်အကျွေးပြုသော စာပေများ မဟုတ်ကြောင်း သိသာပေသည်။
ဦးဖေ (နောင် သီရိစတုရင်္ဂ ဗလဘွဲ့ရ)၏ ‘ဝရုဏပျို့’ ဆိုလျှင် ဘုရားဟော ၀ရုဏဇာတ်ကို ပျို့အဖြစ် ဖွဲ့ဆိုသီကုံးထားခြင်းဖြစ်၍ နယ်ချဲ့သမားကို အကျိုးပြုမှုနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဆရာမြို့၏ ပိဋကတ် သုံးပုံ မြန်မာပြန်များဆိုလျှင်လည်း ဘုရားဟော ပိဋကတ်တော်များ ဖြစ်နေပေသည်။း အရှင်အာဒိစ္စဝံသ၏ ‘အသောက ကျောက်စာ’ မှာလည်း ဗုဒ္ဓသမိုင်းနှင့် ဆိုင်ရာ ကမ္ပည်းကျောက်စာဖြစ်၍ နယ်ချဲ့သမိုင်းကို အလုပ်အကျွေးပြုမှုနှင့် မည်သို့မှ မဆက်စပ်ပေ။
မည်သို့ဆိုစေ ဝေလမင်းသား စာပေဆုသည် ၁၉၃၂ ခုနှစ် မတ်လတွင် အရှင်အာဒိစ္စ၀ံသအား နောက်ဆုံးချီးမြှင့်ခဲ့ပြီးနောက် ရပ်ဆိုင်းသွားခဲ့လေရာ မြန်မာစာပေသမိုင်းအဖို့ ဝမ်းနည်းဖွယ်ရာပင် ဖြစ်ပါတော့သည်။
စာကိုး
၁။ မြင့်ဆွေ ‘ဝေလမင်းသားဆု’ ငွေတာရီ မဂ္ဂဇင်း အမှတ် ၁ဝ၁၊ (၁၉၆၈ ၊ နိုဝင်ဘာ) စာ ၄၉-၅၂။
၂။ ဒဂုန်ရွှေမျှား၊ မြန်မာနိုင်ငံစာပေဆုများ ၊စာပေဗိမာန် ပထမအကြိမ် ၁၉၇၂။ စာ ၃-၄။