လူကြီးလူကောင်း ဒီမိုကရေစီ…အသက် ၁၂၀ ရှည်စေသော်ဝ်…
ဖိုးထက်
ဒီဇင်ဘာ ၃၁၊ ၂၀၁၃
ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဇာတာဖွဲ့ရင် ဇာတာပေါ်မှာ အသက် ၁၂၀ ရှည်စေသောဝ် လို့ ရေးတတ်ကြတယ်။ အသက်ရှည်ရှည်နေပါ။ ကျန်းမာ ချမ်းသာပါစေ ဆိုတဲ့ သဘောနေမှာပေါ့လေ။ တကယ့် အပြင်မှာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ တစ်မြန်မနေ့က ဘီဘီစီက သတင်းတစ်ခုကို တွေ့တယ်။ တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်း အသက် ၁၂၀ ပြည့် အမှတ်တရ အခန်းအနား တရုတ်မှာ ကျင်းပတဲ့ သတင်းပါ။
မော်စီတုန်းကြီးသာ အသက်ရှိနေအုံး မယ်ဆိုရင် အသက် ၁၂၀ ရှိပြီပေါ့။ အခု သူမရှိတော့ပေမယ့်လဲ တရုတ်နိုင်ငံကတော့ ပေကတ်ကတ် ကွန်မြူနစ်ဝါဒနဲ့ စခန်းသွားနေဆဲပါ။ သူ့သတင်းကို ဖတ်ပြီး ကျွန်တော် ဖတ်ဘူးတဲ့ စာအုပ် နှစ်အုပ်ကို သွားပြီး စိတ်က သတိရလာတယ်။ ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ “ပီကင်း” ဆိုတဲ့ စာအုပ်နဲ့ “သခင်သန်းထွန်း၏ နောက်ဆုံး နေ့ရက်များ” ဆိုတဲ့ စာအုပ် နှစ်အုပ်။
ဆရာ မောင်ထွန်းသူရဲ့ ပီကင်း ဆိုတဲ့ စာအုပ်ကတော့ ဖတ်တာလဲ ကြာခဲ့ပြီဆိုတော့ ခပ်မေ့မေ့ပါ။ မှတ်မိသလောက်ကတော့ ကွန်မြူနစ်တပ်တွေရဲ့ အဖမ်းခံရပြီး မိုင်ပေါင်း ထောင်ချီ ပါသွားခဲ့တဲ့ အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီးကို ဇာတ်အိမ်တည်ပြီး မျိုးဆက် သုံးဆက်လောက် ရေးထားတဲ့ ဇာတ်လမ်းကြီးပါ။ အင်္ဂလိပ်၊ အမေရိကန် လူမျိုးဆိုတာ ကွန်မြူနစ်ဝါဒကို သိပ်ပြီး ကြည်ကြည်လင်လင်ရှိတဲ့ လူမျိုး မဟုတ်ပေမယ့် မူရင်းရေးသူ စာရေးဆရာက နှစ်ဖက် အစွန်းလွတ်အောင် ရေးသွားခဲ့တာကို တော့ ကျွန်တော် သေသေချာချာကြီး မှတ်မိနေပါသေးတယ်။ ကွန်မြူနစ်ဝါဒကို ခပ်ပါးပါးလေးနဲ့ ဝေဖန်သွားတဲ့ စာအုပ်ကြီးလို့ဘဲ ကျွန်တော် မှတ်ချက်ချ ချင်တယ်။
ဒါပေမယ့် သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်ကျတော့ ရေးသူတွေက ကွန်မြူနစ်အဖွဲ့ဝင်ဟောင်းတွေ။ စာအုပ် အမှာစာမျက်နှာမှာကတည်းက စာရေးသူများဟာ ဘယ်သူ့၊ ဘယ်ဘက်ကိုမှ ဘက်မလိုက်ကြောင်း၊ စာဖတ်သူကသာ အဆိုး အကောင်း ဝေဖန်ပိုင်းဖြတ်ကြစေလိုကြောင်း ရွှန်းရွှန်းဝေအောင် ရေးထားလို့ သြော်…နိုင်ငံရေး ဗဟုသုတ အတော်ရစေမယ့် စာအုပ်ကြီးပေဘဲဆိုပြီး ကြိုးစား အားတင်းပြီး ဖတ်ပါတယ်။ ဘယ်ကလာဗျာ..သခင်သန်းထွန်း အပုပ်ချ စာအုပ်ကြီး ဖြစ်နေတယ်ဆိုတာ ဖတ်ရင်း ဖတ်ရင်း ပိုပိုပြီး သိလာရလေပါဘဲ။
နောက်မှ စာအုပ် ထုတ်တဲ့ ခုနှစ်ကို ပြန်ဖတ်တော့ ဦးနေ၀င်း သက်ဦးဆံပိုင် ခေတ်ထဲမှာ ထုတ်ထားတဲ့ စာအုပ်ကြီးပေဘဲကိုး။ အဘိုးကြီးကို အာခံ ခံချခဲ့တဲ့ (မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ) သခင်သန်းထွန်းကို ၀ိုင်းဝန်း စွပ်စွဲပြစ်တင်ကြတဲ့ စာအုပ်ကြီး ဖြစ်နေတာ…သြော် မထူးဆန်းဘူးလို့ ကောက်ချက် ချမိလိုက်တယ်။
မှန်ရာသာ ၀န်ခံရရင် ကျွန်တော်က ကားလ်မာစ်သိတယ်၊ လီနင်သိတယ်၊ စတာလင်သိတယ် ပြီးတော့ သူတို့ရဲ့ ကွန်မြူနစ်ဝါဒ နည်းနည်းလေးဘဲ သိတယ်။ ပါတီ ကောင်စီခေတ်မှာ မွေးခဲ့တဲ့ ကောင်ဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ကွန်မြူနစ်ဆိုတာ အမိ အဖ မသိဘူး၊ ဘာသာတရား မရှိဘူး လို့ ခေါင်းထဲ ရိုက်သွင်းခံခဲ့ရတဲ့ ကောင်ပါ။ တကယ်ကျတော့ ဦးနေ၀င်းကြီးတို့ ၀ါဒဖြန့်သလောက် ဆိုးရွား စုတ်ပြတ်နေတဲ့ ၀ါဒကြီးတော့ မဟုတ်ပါဘူးလို့ ထင်မိတာဘဲ။ လက်ရှိ ကျွန်တော်တို့ ခေတ်မှာ ဒီမိုကရေစီ၊ ဒီမိုကရေစီလို့ အော်နေကြတာ ဒီမိုကရေစီ စနစ်က အများကောင်းကျိုးကို ပိုမိုရစေလို့ နေမှာပါဘဲ။ ဒီမိုကရေစီဆိုတဲ့ သည်းခြေကြိုက်စကားလုံးကို များများ ပြောနိုင်ရင် လူဆိုးက လူကောင်းဖြစ်တယ်၊ သူခိုးက ရှင်ဘုရင် ဖြစ်နိုင်ကြတဲ့ ခေတ်။ ဒီခေတ်ကြီးပေါ့။
ကွန်မြူနစ်ဝါဒကြီးကြတော့ ကျွန်တော် နားလည်သလောက် ပြန်တွေးရရင် ပေါ်ကြော့ လာမလုပ်နဲ့ ။ လာခဲ့ အတူတူ အလုပ်လုပ်၊ အတူတူ လာစား၊ လူလူချင်း အတူတူ မင်းက ခေါင်းတစ်လုံး မသာချင်နဲ့ ဆိုတဲ့ စနစ်ကြီးပါ။ ဆရာကြီး ဘဘဦးအောင်သင်း ပြောဘူးတာ ကျွန်တော် မှတ်မိနေတယ်။ “ကွန်မြူနစ်စနစ်ဆိုတာ ပြောသလောက်ကြီး မဆိုးဘူးကွ။ ဒါပေမယ့် ကွန်မြူနစ်ဝါဒမှာ ခေါင်းသုံးပြီး လုပ်စားရတဲ့ အတတ်ပညာရှင်၊ အသိပညာရှင်တွေရဲ့ တန်ဖိုးကို လျှော့တွက်ခဲ့လို့ ကျဆုံးခဲ့တယ်လို့ ထင်တယ်” လို့ ပြောတာ (စကားလုံး အတိအကျ မဟုတ်နိုင်ပါဘူး) ကျွန်တော် မှတ်မိနေတယ်။
သခင်သန်းထွန်းဆိုတာ မြန်မာနိုင်ငံရဲ့ ကွန်မြူနစ် ဖခင်ကြီးလို့ ပြောလို့ ရမှာပါ။ သူယုံကြည်ရာ ၀ါဒကို လုပ်ကြံခံရသည် အထိ စွဲစွဲမြဲမြဲ ကိုင်စွဲသွားတဲ့ ပညာတတ်ကြီး။ ဒါပေသိ လူတွေရဲ့ ကလိမ်ကကျစ် ကြတာ၊ အောက်တန်းကျတာ၊ ယုတ်မာတာ၊ မနာလို ၀န်တိုစိတ်များကြတာတွေကို ဖြစ်ချင်တဲ့ ၀ါဒကြီးနဲ့ ဇွတ်အတင်း ကွပ်ညှပ်ခဲ့တယ်လို့ဘဲ ကျွန်တော် ဆ၀ါး တွေးမိတယ်။ ဖြစ်ချင်တာတွေများလွန်းတဲ့ အခါမှာ အမှားတွေ အများကြီး မှားတတ်ကြလို့ သခင်သန်းထွန်းလဲ အမှားတွေ အများကြီး ရှိမှာ အသေအချာပါဘဲ။ ဒါပေသိ သူ့လို တောထဲ တောင်ထဲမှာ သူယုံကြည်ရာကို သူစွဲကိုင်ပြီး ဦးနေ၀င်းတို့ အစိုးရကို တော်လှန်ပုန်ကန်ခဲ့တာကိုတော့ဖြင့် ကျွန်တော်က လေးစားမိတာတော့ အမှန်ပါဘဲ။ ပြောရရင် ယောင်္ကျားပီသတယ်။ ခေါင်းတစ်ချက်ငြိမ့်လိုက်တာနဲ့ အစိုးရအဖွဲ့ကြီးထဲမှာ ရာထူး အကြီးကြီး ရနိုင်သူဖြစ်ပါလျက်နဲ့ သူ့ရဲ့ ကွန်မြူနစ်ဝါဒနဲ့ ယောင်္ကျားပီပီသသ နေခဲ့တာကို ကျွန်တော်က အားကျတယ်လေ။
အခုဘဲ ပုံ အမိန့်အရလုပ်၊ အခုဘဲ မိဘပြည်သူများ ခင်ဗျား လုပ်နေတဲ့ လူတွေထက်စာရင် ဒီလူကြီးက အပုံကြီး ကြည်ညိုဖို့ ကောင်းတယ်။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေနဲ့ သူ့ဘ၀ကို ဖြတ်သန်းခဲ့တဲ့ လူကြီး မဟုတ်ဘူး။ သူယုံကြည်တဲ့ ကွန်မြူနစ်ဝါဒကို အောင်မြင်အောင်၊ မဖြစ်ဖြစ်အောင် သိက္ခာရှိရှိလုပ်သွားခဲ့တဲ့လူကြီး မို့လား။ သူ့ဘ၀မှာ ဘယ်သူ့ကိုမှ ခြေမထိုးခဲ့ဘူး။ ဘယ်သူ့ကိုမှ နောက်ကျောကို ဓားနဲ့ မထိုးခဲ့ဘူး။ သူသာ အပုပ်ချ၊ အတိုက်ခိုက် ခံခဲ့ရတယ်ဆိုတာ “သခင်သန်းထွန်းရဲ့ နောက်ဆုံး နေ့ရက်များ” စာအုပ်ကို ဖတ်မိတာနဲ့ သိမှာပါလေ။
ကျွန်တော်က ငှက်ပျောသီးလောက်နဲ့ အချိုကုန်နေတဲ့ လူဖြစ်နေသလားတော့ မသိပါဘူး။ ဖတ်ဘူးတဲ့ စာအုပ်လေး တစ်အုပ် နှစ်အုပ်နဲ့ လူတတ်ကြီး လုပ်နေမိသလား မဆိုတတ်ဘူး။ ကျွန်တော် တွေးမိတာက အုပ်ချုပ်ရေး စနစ်ဝါဒတွေကိုပါ။ ကွန်မြူနစ်၊ ဒီမိုကရေစီ၊ ဘရောက်ဒါ စတဲ့ ဘာသာရေး မဟုတ်တဲ့ ၀ါဒတွေကို တွေးမိတာပါ။ ဘယ်စနစ်က ဘယ်လောက်ကောင်းကောင်း လူတွေ အသုံးမကျရင် လူတွေတီထွင်တဲ့ စနစ်က ဘယ်လိုလုပ် အောင်မြင်နိုင်ပါ့မလဲ။ အခု ခေတ်စားတဲ့ ဒီမိုကရေစီ အများဝါဒ ဆိုတာမှာတောင် အများဆန္ဒဆိုတိုင်း ကောင်းတာ သေချာလို့လား။ အဲဒီအများက လောဘကြီး၊ မာနကြီး၊ သူခိုးကြီးတွေ အများရဲ့ ဒီမိုကရေစီဆိုရင်လဲ ကျောက်ခေတ် ဘုံစနစ်၊ ဘုံဝါဒကမှ စားသာပါလိမ့်အုံးမယ်။ စိတ်လက်ချမ်းသာ ရှိပါလိမ့်အုံးမယ်။
မာန်မာန နည်းပြီး အများအတွက် ခြေတစ်လှမ်း ဆုတ်ပေးလိုက်ဖို့ ၀န်မလေးတဲ့ ပညာတတ်သူ အများစုရဲ့ ဒီမိုကရေစီဆိုရင်တော့ လောကကြီးက ပျော်ဖို့ ကောင်းမှာပေါ့လေ။ လောကကြီးမှာ ဘယ် အုပ်ချုပ်တဲ့ စနစ်ကမှ ပြီးပြည့်စုံတယ်လို့ မရှိဘူးလို့ ပညာတတ်များက ပြောကြတယ်။ အလကား လျှောက်ပြောနေကြတာပါ။ ဒါတော့ ခင်ဗျားတို့ ပြောမှလားဗျ လို့ ပြန်မေးရမလိုပါဘဲ။ သူ့ဘာသာ ဘယ်လောက်ဘဲ ကောင်းနေ ကောင်းနေ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ လူတန်းစား အပြန်အလှန်ကြည်ညိုဖို့ ၊ လေးစားဖို့၊ ယုံကြည်မှု ရှိမှ အောင်မြင်မှာဆိုတာ ကျွန်တော်လို ပညာမတတ်တဲ့ အကောင်တောင် သိနေတာဘဲလေ။
အခုတော့ ဒီမိုကရေစီလို့ ဟိုနားက ကြားရ၊ ဒီနားက ကြားရ၊ ဟိုလူက ပြော၊ ဒီလူကပြော။ ကြာတော့ နားကြားပြင်းတောင် ကပ်လာသလိုပါဘဲ။ ဒီမိုကရေစီလို့ ပြောပြောနေတဲ့ လူတွေနဲ့ ဒီမိုကရေစီလိုချင်ကြတဲ့ လူတွေကြားထဲမှာ ဘယ်မှာလဲ ယုံကြည်စိတ်ချရမှု။ ဘယ်မှာလဲ အပြန်အလှန် မြတ်နိုး ချစ်ခင်မှု။ ဘယ်မှာလဲ လေးစား ကြည်ညို မှု။ တစ်ဖက်နဲ့ တစ်ဖက် အမုန်းတွေ၊ အခဲ မကြေမှုတွေ၊ ကြိတ်မနိုင် ခဲမရဖြစ်မှုတွေ ၊ ဖုံးရ ဖိရတာတွေနဲ့ နပန်းလုံးနေတာနဲ့ ဒီ….မို….က…ရေ….စီ…..လို့ တစ်လုံးခြင်း နားနားပြီး ပြောတာဘဲ ကောင်းမှာပါ။
လူတွေအချင်းချင်း ဆက်ဆံမှုမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ယုံကြည် စိတ်ချရမှု၊ လေးစား ချစ်ခင်မှုတွေ မရှိတော့ရင် လမ်းခွဲကြတာဘဲ အကောင်းဆုံးဆိုတာ ချစ်တတ်ကြသူတိုင်း သိကြပါတယ်လေ။ အခုတော့ ကျွန်တော်တို့က ဖန်တရာသေနေပြီဖြစ်တဲ့ ဒီစကားလုံးကို ပြောကြ၊ အော်ကြရင်းနဲ့ အမောဖောက်လာကြတယ်လေ။ ထားပါတော့ဗျာ…ကျွန်တော့် စိတ်တစ်ခုတည်းနဲ့သာ ပြောရရင်…
လူကြီး လူကောင်းပီသတဲ့ ဒီမိုကရေစီစနစ်ကြီး အနှစ် ၁၂၀ ရှည်စေသော်ဝ်လို့ ဆုတောင်းရင် ဒီအကောင် စကားလုံးတွေ အသစ်ထွင်နေပြန်ပါပြီလို့ အမြင်မကပ်စေချင်ဘူးလေ။