အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် အနီရောင်ဆီးဂိမ်း၏ ဆင်းကဒ်များ

ဖွတ်ကလေး၊ အီကြာအော်နှင့် အနီရောင်ဆီးဂိမ်း၏ ဆင်းကဒ်များ
အီကြာအော်
ဒီဇင်ဘာ ၃၁၊ ၂၀၁၃



တပည့်ကျော် ဖွတ်ကလေးတစ်ယောက် ပေါ်မလာတာကြာပြီမို့ အီကြာအော်တစ်ယောက် မျှော်နေမိသည်။ မကြာသေးမီက အောင်မြင်စွာဖြင့် ပြီးဆုံးသွားသော ခက်သေးရွာကြီး၏ ၂၇ ကြိမ်မြောက် အရှေ့တောင်အာကျယ်ရွာပေါင်းစုံ ဆီးဂိမ်း အားကစားပွဲကြီးအကြောင်းကို အရမ်းဆွေးနွေးလိုစိတ်တွေ မျိုသိပ်၍မရ ဖြစ်နေလေတော့သည်။ ခါတိုင်းဆိုလျှင် အိုက်လှသဖြင့် ယပ်တောင်တစ်ချောင်းနှင့် စတိုင်ပြလေ့ရှိသော အီကြာအော်တောင် အခုတော့ ရာသီဥတုက အေးလွန်း၍ ရှိသမျှအနွေးထည်များကို ထုတ်၍၀တ်ကာ နေပူစာ လှုံနေရသည်။ ဆောင်းတွင်း အအေးလှိုင်းကလည်း ခက်သေးရွာဘက်ကို ရိုက်ခတ်လျှက်ရှိသည် မဟုတ်လား။
မျှော်တုန်းမျှော်ဆဲ ဖွတ်ကလေးတစ်ယောက် ရှိရှိသမျှအနွေးအင်္ကျီကို ၀တ်ထားသည့်ပုံစံဖြင့် အ၀တ်ထူထူဝတ်၍ ပေါက်ချလာလေတော့သည်။

“ဆရာအော်…….”
ဖွတ်ကလေးတစ်ယောက် အသံတွေဝင်နေသည်။

“ဟေ့ကောင် ဖွတ်ကလေး ……မင်းက အသံတွေ ၀င်လို့ပါလား၊ ဆောင်းတွင်ကြီးမှာ ရေခဲချောင်းတွေများ စားလို့လား”

“မဟုတ်ပါဘူး ဆရာအော်ရဲ့ …….၊ ဆီးဂိမ်းမှာ လုပ်အားပေးသွားရင်း အားပေးလွန်သွားလို့ပါ”

“သြော်….မင်းကို ဒါကြောင့် အခုတစ်လော မတွေ့တာကိုးကွ”

“ဘယ်အသင်းတွေကိုများ ဘယ်လောက်အားပေးလို့ ဒီလောက်အသံတွေ ၀င်ကုန်ရတာလည်း”

“ဟဲဟဲ….ဘယ်အသင်းမှ မဟုတ်ပါဘူး၊ ဖွင့်ပွဲနဲ့ ပိတ်ပွဲနေ့တွေမှာ အဆိုကျော် နီနီခင်ဂျော်လေးကို အားပေးရင်းနဲ့ အသံဝင်သွားတာပါ”

“သေလိုက်ပါတော့ ဖွတ်ကလေးရယ် ကိုယ့်ရွာအသင်းကိုယ် အားပေးလို့ အသံဝင်တယ်ဆိုရင် ကြားလို့ ကောင်းသေးတယ်”

“သူလည်း ကိုယ့်ရွာသူကလေးလေ ဆရာအော်ရဲ့”

“မင်းပြောတာနဲ့ ငါတောင် တော်တော်အားပေးချင်လာပြီ၊ အေးလေ…… သူက တော်တော်လန်းတာပဲကွ”
အီကြာအော်က မီးဖိုချောင်ဖက်ကို လှမ်းကြည့်ရင်း သူ့ဇနီးဒေါ်အွန်မေး ကြားသွားမည်စိုးသဖြင့် လေသံတိုးလေးဖြင့် ထောက်ခံလိုက်လေ၏။

“ဒါနဲ့ မင်းရော နေပူတော်ကဆီးဂိမ်းမှာ လုပ်အားပေးတဲ့အတွက် တယ်လီဖုန်းဆင်းကဒ်လေးဘာလေး မရဘူးလား၊ သူများတွေတော့ ဆင်းကဒ်တစ်ကဒ်စီ ရတယ် ဆိုလားပဲ”

“မရပါဘူး ဆရာအော်ရယ်၊ ဆင်းကဒ်လည်းမရ၊ တက်ကဒ်လည်းမရပါဘူး၊ လုပ်အားပေးရင်းနဲ့ စားရတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေတောင် ရက်လွန်နေလို့ နာခေါင်းပိတ်ပြီး စားလိုက်ရတယ်”

“ရက်လွန်ခေါက်ဆွဲထုတ်တွေက အနံ့နံလို့ နှာခေါင်းပိတ်ရတာလားကွ”

“မဟုတ်ပါဘူးဗျာ၊ ပြောရင် မကောင်းလို့ နှာစေးနေရတာ ပြောတာပါ”

“မင်းက ဘာလို့ ဖုန်းကဒ် မရရတာလည်းကွ……၊ လုပ်အားပေးတာချင်းအတူတူ ခံစားခွင့်တော့ အတူတူပဲ ပေးသင့်တာပေါ့”

“ကျွန်တော်က မိတ်ကပ်အဖွဲ့နဲ့ပါသွားတော့ များတို့လိုပဲ ဖုန်းကဒ် မရလိုက်ဘူးပေါ့”

“မင်းက ဘယ်လိုလုပ် မိတ်ကပ်လိမ်းတဲ့အဖွဲ့ထဲ ရောက်သွားတာလည်း ဖွတ်ကလေးရဲ ၊ မင်းတော့ မိတ်ကပ်တွေဘာတွေတောင် လိမ်းတတ်နေပြီလား”

“ဟာ…. ဆရာအော်ကလည်း မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်က မာမီတို့လို ဘယ်လိုလုပ် မိတ်ကပ်လိမ်းတတ်မှာလည်း၊ အလှပြင်ပစ္စည်းတွေကို သယ်ဖို့လူ လိုနေလို့ သွားလုပ်ပေးတာပါ” ဖွတ်ကလေးက ကြောက်လန့်တကြား ငြင်းဆိုလိုက်လေသည်။

“ဟ….မသိပါဘူးကွာ၊ မင်းမှာ လျှိုထားတဲ့ ပညာတွေများ ရှိနေသလားလို့ပါ”

“ဆရာအော်ရော ခက်သေးရွာအသင်းကို အားမပေးဘူးလား”

“အားတော့ပေးတာပေါ့ကွ ကိုယ့်ရွာကိုယ်ပဲလေ၊ ဒါပေမယ့် ပြေးခုန်ပစ်မှာတော့ ချာသကွာ၊ ငါတို့ငယ်ငယ်တုန်းကခက်သေးရွာ ပြေးခုန်ပစ်အသင်းလို အားမရလှပါဘူး”
“အားကစားဆိုတာက အားမှ ကစားရတာ မဟုတ်ဘူးကွ၊ အမြဲ လေ့ကျင့်နေရတာ” ခက်သေးရွာသားတို့၏ ထုံးစံအတိုင်း ဆရာကြီးလေသံဖြင့် အီကြာအော်က ရွှီးလိုက်လေတော့သည်။

“ငါတို့ငယ်ငယ်ကဆို တို့ခက်သေးရွာက အရှေ့တောင်အာကျယ်တလွှားမှာ ပြေးခုန်ပစ်မှာဆိုရင်တော့ ဗိုလ်ပဲ” 

ဖွတ်ကလေးက မယုံနိုင်သော မျက်နှာထားနှင့် အီကြာအော်အား ကြည့်လိုက်လေ၏။

“ပြီးတော့ တို့ငယ်ငယ်ကလည်း “နီနီခင်ဂျော်”မရှိပေမယ့် “နီနီဝင်းရွှေ”တို့ “ကော်နီ”တို့ ရှိတယ်ကွ၊ သူတို့လည်း သူ့ခေတ်နဲ့သူ လန်းခဲ့ကြတာပေါ့”အီကြာအော်က သူတို့ ခေတ်ကလည်း မခေကြောင်း ဖွတ်ကလေးကို ကပ်၍ အကြွားပိုလိုက်လေ၏။

“နီတာတော့တူတယ်နော် ဆရာအော်၊ ကော်ဆိုတာ အဖြူရောင်ပဲ မြင်ဘူးတယ်”” ဖွတ်ကလေးက သံယောင် လိုက်လိုက်လေသည်။

“မင်းကလည်းကွာ “ကော်နီ” ဆိုတာ ကော်အနီရောင်မဟုတ်ဘူး၊ အင်္ဂလိပ်နာမည်ကွ၊ တော်တော် ဗဟုသုတ နည်းတဲ့ကောင်ပဲ” ဟု အီကြာအော်က ဖွတ်ကလေးကို ငယ်နိုင်ပြီပြီ အထက်စီးမှ ဟောက်လိုက်၏။

“ဆရာတပည့် ၂ ယောက် တနီနီနဲ့ ဘာတွေနီနေကြတာလည်း”

ဒေါ်အွန်မေးအသံကြောင့် ဖွတ်ကလေးနှင့် အီကြာအော်တို့ ဆရာတပည့် ၂ ယောက်သား ဆီးဂိမ်းတွင် သမတဂျီးရှေ့မှောက် ချီတက်သူများကဲ့သို့ သတိအနေအထားဖြင့် ပါးစပ်ကို ဘရိတ်အုပ်လိုက်ကြလေတော့သည်။

“ဟိုဟာကွာ….. ငြုပ်သီးနီနီတွေက ဟော့တယ်၊ စပ်တယ်ပြောတာပါ” အီကြာအော်က ထုံးစံအတိုင်း လှီးလွှဲ၍ တွေ့ကရာ လျှောက်ပြောလေတော့သည်။ အမှန်အတိုင်းပြောလိုက်လျှင်တော့ သူ့ဗိုက်ခေါက်ထူထူလည်း ဒေါ်အွန်မေး၏ လက်သံဖြင့် အရောင်နီနီ ထသွားနိုင်သည် မဟုတ်ပါလား။ လိမ်ဆွဲချန်ပီယံ ဒေါ်အွန်မေး၏ လက်သံမိသွားလျှင်တော့ “အီကြာအော်”ဘ၀မှ မပီလာပီကလာနှင့် “နီကာ..အော်”ဘ၀သို့ ရောက်သွားနိုင်သည်။

“စပ်မနေနဲ့ ကိုအော်ရေ၊ နီတယ်ဆိုမှ….. ကိုခိုနီ့ဆိုင်က အကြွေးနဲ့ယူထားရတဲ့ စားအုန်းဆီဖိုးတွေတောင် မဆပ်ရသေးဘူး၊ အခုလကုန် ငွေရှိတုန်း သွားဆပ်လိုက်ပါဦး”

“အေးပါကွာ…….၊ငါ… အခုပဲ သွားဆပ်လိုက်ပါ့မယ်” ဟုဆိုကာ အီကြာအော်တစ်ယောက် ဆီးဂိမ်းအမှတ်တရ နီနီခင်ဂျော်၏မျက်နှာဖုံးပုံဖြင့် ထုတ်ထားသော “အပတ်စဉ် သူချည်းရ ဂျာနယ်”ကို တိတ်တိတ်ကလေးဝယ်ရန် ကိုခိုနီ၏ ဆူပါမားကက်သို့ သုတ်သုတ်ကလေး ထွက်သွားလေတော့သတည်း။       ။


“သဗ္ဗေသတ္တာကမ္မသကာ”