ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် (2013 in review)

ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့်
မင်းကိုနိုင်
ဒီဇင်ဘာ ၊ ၂၀၁၃

 



(ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ၈၈ လူထုလှုပ်ရှားမှုကြီး ၂၅ နှစ်ပြည့် အမှတ်တရအစီအစဉ်ကို "ငွေရတု"ဟူသောစကားလုံးသုံးစွဲမှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။
အစိုးရဝန်ကြီးတချို့လည်း ဖိတ်ကြားချက်အရ ထိုအစီအစဉ်သို့ တက်ရောက်လာခြင်းသည်လည်း အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး မိုးမခမီဒီယာက ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် တွေ့ဆုံမေးမြန်းရာ သူက လိုတိုရှင်း ဖြေကြားခဲ့ပြီး ၈၈ စိတ်ဓာတ် ရှင်သန်မှုအကြောင်းကိုလည်း ပြောပြခဲ့သည်။ အပေါ်ပုံမှာ ရန်ကုန်မြို့ရှိ  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးအတွင်း ရိုက်ကူးထားသောပုံဖြစ်သည်)

၁၉၈၈ အရေးတော်ပုံကို ပြည်သူလူထုရဲ့ တကယ့် အရေးပါတဲ့ အောင်ပွဲ၊ ပြည်သူလူထုရေးတဲ့သမိုင်းလို့ ကျနော်တို့က သဘောထားတယ်။
ဒါက ဘုရင်ကိုသတ်တဲ့သူက ဘုရင်ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ ကမ္ဘာ့စံချိန်တင်လောက်အောင် သမ္မတ သုံးဆက်ကို ပြည်သူက ရက်ပိုင်းအတွင်း ဖြုတ်ချနိုင်တယ်ဆိုတာ အဲဒါက အောင်ပွဲမဟုတ်လို့ ဘာပွဲဖြစ်ရမှာလဲ။
ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ချက်ချင်းမရောက်တာက ဒုတိယအပိုင်းလေ။ ဒါကြောင့် ကျနော်တို့က ငွေရတု ဆိုတဲ့ စကားလုံးကို ကျကျနနကို စဉ်းစားပြီးတော့ တလေးတနက်ကို သုံးလိုက်တာပါ။

ဝန်ကြီးဦးအောင်မင်းကို ဖိတ်လို့၊ သူတို့ အခမ်းအနားတက်လို့ သူတို့တောင်မှ အရေးတော်ပုံကြီးကို တကယ် အသိအမှတ်ပြုတဲ့စကားမျိုး ပြောရပြီလေ။ ကျနော်က အဲဒီလက္ခဏာဘက်ကပဲ ကြည့်တယ်၊
ရှစ်လေးလုံးအတွက် ပြတိုက် ကျနော်တို့တိုင်းပြည်မှာ ရှိသင့်တယ်၊ နိုင်ငံတော်ကနေပြီးတော့ တလေးတစားနဲ့ တမြတ်တနိုးလုပ်တဲ့ပြတိုက်မျိုး ဖြစ်သင့်တယ်။ တချိန်ချိန်မှာ ကိုယ်စားပြုနေတဲ့ အစိုးရတရပ်ရပ်က အသိအမှတ်ပြုတယ် ဆိုရင် နောက်အစိုးရတွေလည်း ဆက်ပြီး အသိအမှတ်ပြုမယ်၊ ဆိုလိုတာက အစိုးရကမတည်မြဲဘူးဗျာ၊ ကျနော်ပြောချင်တာက နိုင်ငံတော်၊ နိုင်ငံတော်ကနေပြီး ဂုဏ်ပြုရတဲ့ အထိမ်းအမှတ် တခုလည်း ဖြစ်ရမယ်၊ ပြတိုက်လည်း ဖြစ်ရမယ်၊
အဲဒီအတွက်ဆိုရင် ရှစ်လေးလုံးဟာ တကယ့် တိုင်းပြည်အတွက် အရေးပါတဲ့ အပြောင်းအလဲ၊ နောက်ပြီးတော့ ပြည်သူလူထုကြီး ချိုးခဲ့တဲ့ အချိုးအကွေ့ ဆိုတာ သူတို့ အသိအမှတ်ပြုတာ၊ ကျနော်တို့လိုချင် အသိအမှတ်ပြုမှုကိုပဲ။

၈၈ စိတ်ဓာတ်က ရိုးရိုးလေးပါ၊ ဖိနှိပ်ချုပ်ခြယ်တာရယ်၊ အခွင့်ထူးခံတာရယ် - အဲဒီနှစ်ခုကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့ တွန်းလှန်ကြတာပေါ့။ တွန်းလှန်ကြတဲ့နေရာမှာ ကျနော်တို့က ထပ်ပြီးတော့ ပိုပြီးတော့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံရတယ်၊ အဲဒါတွေကို ထပ်ကျော်လွှားပြီးတော့ ရင်ဆိုင်ကြတယ် ဆိုတော့ အဲဒီစိတ်ဓာတ်မျိုးဟာ ယာယီလက္ခဏာအရ ငုတ်လျှိုးရတဲ့ကာလတွေ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ဆက်ပြီး သယ်ဆောင်နိုင်တာ သေချာတယ်ဗျ။
ဒီနေ့အထိ လူတွေရဲ့ နိုးကြားမှု တက်လာတာတွေကိုကြည့်၊ အဲဒါတွေက ပြောရမယ်ဆိုရင် ကာလတခုပဲ အာဏာ ကြမ်းကြမ်း သုံးပြီးတော့ တားဆီးထားလို့ ရမယ်၊ ထာဝရတော့ ဘယ်လိုမှ မရဘူး၊ နောက်ဆုံးတော့ လူတွေအားလုံး နားလည်တာက ၈၈ ဆိုတာ ဓမ္မ နဲ့ အဓမ္မ အားပြိုင်တာပဲ။ အဲဒီအားပြိုင်မှုက နောက်ဆုံးမှာ ဓမ္မက အနိုင်ရစမြဲပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ နိယာမကြီးဖြစ်နေလို့။ တခုပဲ ရှိတယ်၊ ဒါက ကြာတတ်တယ်၊ အင်အား မပြည့်စုံသေးသရွေ့ ကြာတတ်တယ်၊ အဲဒါကို ကျနော်တို့လူထု နားလည်ပါတယ်။
 အခုက နောက်မျိုးဆက်တွေက ကျနော်တို့ပေးနိုင်တာက - ၈၈ ဆိုတာ  ပြည်သူလူထုလှုပ်ရှားမှုဖြစ်တယ်၊ ဒါကြောင့်မို့ တစုတဖွဲ့ကောင်းနဲ့ လုပ်လို့ မရဘူး၊
တမျိုးသားလုံး ဟန်ချက်ညီညီလုပ်နိုင်မှ အပြောင်းအလဲတခု ဆိုတာ  ဖြစ်လာမယ် ဆိုတဲ့အနှစ်ကိုတော့ ကျနော်တို့ ပေးနိုင်ရလိမ့်မယ်၊ ကျနော်တို့မှာလည်း တာဝန်ရှိတယ်၊ နောက်မျိုးဆက်တွေမှာလည်း ခံယူဖို့ တာဝန်ရှိပါတယ်။

==========================================

၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့

 နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
 တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။