ဇော်အောင် (မုံရွာ) - မြန်မာပြည် ပညာရေးအတွက် နိုင်ငံခြားစာအုပ် စာပေများ

မြန်မာပြည် ပညာရေးအတွက် နိုင်ငံခြားစာအုပ်စာပေများ
ဇော်အောင် (မုံရွာ)
ဒီဇင်ဘာ ၂၄၊ ၂၀၁၃



ပညာလိုလားသူများ၊ ဗဟုသုတလိုလားသူများအတွက် ပညာရွှေအိုးလူမခိုး ဆိုသောစကားမှာ စာအုပ်စာပေများကိုဆိုလိုပါသည်။ အိမ်ပြောင်းရွှေ့လုပ်ရာတွင် အလွန်လေးလံသော စက္ကူပုန်းများမှာ ပညာ (စာအုပ်များ) ထည့်ထားသောကြောင့်ဖြစ်သည်။ စာအုပ်ဆိုင်များမှ စာအုပ်များ မွှေနှောက်ဝယ်ယူထားသဖြင့် စုဆောင်းရရှိထားသော စာအုပ်များသည် အိမ်ပြောင်းသောအခါ သယ်ရရွှေ့ရသည်မှာ လေးလံလှပါသည်။ ပညာဆိုသည်မှာ လေးလံလှပါသည်။

ယခုအခါတွင် ကမ္ဘာ့ပညာရပ်များကို အင်တာနက်တွင် အီးဘွတ် eBook များအဖြစ် သိုမည်းထားသဖြင့် လေးလေးလံလံ မရှိတော့ပါ။ သို့သော် အခြားသူအတွက်တော့မသိ၊ ကျွန်ုပ်အတွက်မူ စာအုပ်များသာလျှင် ဖတ်ရသည်မှာ လေးလေးပင်ပင်ရှိသည်။ နောက်တစ်ခု ရှာရသည်မှာလည်း လွယ်ကူပါသည်။ အချက်အလက်များကို အင်တာနက် ဂူဂယ်၊ ရာဟူး များတွင် ရှာဖွေခြင်းမှာ ပိုမိုလွယ်ကူသော်လည်း စာအုပ်များမှာ ဈေးကြီးနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်။ ပညာရပ်တစ်ခုကို ပြီးစီးအောင် မာစတာ၊ ပီအိတ်ခ်ျဒီ ဘွဲစာတန်းတင်ပါက စာအုပ်ချုပ်ပြီးတင်ပြနေဆဲဖြစ်သည်။ 

စာအုပ်ဈေးအချိုဆုံးနိုင်ငံမှာ ကမ္ဘာထိတ်တန်း ပညာရေးအဆင့်အမြင့်ဆုံး သတ်မှတ်ထားသော အမေရိကန်နိုင်ငံဖြစ်သည်။ လူအများ စာအုပ်အသုံးမလိုတော့ပါက မိမိကိုယ်ပိုင်အခန်းထဲတွင် မိမိလည်းမဖတ်၊ သူများလည်း ငှါးမပေးသော တကိုယ်ကောင်းသမားများစွာရှိသည်။ အချို့လည်း တကိုယ်ကောင်းဆန်၍ မဟုတ်ပါ။ မိမိလိုအပ်သောအခါ ဖွင့်ကြည့်ရန် နည်းပညာ၊ အတတ်ပညာစာအုပ်များကို မိမိကိုယ်ပိုင်စာကြည့်တိုက်အဖြစ် သိုမည်းထားကြသည်။ မည်သို့ပင်ဖြစ်ပါစေ.. အမေရိကန်တွင် မိမိအသုံးသိပ်မကျတော့ ဟုဆိုလျှင် ဒေါ်လာ၁၀၀နှင့် ဝယ်ထားသော်လည်း ဒေါ်လာ ၁၀ နှင့် တကယ်အသုံးလိုသူများကို အွန်လိုင်းပြန်ရောင်းပေးပါသည်။ ထို့ကြောင့် စာအုပ်ဝယ်လိုပါက အမေရိကန် အွန်လိုင်းမှ ဝယ်လျှင် ၂ရက်၊ ၃ရက်အတွင် (အမေရိကန်ပြည်တွင်းသာ) မိမိထံသို့ ရောက်လာပါသည်။ ဈေးလည်း အလွန်ချိုပါသည်။ 

● မြန်မာနိုင်ငံပညာရေး
လွန်ခဲ့သော ၁၀နှစ်ကျော်က စင်ကာပူ NTU နည်းပညာတက္ကသိုလ်ကြီးတွင် ပါမောက္ခတစ်ဦးဖြစ်သူ ဆရာဒင်နီယယ်တင့်လွင်၊ တက္ကသိုလ်စာကြည့်တိုက်မှ လေလံချသော နည်းပညာစာအုပ်များစွာကို မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပို့ပေးရန် ကြိုးစားကြသည်။ ထိုစဉ်က ပါရဂူဘွဲ့တက်နေသူ ရန်ကုန်ကွန်ပြူတာတက္ကသိုလ်မှ ပါမောက္ခဦးရှိန်စိုးမြင့် (ကွယ်လွန်)၊ ကိုမောင်မောင်ဝင်း (မောင်ရစ်-မိုးမခ)၊ ဦးလှကြည် စသည်တို့သည် များပြားလှသော စာအုပ်များကို မြန်မာပြည်သို့ တင်ပို့ပါသည်။ ကိုစိန်လင်း၊မသန္တာတို့ ပင်နီစူလာဆိုင်မှ အခမဲ့ပို့ပေးခဲ့ပါသည်။ စာအုပ်မြန်မာပြည်သို့ ပို့လျှင် တစ်ကီလို ဒေါ်လာ၁၀ ..ပို့ခအလွန်ဈေးကြီးပါသည်။ ယခု ၂၀၁၃ တွင်လည်း စာအုပ်ပို့ခ အလွန်ဈေးကြီးနေဆဲဖြစ်သည်။ ထိုစာအုပ်များ ရန်ကုန်တက္ကသိုလ်များသို့ မရောက်မီပင် တာဝန်ရှိ စစ်အရာရှိများက ဈေးကြီးသည့် စာအုပ်များကို ကြားပေါက်၊ စစ်ဆေး သိမ်းဆည်းသွားသောကြောင့် တန်ဖိုးနည်း၊ သိပ်အသုံးမဝင်သည့် စာအုပ်များသာလျှင် တက္ကသိုလ်များသို့ ရောက်ရှိသွားခဲပါသည်။ တစ်ခါက ဖြစ်ပါသည်။ ယခုအခါ ထိုကဲ့သို့ ဖြစ်တော့မည် မဟုတ်ပါ။ 

ယခုခေတ်တိုင်အောင် နိုင်ငံခြားရောက် မြန်မာများက စာအုပ်များကို မြန်မာပြည်၊ ပညာရေးအတွက် လှုဒါန်းလိုကြသည်။ လှုဒါန်နေဆဲဖြစ်သည်။ လေကြောင်းမှ မိမိရရှိသော ၂၀ကီလိုတွင် စာအုပ်သယ်ယူပါက ဆယ်အုပ်မျှသာ သယ်နိုင်မည်ဖြစ်သည်။ ပေါင်ပို တစ်ကီလို ဒေါ်လာ၁၀ မပေးနိုင်ပါ။ အမေရိကန်၊ အင်္ဂလိန်မှ အင်္ဂလိပ်စာအုပ်များကို သယ်ပါက ကွန်တိန်နာဖြင့် မြန်မာပြည်အရောက် တန်၄၀ (စာအုပ်ပေါင်း ၅သောင်းကျော်)ကို ဒေါ်လာ၅၀၀၊ ဒေါ်လာ ၁၀၀၀မျှသာ သယ်ယူစရိတ်ပေးရသည်။ ထိုစာအုပ်များကို အဟောင်းဈေးမှ ဝယ်ယူခြင်း (သို့မဟုတ်) အလှုခံခြင်း ပြုလုပ်ပါက စာအုပ်ဖိုးမှာ တစ်အုပ် တစ်ဒေါ်လာပင် ကုန်ကျမည်မဟုတ်ပါ။ 

ပြသနာမှာ စာအုပ်များ (ပညာများ) ကို မြန်မာပြည်သို့ တင်သွင်းခွင့် မရခြင်းပင်ဖြစ်သည်။ 

စာအုပ်များ မြန်မာပြည် တင်ပို့ခ (မြန်မာနိုင်ငံဘက်မှ အကောက်ခွန်နှင့်သင်္ဘောဆိပ်စရိတ်) ဈေးကြီးသည်ကတစ်ကြောင်း၊ နောက်တစ်ခုမှာ စာအုပ်တင်သွင်းခြင်းသည် ကန့်သတ်ကုန် (မှောင်ခိုပစ္စည်းကဲ့သို့) မြန်မာ့အကောက်ခွန်က သတ်မှတ်ထားကြောင်း ဝမ်းနည်းစွာသိရပါတသည်။ တလောက ၂၀၁၃တွင်၊ စက်ပစ္စည်းများအတွက် Manual Books များစွာကို ဂျပန်နိုင်ငံမှ ပို့ပေးရာ အကောက်ခွန်ဌာနမှ အခွန် သိန်းပေါင်းများစွာ တောင်းနေသောကြောင့် အခက်အခဲဖြစ်ရပါသည်။ တန်ဖိုးက ဘာမှရှိသည်မဟုတ်။ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာလိုသူများအတွက်သာ အသုံးကျသည့် စာအုပ်များဖြစ်သဖြင့် အခွန်ငွေသိန်းပေါင်းများစွာ မပေးနိုင်ပါ။ နောက်ဆုံး လာမရွေးသော ကုန်အဖြစ် လေလံတင်လိုက်ပါသည်။ ဘယ်သူမှလဲ ဝယ်မည်မထင်ပါ။ မုန်ထုတ်၊ဗလာစာအုပ်အဟောင်းဈေးနှင့်သာ ရောင်းထုတ်ရမည်ဖြစ်သည်။ 

● နိုင်ငံခြားမှာအဖိုးတန်စာအုပ် (ရွှေများ)
ပညာရပ်လေ့လာသူများအဖို့ စာအုပ်များသည် အသက်သွေးကြော၊ ရွှေများ ဟုသတ်မှတ်ပါသည်။ အထူးသဖြင့် တက္ကသိုလ်များ စာကြည့်တိုက်တွင် စာအုပ်များစွာ ကျောင်းသားများ ငှားရမ်းကြည့်ရှုနိုင်ရခြင်းသည် ပညာရေးတိုးတက်မှုဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အလွန်ပေါများလှသည့် အင်္ဂလိပ် နည်းပညာ၊ စာအုပ်များကို ကွန်တိန်နာဖြင့် မြန်မာပြည်သို့ သယ်ယူပြီး၊ ကျောင်းသားများကို ရောင်းချခြင်း၊ တက္ကသိုလ်များသို့ ပေးလှုခြင်း ပြုလုပ်လိုသဖြင့် မေးမြန်းစုံစမ်းရာ ဆင်ဖိုးထက် ချွန်းဖိုးက အလွန်ဈေးကြီးနေကြောင်းသိရသည်။ မြန်မာအကောက်ခွန်ဌာနမှ နိုင်ငံရေးစာပေများ၊ မဂ္ဂဇင်းများကို ပိတ်ပင်ထားသည်မှာ နိုင်ငံတကာ၊ လုပ်နေကျ စည်းမျဉ်းဖြစ်သည်။ မြန်မာပြည် စစ်အစိုးရခေတ်က ပိုဆိုးသည်။ ကြေးမုံဦးသောင်း စာအုပ်ကို လက်ဝယ်ထားမှုဖြင့် ထောင်၁၀နှစ်လားမသိ၊ ထောင်ကျသွားသူပင် ရှိသောကြောင့် စာအုပ်မြန်မာပြည်တင်သွင်းရေးမှာ အလွန်သတိထားရသည်။ ယခုအခါ စာအုပ်များ တင်သွင်းခွင့်ရပြီဖြစ်သော်လည်း ကန့်သတ်ကုန် ဖြစ်နေသောကြောင့် ကြပ်တည်းလှသော ကြိုးနီစနစ်ကို ကျော်ဖြတ်ဖို့ အလွန်ခက်ခဲပါသည်။ ခရိုနီကုမ္ပဏီဖြစ်မှသာ စာအုပ်များ အခွန်လွတ်မည်ဖြစ်သည်။ သို့သော် မည်သူမျှ အမြတ်အစွန်းမရှိသည့်အပြင် အလွန်လေးလံလှသော စာအုပ်များ မြန်မာပြည်တင်သွင်းဖို့ စိတ်မဝင်စားကြ၊ နိုင်ငံခြားအရက်၊ ဆေးလိပ်၊ လက်ပွေ့အိတ်၊ ဖိနပ်၊ ဂျာကင်၊ အင်္ကျီ၊ ဂျင်းဘောင်းဘီ စသည်များကိုသာ တင်သွင်း၊ အမြတ်ရဖို့ လုပ်နေသောခေတ်ဖြစ်သည်။ 

မလေးရှား၊ ထိုင်းနိုင်ငံများသို့ အလည်သွားသောအခါ ကမ္ဘာကျော် ရှိတ်စပီးယားစာအုပ်များ၊ တော်စတွိုင်းစာအုပ်များ၊ ဟဲမင်းဝေးစာအုပ်များ၊ ကမ္ဘာ့သမိုင်းစာအုပ်များ၊ စွယ်စုံကျမ်းများ၊ ဓါတ်ပုံစာအုပ်များ၊ စသည့်စာအုပ်မျိုးစုံတို့ကို  အလွန်ဈေးချိုစွာ ရောင်းချနေသည်ကို တွေ့ရသည်။ အနောက်နိုင်ငံများမှ အခမဲ့နီးပါး ရရှိထားသော စာအုပ်များဖြစ်သည်။ ဈေးနဲသောကြောင့် ကိုယ်ပိုင်အဖြစ် ဝယ်နိုင်သော်လည်း မြန်မာပြည်သို့ အပြန်တွင် မသယ်နိုင်ပါ။ စာအုပ်ထက် အရေးကြီးသော စာကုန်၊ လူသုံးလျှပ်စစ်ပစ္စည်းများ သယ်ရမည်ဖြစ်သောကြောင့် ထိုစာအုပ်များကို ကိုင်ကြည့်ပြီး၊ ပြန်ချထားရပါသည်။ 

စာအုပ်တင်သွင်းလာပါက အခွန်ဌာန ဝန်ထမ်းများ အလွန်စိတ်ပျက်ရသည်။ ကန့်သတ်ကုန်ဖြစ်သောကြောင့် အခွန်လျော့ကောက်လို့လဲမရ။ အခွန်အရာရှိများကလည်း စာအုပ်လို ပစ္စည်းမျိုးဆိုလျှင် လှည့်မကြည့်တော့၊ လက်အောက်ငယ်သားများကို နည်းဥပဒေအတိုင်း ကြည့်လုပ်လိုက်ကြပါ..ဟု လက်လွှဲပေးလိုက်သည်။ အကောက်ခွန်၊ ဝန်ထမ်းများ၊ ဆပ်ကွန်းများကလည်း ဘောင်ဝင်အောင် ကြောက်ကြောက်နှင့်လုပ်ရသောကြောင့် နောက်ဆုံး အခွန်ငွေ ဈေးကြီးကြီးပေးနေရသည်။ ဘယ်သူမှ စာအုပ်မတင်သွင်းလိုတော့ပါ။ 

● အတတ်ပညာစာအုပ်များ၊ ကျောင်းစာအုပ်များ တင်သွင်းခွင့်

အရေးကြီးလိုအပ်နေပါသည်။ စာအုပ်များကို လွယ်ကူစွာ၊ အခွန်လွတ် မတင်သွင်းနိုင်သေးပါက၊ မြန်မာ့နည်းပညာတိုးတက်မှုသည် အလွန်နှေးကွေးနေမည်ဖြစ်သည်။ ခေတ်မီ အလက်ထရွန်းနစ်၊ အိုင်တီ၊ ကွန်ပြူတာ၊ စက်ပစ္စည်း၊ ဒုံးပျံ၊ မော်တော်ကား၊ ဓါတု၊ လျှပ်စစ်၊ ချည်မျှင်၊ စက်ကရိယာလက်စွဲစာအုပ်များ..စသည်တို့အပြင်၊ နိုင်ငံခြားမှ စာသင်ကျောင်းသုံး ဖတ်စာအုပ်၊ ကျောင်းသုံးစာအုပ်များ၊ တက္ကသိုလ်၊ကောလိပ်အဆင့် ပုံနှိပ်စာအုပ်များ ..စသည်တို့ တင်သွင်းခွင့် အခွန်ပေးဆောင်မှု လွတ်ကင်းသင့်ပါသည်။ အခွင့်အရေးယူပြီး၊ ညစ်ညမ်းစာအုပ်များ မြန်မာပြည်တွင်းသို့ တင်သွင်းသူများလည်း ရှိမည်ဖြစ်သော်လည်း မတတ်နိုင်ပါ။ ထိုသို့ ညစ်ညမ်းစာအုပ်၊ ရုပ်ပုံ၊ ဗွီဒီယိုများကိုလည်း ဆင်ဆာအပြင်၊ ရောင်းဝယ်ဖြန့်ဖြူးသူများကို ထောင်ချ၊ အရေးယူမှုလည်း ဥပဒေစိုးမိုးမှ ဖြစ်ပေမည်။ ပညာရေးအထောက်ကူပြု စာအုပ်စာတန်းဥပဒေတစ်ခုကို အမြန်ရေးဆွဲပြီး၊ နိုင်ငံခြားမှာ နည်းပညာ၊ ကျောင်းစာအုပ်များစွာ မြန်မာလူငယ် သန်း၃၀ကျော်အတွက် အမြန်ဆုံးဖတ်ရှု၊ လေ့လာရန်ကြိုးစာကြမည်ဟု မျှော်လင့်ပါသည်။