ကြပ်ကုန်း တစပြင်က သူယောင်ပွဲ (Nyein Chan Aye)

ကြပ်ကုန်း တစပြင်က သူယောင်ပွဲ
ငြိမ်းချမ်းအေး၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၃

တောက်ပလွန်းတဲ့.. အခမ်းအနား.. အပြင်အဆင်တွေ..
အပေါ်ယံမှာတော့.. ရွှေမှုန်ကြဲကြမယ်..
တကယ် သေချာတဲ့.. အကောင်းဆုံးဆိုင်.. ရွေးစတမ်းဆိုရင်တော့..
“လွပ်လပ်ရေးကဖီး” ကိုပဲ သွားကြရအောင်..။

ဆီးဂိမ်း ဖွင့်ပွဲ ကြည့်နေရင်း နဲ့ ခင်ဝမ်း သီချင်းလေး  က စိတ် အာရုံမှာ ခိုဝင်လာခဲ့တယ်။
ဒီလို ပွဲမျိုးတွေနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သူတယောက် အနေနဲ့ ချီးမွမ်းဖွယ် ပြည့်စုံ၊ ကြွယ်ဝ ခမ်းနား ကြီးကျယ်လှတဲ့ တင်ဆက်မှု အစီအစဉ်တွေကို အဖျားသွေးကြောင့် တဒိတ်ဒိတ် ခုန်နေတဲ့ သွေးခုန်နှုန်းနဲ့အတူ တလှပ်လှပ်ခံစားရင်း ကြည့်ခဲ့မိတယ်။
ဒါပေမယ့် ကိုယ်ယောင်ဖျောက်နေတဲ့ ဝိဇ္ဇာကြီးက တနေရာကနေ မပြတ် “လွပ်လပ်ရေးကဖီး ကိုပဲ သွားကြရအောင်” ဆိုပြီး နှိုးဆော်နေတယ်။
မမြင်ချင်တဲ့ မျက်နှာတွေကြားက လူတချို့ရဲ့ မျှော်လင့်ချက် အပြည့်နဲ့ အပျော်တွေဟာ ကျနော့်ကို ကူးစက်လာတယ်။
ငယ်ငယ်က လေ့ကျင့်ကွင်းမှာ လေ့ကျင့်နေမှုကိုပဲ မနက်တိုင်း မပျင်းမရိ ရန်ခုန်စွာ စောင့်ကြည့်ခဲ့ဖူးတဲ့ ခင်ခင်ထွေး ကိုမြင်ရတော့ ဝမ်းသာမိတယ်။  ညိုမှောင်၊ ရှည်သွယ်၊ ပါးလျ၊ သွက်လက်လှတဲ့ ခင်ခင်ထွေးဟာ ကိုယ်အလေးချိန် အနည်းငယ်တိုးလာတာကလွဲလို့ ပေါ့ပါး သွက်လက်နေဆဲ၊ ကျနော့် ကို ရင်ခုန်မှု ပေးစွမ်းနိုင်ဆဲပါပဲ။
ဖွင့်ပွဲကွင်းထဲရောက်နေတဲ့ မိတ်ဆွေ ညီမငယ်များ ရဲ့ ချစ်စရာ အပျော်ဓာတ်ပုံတွေက စိတ်ကို ကြည်နူးစေတယ်။
ကွင်းထဲ တနေရာမှာ၊ ဒါမှမဟုတ် နောက်ကွယ်တနေရာ ရာ မှာ အလုပ်တခုခု လုပ်နေမယ့် ပြည်သူ့ကျွန်  နှစ်ပေါင်း (၅၀) ကျော်သည့်တိုင် ထမ်းနေဆဲ အသက် (၇၀) အရွယ် ဖခင်ပျို ကိုလည်း စိတ်ထဲ မြင်ယောင်နေမိတယ်။
မီးရှုးတိုင်သယ်ဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးလေးတော် တယောက်ကိုလည်း သတိရမိပါရဲ့..။
ဒါပေမယ့် အခြေအနေကို ကြိုမြင်နိုင်စွမ်းတဲ့ ဝိဇ္ဇာကြီး ရဲ့ “လွပ်လပ်ရေးကဖီး ကိုပဲ သွားကြရအောင်” ဆိုတဲ့ တပ်လှန့်သံကလည်း စိတ်အာရုံ မှာ မပြတ်တွဲငြိနေတယ်.။
မပြောင်းလဲနိုင်သော အရာများကို လက်ခံနိုင်ပြီး ပြောင်းလဲနိုင်သော အရာများကို ပြောင်းလဲနိုင်စွမ်း သတ္တိ ရှိကာ ဒီနှစ်ခု ရဲ့ ကွာခြားချက်ကို သိနားလည်တဲ့ ဉာဏ်ပညာ ရရှိစေဖို့ Serenity Prayer ဆုတောင်းကာ ခံယူကျင့်သုံးတတ်တဲ့ မိသားစု မှာ ကျနော် ဟာ ကြီးပြင်းခဲ့ပါရဲ့..။  ပြောင်းလဲမှု တခုခု အတွက် စွမ်းဆောင်နေသူတွေကိုလည်း အသိအမှတ်ပြုပါရဲ့။  ဒါပေမယ့် မပြောင်းလဲနိုင်မှုတွေ၊ မပြောင်းလဲသေးတာတွေ အတွက်တော့ ဆိတ်ဆိတ်မနေနိုင်ပါ။
ပစိဖိတ် ကျွန်းသား နပမ်းသမား ရဲ့ ကိုယ်တပိုင်းလုံးတီး ဝတ်စားဆင်ယင်မှုကြားမှာ (ခိုင်းလို့ ဝတ်ထားရဟန် တူတဲ့) ကိုးရိုးကားရား အဝတ်အစား နဲ့ ဗမာ ကစားသမားတွေကို ငေးကြည့်နေရင်း အတွေးမျိုးစုံ ဝင်လာရတယ်။
ဒါမျိုးအဝတ်တွေ ဗမာတွေ မဝတ်ဘူး။
ဒါပေမယ့် ကွင်းထဲက  နိုင်ငံခြားသား နဲ့ သာမန် ပရိသတ်  ကလွဲလို့ ဗမာပြည် ကိုယ်စားပြု သူ ဆိုသူ အားလုံးနီးပါး ဒါမျိုး အဝတ်တွေနဲ့ချည်းပါပဲ။
ဒါ ဗမာပြည် လား..။
ဗမာပြည်လို့ ယူဆစရာပါပဲ..။  အထူးသဖြင့် ကိုးလိုးကန့်လန့် ကြောင်ကြောင်ကျားကျား အဆင်အပြင် နဲ့ နေရထိုင်ရ၊ သွားရလာရ စိတ်မသက်မသာ ဖြစ်နေမယ့် ဗမာပြည် အနှံ့အပြား က လူမျိုး-ဘာသာစုံ အားကစားသမားတွေဟာ ဒီလို ခမ်းနားတဲ့ အဆောင်အယောင် ပွဲတွေနဲ့ အလှမ်းဝေးတဲ့ ဗမာပြည်သူပြည်သား အများကို ကိုယ်စားပြုပြီး တိုင်းပြည် ဂုဏ်ဆောင်ကြမှာပါပဲ။
ဒါပေမယ့် ဒါ တကယ့် ဗမာပြည်တော့ မဟုတ်ပါဘူး။
တသက်လုံး အခွင့်ထူးခံလာခဲ့တဲ့ လူ့မလိုင် ဆွေတော်၊ မျိုးတော်၊ အနွယ်တော် တယောက် က ဒီ ခမ်းနားလှတဲ့ အခမ်းအနားကြီးကို ဦးဆောင် ခဲ့တယ်။  သိမှုဆင်ခြင်မဲ့ နေတတ်သူများက သူ့ ရဲ့ အင်္ဂလိပ်စကားပြော ပီသမှု ကို ချီးကျူးနေကြပါသေးတယ်။  နိုင်ငံတကာ အလယ်မှာ အိုးနင်းခွက်နင်း မဖြစ်ရတာ တကယ် အသိအမှတ်ပြုသင့်ပါတယ်။
ဒါပေမယ့် မိတ်ဆွေတို့ရေ.. ဒါဟာ ဗမာပြည်က စနစ်ဆိုး ရဲ့ “အစစ်မှန်ဆုံး ထွက်ကုန်” တခုပါ။  “A True Product of the System” ပါ..။  ဒီလို လူ့အဖွဲ့အစည်း ရဲ့ သွေးကို စုပ်ကာ ရှင်သန်ကြီးထွားခဲ့တဲ့ လူ့ကပ်ပါး  အသိုင်းအဝန်း က လူ တယောက် လူတွင်ကျယ် အင်္ဂလိပ်စကား ကို မပီရင်သာ အပြစ်တင်ရပါမယ်။
ရန်ကုန်မြို့ရဲ့ အစွန်အဖျား ဆင်းရဲသား ရပ်ကွက်များကြားမှာ မနက် (၄) နာရီကနေ ည (၇) နာရီ အထိ တပတ်ကို (၇) ရက် အမှိုက်ကောက်ရင်း အသက်ဆက်နေရရှာသူ၊ နာမည်ကလွဲလို့ ဘဝမှာ ကျန်တာ ဘာမှ မလှပရှာတဲ့ သူငယ်တန်းကျောင်းထွက် အသက် (၁၂) အရွယ် “မြမြင့်ဇူ” ကလေး လည်း သူတို့လို အခွင့်အရေးရရင် အင်္ဂလိပ်စကား ပီမှာပါပဲ။
အသက် (၁၁) နှစ် အရွယ်ကတည်းက ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်ခဲ့သူ ရန်ကုန်ဆိပ်ကမ်း ရဲ့ “ဘုရင်ကလေး” ဘွဲ့ရ စာမရေး/မဖတ်တတ်ရှာသူ “နဒီဝေ” တယောက်လည်း ဆွေတော်မျိုးတော်များလို အခွင့်အရေးသာ ရခဲ့ရင် အင်္ဂလိပ်လို ပီမှာပါပဲ။  သီချင်းလည်း ဆိုတတ်မှာပါပဲ။
အခမ်းအနားကို စင်မြင့်ထက်ကနေ မိန့်မိန့်ကြီး ရှုစားနေသူ များကိုလည်း သတိထားမိရလိုက်ပါရဲ့..။  သူတို့ဟာ အရင်ခေတ် က ဒီလို ပွဲမျိုးတွေမှာ မဝတ်ခဲ့ဖူးတဲ့ ဆင်ယင်ဝတ်စားမှု အသစ် ဒီဇိုင်းနဲ့ စတိုင်တင်းနေကြတယ်။  ဝတ်စုံလဲကာ ကပြနေတဲ့ ဇာတ်ပွဲ သဘင်ဟာ သန်းခေါင်တိုင်နေပြီဖြစ်တဲ့ အတွက် အဝတ်သစ်၊  အစား သစ် နဲ့ နေသားတကျ ဖြစ်နေကာ သူတို့ ကိုယ် သူတို့ ယုံကြည်မှုတွေလည်း တိုးနေဟန်တူတယ်။
စားဖို့သောက်ဖို့ ပူပင်ရဟန် မတူတဲ့ လူသာမန် အများ ပရိသတ် ရဲ့ အလံတွေ၊ သီချင်းတွေ နဲ့ တည်ဆောက်ကာ ပုံဖော်တဲ့ မျိုးချစ်စိတ်တွေ၊ ဂုဏ်ယူဝံ့ကြွားမှုတွေ၊ အပျော်တွေ၊ တက်ကြွမှုတွေကိုလည်း မြင်လိုက်ရတယ်။  အံ့မခန်း လှပဆန်းကြယ် ရှုမငြီးတဲ့ မီးရှုး၊ မီးပန်းအလှကိုလည်း ခံစားလိုက်ရပါတယ်။  ဗမာပြည် ထောင့် တနေရာရာ မှာ ခံစားနေရဆဲဖြစ်တဲ့ မီးလောင်ဗုံးဒဏ်ရဲ့ သွေးပျက်ဖွယ် အကျည်းတန်မှုကို စိတ်ထဲမှာ တမ်း မြင်ယောင်လာပေမယ့် ပျော်ရွှင်နေသူ၊ ဝံ့ကြွားးနေသူ၊ ဂုဏ်ယူနေသူများကိုလည်း နားလည်မိပါရဲ့။
ဒေသတွင်း နိုင်ငံပေါင်းစုံ၊ ဘာသာအယူဝါဒ စုံ ချစ်ကြည်ရင်းနှီးမှု စုတည် ရည်သန်ဖို့ စွမ်းဆောင်တဲ့ ဒေသဆိုင်ရာ ပွဲကြီးမှာ ဒေသရနံ့ပုံဖော်မှု မဲ့ ခဲ့တာကိုလည်း တွေ့လိုက်ရတယ်။  ဒီပွဲကြီး အတွက် ကြိုတင်လှုံ့ဆော်ရာမှာ ကို လူမျိုးကြီးဝါဒနံ့  မကင်းလှတဲ့ “မြန်မာပြည် သည် တို့ပြည်၊ မြန်မာစာ သည် တို့စာ” ဆိုတဲ့ နှစ်တရာ နီးပါး နောက်ကျနေတဲ့ ကိုလိုနီ ကျွန်ဘဝ အမျိုးသားရေး လှုပ်ရှားမှု ဆောင်ပုဒ် ကို သီချင်းလုပ်ဆိုကြတာ ကြားလိုက်ရသေးတော့ ပိုမို ကျယ်ပြန့်တဲ့ ဒေသတွင်း ချစ်ခင်ရင်းနှီးမှု သဘော ပုံဖော်နိုင်ဖို့ အားနည်းခဲ့တာကို နားလည် ခွင့်လွှတ်ပေးရမလို ပါပဲ။  ဒါပေမယ့် စိတ်ထဲမှာတော့ Oscar Wilde ဆိုခဲ့တယ် ဆိုတဲ့ “Patriotism is a virtue of the vicious.” စကားလေးကိုလည်း ရေရွတ်မိပါရဲ့။
ဒါ ဗမာပြည် လား..။
ပဒေသရာဇ် ခေတ် အသုံးအနှုံး တွေ အပြည့်နဲ့ လူတစု အတွက် သက်ဦးဆံပိုင် အာဏာ တည်ဆောက်နေတဲ့ နေရာ ကွက်ကွက်ကလေး က ဒီပွဲလမ်းသဘင်ကြီးဟာ ဗမာပြည်လား..။
ဒီနေရာ ကွက်ကွက်ကလေးမှာ ဒီမိုကရေစီ ပေါက္ခရ ဝဿမိုး ရွာနေတယ်။  “ဒီမိုကရေစီ သူယောင်မယ်” လည်း ရှိနေတယ်။  လူ့ အခွင့်အရေးလည်း လူတချို့အတွက် အပြည့်အလျှံရ နေတယ်။  ကားပါမစ် နဲ့ တော်လှန်ရေး ကို လဲစား မယ့် သူတွေ ရှိတယ်။  ငြိမ်းချမ်းရေး ကို ရှမ်ပိန်ချောင်းစီးရင်း ဖေါ်ဆောင်နေတဲ့သူတွေ ရှိတယ်။  ဒီမိုကရေစီ ဆိုတဲ့ စကားလုံး ကို ကုလားထိုင် တလုံး အတွက် မေ့ပစ်သူတွေ ရှိတယ်။  လူ့အခွင့်အရေး ကို လှေကား တထစ် အတွက် ချနင်းသူတွေရှိတယ်။
ဒါပေမယ့် ဒီနေရာမှာ ဗမာပြည် မရှိဘူး။
ဆာလောင်နေတဲ့ ကလေးငယ်တွေ၊ ငွေကြွေးနေတဲ့ မိခင်တွေ၊ ကြောက်လန့်နေရတဲ့ ဖခင်တွေ ကို ဒီနေရာမျိုးမှာ မတွေ့နိုင်ဘူး။  စစ်ပြေးဒုက္ခသည် ဆိုတဲ့ အသံ မကြားရဘူး။  လူမှု-စီးပွား ကြောင့် ရေခြား၊ မြေခြားမှာ ကျွန်ခံနေရတဲ့ ရွှေ့ပြောင်းလုပ်သားများ အရေး က ဒီနေရာနဲ့ မသက်ဆိုင်ဘူး။
အမျိုးသားရေး မှိုင်းလုံးအောက်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ မေ့ပစ်ခံ ဖြစ်နေတယ်။  အမုန်းတွေကတော့ ဆက် တည်ရှိနေတယ်။
ဒီနေရာမှာ ဆင်းရဲမွဲတေမှု ကို အရိပ်အရောင်မျှ မမြင်ရဘူး။  ဒီနေရာမှာ ရောဂါဘယ ထူပြောမှုဟာ ယုံတမ်းစကားသာ ဖြစ်တယ်။  လယ်မဲ့ယာမဲ့တွေ အကြောင်းက ဒီနေရာမှာ မထင်ပေါ်ဘူး။
“သူ့မှာ လူငယ်ဘဝဆိုတာ မရှိဘူး၊ ချစ်ခင်ရမယ့် မိန်းကလေး မရှိဘူး၊ သူ့ဘဝမှာ သူချစ်ရမယ့်၊ သူစောင့်ရှောက်ရမယ့်၊ သူ ရှာကျွေးရမယ့် မိန်းမသား မိခင် နဲ့ ညီမတွေ ရှိတယ်” ဆိုတဲ့ လူပျိုပေါက်ကလေး “နဒီဝေ” ရဲ့ စကားက ဒီလို နေရာမျိုးမှာ မပေါက်ဘူး။
“ကျနော်တို့ ခိုးစားမှ နပ်မှန် ပါတယ်” ဆိုတဲ့ ဆိပ်ကမ်း အလုပ်သမားတွေ ရဲ့ စကားမျိုး က ဒီလိုနေရာအတွက်  မဟုတ်ဘူး။
“လုပ်စားစရာ ဒီမြေကြီးပဲ ရှိတာပါ” ဆိုတဲ့ မြေသိမ်းခံ လယ်သမား၊ ယာသမားတွေရဲ့ ပဋာမြေလူး ငိုကြွေးသံ ဟာ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့” ကြွေးကြောက်သံ အောက်မှာ ပျောက်နေတယ်။
ဒီနေရာမှာ ဗိုက်အပြည့် စားသောက်နေရတဲ့ လူများက ငတ်နေတဲ့ သူများကို  ခြိုးခြံချွေတာ ခိုင်းတတ်တယ်။  ဒီမိုကရေစီ မကျဆုံးသော လူများက ဒီကိုကရေစီ တရားဟော တတ်တယ်။  တရားဥပဒေ အထက်မှာ အမြဲရောက်နေတဲ့ သူများ က တရားဥပဒေ အကြောင်းကို အမြဲ ပြောတတ်တယ်။  လူ့ အခွင့်အရေး အချိုးဖောက်ဆုံးလူတွေက လူ့အခွင့်အရေး အကြောင်း ဟော တတ်တယ်။  ပြည်သူ လူထု လို မနေရတဲ့ သူများက ပြည်သူလူထု အတွက် ဆိုတဲ့ စကားကို အတွင်တွင် သုံးတတ်တယ်။  မင်းမဲ့စရိုက် စရိုက် အဆန်ဆုံး၊ အကြမ်းဖက်ဆုံးလူတွေက ပြည်သူလူထု ကို ကယ်တင်နေပါတယ် လို့ ဆိုတတ်တယ်။  “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ပါးစပ် က ဆို နေသူတွေရဲ့ လူထု အပေါ် တိရစ္ဆာန် လို ကျင့်ကြံနေတဲ့  လက်မည်းကြီးတွေကို ဒီနေရာမှာ တွေ့နိုင်တယ်။
အတို ဆိုရရင် တကယ်တော့ ဒီနေရာဟာ “ဗမာပြည်” ဆိုတဲ့ စကားကို အလွဲသုံးစား လုပ်ထားတဲ့ “ဗမာပြည် အယောင်ဆောင်” နေရာသာ ဖြစ်တယ်။
ဒီနေရာဟာ ကြပ်များ လူ အယောင်ဆောင် ရွာတည်၊ မြိုတည်၊ နိုင်ငံတည်ထားတဲ့ အသက်၊ ဝိညာဉ်၊ စစ်မှန်မှု၊ ပကတိ အနှစ်သာရ မဲ့နေတဲ့ ကြပ်ကုန်း တစပြင် နေရာတခုနှယ်သာ ဖြစ်တယ်။  ဒီကြီးကျယ်ခမ်းနားလှတဲ့ ပွဲကြီးက  ကြပ်ကုန်း တစပြင် က ကြပ်များ ရဲ့ ပြည်သူလူ “အစစ်” များကို မျက်လှည့်ပြတဲ့ “သူယောင်ပွဲ” သာ တခုသာ ဖြစ်တယ်။  ဒါကို သာမန် လူအများ က “ ‘ကြပ်’ ကရာ ‘လူ’ မော့ ” ရုံမက ပါဝင် ကပြ အသုံးတော်ခံနေကြတယ်။  လူမှုတရားမျှတမှု နဲ့ လူထုဒီမိုကရေစီ ဝိညာဉ် ကင်းမဲ့နေတဲ့ “ကြပ်ကုန်း တစပြင် က သူယောင်ပွဲ” ဟာ ဂုဏ်ယူစရာမဟုတ်၊ အမြစ်ပြတ် တော်လှန်ရမယ့် စနစ်ဆိုး ဆက်လက် အမြစ်တွယ်မှု ပြယုဂ် တခု ထပ်မံ ရှင်သန် မျက်ဝါးထင်ထင် မြင်ရခြင်းလို့သာ ခံယူအပ်တယ်။
ဒီလို လူအများ မင်္ဂလာ ယူတဲ့ အချိန်မှာ ဒီလို စာမျိုး ရေးတော့ ကြတ်ပြေး အရပ် က “ကြပ်ကုန်း ဒီမိုကရေစီ” တရားလိုတော့ နားဝင်ချိုလှမှာ မဟုတ်ဘူး။  ဒါပေမယ့် ဆောင်းပါးမှာ ဆိုခဲ့တဲ့ “ကြပ်ကုန်း တစပြင်” မှာ မတွေ့ရ၊ မမြင်ရ၊ မကြားရ တဲ့ “တကယ့် ဗမာပြည်” က ဒီ စာရေးရခြင်း အကြောင်း ဖြစ်တယ်။
နိဂုံး ကိုတော့ အနုပညာ မှော်အစွမ်း နဲ့ ကြပ်များ ရဲ့ “သူယောင်ပြပွဲ” အနာဂတ် ကို သိမြင်ခဲ့တဲ့ ဝိဇ္ဇာကြီး ရဲ့ နှိုးဆော်သံ သီချင်းလေး တပိုဒ် နဲ့ပဲ ချုပ်ချင်တယ်..။

“မင်း က ငါ့ ကို.. အမြဲ.. အပြစ်.. တင်တယ်..
ငါ ဆိုင်ရွေးတိုင်း ညံ့တာ ရွေးတယ်လို့
ဒါပေမယ့် ငါ့ မှာတော့.. အကျိုး.. အကြောင်း ရှိနေတယ်..
လွတ်လပ်ရေး ကဖီးကိုပဲ သွားကြရအောင်..။”

ကြပ်များ ရဲ့ “အယောင်ပြပွဲ” ကို မျက်စိမလည်၊ နားမယောင်ဘဲ တကယ့် ငြိမ်းချမ်းရေး၊ ညီမျှခြင်း၊ တရားမျှတခြင်း လောကပါလ လူသား တရား ထွန်းကားရာ ငြိမ်းချမ်းရေးကဖီး၊ လွပ်လပ်ရေးကဖီး ကို သွားကြရအောင်ပါ..။
သွားကြရအောင်..၊ သွားကြရအောင်..၊ သွားကြရအောင်ပါ..။

ငြိမ်းချမ်းအေး
၁၂၊ ဒီဇင်ဘာ၊ ၂၀၁၃