ဥ ပြဿနာ
ငြိမ်းချမ်းအေး။ (မိုးမခ)။ ဇန်န၀ါရီ ၁၊
၂၀၁၄
လူဆဲခံချင်တဲ့ အခါ တော်စတွိုင်း အင်နာ ကရနီနား က
“Sentimental Rubbish” ပါ လို့ ဆိုလေ့ရှိတယ်။
ငယ်ငယ်ကတော့ ဘာရယ်မဟုတ် ကိုယ်ကြိုက်တဲ့ မင်းမဲ့ဝါဒီ ဖီးလစ် (ဖောလက် ရဲ့ လျှို့ဝှက်သည်းဖို
ဒိုင်းညှောင့် ဝတ္ထု “စိန့်ပီတာစဘတ်မှလူ” ထဲက ဇာတ်ကောင်) က ပြောလို့ လိုက်ပြောတယ်။ အတွေးအခေါ် အိုင်ဒီယော်လော်ဂျီ မျိုးစုံ ဝင်လာချိန်
ဝါဝါမြင်တိုင်း ရွှေမဟုတ်တဲ့ အကြောင်း ကို ကစ်တီ ရဲ့ လင်ရွေးပုံ ဖတ်မှ သိမယ့် အရွယ်မဟုတ်ချိန်မှာလည်း
ဒီသဘောပဲ ဆက်ပြောနေဖြစ်တယ်။ တော်စတွိုင်းရဲ့
ကြီးမြတ်တဲ့ စာပေဂုဏ်ကျေးဇူးတွေ၊ ကမ္ဘာ့ဂန္တဝင် တန်းဝင် စာပေတွေ အသိအမှတ်ပြု လေးစားတာက
တပိုင်းပေါ့..။
အင်နာ ကရနီနား ကို ကမ္ဘာမှာ အကောင်းဆုံး ဝတ္ထုလို့တောင်
သတ်မှတ်လေ့ရှိကြတယ်။ ဗမာပြည် မှာလည်း ဆရာကြီး
ရွှေဥဒေါင်း၊ ဆရာမြ တို့ ကျေးဇူးနဲ့ အင်နာကရနီနား၊ စစ်နဲ့ ငြိမ်းချမ်းရေး တို့ လူသိ၊
လူကြိုက်များတယ်။ နောက်တမျိုး ပေါ်ပြူလာဖြစ်တာက
တော်စတွိုင်းရဲ့ ကျင့်ဝတ်၊ နီတိ၊ ပုံပြင်လေးတွေပါ။ Reader's Digest ပါ “ကြက်သားဆွတ်ပြုတ်” စတိုင် ဝတ္ထုတိုလေးတွေပေါ့။ “လူတွေဘာနဲ့နေ” တို့၊ ဘာတို့ ဗမာ စာဖတ်ပရိသတ်နဲ့
ရင်းနှီးကြတယ်။ (ဗမာပြည်မှာလည်း မောင်ထွန်းသူတို့၊
မောင်ကောင်းသန့် တို့ ဘာသာပြန်တွေ ရှိတယ်။)
အဲ့ဒီလိုထဲက တပုဒ်က အမှိုက်ကစ ပြာဿဒ် မီးလောင် သဘောကို
ပုံဖော်တဲ့ “A Spark Neglected Burns the House / Quench the Spark" ဆိုတဲ့ တပုဒ်ပါ။ ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း နေလာကြတဲ့
အိမ်းနီးနားချင်း မိသားစု နှစ်စု ကြက်ဥ လု ရာကနေ စ စကားတွေများ၊ ရုံးရောက်၊ ဂတ်ရောက်
ဖြစ်၊ နောက်ဆုံး အိမ်ကို မီးရှို့တဲ့ အထိ ပြဿနာတက်ကြတဲ့ အကြောင်းကို ဇာတ်လမ်းဖွဲ့ထားတယ်။ ဇာတ်သိမ်းမှာ အားလုံး နှစ်ဖက်စလုံး အသိတရားတွေရ၊
အိမ်တွေလည်း ပြန်ဆောက်၊ ချစ်ချစ်ခင်ခင် သေတပန်သက်တဆုံး နေသွားကြသလို ငြိမ်းချမ်းရေး
ရဲ့ အသီးအပွင့်ကြောင့် စီးပွားဥစ္စာတွေလည်း အရင်ကထက် တိုးပွားချမ်းသားသွားကြကြောင်း
နိဂုံးချုပ်ထားတယ်။ ပုံပြင်ဝတ္ထု က ပေးတဲ့ အဓိက
သင်ခန်းစာကတော့ အမုန်း၊ ရန်ငြိုးဖွဲ့ မီးပွား မီးစ ဆိုတာ သေးသေး၊ ကြီး အမြစ်တွယ် မခံ၊
မကြီးထွားခံဘဲ မလောင်ခင်တားရတယ် ဆိုတာကိုပါ။
ဒီဇာတ်လမ်းလေးကို ကျောရိုးမှီးပြီး လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က
တေးရေး/တေးဆို အရိုး က “ဥ” ဆိုပြီး သီချင်းတပုဒ် လုပ်ခဲ့တယ်၊ သူ့ရဲ့ လူလည်အာရှသား တကိုယ်တော်
တေးစုမှာ ပါခဲ့လို့ နားထောင်ဖူးခဲ့တယ်။ သူ့ရဲ့
ဂီတပုံစံ ရွေးချယ်မှု နဲ့ စာသား ဖန်တီးမှု က လှလို့ သတိထားမိခဲ့တယ်။ အခု အဲ့ဒီ ဇာတ်လမ်းကိုပဲ ရုပ်ရှင်ရိုက်ပြီး အကယ်ဒမီတွေ
ရသွားကြတယ် ကြားတယ်။ ရုပ်ရှင်ရဲ့ တင်ပြမှုကိုတော့
မကြည့်တော့ မသိပါ။ ဗမာ့ ရုပ်ရှင် ကိုလည်း လေ့လာ
သုံးသပ် လိုစိတ် မရှိပါ။
ဒါပေမယ့် “ဥ ပြဿနာ” ကတော့ ဗမာ့ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေခဲ့ပြီဆိုတာကို
ပြောချင်တယ်။
ချစ်ချစ်ခင်ခင် နေရမယ့် အိမ်နီးနားချင်း၊ တရပ်တည်း
တရွာတည်းသား အချင်းချင်း အမုန်း၊ ရန်ငြိုးဖွဲ့ မီးပွား ကို ကြီးအောင် လုပ်နေတဲ့ လူမျိုးရေး၊
ဘာသာရေး မီးတောက်တွေ၊ တိုင်းရင်းသား ပဋိပက္ခတွေဟာ တော်စတွိုင်းရဲ့ ဇာတ်လမ်းကျောရိုး
အတိုင်းပဲ ဗမာပြည် မှာ အမြစ်တွယ် ရှင်သန်နေခဲ့တာ ရာစုဝက် ကျော်ခဲ့ပါပြီ။ မီးမလောင်ခင် တားဖို့ နေနေသာ၊ လောင်ပြီးသား မီးကို
မငြှိမ်း တဲ့ အပြင် အမျိုးသားရေး မှိုင်းလုံး၊ အမျိုး/ဘာသာ သာသနာ (အလွဲသုံးစား) ခေါင်းစဉ်အောက်မှာ
တို့မီး၊ ရှို့မီးလုပ်၊ မီးလောင်ရာ လေပင့် နေကြတဲ့ ဘာသာရေး အဖွဲ့အစည်း အစိတ်အပိုင်း
တချို့၊ နိုင်ငံရေး ပါတီ တချို့လည်း ခုနှစ်ပိုင်းမှာ ပိုလို့တောင် များများစားစား ထင်ထင်ရှားရှား
တွေ့လာနေရတယ်။
ဘုရားဟောတောင် နားမထောင် အလွဲသုံးစား လုပ်နေကြသေးတာ၊
တော်စတွိုင်လည်း မနိုင်၊ မောင်ထွန်းသူ လည်း မနိုင်၊ မောင်ကောင်းသန့်လည်း ဘယ်နိုင်ပါ့မလဲ။ အင်နာ ကရနီနား က “Sentimental Rubbish” ပါ ပြောနိုင်တဲ့
လူတချို့ အတွက် ကြက်ဆွတ်ပြုတ် သောက်ဖို့ မလိုကောင်း မလိုနိုင်ပေမယ့် စနစ်ဆိုး၊ လူဆိုးတွေရဲ့
ဒဏ်ကို ဆယ်စုနှစ်တွေချီ ခံရင်း နာတာရှည် အတွင်း အဖျားရောဂါ စွဲကပ်နေတဲ့ ဗမာ့ လူ့အဖွဲ့အစည်း
လူအများအတွက်တော့ ကြက်ဆွတ်ပြုတ်က လိုကို လိုပါတယ်။ ဒါကြောင့်လည်း ကြက်ဆွတ်ပြုတ်စာပေ တွေ လူကြိုက်များ၊
အရောင်းတွင်ခဲ့ကြတာပါ။
ဒါပေမယ့် ဆိုခဲ့သလိုပဲ ဘုရား ရဲ့ ဓမ္မ က တောင် မကယ်နိုင်တာ
ကြက်ဆွတ်ပြုတ်လည်း ထိရောက်သင့်သလောက် မထိရောက်ခဲ့ပါဘူး။ ချစ်ခြင်း မေတ္တာ၊ ငြိမ်ချမ်းမှု၊ သာယာဝပြောမှု အစား
အမုန်း၊ ရန်ငြိုး၊ ပဋိပက္ခ၊ စစ်ပွဲ နဲ့ ဆုတ်ယုတ်မှု သာ လူ့အဖွဲ့အစည်းမှာ ထင်သာ၊ မြင်သာ
ရှိနေသေးတယ်။
ဒါတွေအားလုံးရဲ့ အရင်းမြစ် လက်သည် ကတော့ တမျိုး၊ တဘာသာ
အားကြီး လူပြိန်း အများကြိုက် အတွေးအခေါ်တွေနဲ့ အာဏာ ကို တည်ဆောက် အမြဲ ရှင်သန်ကြီးထွားနေချင်တဲ့
စစ်အာဏာရှင် စနစ်ဆိုး ပါပဲ။
ဒီစနစ်ဆိုး ဆက်လက် ရေရှည် အမြစ်တွယ် ရှင်စန်စေဖို့ရာ
စနစ်တကျ ပြင်ဆင် တည်ဆောက်ထားတဲ့ ၂၀၀၈ နာဂစ် စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း ဒီပြဿနာ
မီးတောက် အားလုံး ဆက်လက် ပြန့်ပွား၊ တိုးပွား စေမယ့် မီးလောင်ရာ လေပင့်နေခြင်း တမျိုးပါ။ ခု လူအများ အတို သုံးနှုံးနေကြသလိုဆို ခြေ/ဥ ပြဿနာ
ပေါ့၊ တနည်း ဥ ပြဿနာ ပဲပေါ့။
ဒီ ဥ ပြဿနာ ကို နိုင်ငံရေးသမားများ၊ ပြည်သူအများ အခြေမတည်ခင်၊
မကြီးထွားခင်မှာ မချေမှုန်း နိုင်ခဲ့ပါဘူး။
ပြာပုံ ဖြစ်ပြီးသား ဘဝ အခြေအနေမျိုးကြောင့် မီးမလောင်ခင် တားဖို့လည်း အခွင့်
မရှိခဲ့ကြပါဘူး။ ဒါ့အပြင် အဲ့သလို ဥ ပြဿနာ
ကို မရှင်သန်အောင် မခြေဖျက်နိုင်ခဲ့တဲ့ အပြင် နိုင်ငံရေးသမား အများစု က ပိုမို တရားဝင်အောင်၊
ခိုင်မာအောင် လုပ်ပေးခဲ့ကြပါသေးတယ်။ ကိုလိုနီခေတ်
ဒိုင်အာခီ၊ ၉၁ ဌာန ကတည်းက အလုပ်မဖြစ်ခဲ့တဲ့ ပူးသတ်ရေး လမ်းစဉ်နဲ့ပေါ့။
အခု အချိန်မှာတော့ အာဏာရ စစ်အုပ်စု ပါတီ၊ အတိုက်အခံ
ဒီမိုကရေစီ (ဆိုကြတဲ့) ပါတီ အားလုံး အဲ့ဒီ ဥ ပြဿနာ ကို ပြင်မယ်ဟေ့ ဆိုကာ အသံကောင်းတွေ
ဟစ်နေကြပြန်ပါတယ်။ ဒီ ဥ က ပြင်ရမယ့် ဥ မဟုတ်
အစကတည်းက မ ဥ ခံ၊ မပေါက်ခံရမယ့် ဥ ဖြစ်တယ်၊ အစကတည်းက သိဒ္ဓိ မတင်၊ အဖက် မလုပ်၊ တော်စတွိုင်း ပညာပေး ဇာတ်လမ်း
အတိုင်း မလောင်ခင်တားခဲ့ရမယ့် မီး၊ မပွားခင် ဖြတ်ခဲ့ရမယ့် ဥ ဖြစ်တယ် ဆိုတာကိုတော့ မေ့ချင်ယောင်ဆောင်၊
ရူးချင်ယောင် ဆောင်၊ မျက်နှာပြောင်တိုက်နေကြတယ်။
ဘာပဲဖြစ်ဖြစ် ပြည်သူ ခမျာ ဝက်ဖြစ်ခံရတဲ့ ဘဝ မစင် မကြောက်တော့ပါဘူး၊
ရှင်ကြီး ဝမ်းလည်း ဝင်ခဲ့ရ၊ ရှင့်ငယ် ဝမ်းလည်း ဝင်ခဲ့ရ၊ ချီးစော်နံလို့လည်း ပြန်ထွက်ခဲ့ရ၊
ထွက်မရပြန်ရင်လည်း ကြိတ်မှိတ် အံရ ဆိုတော့ အခုမှ ဒီ ဥ ပြဿနာ ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင်လည်း
ဘာပဲပြောပြော ခွေး မျှော် မျှော်ရင်း လေထဲ တိုက်အိမ်ဆောက် ဝမ်းသာကြိုဆိုနေရဦးမှာပါပဲ။ ဒါပေမယ့် ခြေ/ဥ ဆိုတဲ့ အတိုင်း လူကြားကောင်းတဲ့
စကား သင်ပုန်းချေ ရေး အမည်ခံ ပလူးဇာတ်လမ်းတွေလည်း လုပ်တာတော့ လုပ်ပေါ့၊ အဓိက ကတော့
ခြေ/ဥ ကို ကြေအောင် ခြေ ပါ၊ အမြစ် ပြတ်အောင် ဖြတ်ပါ လို့ပဲ ဆိုရတော့မှာပါ။
ဒီ ဥ ပြဿနာ မီးတောက် အခံရဆုံးထဲက တစု ဖြစ်တဲ့ ရှမ်းတိုင်းရင်းသား
ခေါင်းဆောင် ခွန်ထွန်းဦး ထောင်က လွတ်ခါစ ဆိုခဲ့ဖူးသလိုပဲ အခြေခံဥပဒေ ပြင်မယ်ဆိုရင်
စာအုပ်မျက်နှာဖုံးက အစ ပြင် ရမှာပါ။ ဆိုလိုတာက
တအုပ်လုံး ဆွဲဆုတ် စုတ်ပြတ်သွားအောင် ခြေမွ ပစ်ရမယ့် ကိစ္စ၊ အစ မာတိကာ က အစ အသစ် ရေးမယ့် ကိစ္စပါ။
ဒီမိုကရေစီ အင်အားစု အတိုက်အခံ ဘက်က ရွေးကောက်ပွဲ ဝင်နိုင်ရုံ
ပြင်ပေးမှုမျိုးလောက်နဲ့ ပြေလည်မယ့် ပြဿနာ မျိုးမဟုတ်ပါ။ အာဏာရ စစ်အုပ်စု ကလည်း ဒီလောက်ပဲ ပြင်နိုင်ဖို့
လမ်းကြောင်းချင်တဲ့ အတွက် အခြေခံဥပဒေ ပြင်မယ် ဆိုတဲ့ လေသံ စ ဟစ်လာနေတာပါ။ အတိုက်အခံ ဘက်ကလည်း ခပ်မာမာ ပါပဲ။ ဒူးခေါင်းတွေမာကြောင်း ထပ်မံ သက်သေပြုပါတယ်။ မပြင်လည်း ရွေးကောက်ပွဲ ဝင်ပါမယ် တဲ့။ ကြားရ.. ကြားရ နားဝ မသက်သာ..၊ ဖိနပ်ပြတ် နဲ့ ခွေးငတ်
တွေ့ကြလေရော့ လဟယ် လို့ ဆို ရင် “အရီးစိမ်းကြီးရယ်.. ခွေးအငတ် မပြေတပြေတွေမှာဖြင့်..
ကိုက်စရာအရိုး” ဆိုခဲ့တဲ့ ကိုယ်တော်မှိုင်းကြီး မဟုတ်တော့ ဝိုင်းဆဲကြဦးမယ်။ ဒါကြောင့် ဖိုးဆိုချင် ခင်မောင်ညွန့်တွေပဲ လို့ပဲ
ဖော့ ဆိုလိုက်ပါ့မယ်။
ဘာပဲဖြစ်ဖြစ် ဖိုးဆိုချင်များ၊ မောင်မောင် မခေါ်ဘဲ ဗျာ
ထူးချင်သူ ဘုရားအမ၊ ကျောင်း ဒကာ များ ပြင်မယ် ဆိုတာလည်း ထိထိရောက် ပြင်ကြပါ၊ မပြင်နိုင်သေးခင်ရင်လည်း
အခြား ဒုတိယ လမ်းကြောင်း စဉ်းစား ရွေးချယ် ပြည်သူကို ချပြ ဦးဆောင်ပါ လို့ အပျော့ဆွဲ
ဆွဲ ဆိုလိုက်ပါတယ်။
အဆုံးသတ်ရရင်..
တော်စတွိုင်းရဲ့ ဥပြဿနာ ဇာတ်ဦးလို အချင်းချင်း ကာလနာ တိုက်နေရတဲ့ ဇာတ်ထုပ်
ရာစုဝက်ချီ ကပြ အမြစ်တွယ်နေတဲ့ ဗမာပြည် က ဥ ပြဿနာ ဟာ ကိစ္စ က ထိပ်ဝ ရောက်နေသလို အရေးကြီး
အထွတ်အထိပ် ရောက်နေပြီ ဖြစ်ကြောင်း၊ မျိုမရ ထွေးမရ အခြေအနေကြီး ဖြစ်ကြောင်း၊ ဥ လုံး
ပြုတ် အပြုတ်နှံ ပြုတ်ပြုတ်ပြုန်းအောင် ကြံဆောင်ဖို့ လိုကြောင်း၊ ဥပြဿနာ အဆုံးသတ် ဇာတ်သိမ်း
ကားလိပ်ချ မြင်ချင်ပြီ ဖြစ်ကြောင်း ကြေငြာ မောင်းခတ်လိုက်ပါတယ်။
ငြိမ်းချမ်းအေး
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၃