မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၈)
အောင်ဒင်၊ ဇန်န၀ါရီ ၅၊ ၂၀၁၃
အပိုင်း (၄၈) လွှတ်တော်နှင့် ပညာရေးအဆင့်အတန်း မြင့်မားရေး
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၈၊ ဇန်နဝါရီလ ၂ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)
မြန်မာနိုင်ငံမှာ
နှစ်ပေါင်းများစွာနိမ့်ကျနေတဲ့ ပညာရေးအဆင့်အတန်းကို
ပြန်လည်မြှင့်တင်နိုင်ဖို့ အစိုးရနဲ့ ပညာရေးကျွမ်းကျင်သူများ၊
လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်းလှုပ်ရှားနေကြတာ ကြားသိရပါတယ်၊
နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို အထောက်အကူပြုရေး ပုံသွင်းဖန်ဆင်းခဲ့တဲ့၊
ကျောင်းသားများရဲ့ လွတ်လပ်စွာရှာဖွေစူးစမ်းလေ့လာသင်ယူခွင့်တွေကို
ကန့်သတ်ထားတဲ့ ဆရာဗဟိုပြု ပညာရေးစနစ်ကို နိုင်ငံတကာနဲ့
ရင်ဘောင်တန်းနိုင်အောင် ပြင်ဆင်ဖို့ဆိုရင် နှစ်ပေါင်းများစွာ
ကြိုးစားရဦးမှာ ဖြစ်ပါတယ်၊ ဒါပေမည့်လည်း ပြင်ဆင်ဖို့လိုအပ်ကြောင်း
သဘောပေါက်နားလည်တာ၊ ပြင်ဆင်ဖို့အစပျိုးဆောင်ရွက်တာကို အသိအမှတ်ပြု
ထောက်ခံပါတယ်၊ နိုင်ငံတကာအစိုးရများနဲ့
ကမ္ဘာ့အဆင့်မြင့်တက္ကသိုလ်ကြီးများကလည်း မြန်မာနိုင်ငံပညာရေးမြှင့်တင်မှုကို
ဝိုင်းဝန်းကူညီနေကြတာ ဝမ်းသာစရာကောင်းလှပါတယ်၊
ပညာရေးအဆင့်အတန်းမြှင့်တင်တာနဲ့
အတူယှဉ်တွဲစဉ်းစားရမှာက ပညာတတ်များအတွက် နိုင်ငံတော်က ဘာမျှော်လင့်ချက်တွေ
ဖန်တီးပေးနိုင်မလဲ ဆိုတာပါ၊ နိုင်ငံတော်ရဲ့ တက္ကသိုလ်၊ ကောလိပ်များက
ဘွဲ့ရပညာတတ်တွေကို မွေးထုတ်ပေးပြီး အဲဒီ ပညာတတ်တွေကို ပြည်တွင်းမှာ
တိုင်းပြည်အတွက်အကျိုးရှိအောင် အသုံးမချနိုင်ရင်၊ ဒီပညာတတ်တွေအတွက်
ပြည်တွင်းမှာ လုံလောက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ထိုက်တန်တဲ့
အခွင့်အရေးတွေ မဖန်တီးပေးနိုင်ရင်၊ ဒီပညာတတ် ပုဂ္ဂိုလ်တွေဟာ အလုပ်အကိုင်နဲ့
အခွင့်အလမ်းများကို ရှာဖွေရင်း ပြည်ပနိုင်ငံများကို ရောက်ရှိသွားကြမှာ
ဖြစ်ပါတယ်၊ ပြည်တွင်းမှာဆိုရင်လည်း အစိုးရဋ္ဌာနတွေမှာ သူတို့နဲ့ ထိုက်တန်တဲ့
လစာနဲ့ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်ရင် ဒီပညာတတ်တွေဟာ အစိုးရထံမှာ
နိုင်ငံ့ဝန်ထမ်းအဖြစ် အမှုထမ်းဖို့ထက် ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများမှာ
အမှုထမ်းဖို့ပဲ ဦးစားပေးကြမှာဖြစ်ပြီး အစိုးရဋ္ဌာနများမှာ ပညာတတ်၊
ကျွမ်းကျင်သူအရေအတွက် နည်းသထက်နည်းလာမဲ့ အခြေအနေရှိပါလိမ့်မယ်၊
နောက်အရေးကြီးတာက
ဒီ ပညာတတ်များကို နိုင်ငံတော်က ဘယ်လောက်တန်ဘိုးထားသလဲ ဆိုတာပါ၊
ကျောင်းသားများ၊ ဘွဲ့ရပညာတတ်များရဲ့ ရင်ထဲမှာ နိုင်ငံတော်က သူတို့ကို
တန်ဘိုးထားတယ်၊ သူတို့တတ်မြောက်ထားတဲ့ ပညာတွေကို
ထိုက်ထိုက်တန်တန်အသုံးချနိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးပေးလိမ့်မယ်လို့
ယုံကြည်မှသာလျင် တိုးတက်မြင့်မားတဲ့ ပညာရေးစနစ်ကို ခုံမင်တပ်မက်ပါလိမ့်မယ်၊
စာမေးပွဲအဆင့်ဆင့်ကို ကြိုးစားဖြတ်သန်းပါလိမ့်မယ်၊ သူတို့တတ်မြောက်ထားတဲ့
ပညာရပ်တွေကို တိုင်းပြည်အတွက် ပြန်လည်အသုံးချချင်စိတ်ရှိပါလိမ့်မယ်၊
# အံ့ဩတုန်လှုပ်မိသော အမျိုးသားလွှတ်တော်မှ ဝန်ထမ်းခေါ်ယူခြင်းများ
၂၀၁၃
ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၀ မှာ
"အမျိုးသားလွှတ်တော်ရုံး၊ ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း" ဆိုတာကို
ဖတ်လိုက်ရတော့ ကျနော့်စိတ်ထဲ တုန်လှုပ်ချောက်ချားမိပါတယ်၊ မြန်မာနိုင်ငံရဲ့
အဆင့်အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းကြီးဖြစ်တဲ့ အမျိုးသားလွှတ်တော်က
မြန်မာနိုင်ငံက ပညာတတ်တွေအပေါ် နှိမ့်ချလှချည်လားလို့လည်း ခံစားမိပါတယ်၊
အကြောင်းကတော့ ဒီလိုပါ၊
ဒီကြေညာချက်နဲ့
အမျိုးသားလွှတ်တော်ရုံးမှာ ခန့်အပ်မည့် ဝန်ထမ်းရာထူးများအတွက်
လျှောက်လွှာများကို ဖိတ်ခေါ်တာဖြစ်ပါတယ်၊ ဒုတိယဦးစီးမှူး (၂၇) နေရာ၊
ဒုတိယဦးစီးမှူး (ကွန်ပျူတာ) (၆၉) နေရာ၊ ဒုတိယဦးစီးမှူး (ငွေစာရင်း) (၃)
နေရာ နဲ့ အငယ်တန်းစာရေး (၂၉) နေရာ အတွက် လျှောက်လွှာခေါ်ယူတာ ဖြစ်ပါတယ်၊
ဒုတိယဦးစီးမှူးရာထူးများက လစာနှုံး (၇၉၀၀၀ိ-၁၀၀၀-၈၄၀၀၀ိ) ဖြစ်ပါတယ်၊
အငယ်တန်းစာရေးရာထူးက လစာနှုံး (၆၇၀၀၀ိ-၁၀၀၀-၇၂၀၀၀ိ) ဖြစ်ပါတယ်၊
အံ့ဩရတာက
အဆိုပါ ရာထူးများအတွက် ပညာရေးအရည်အချင်း သတ်မှတ်ချက်ဖြစ်ပါတယ်၊
ဒုတိယဦးစီးမှူးရာထူးအတွက် သတ်မှတ်ထားတဲ့ ပညာအရည်အချင်းက ပါရဂူဘွဲ့ (Ph.D)
နဲ့ မဟာဘွဲ့များ (မဟာဝိဇ္ဇာ၊ မဟာကွန်ပျူတာသိပံ္ပ၊ မဟာဥပဒေ၊ မဟာစီးပွါးရေး)
ဖြစ်ပါတယ်၊ အငယ်တန်းစာရေးရာထူးအတွက် သတ်မှတ်ထားတဲ့ ပညာအရည်အချင်းက
ဝိဇ္ဇာဘွဲ့၊ သိပံ္ပဘွဲ့၊ ဥပဒေဘွဲ့၊ စီးပွါးရေးဘွဲ့၊ ကွန်ပျူတာသိပံ္ပဘွဲ့ စတဲ့
ဘွဲ့တစ်ခုခုရရပါမယ်၊ ဒီပညာအရည်အချင်းများနဲ့ မကိုက်ညီရင် ဒီရာထူးများကို
လျှောက်ခွင့်မရှိပါ၊
အမျိုးသားလွှတ်တော်ရုံးနဲ့
ပြည်သူ့လွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့ဟာ
ဖွဲ့စည်းပုံအတူတူဖြစ်မယ်ထင်ပါတယ်၊ ဒါကြောင့် ဒီရာထူးများ၊ လစာများနဲ့
ပညာအရည်အချင်းသတ်မှတ်ချက်များဟာ လွှတ်တော်ရုံး သုံးခုစလုံးမှာ
အတူတူပဲဖြစ်မယ်ထင်ပါတယ်၊
ကျနော် နားလည်သလောက်
ဒုတိယဦးစီးမှူးဆိုတာ ဒုတိယရဲအုပ်၊ ဒုတိယ ထောင်မှူး၊ ဒုတိယ စုံစမ်းရေးမှူး
စတဲ့ ရာထူးများလို အစိုးရဝန်ကြီးဋ္ဌာနတစ်ခုရဲ့ အရာရှိရာထူးအဆင့်ဆင့်မှာ
အနိမ့်ဆုံးနဲ့ အခြေခံအကျဆုံးရာထူး (Entry Position) ဖြစ်ပါတယ်၊
ဒီရာထူးရဲ့အထက်မှာ ဦးစီးမှူး၊ ဒုလက်ထောက်ညွန်ကြားရေးမှူး၊
လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယ
ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ် စသည်ဖြင့် ရာထူးတွေအများကြီး
ရှိပါသေးတယ်၊ ဒီလို အနိမ့်ဆုံးအဆင့် ရာထူးအတွက် ပညာအရည်အချင်းကို
ပါရဂူဘွဲ့၊ မဟာဘွဲ့ လို့ သတ်မှတ်ထားတာဟာဖြင့် ပညာတတ်တွေကို နှိမ့်ချတာ၊
ပညာရေးကို တန်ဘိုးမထားတာ ဖြစ်နေပါတယ်၊
ကျောင်းသားတစ်ယောက်ဟာ
အခြေခံပညာကို သူငယ်တန်းကနေ ဆယ်တန်းအထိ အနည်းဆုံး (၁၁) နှစ်၊ ပထမဘွဲ့ရဖို့
(၄) နှစ်၊ ဘွဲ့ရပြီး အရည်အချင်းမီလို့ မဟာဘွဲ့ ဆက်တက်ခွင့်ရရင် အနည်းဆုံး
(၄) နှစ်၊ မဟာဘွဲ့ရပြီး အရည်အချင်းမီမှ ပါရဂူဘွဲ့ ဆက်တက်ခွင့်ရပြီး
ပါရဂူဘွဲ့ရတဲ့ အထိ နောက်ထပ် (၄) နှစ်ကျောင်းတက်ခဲ့ရတာပါ၊ ပါရဂူဘွဲ့ရတဲ့ အထိ
အနည်းဆုံး (၂၃) နှစ်၊ မဟာဘွဲ့ရတဲ့အထိ အနည်းဆုံး (၁၉) နှစ်
ကျောင်းတက်ခဲ့ရပြီး ကျောင်းစားရိတ်အတွက် ငွေကြေးအမြောက်အများလည်း
သုံးစွဲခဲ့ရတာပါ၊ အဲဒီလောက် အချိန်၊ ငွေကြေးနဲ့ အရည်အသွေးတွေကို
အသုံးပြုပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိပြီးတဲ့အခါမှ
သူတို့မျှော်လင့်နိုင်တာက အထက်တန်းစာရေးထက် တစ်ဆင့်ပဲမြင့်တဲ့
အနိမ့်ဆုံးအရာရှိအဆင့်ဆိုတော့ သူတို့ရင်းနှီးခဲ့ရသမျှနဲ့ ဘယ်လိုမှ
ထိုက်တန်တယ်လို့ မဆိုနိုင်ပါ၊
တစ်ခါ
အမျိုးသားလွှတ်တော်ရုံး ဒုတိယဦးစီးမှူးရာထူးရဲ့ လစာ (ကျပ်
ခုနှစ်သောင်းကိုးထောင်- ၁၀၀၀- ကျပ် ရှစ်သောင်းလေးထောင်) ဟာ
မြန်မာ့တပ်မတော်က တပ်ခွဲတပ်ကြပ်ကြီးတစ်ယောက်ရဲ့ လစာ(ကျပ်
ရှစ်သောင်း-၁၀၀၀-ကျပ် ရှစ်သောင်းငါးထောင်) နဲ့ အတူတူလောက်ပဲရှိပါတယ်၊
မြန်မာ့တပ်မတော်မှာ ဘွဲ့ရတပ်ကြပ်ကြီးတွေရှိပေမည့် သာမာန်အားဖြင့်တပ်ကြပ်ကြီးဖြစ်ဖို့
ဘွဲ့ရစရာမလိုပါ၊ မြန်မာ့တပ်မတော်ရဲ့ အရာရှိအဆင့်ဆင့်မှာ အနိမ့်ဆုံးနဲ့
အခြေခံအကျဆုံး ရာထူးက ဒုတိယဗိုလ်ဖြစ်ပြီး လစာ ကျပ် တစ်သိန်းလေးသောင်း
ရပါတယ်၊ အမျိုးသားလွှတ်တော်ရုံးက ဒုဦးစီးမှူးလစာထက် နှစ်ဆလောက်ပိုများပေမည့်
မြန်မာ့တပ်မတော်က ဒုတိယဗိုလ်ရာထူးအတွက် အမျိုးသားလွှတ်တော်ရုံး
ဒုဦးစီးမှူးလို မဟာဘွဲ့၊ ပါရဂူဘွဲ့ ရစရာမလိုပါ၊ ဝိဇ္ဇာဘွဲ့၊ သိပံ္ပဘွဲ့၊
ဘွဲ့တစ်ခုရရင် လုံလောက်ပါတယ်၊
အမျိုးသားလွှတ်တော်ရုံး
အငယ်တန်းစာရေးလစာဖြစ်တဲ့ (ကျပ်
ခြောက်သောင်းခုနှစ်ထောင်-၁၀၀၀-ကျပ်-ခုနှစ်သောင်းနှစ်ထောင်) ဟာ တပ်မတော်
တပ်ကြပ်လစာ (ကျပ် ၆၈၀၀၀-၁၀၀၀-ကျပ် ခုနှစ်သောင်းသုံးထောင်) နဲ့
အတူတူလောက်ရှိပါတယ်၊ ဒါပေမည့် တပ်မတော်က တပ်ကြပ်တစ်ယောက်အဖို့ ဝိဇ္ဇာဘွဲ့၊ သိပံ္ပဘွဲ့၊ ဘွဲ့တစ်ခုခုရစရာမလိုအပ်ပါ၊
# ပုဂ္ဂလိကရာထူးများနှင့် နှိုင်းယှဉ်ခြင်း
ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့
ယူနိုက်တက်အမရဘဏ်လီမိတက် (United Amara Bank Ltd.) ကအလုပ်ခေါ်တဲ့
ကြော်ငြာတစ်ခုကို လေ့လာကြည့်ပါတယ်၊ ဒီဇင်ဘာလ (၇) ရက်နေ့ထုတ်
မြန်မာ့အလင်းသတင်းစာ၊ ကြော်ငြာစာမျက်နှာ (၃) မှာ ပါဝင်ပါတယ်၊
ရန်ကုန်ရုံးခွဲအတွက် မန်နေဂျာ၊ ဒုတိယမန်နေဂျာ၊ လက်ထောက်မန်နေဂျာ
ရာထူးများ၊လစ်လပ်ကြောင်း ကြေငြာပါတယ်၊ ပညာအရည်အချင်းနဲ့ပါတ်သက်ပြီး
မဟာဘွဲ့ရရမယ်လို့ သတ်မှတ်ထားပါတယ်၊ ပါရဂူဘွဲ့ရဖို့ မလိုပါ၊ ဘဏ်ခွဲများအတွက်
အကြီးတန်းမန်နေဂျာ၊ မန်နေဂျာ၊ ဒုတိယမန်နေဂျာ၊ ကြီးကြပ်ရေးမှူး၊
လက်ထောက်ကြီးကြပ်ရေးမှူး ရာထူးများလစ်လပ်ကြောင်းကြေညာပါတယ်၊
ပညာအရည်အချင်းကို ဘွဲ့တစ်ခုခုရရမယ်လို့ သတ်မှတ်ပါတယ်၊ မဟာဘွဲ့ရစရာမလိုပါ၊
လစာများကို မဖော်ပြထားပေ၊မည့် အမျိုးသားလွှတ်တော်ကပေးမည့် လစာများထက်
ပိုများမှာကတော့ အသေအချာပါ၊ အခြားပုဂ္ဂလိကလုပ်ငန်းများမှာလည်း အတူတူပဲ
ဖြစ်ပါလိမ့်မယ်၊
# ကျောင်းသားတစ်ယောက်နေရာက စဉ်းစားကြည့်ပါ၊
နိုင်ငံတော်အစိုးရက
အားစိုက်ထုတ်ပြီး ပညာရေးအဆင့်အတန်းကို မြှင့်တင်နေတယ် ဆိုပေမည့်
ကျောင်းသားများက ပညာရေးစနစ်ကို တန်ဘိုးထားဖို့လည်း အရေးကြီးပါတယ်၊
တက္ကသိုလ်တက်နေဆဲ ကျောင်းသားတစ်ယောက်နေရာက စဉ်းစားကြည့်ပါ၊
တက္ကသိုလ်မှာ
လေးနှစ်ကြာပညာသင်ယူလို့ ရိုးရိုးဘွဲ့တစ်ခုရတော့လည်း အစိုးရဋ္ဌာနတစ်ခုမှာ
သူမျှော်လင့်နိုင်တာက အငယ်တန်းစာရေးအဆင့်မျှသာ၊ သူကအရမ်းကိုတော်ပြီး
သူ့မိဘတွေကလည်း ပိုက်ဆံတတ်နိုင်လို့ နောက်ထပ် လေးနှစ်ကျောင်းဆက်တက်ပြီး
မဟာဘွဲ့ရ၊ ဒါမှမဟုတ် နောက်ထပ် ရှစ်နှစ်ကျောင်းဆက်တက်ပြီး
ပါရဂူဘွဲ့ရရင်တောင်မှ အစိုးရဋ္ဌာနမှာ သူလျှောက်နိုင်တာက ဒုတိယဦးစီးမှူးဆိုတဲ့
အနိမ့်ဆုံးရာထူး၊ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ လစာနဲ့ အတူတူလောက်ရှိတဲ့ အလုပ်၊
ဒီကျောင်းသားအတွက် သူသင်နေရတဲ့ ပညာရေးစနစ်ကို တန်ဘိုးထားစရာ အကြောင်းရှိမယ်
မထင်ပါ၊ တစ်ဘက်မှာ ကြည့်လိုက်တော့ သမ္မတလစာ ကျပ်သိန်း ငါးဆယ်၊ ဒုသမ္မတလစာ
ကျပ် သိန်းလေးဆယ်၊ လွှတ်တော်ဥက္ကဋ္ဌလစာ ကျပ် ၃၅ သိန်း၊ လွှတ်တော် ဒုဥက္ကဋ္ဌနဲ့
ဝန်ကြီး ကျပ်သိန်းသုံးဆယ်၊ ဒုဝန်ကြီးလစာ ကျပ်သိန်းနှစ်ဆယ်၊
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ လစာ ကျပ် သုံးသိန်း (မကြာခင် ကျပ်
ခြောက်သိန်းဖြစ်လာနိုင်သေး)၊ သူမြင်တွေ့နေရတာက မမျှတမှုတွေပါ၊
ကျောင်းသားတွေက
သူတို့သင်ကြားနေရတဲ့ ပညာရေးစနစ်အပေါ်မှာ ယုံကြည်အားထားမှု၊ သူတို့ရဲ့
အနာဂတ်အပေါ် မျှော်လင့်မှု မရှိတော့ရင် ပညာရေးကို တစ်ဝက်တစ်ပျက်နဲ့ ရပ်ပြီး
လူ့လောကကြီးထဲ ပညာမပြည့်မစုံနဲ့ တိုးဝှေ့ဝင်ရောက်ရင်း အနာဂတ်တွေ
ပျောက်ဆုံးတတ်ပါတယ်၊ ပညာဆက်လက်သင်ကြားကြသူများမှာလည်း
ကြိုးစားချင်စိတ်ကုန်ခန်းပြီး သာမာန်ဘွဲ့တစ်ခုခုရရုံနဲ့ပဲ
ကျေနပ်လိုက်ကြပါတယ်၊ ဘွဲ့ရပြီးတော့လည်း
ပညာအရည်အချင်းသတ်မှတ်ချက်မြင့်မားပြီး လစာနည်းတဲ့ နိုင်ငံ့ဝန်ထမ်းဘဝထက်
သဘာဝကျတဲ့ပညာအရည်အချင်းသတ်မှတ်ချက်နဲ့ လစာမြင့်မားတဲ့ ပုဂ္ဂလိကအလုပ်ကိုပဲ
ရွေးချယ်ကြပါလိမ့်မယ်၊ အချို့လည်း အခြားနိုင်ငံတွေကို ထွက်ခွါပြီး
အခွင့်အရေး ရှာဖွေကြပါလိမ့်မယ်၊
ပါရဂူဘွဲ့၊
မဟာဘွဲ့ဆိုတာ ကျောင်းသားတစ်ယောက်အတွက် ပညာရေးအရ ကြီးမားတဲ့ အောင်မြင်မှုပါ၊
ဘွဲ့ရသူတိုင်း မဟာတန်း ဆက်တက်ခွင့်မရှိပဲ အရည်အချင်းမီမှ
မဟာတန်းတက်ခွင့်ရှိတာပါ၊ မဟာတန်းတက်သူတိုင်းလည်း မဟာဘွဲ့မရပါ၊
အရည်အချင်းပြည့်မီမှပဲ မဟာဘွဲ့ရတာပါ၊ မဟာဘွဲ့ရတိုင်းလည်း
ပါရဂူတန်းဆက်တက်ခွင့်မရနိုင်ပါ၊ အရည်အချင်းမီမှ ဆက်တက်ခွင့်ရပြီး
အရည်အချင်းပြည့်မီမှ ပါရဂူဘွဲ့ရတာပါ၊ ဒီလို နှစ်ပေါင်းများစွာ
အဆင့်ဆင့်ကြိုးစားဖြတ်သန်းအောင်မြင်ခဲ့တဲ့ မဟာဘွဲ့ရများ၊
ပါရဂူဘွဲ့ရသူများကို အမျိုးသားလွှတ်တော်က တပ်မတော်က
တပ်ခွဲတပ်ကြပ်ကြီးတစ်ယောက်ရဲ့ လစာနဲ့ ညီမျှတဲ့ ဒုဦးစီးမှူးရာထူးအတွက်
ဖိတ်ခေါ်တာဟာ ဒီပညာတတ်တွေရဲ့ ကြိုးစားဖြတ်သန်းခဲ့ရသမျှကို
စော်ကားလိုက်သလိုပါ၊ အကောင်းဆုံးကို လိုချင်တာ သဘာဝကျပါတယ်၊ ဒါပေမည့်
အကောင်းဆုံးကို ဈေးအမြင့်ဆုံးပေးမှ ရမှာပါ၊ ဒီလို မဟာဘွဲ့ရတွေ၊
ပါရဂူဘွဲ့ရတွေကို ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းတွေက ပိုပြီးမြင့်မားတဲ့ ရာထူး၊
ပိုပြီးများပြားတဲ့ လစာတွေနဲ့ ဖိတ်ခေါ်ကြမှာပါ၊
# ပညာရေးလည်း မြှင့်၊ ပညာတတ်ကိုလည်း လေးစား၊
ပညာရေးအဆင့်အတန်း
နိမ့်ကျနေတာကို မြှင့်တင်ရုံနဲ့ မလုံလောက်ပါဘူး၊ နိုင်ငံတော်ကိုယ်တိုင်က
ပညာတတ်တွေကို အလေးထား၊ လေးစားဖို့လည်းလိုပါတယ်၊ သူတို့သင်ယူတတ်မြောက်ထားတဲ့
ပညာများကို လက်တွေ့အသုံးချနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးရမှာပါ၊
အကောင်းဆုံးသော ပညာရှင်တွေကို ပုဂ္ဂလိကလုပ်ငန်းများနဲ့အပြိုင် နိုင်ငံတော်က
အမြင့်ဆုံးလစာ၊ အခွင့်အရေးတွေပေးပြီး နိုင်ငံတော်ယန္တရားကို
အကောင်းဆုံးအထောက်အကူပြုနိုင်တဲ့ နိုင်ငံ့ဝန်ထမ်းများဖြစ်လာအောင်
စည်းရုံးရမှာပါ၊ အဲဒီလိုမဟုတ်ရင်ဖြင့် ပညာရေးအဆင့်မြှင့်တင်မှုများဟာ
နိုင်ငံတော်အတွက် အကျိုးရှိမယ်မထင်ပါ၊
လေးစားစွာ၊
အောင်ဒင်
ဒီဇင်ဘာ ၁၃၊ ၂၀၁၃
ဒီဇင်ဘာ ၁၃၊ ၂၀၁၃