နေလင်းညီ - B.A, B.Sc (၃) နှစ်လား ... (၄) နှစ်လား

B.A, B.Sc  (၃) နှစ်လား ... (၄) နှစ်လား
နေလင်းညီ
ဇန်န၀ါရီ ၁၃၊ ၂၀၁၄




မြန်မာနိုင်ငံ ပညာရေးစနစ်ကား ရေးလို့ရယ်မှ မကုန်၊ပြောလို့ရယ်မှ မကုန် ဆိုရလောက်အောင် ရှုတ်ထွေးပွေလီလှ၏။အပြောင်းအလဲ များလှပေ၏။တစ်မင်းတက်လျှင် တစ်မျိုး၊တစ်ဝန် ခန့်လျှင် တစ်ဖုံ ဆိုတာထက် ပိုဆိုး၏။တစ်မင်း တက်လျှင် တစ်မျိုးမက ပြောင်းလဲကာ၊တစ်ဝန် ခန့်လျှင်တစ်ဖုံမက ရှုတ်ထွေး၏။

အတိုချုပ် သုံးသပ်ကြသည်ကား အစမ်းသပ်ခံ ပညာရေးစနစ် ဟူသတည်း။

တစ်နေ့သ၌ ကျွန်ုပ်တို့ မိတ်ဆွေတစ်စုသည် စိုးစိုးလှိုင် လဘက်ရည်ဆိုင်တွင် first degree ဖြစ်သော B့A , BSc များကို ပေးအပ်ရန် ၃-နှစ် မှ ၄-နှစ်သို့ ပြောင်းလဲမည်ဟူသော အကြောင်းအရာနှင့် ပတ်သက်ပြီး ဆွေးနွေးလိုက်ကြရာ ရေနွေးကြမ်း ၄-အိုးပင် ကုန်ခမ်းသွားလေ၏။ 
(၁) အချို့က (၄-နှစ်နဲ့ သင်မှတတ်မှာပေါ့။ ၃-နှစ်ထဲနဲ့ အချိန်မှ မလောက်တာ။ ဒီလို ပြောင်းတာ ကောင်းတယ်) ဟုထောက်ခံ ဆွေးနွေးကြကုန်၏။

(၂) အချို့ကမူ (၄-နှစ်နဲ့ သင်ပေမဲ့ သင်ရိုးညွန်းတမ်းက ထိရောက်ကောင်းမွန်မှ အကျိုးရှိတာပါ။သုံးသပ်မှုတွေ၊ သုတေသနပြုမှုတွေ မလုံလောက်ရင် ၆-နှစ်နဲ့ သင်တဲ့ BA, BSc တွေလဲ အလကားပဲ။) ဟု ပညာရှိသုခမိန်လေသံဖြင့် ဆိုကြကုန်၏။

(၃) အချို့ကမူ  (အရေးကြီးတာတစ်ခုက ပညာရေးလောကမှာ အဂတိလိုက်စားမှုတွေ ၊ခြစားမှုတွေ၊ ဘက်လိုက်မှုတွေ၊  လိုရင်လိုသလို လုပ်ပြီး၊ မလိုရင် မလိုသလို လုပ်တာတွေ ပျောက်ကင်းသွားဖို့ လိုတယ်။ မပျောက်ကင်းသည့်တိုင် အနည်းဆုံးဖြစ်အောင်တော့  လုပ်သင့်တယ်။) ဟု တည်ကြည်ခန့်ညားစွာ ဆိုကြကုန်၏။

(၄) တစ်ဦးကမူ (ဘယ်လို ပညာရေးစနစ်ဖြစ်ဖြစ် လက်တွေ့ ဘဝမှာအသုံးတည့်မှ ၊ အသုံးချနိုင်ခွင့်ရှိမှ အကျိုးရှိတာပါ။ ကျုပ် ၁၉၈၄ က ဆယ်တန်းအောင်တယ်။ အဲဒီ အချိန်က အင်္ဂလိပ်စာကို ဝါသနာလည်းပါတယ်။ ကြိုးလည်း ကြိုးစားတော့ ၇၁-မှတ် ရတယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်း အဖြစ် ၁၀နှစ်ကျော် နေလိုက်တာ အင်္ဂလိပ်စာ၊ စကား လုံးဝမသုံးရဘူး။ စားမလောက်လို့ စင်ကာပူထွက်တယ်။ ကျုပ်ထက် ၅နှစ် စောပြီး ရောက်နေတဲ့ ကျုပ်ရဲ့သူငယ်ချင်းက အင်္ဂလိပ်စာ၊ စကား ကျုပ်ထက် အများကြီး သာနေပြီ။ ဒီကောင်က ဆယ်တန်းကို ၃-ကြိမ်ဖြေမှ အောင်တာ။ အင်္ဂလိပ်စာ အညံ့ဆုံး။ ကျုပ် သင်ပေးလို့ ၄၅ မှတ်နဲ့ အောင်လာတာ။ ကိုယ့်ထူးချွန်မှုကို အသုံးချနိုင်ခွင့်ရှိမှ အဓိပ္ဗါယ်ရှိတဲ့ ပညာရေးလို့ ယူဆတယ်။ ကျုပ် စင်ကာပူ ရောက်ကာစမှာ ခွေးအကြီး လှည်းနင်းသလို ဖြစ်နေတာ။ သင်ကြားတတ်မြောက်ခဲ့တဲ့ အင်္ဂလိပ်စာတွေလဲ သံချေးတက်နေပြီဗျာ။) ဟု ဆို၏။

(၅) ပညာရေးလောကဝန်ထမ်းတွေကို ဖူဖူလုံလုံပံ့ပိုးပြီး၊ အရေးယူသင့်တာကို တိတိကျကျ အရေးယူမှ ပညာရေးလောက ကောင်းလာမှာ ... ဟု ဆိုသူကလည်း ရှိ၏။

ထိုသူတို့၏ ပြောဆိုဆွေးနွေးမှုများကို ခေါင်းတငြိမ့်ငြိမ့် နားထောင်ကာ၊ ပြန်လည်ဆွေးနွေးသူမှာ တက္ကသိုလ်
ဆရာဟောင်း ကိုကြည်နိုင် (တွတ်ပီ ကာတွန်းပါ ဇာတ်ကောင်အမည်နှင့် တူသူ) ဖြစ်၏။ သူ့ဆွေးနွေးချက်ကို ကျွန်ပ်က မှတ်တမ်းတင်လိုက်ရပေသည်။

xxxxxxxxxxxxxxx

အားလုံးရဲ့ ဆွေးနွေးချက်တွေကို လှိုက်လှိုက်လှဲလှဲ သဘောတူပါတယ်။ ၄နှစ်နဲ့ သင်မှ တတ်မှာပေါ့ ဆိုတဲ့ ကိစ္စလေး တစ်ခုကိုတော့ ပြန်ပြီးဆွေးနွေးချင်တယ်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ “ငါပြောချင်တဲ့ ငါ့အကြောင်း” စာအုပ်မှာ ဆရာကြီးရေးခဲ့တာ သတိရတယ်။ BA တန်းကို ၃-နှစ်နဲ့ ဖြစ်နိုင်တယ်လို့ ဆရာကြီးတို့က စပြီး အဆိုပြုခဲ့ဖူးတာ ဖြစ်ကြောင်း၊ ဒါပေမယ့် အဆိုပြုခဲ့တုန်းက ဘယ်လိုမှ လက်မခံခဲ့ကြဘဲ၊ နောင် တော်တော်ကြာမှကျင့်သုံးခဲ့ကြကြောင်း၊ ဆရာကြီးတို့ ပြောခဲ့တဲ့ပုံစံ မဟုတ်ကြောင်း၊ ရည်ရွယ်ချက်လဲ မတူကြောင်း၊ ပညာရေးစနစ် ယိုင်နဲ့နဲ့ ဖြစ်နေခဲ့ကြောင်း၊ ယခုတော့ ပြိုလဲတဲ့အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း စသဖြင့် ပါပါတယ်။ အသေးစိတ် မမှတ်မိတော့ပေမယ့် အဲဒီသဘောသွားပါပဲ။

BA တန်းဆိုရင်ဗျာ ... ပထမနှစ်မှ နောက်ဆုံးနှစ်ထိ သင်ကြားရတဲ့ ဘာသာရပ်အားလုံးမှာ အခန်းပေါင်း (total chapters)  400 ရှိတယ် ဆိုပါတော့။ ၄-နှစ် သင်ရင် တစ် နှစ်မှာ အခန်းပေါင်း ၁၀၀ခန်း သင်ရမယ်။ ၃-နှစ် သင်ရင် တစ်နှစ်မှာ ၁၃၄-ခန်း သင်ရမယ်။ ပျမ်းမျှခြင်းအားဖြင့်ပေါ့။

၃-နှစ်နဲ့ သင်ကြားပြီးစီးဖို့ ၃၄ခန်း ပိုသင်ရမယ်။ အဲဒီ ၃၄ခန်းကို ပိုသင်နိုင်ဖို့ တစ်ရက်မှာ သင်ကြားချိန် ၁ နာရီလောက် တိုးပေးလိုက်ရုံပါပဲ။ တစ်နှစ်မှာ ပျမ်းမျှခြင်း နာရီ ၂၀၀  လောက် ပိုသင်ရုံပါပဲ။

ဒါက လွယ်လွယ်ပြောတာပါ။ အချိုသောသင်ခန်းစာတွေကို ပေါင်းပစ်ခြင်း၊ ချုံ့သင် သင့်တာ သင်ပြီး ကျောင်းသားကို အိမ်မှာလေ့လာစေခြင်း စတဲ့နည်းတွေလည်း ရှိပါသေးတယ်။ အထူးပြုဘာသာရပ်နဲ့  မဆိုင်လှတဲ့ သင်ရိုးတွေကိုလည်း ဖြုတ်ပစ်တန် ဖြုတ်ပစ်တာမျိုး လုပ်ရတယ်။ ကျောင်းသားကို သူ့ဖာသာ လေ့လာနိုင်မှု အစွမ်းအစ မြှင့်ပေးလိုက်တာပေါ့။ ၄နှစ်နဲ့ သင်တာထက် ၃နှစ်နဲ့ သင်တာက သင်ကြားချိန်၊ လေ့လာချိန် ပိုလာတာ အမှန်ပါပဲ။

အဲဒီတော့ ကျေင်းသားတွေကိုယ်တိုင်က ပိုပြီး၊ အချိန်ပေးဖို့ လိုသလို သူတို့ရဲ့ အချိန်တွေကို လေလွင့်ပြုန်းတီးမှု မဖြစ်စေဖို့ လိုတယ်။ ဥပမာဗျာ ... တက္ကသိုလ်တွေကို မြို့ပြင်ထုတ်၊ တောထဲပို့ထားတယ်။ သွားလာ ပို့ဆောင်ရေးကလည်း ခက်လိုက်တာ။ ကျောင်းသားတစ်ယောက် အသွား ၂ နာရီ၊ အပြန် ၂နာရီ စုစုပေါင်း ၄-နာရီလောက် လေလွင့်ပြုန်းတီးနေတာ။ တချို့ဆို ဒိထက်တောင် ဆိုးသေး။ ကားစီးရတာတင် ပင်ပန်းဆင်းရဲနေပြီ။ တက္ကသိုလ်တွေကလည်း နာမည်ပဲ ရှိတာ။ တက္ကသိုလ်အင်္ဂါရပ်တွေ ဘာမှမရှိဘူး။ မပြည့်စုံတာများနေတယ်။

လူတွေကိုကြည့်၊ ဦးခေါင်းတစ်လုံး၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ရှိတာနဲ့တင် လူချင်းတူကြပြီလား၊ ဘယ်တူမလဲ။ ရူးနေလား၊ ဆွံ့အ နားမကြားလား၊ AIDS ဝေဒနာရှင်လား၊ အဲသလိုလည်း ကွဲပြားသေးတယ်။ တက္ကသိုလ်ဆိုတာ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေ ရှိရမယ်။ စနစ်ကျတဲ့ စီမံခန့်ခွဲရေး ရှိရမယ်။ ပြည့်စုံလုံလောက်တဲ့ အဆောက်အဦတွေ ရှိရမယ်။ အိပ်ဆောင်တွေ၊ အားကစားကွင်းတွေ၊ စာကြည့်တိုက်တွေ၊ ဓါတ်ခွဲခန်းတွေ စသဖြင့်ပေါ့။ ကောင်းတဲ့ ပတ်ဝန်းကျင်လဲ ဖန်တီးပေးရမှာ။

လယ်ကွင်းထဲမှာ အဆောက်အဦ ချောက်တီးချောက်ချက်လေး ဆောက်ပြီး၊လဆိုင်းဘုတ် အကြီးကြီး တပ်ရုံနဲ့ တက္ကသိုလ် ဖြစ်သွားတာ မဟုတ်ဘူး။ ဖြစ်ကတတ်ဆန်း ဟန်ပြတက္ကသိုလ်ဆိုတာ ... လူလိုပဲ ရူးနေတဲ့ တက္ကသိုလ်၊ ဆွံ့အ နားမကြားတဲ့ တက္ကသိုလ်၊ AIDS တက္ကသိုလ်တွေပဲ ဖြစ်တော့မှာပေါ့။

တက္ကသိုလ်ဆိုတဲ့ဝန်းကျင်မှာ အရက်ဆိုင်၊ ထန်းရေဆိုင်၊ ဖဲဝိုင်း ၊ပြည့်တန်ဆာခန်းတွေ ထားပေးရင် တက္ကသိုလ်ကျေင်းသား၊ ကျောင်းသူတွေကို အညွန့်တုန်းအောင် လုပ်နေတာပဲ။ မကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားတော့ အနာဂါတ်ရဲ့မျိုးဆက်သစ်တွေကို မြေမြှုပ် သတ်ပစ်တာနဲ့ အတူတူပဲ။

ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ပေးရမဲ့အစား ၊ နင်းခြေ ဖျက်ဆီးနေတာတွေလည်း ကြားနေရတယ်။ အငြိမ့်ခွေတစ်ခုမှာ လူရွှင်တော်တစ်ယောက်က နောက်တစ်ယောက်ကို ပြောတယ်။
(မင့်သားက ဆယ်တန်းတောင် မအောင်ဘူးကွာ) ... တဲ့။
ဟိုက ပြန်ပြောတယ်။ (ဆယ်တန်း မအောင်တာပဲ ကောင်းပါတယ်။ အောင်ရင် တက္ကသိုလ်တက်ပြီး ပျက်စီးနေဦးမယ်) ... တဲ့။
ဒါတွေက ခေတ်တစ်ခေတ်ရဲ့ ကြေးမုံပြင်တွေပေါ့ဗျာ။

BA တန်းတွေကို ၃နှစ် သတ်မှတ်လိုက်တာဟာ တက္ကသိုလ်တွေ ပိတ်ထားတာကြာလို့၊ စုပြုံနေတဲ့ ကျောင်းသားတွေကို အမြန်ဆုံး ကျောင်းပြီးသွားအောင် ရှင်းထုတ်လိုက်တဲ့ နည်းလမ်းလို့၊ အချို့က သုံးသပ်ကြတယ်။ ကျုပ်တို့ကျူတာ ဘဝမှာ၊ တက္ကသိုလ်စာမေးပွဲတွေ ရာနှုန်းပြည့် ခိုးချခွင့်ပေးခဲ့တာကို ကြည့်ရင် သူတို့ရည်ရွယ်ချက်ကို သိနိုင်တယ်။ စာမေးပွဲဆိုတာ စည်းမျဉ်း စည်းကမ်းနဲ့ မျှမျှတတလုပ်ရတာ။ အဲဒီတုန်းက ၁၉၉၃၊ ၁၉၉၄ အလွန် နှစ်များကပေါ့။ စာမေးပွဲမှာ အခန်းစောင့်၊ ဆရာဆရာမတွေကြောင့် ရုန်းရင်းဆန်ခတ် တစ်ခုခုဖြစ်ရင် ထိထိရောက်ရောက် အရေးယူမယ်တဲ့ဗျာ။ သွားရော... ။ စာမေးပွဲ စည်းမျဉ်းအတိုင်း လုပ်လို့ပြသနာပေါ်ရင် ဆရာ၊ ဆရာမတွေကို အရေးယူမှာ။ ကောင်းကြသေးရဲ့လား ... အရပ်ကတို့ရေ…လို့သာ ဟစ်လိုက်ချင်တယ်။

နေရာတိုင်းမှာလို  တက္ကသိုလ်၊ မြင်မြင်သမျှ ပါမောက္ခ ဆိုတာတွေလည်း စာချိုးရလောက်အောင် ဖြစ်ခဲ့တာ။

ဒေါက်တာသန်းထွန်းတို့တုန်းက ၃နှစ်နဲ့ ဘွဲ့ပေးချင်တယ် ဆိုတာ သင်တာကို မလျှော့ဘဲ စာမေးပွဲလည်း မှန်မှန်ကန်ကန်စစ်ပြီး အရည်အချင်းအပြည့်နဲ့ ၁နှစ်ကာလ သက်သာဖို့ ရည်ရွယ်တာ။ သောင်းနဲ့ သိန်းနဲ့ချီတဲ့ ကျောင်းသားတွေ ၁နှစ်စောပြီး ဘွဲ့ရတော့၊ ၁နှစ်စာ ပညာသင်စရိတ်သက်သာမယ်။ ၁နှစ်စောပြီး ဝင်ငွေရမယ်။ မဟာတန်း ဆက်တက်ချင်သူတွေလည်း ၁နှစ် စောပြီး တက်ခွင့် ရမယ်။ စသဖြင့်ပေါ့။ တိုင်းပြည်အတွက် အကျိုးရှိအောင် စဉ်းစားတာ။ ငါ အာဏာမြဲဖို့ အဓိကပဲ။ အောင်လက်မှတ်တွေ  တန်းစီပေးလိုက်ကွာ ... လို့ လုပ်တာမျိုး မဖြစ်သင့်ဘူး။
ကမ္ဘာပေါ်မှာလည်း ယခုတိုင် ၃နှစ်နဲ့ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေ အများအပြား ရှိပါတယ်။ သွားချိန် ပြန်ချိန်၊ အချိန်မကုန်အောင် ကျောင်းသား၊ ကျောင်းသူတိုင်းကို အိပ်ဆောင်တွေမှာ နေခွင့်ပေးတာကိုပဲ ကြည့်။
လုံခြုံမှုလည်း တာဝန်ယူတယ်။

စင်ကာပူက NUS (National University Of Singapore) ဆိုရင် အင်ဂျင်နီယာဘွဲ့ ကို ၄ နှစ်နဲ့ ပေးတာပဲ။ မဟာအင်ဂျင်နီယာဘွဲ့ကို ၁နှစ် ၆လ နဲ့ ပေးတယ်။ ဒါပေမဲ့ တက္ကသိုလ် မရောက်မီ တက်ခဲရတဲ့ (မူ လယ် ထက် အတန်း) တွေကတော့ မြန်မာနိုင်ငံထက် ပိုပြီး နှစ်ကြာကြာတက်ရတာတော့ရှိတယ်။

မြန်မာနိုင်ငံမှာတော့  BE အင်ဂျင်နီယာဘွဲ့ကိုပဲ ၆-နှစ် လုပ်လိုက်၊ ၅-နှစ်လုပ်လိုက်၊ ခု တစ်ခါ ၆-နှစ် ဖြစ်ပြန်ပြီ။

တက္ကသိုလ်ကိုမှီပြီ်း လုပ်စားတဲ့ကျူရှင်တွေ ဝမ်းသာတာမျိုး၊ ဆင်းရဲသားတွေ ပိုကြပ်စေတာမျိုးလဲ မဖြစ်စေသင့်ဘူးဗျ။ ဆိုလိုတာကဗျာ BA, BSc ကို ၃-နှစ်နဲ့ ဘွဲ့ပေးလို့လည်း ရတယ်။ ၄-နှစ်နဲ့ ဘွဲ့ပေးလို့လည်း ရတယ်။

၃-နှစ်နဲ့ ပေးချင်ရင် ၃နှစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစီအမံတွေ လုပ်ရမှာပေါ့။ ၄နှစ်နဲ့ ပေးချင်ရင် ၄နှစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစီအမံကို လုပ်ပေါ့။ ၃-နှစ်ပဲလို့ အသေကိုင်စွဲထားရင်လဲ ရူးခြင်း တစ်မျိုးပဲ။  ၄-နှစ်ပဲ လို့ အသေကိုင်စွဲထားရင်လဲ ရူးခြင်းတစ်မျိုးပ။ဲ

 တာဝန်ကြီးကြီး ယူထားရသူတွေ အဲဒီလို မရူးဖို့ လိုပါတယ်ဗျာ။