ကျော်ဟုန်း - ဝေဒနာ ညနေခင်းရဲ့ မှတ်တမ်း

ဝေဒနာညနေခင်းရဲ့ မှတ်တမ်း
ကျော်ဟုန်း
ဇန်န၀ါရီ ၂၂၊ ၂၀၁၄




ညနေခင်းကို
ဝေဒနာ ထည့်ပေးလိုက်တော့
ဆည်းဆာအလှဟာ
အပျိုရည် ပျက်ခဲ့။

အဲဒီ ညနေမှာ
အနောက်ဘက်အရပ်ကို
ဗျိုင်း တအုပ် ပျံသွားခဲ့။

အဲဒီ ညနေရင်ခွင်မှာ
နွေ မိုး ဆောင်းခံ
လယ်စောင့်တဲအိုလေးက ထီးထီး။

လယ်စောင့်တဲလေး ရပ်နေတာ နွံဗွက်အိုင်
အဲဒီ နွံဗွက်အိုင်တခွင်မှာ
ကန်စွန်းနွယ်တွေက
ရိုးရာမပျက် ရှင်သန်။

ပန်းချီဆရာရဲ့ မျက်လုံးထဲမှာ
အဲဒီ ညနေဟာ
ကာရံမဲ့အလှတွေနဲ့  ပြည့်နှက်။
(ဒါပေမဲ့ ..…)

ပန်းချီဆရာရဲ့ လက်ရာ
ဆည်းဆာပန်းချီကားဟာ
အလင်း နည်းနည်း
အမှောင် ကဲကဲ
စုတ်ချက် ကြမ်းကြမ်းနဲ့ ရေးဆွဲ။

(ပြီးတော့ ..…)
ဒီပန်းချီကားက
စကားလုံးမပါဘဲ
အသံထွက် စကားပြောနေ
ညံလို့ စီလို့ 
ပွက်လောရိုက်။     ။